ဒါစီစဉ်ထားတာပဲ! ၂
Vol. 18 Ch. 259
ထို့နောက် စားပွဲထိုးမလေးဘေးတွင်ထိုင်နေသော ပေါ့ပေါ့ပါးပါးဝတ်စားထားသည့် ငယ်ငယ်ရွယ်ရွယ်မိန်းမလှလေးကို သူတွေ့သွားသည်။ သူမက သူ့မျက်စိကိုဖမ်းစားလိုက်သဖြင့် ချက်ချင်းချန်တပေအားမေးလိုက်၏_ ''မန်နေဂျာချန်... အဲဒီအလှလေးက စံအိမ်မှာဘာလုပ်တာလဲ?''
''သူက စံအိမ်မှာအိမ်မွေးတိရစ္ဆာန်မွေးမြူတဲ့သူလေ'' ချန်တပေက ကျန်းကွေ့ကျူကိုတစ်ချက်ကြည့်ရင်း ဖြေလိုက်သည်။
…
တစ်ဖက်တွင်…
ချင်လင်က မူလခန်းမထဲသို့ အရည်အသွေး ၂ ဘဲဥသုံးလုံးနှင့်ဝင်လာရာ သူ့အမေနှင့်ကျောက်မိုချင်းလျှောက်လာသည်ကိုတွေ့ရသည်။
ဒီအတောအတွင်း လီခိုင်၊ လီရှင်းနှင့် ပါမောက္ခရန်တို့က ဒီမှာစားကြသည်။ သူ၊ သူ့အမေနှင့် ကျောက်မိုချင်းအတွက် အစားအစာကိုလည်း ဆရာလင်းကပြင်ပေးသည်။ ဆရာလင်းကို နှစ်နေရာခွဲချက်ခိုင်းပြီး ဒုက္ခပေးဖို့မလိုပေ။
လီခိုင်နှင့်လီရှင်းက သူတို့ထိုင်နေကျပြတင်းပေါက်နားမှခုံတွင်ထိုင်နေကြသည်။
ပါမောက္ခရန်လည်း တခြားစားပွဲတစ်လုံးတွင် သူ့လက်ထောက်နှင့်အတူထိုင်နေ၏။
ပါမောက္ခလျိုက သူ့သုတေသနလက်ထောက်နှင့် မင်မြို့တော်ပြန်သွားလေပြီ။
လင်းဖန်က သူ့သားလာနေသည်ကိုမြင်ပြီး လှမ်းမေးလိုက်သည်_ ''ရှောင်လင်... ဘာတွေကိုင်လာတာလဲ?''
ချင်လင်ကပြုံးပြီး ရှင်းပြလိုက်သည်_ ''ဘဲဥတွေ... ဒီနေ့ရှယ်ယူလာခဲ့တာ... ကျွန်တော်တို့တစ်ယောက်တစ်လုံး''
''ဘဲဥ?'' ကျောက်မိုချင်းက ပုံမှန်အရွယ်အစားမဟုတ်သောအိတ်ကိုကြည့်ရင်း ဇဝေဇဝါနှင့်ယူလိုက်သည်။ သူမကဖွင့်ကြည့်ပြီး အံ့သြသွား၏။
ဘဲဥကြီးတစ်လုံးကိုထုတ်လိုက်ကာ အံ့သြသံနှင့်_ ''ချင်လင်... ဒါကိုဘဲဥလို့ခေါ်တယ်ပေါ့?''
လီရှင်းတို့လည်း စိတ်ဝင်စားသွားကြသည်။
ဘဲဥကကြီးလွန်းနေသည်။
လီခိုင်က တန်းပြောလိုက်၏_ ''ညီလေးချင်... အဲဒါငှက်ကုလားအုပ်ဥမလား?''

ချင်လင်က ရှင်းပြလိုက်သည်_ ''ဒါတကယ်ဘဲဥပါ... သာမန်ဘဲဥတွေနဲ့မတူဘူး... ဒီဥကိုဥတဲ့ဘဲက ကတ်တီ ၄၀ ကျော်အချိန်စီးတယ်''
''ကတ်တီ ၄၀ ကျော်? ဒီလောက်ကြီးတဲ့ဘဲရှိလား?'' လင်းဖန်အံ့သြသွားသည်။ အရင်ကျေးလက်မှာနေခဲ့တုန်းက သူမဘဲမွေးဖူးခဲ့သည်။ ဘဲက ကတ်တီ ၄၀ ကျော်အောင်ကြီးနိုင်သည်ဟုမတွေးတတ်အောင်ပင်။
ကျောက်မိုချင်းလည်း မယုံနိုင်အောင်ဖြစ်သွားကာ_ ''ချင်လင်... အဲဒီဘဲကြီးတွေကိုဝယ်ဖို့ ဘဲခြံအတွက် ဒီလောက်အလုပ်ရှုပ်ခံနေတာလား?''
ချင်လင်က ထိုမေးခွန်းကြားလျှင် သူစဉ်းစားထားသောဆင်ခြေကိုပေးလိုက်သည်_ ''အစပိုင်းတော့ ဘယ်ဟုတ်မလဲ... အစက သာမန်ဘဲတစ်အုပ်ပဲဝယ်ဖို့စီစဉ်ထားတာ... မွေးမြူရေးလက်ကားစျေးကွက်ကတစ်ယောက်က ဘဲတစ်အုပ်အကြောင်း ကိုယ့်ကိုကြော်ငြာလိုက်တယ်... သူကပြောတယ်... စပ်မျိုးပြောင်းသွားပြီးတော့ အဲဒီထဲကသုံးကောင်က ကတ်တီ ၄၀ အထိကြီးတယ်တဲ့... ဒီဥတွေက အဲဒီဘဲသုံးကောင်ကဥတာ... ကိုယ်မနက်ဖြန်သွားပြီး တစ်ချက်ကြည့်မလို့... သူသတ်မှတ်ထားတဲ့စျေးက အရမ်းစျေးကြီးနေတာတစ်ခုပဲ... ဝယ်ရမလားဆိုတာ မဆုံးဖြတ်ရသေးဘူး''
''အရမ်းစျေးကြီးတယ်?'' လီရှင်းက ထိုစကားကြားလျှင် မျက်မှောင်ကြုတ်လိုက်ပြီး_ ''ချင်လင်... ခင်ဗျားကို ခွင်ဆင်နေတာများလား? ကတ်တီ ၄၀ ကျော်ရှိတဲ့ဘဲကို လုံးဝမမြင်ဖူးဘူး... အထူးသဖြင့် အဲလောက်ကြီးတဲ့ဘဲဥပဲ... ခင်ဗျားကို ငှက်ကုလားအုပ်ဥနဲ့လှည့်စားနေတာမဟုတ်ပါဘူးနော်?''
လီခိုင်လည်း ခေါင်းညိမ့်လိုက်ပြီး_ ''ဟုတ်တယ် ညီလေးချင်... မင်းသတိထားသင့်တယ်... မင်းကိုခွင်ဆင်နေတာဆိုရင် ဒုက္ခရောက်မယ်... ဒီလောက်ကြီးတဲ့ဘဲဥမျိုး ငါတစ်ခါမှမမြင်ဖူးဘူး''
မိတ်ဆွေစစ်တို့မည်သည် ဒီလိုအချိန်မျိုးတွင် ခြေခြေမြစ်မြစ်ရှိတတ်ကြသည်။ သူတို့နှစ်ဦးက ချင်လင်ကိုမိတ်ဆွေအဖြစ်သဘောထားခြင်းဖြစ်သည်။ ချင်လင်၏စကားထဲတွင်ဟာကွက်တွေ့သောအခါ ပထမဆုံးသူတို့တွေးမိသည်က သူ့အတွက်စိတ်ပူခြင်းပင်။
''အဲဒါကြောင့် သူ့မွေးမြူရေးခြံကိုသွားဖို့ပြောတော့ သူကဆင်ခြေပေးတာကိုး'' ချင်လင်က မတင်မကျနှင့်ပြောလိုက်သည်။
ဒီတူဝရီးက သူ့ကိုခွင်ဆင်တာလို့တွေးကြမည်မှန်း သူလုံးဝမထင်မိ။
အခုတော့ သူ့ဗျူဟာပြောင်းပြီး ဒီတူဝရီးရဲ့အတွေးအတိုင်း ချော်လဲရောထိုင်လုပ်ရုံသာရှိတော့၏။
ထိုအချိန်တွင် ပါမောက္ခရန်လျှောက်လာပြီး လီခိုင်အား_ ''ရှောင်လီ... ဘာပဲဖြစ်ဖြစ် မင်းကတွဲဖက်ပါမောက္ခလေ... ဘဲဥဟုတ်မဟုတ် စမ်းသပ်ကြည့်ရင်မသိဘူးလား? ဒါကိုစမ်းသပ်နိုင်တဲ့ကိရိယာမရှိဘူးလား?''
''ဟုတ်သားပဲ... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ပါမောက္ခရန်... ကျွန်တော့်ရဲ့စိုးရိမ်စိတ်ကြောင့် ခဏတွေဝေသွားတယ်'' လီခိုင်က သူ့နဖူးသူရိုက်ပြီး လီရှင်းအား အနောက်ဘက်ခြံဝင်းထဲဆောက်ထားသောရုံအတွင်းသို့ ကိရိယာအနည်းငယ်နှင့်ပစ္စည်းတချို့ယူလာခိုင်းလိုက်သည်။ ထို့နောက် ချင်လင်အား_ ''ညီလေးချင်... အဲဒီဥပေး... ငါစမ်းသပ်ပေးမယ်... တကယ်လို့ ဘဲဥမဟုတ်ရင် ဟိုလူမင်းကိုခွင်ဆင်တာပဲ''
ချင်လင်က ဘဲဥမှန်းသိသည်။
သို့သော်လည်း ထုတ်မပြောနိုင်။
နောက်ပြီး လီခိုင်က သူ့ကောင်းဖို့အတွက်လုပ်ပေးတာ။
သူကဘဲဥကိုထုတ်ပြီး လီခိုင်လက်ထဲထည့်ပေးရုံသာရှိတော့သည်။
လီခိုင်က ဘဲဥကိုယူပြီး ပန်းကန်လုံးထဲထည့်ခေါက်ကာ စတင်မွှေတော့၏။
ပါမောက္ခရန်ရောက်လာပြီး စစ်ဆေးကြည့်သည်။
ကျောက်မိုချင်းနှင့်လင်းဖန်လည်း လီခိုင်ကိုစိတ်ဝင်စားနေပြီး ရလဒ်ကိုသိချင်နေကြ၏။
ထိုအချိန်တွင် အလုပ်သင်တစ်ယောက်ကဟင်းပွဲများယူလာပြီး စားပွဲပေါ်လာတင်သည်ကို ဘယ်သူမှသတိမထားမိချေ။
ဒီလိုသက်ဆိုင်ရာစမ်းသပ်ကိရိယာမျိုးနဲ့ဆို ဘဲဥကိုစမ်းသပ်ဖို့သိပ်ကြာမည်မဟုတ်။
အချိန်တချို့ကြာပြီးနောက် လီခိုင်၏စမ်းသပ်မှုအောက်တွင် ကိရိယာဖန်သားပြင်၌ စမ်းသပ်ထားသောအချက်အလက်ပေါ်လာသည်။
လီခိုင်က အချက်အလက်ကိုကြည့်ရင်း အံ့သြစွာနှင့်_ ''ဒါ... တကယ်ဘဲဥပဲ''
''တကယ်ဘဲဥလား?'' လီရှင်းကမနေနိုင်ဘဲ ဘဲဥခွံကိုကောက်ကိုင်ကြည့်လိုက်သည်။
''ဒါဘဲဥအစစ်တဲ့လား?'' လင်းဖန်က ကျောက်မိုချင်းကိုမေးလိုက်၏။

“ဟုတ်တယ်” ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်။
ပါမောက္ခရန်က စမ်းသပ်ထားသောအချက်အလက်ကိုကြည့်ပြီး_ ''ဘဲဥဖြစ်ရုံတင်မကဘူး... လူ့ခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့ပစ္စည်းတွေလည်း အများကြီးပါနေတယ်... အလှအပအားဖြည့်ပေးတဲ့ဓာတ်ပစ္စည်းတွေအများကြီးပဲ... ဒီဘဲဥကိုဥတဲ့ဘဲက မျိုးစပ်ထားတဲ့ဘဲဖြစ်ရမယ်''
ချင်လင်က အခွင့်သင့်တုန်းဝင်ပြောလိုက်၏_ ''ဒါဆိုရင် ဟိုလူကျွန်တော့်ကိုမညာဘူးပေါ့... ဒီလောက်ကြီးတဲ့ဘဲတကယ်ရှိတာလား?''
''ဒီလောက်ကြီးတဲ့ဘဲဥဥနိုင်ဖို့ဆိုရင် ဒီဘဲကလည်းနည်းတဲ့အကောင်မဟုတ်လောက်ဘူး'' လီခိုင်ကခေါင်းညိမ့်လိုက်ပြီးမှ မျက်မှောင်ကြုတ်ကာ_ ''ဒါပေမဲ့ တကယ်သားစပ်ထားတာဆိုရင် မျက်နှာနဲ့အလှအပအတွက်အားဖြည့်ပေးနိုင်တဲ့ဥကို သူဌေးချင်ဆီဘာလို့ရောင်းမှာလဲ? သူ့ဘာသာမွေးဖို့မသိမ်းထားဘူးလား?''
လီရှင်းကပြုံးလိုက်ပြီး_ ''ဒီတော့ ဒီဘဲနဲ့ပတ်သက်ပြီး တစ်ခုခုမူမမှန်သေးဘူးဆိုတဲ့သဘောပေါ့... ပြီးတော့ အဲဒီလူကဖြေရှင်းနိုင်စွမ်းမရှိဘူး... အဲဒါကြောင့် ပိုက်ဆံအများကြီးရဖို့ လက်ခံမယ့်သူရှာချင်တာ... နောက်ဆုံးအားလုံးရေစုန်မျောပြီး ဘာမှမရမှာစိုးလို့ပေါ့''
လီခိုင်က ထောက်ခံလိုက်သည်_ ''ဖြစ်နိုင်တယ်... သုတေသနတက္ကသိုလ်မှာ ကြားခဲ့တယ်... သစ်သီးခြံခပ်သေးသေးပိုင်ရှင်တစ်ယောက်က ကံကောင်းပြီး မျိုးပြောင်းတဲ့စပျစ်သီးရတော့ သူ့ဘာသာတိတ်တိတ်လေးပျိုးထောင်ခဲ့တယ်တဲ့... အပြင်လူတွေသိမှာစိုးလို့လေ''
''ဒါပေမဲ့ မျိုးပြောင်းတဲ့မျိုးမှာ သာမန်လူတွေမဖြေရှင်းနိုင်တဲ့ပြဿနာပေါင်းစုံရှိနေတာ... နောက်ဆုံးကျ သစ်သီးခြံငယ်လေးပိုင်ရှင်လက်ထဲမှာ မျိုးပြောင်းစပျစ်ပင်သေသွားတယ်တဲ့... ကုမ္ပဏီတစ်ခုက အဲဒီအပင်ကို ယွမ် ၅ သန်းနဲ့ဝယ်ချင်မှန်းသိလိုက်ရတော့ မြေပေါ်ထိုင်ပြီးငိုနေသတဲ့''
''ဒီတော့ ဒီဘဲမှာပြဿနာရှိနေရင် ကျွန်မတို့မဝယ်သင့်ဘူးလား?'' အကြာကြီးနားထောင်ပြီးနောက် တစ်ဖက်လူ၏ဘဲတွင်ပြဿနာရှိနေမှန်း ကျောက်မိုချင်းသဘောပေါက်သွားသည်။
ကိစ္စတွေက ဒီလောက်ဒရာမာဆန်မည်ဟု ချင်လင်မထင်ခဲ့။
ဘဲမှာပြဿနာမရှိသော်လည်း လီခိုင်နှင့်လီရှင်းက အခြေအနေကိုမသိချေ။ သူတို့ခန့်မှန်းချက်အတိုင်း ပုံမှန်ဖြစ်သည်။ တခြားလူသာဆို ပိုပြီးကိုးယိုးကားရားနိုင်သောဇာတ်ကွက်မျိုးတောင် တွေးမိနိုင်သည်။
ပါမောက္ခရန်က စမ်းသပ်ချက်ကိုကြည့်ပြီး ခဏတွေးလိုက်ကာ_ ''သူဌေးချင်... ဒီဘဲဥမှာ မူမမှန်တာမရှိဘူး... အန္တရာယ်ရှိတဲ့ပစ္စည်းမပါဘူး... ဒီအချက်နဲ့တင်ပဲ ဒီမျိုးစပ်တဲ့ဘဲက အရမ်းတန်ဖိုးရှိနေပြီ''
''တစ်ဖက်လူက ဘဲမှာပြဿနာရှိတာသိပြီး မင်းဆီလွှဲပေးချင်တာ ဟုတ်ဟုတ်မဟုတ်ဟုတ် မင်းအရင်ဆုံးဘဲကိုယူထားသင့်တယ်... စပ်မျိုးတွေမှာ ပြဿနာတွေများတယ်ဆိုပေမဲ့ တစ်ဖက်လူက ဒါကိုမဖြေရှင်းနိုင်တာနဲ့ပဲ လူတိုင်းမဖြေရှင်းနိုင်တာတော့မဟုတ်ဘူး''
''ဒီအပိုင်းမှာကျွမ်းကျင်တဲ့မိတ်ဆွေဟောင်းတစ်ယောက်ကို ငါသိတယ်... ဘဲတွေမှာ တကယ်ပြဿနာရှိတယ်ဆိုရင် ငါသူ့ကိုဆက်သွယ်ပြီး မင်းကိုကူညီဖြေရှင်းပေးဖို့ မိတ်ဆွေဟောင်းကိုခေါ်လိုက်မယ်''
သူကဆေးဖက်ဝင်ဝိုင်ကိုလေ့လာခွင့်ရသည့်အတွက် ချင်လင်ကိုပြန်ပေးဆပ်ခြင်းဖြစ်သည်။ မျိုးပြောင်းမျိုးကရှားပါးသည်မှန်သော်လည်း ချင်းလင်ဆေးဖက်ဝင်ဝိုင်၏ပုံပြောင်းဓာတ်ပစ္စည်းဖြစ်နိုင်စွမ်းနှင့်ယှဉ်ကြည့်လျှင် ဘဲအနည်းငယ်နှင့်ယှဉ်နိုင်သောအရာမဟုတ်။
ဘဲတွေမှာပြဿနာရှိနေရင် သူ့မိတ်ဆွေဟောင်းကိုလာပြီး ကူညီဖြေရှင်းခိုင်းမည်။ သူ့အတွက်ပြန်ပေးဆပ်ခြင်းဟုယူဆနိုင်သည်။
ချင်လင်က မတရားသလိုခံစားလိုက်ရ၏။
ဒါသူ့အတွက်သက်သက်စီစဉ်ပေးခြင်းဖြစ်သည်။
အခုတော့ ဒီဇာတ်လမ်းက သူထွင်ထားတဲ့ဇာတ်ထက်ပိုပြီး ကိုးယိုးကားရားနိုင်သွားပြီ။
သို့သော် အဓိကအချက်မှာ ပါမောက္ခရန်ကဦးဆောင်ခြင်းဖြစ်၍ ဘယ်လောက်ပဲကိုးယိုးကားရားနိုင်နိုင် ကိစ္စမရှိပေ။
တကယ်တော့ သူတွေးတောင်မတွေးမိ။
ဒီအချိန်မှာ သူအားတုံ့အားနာပုံဆောင်ရဦးမည်_ ''လီရှင်းတို့ပြောတာကြားပြီး လက်လျှော့တော့မလို့ပဲ... ပါမောက္ခရန်ကဒီလိုဆိုမှတော့ သူတို့ကိုမနက်ဖြန်ဆက်သွယ်လိုက်မယ်''
''ချင်လင်... ဒီကျန်နေတဲ့ဘဲဥနှစ်လုံးကို အားလုံးမြည်းရအောင် ဆရာလင်းကို ဘဲဥဟင်းရည်ချက်ခိုင်းလိုက်မယ်'' ကျောက်မိုချင်းက ပြောပြောဆိုဆို ကျန်ဘဲဥနှစ်လုံးကို စားဖိုဆောင်ထဲသယ်သွားလိုက်သည်။
ထို့ကြောင့် လီရှင်းနှင့်လီခိုင်က ပါးစပ်တပြင်ပြင်ဖြစ်သွား၏။ သူတို့ကလည်း အစားတစ်လိုင်း။ သူတို့ဘဝမှာ ဒီလောက်ကြီးတဲ့ဘဲဥမျိုးမစားခဲ့ဖူးပေ။
စားဖိုဆောင်ထဲရောက်သောအခါ ဘဲဥနှစ်လုံးကို ဆရာလင်းဆီပေးလိုက်ပြီး_ ''ဒီဘဲဥနှစ်လုံးကို ဘဲဥဟင်းရည်ချက်ပြီး ပါမောက္ခရန်နဲ့ လူကြီးမင်းလီတို့ကိုမျှပေးလိုက်ပါ''
''ဘဲဥနှစ်လုံးနဲ့ ဘဲဥဟင်းရည်သုံးခွက်တဲ့လား?'' ဆရာလင်းက သတိလက်လွတ်ပြောတော့မလိုဖြစ်ပြီးမှ လှည့်ကြည့်လိုက်ရာ ဘဲဥနှစ်လုံးကိုမြင်ပြီးကြောင်သွားသည်_ ''သူဌေးကတော်... ဒါဘဲဥတွေလား?''
သေစမ်း... သူ့မှာအတွေ့အကြုံမရှိ။ ဒီလောက်ကြီးတဲ့ဘဲဥမျိုးမမြင်ခဲ့ဖူး။
ကျောက်မိုချင်းက ခေါင်းညိမ့်ကာရှင်းပြလိုက်၏_ ''အဲဒါဘဲဥ... စပ်မျိုးအသစ်... နောက်ကျရင် စံအိမ်က ဒီလိုဘဲဥမျိုးတွေထွက်တော့မှာ''
''တကယ်ဘဲဥပေါ့? ဘုရားရေ'' ဆရာလင်းက တစ်လုံးကောက်ကိုင်ကြည့်ပြီး အံ့အားသင့်သွားလေသည်။