သူဌေး... ဒါဘဲတွေလား?
Vol. 18 Ch. 260
အရည်အသွေး ၂ ဘဲဥဟင်းရည်ကို ဆရာလင်းက မြန်မြန်ဆန်ဆန်ပြင်ဆင်လိုက်သည်။
ကျောက်မိုချင်း၊ လင်းဖန်နှင့် လီရှင်းတို့အားလုံး ပါးစပ်တပြင်ပြင်ဖြစ်နေကြ၏။ ဘာပဲဖြစ်ဖြစ် ဒီဘဲတွေက မျိုးပြောင်းတဲ့ဘဲတွေ။ ဘယ်သူမှဒီလိုဘဲမျိုးအရင်ကမစားခဲ့ဖူး။
သို့သော် ဒီဘဲဥအရည်အသွေးက အရမ်းကောင်းသော်လည်း အရသာနှင့်အထိအတွေ့မှာ သာမန်ဘဲဥနှင့်မခြားကြောင်း ချင်လင်သိထားသည်။
သူကတစ်ငုံသောက်ကြည့်လိုက်ရာ ဒီဘဲဥဟင်းရည်နှင့်သာမန်ဘဲဥဟင်းရည်အကြား ကွာခြားချက်ကို လုံးဝမပြောနိုင်ချေ။
သို့သော် အရည်အသွေး ၂ ဘဲဥ၏ +၂ အရည်အသွေးများက သာမန်ဘဲဥများနှင့်မတူ။ အာနိသင်က အပေါ်ယံမပြခြင်းသာဖြစ်သည်။
ညပိုင်းကုန်လွန်သွား၏။
နောက်တစ်နေ့တွင် ကျောက်မိုချင်းက ခါတိုင်းလိုပင် အလှပြင်မှန်ရှေ့ထိုင်လိုက်သည်။ ရုတ်တရက်သူမကအံ့သြစွာနှင့် ချင်လင်နားကပ်သွားပြီး_ ''ယောက်ျား... ဒီမနက် ကျွန်မအသားအရည်က အရမ်းကောင်းနေတယ်မလား?''
''အင်း... တစ်ကိုက်လောက်ကိုက်ချင်လိုက်တာ'' ချင်လင်က လှမ်းကြည့်ပြီးခေါင်းညိမ့်လိုက်သည်။
ဟုတ်တယ်မလား? ဘာမိတ်ကပ်မှတောင်မလိမ်းရသေးဘူး။ သူမအသားအရေကဖွေးပြီးကြည်လင်နေတာ။ နည်းနည်းတင်းတင်းရင်းရင်းနဲ့ နူးညံ့သွားသလိုပဲ။
တကယ်တော့ သူအိပ်ရာထကတည်းက ခံစားမိနေသည်။ သူ့မျက်နှာက မဖြစ်စဖူးသိသိသာသာလန်းဆန်းနေ၏။

အရည်အသွေး ၂ ဘဲဥ၏အလှအပတိုးစေခြင်း +၂ ကထင်ရှား၏။ အာနိသင်က သူထင်ထားတာထက်ပိုပြီး အစွမ်းထက်သည်။
ကျောက်မိုချင်းက သူမကိုယ်သူမမှန်ထဲကြည့်ပြီး အံ့သြသံနှင့်_ ''ပါမောက္ခရန်ပြောတာ ဘဲဥမှာလှပစေတဲ့အာနိသင်ရှိတယ်တဲ့... ဒီလောက်ထိရောက်မယ်မထင်ထားဘူး''
ချင်လင်ကပြုံးစိစိနှင့်အနားကပ်လာပြီး ကျောက်မိုချင်းကိုခွကာ စလိုက်သည်_ ''အလှအပတိုးစေရုံသက်သက်တော့မဟုတ်လောက်ဘူး... နောက်ထပ်အာနိသင်ရှိဦးမယ်''
ကျောက်မိုချင်းက သိချင်စိတ်နှင့်_ ''နောက်ထပ်ဘာအာနိသင်လဲ?''
ချင်လင်က ကျောက်မိုချင်းနားနားကပ်ပြီး တိုးတိုးလေးမထိတထိစလိုက်၏_ ''မနေ့ညက မခံစားမိဘူးလား?''
''အာ!'' ချင်လင်၏စကားကြောင့် ကျောက်မိုချင်းနားရွက်နီရဲသွားပြီး_ ''မနက်စောစောစီးစီး ဘာတွေလျှောက်ပြောနေတာလဲ?''
ချင်လင်က ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
လျှောက်ပြောတာ?
လျှောက်ပြောတာမဟုတ်ဘူး။ လက်တွေ့ကျတာ။
အဆုတ်နှင့်သွေးကိုအာဟာရဖြစ်စေတဲ့အကျိုးအာနိသင်က နောက်စရာမဟုတ်။ ယင်ဓာတ်ကိုအာဟာရဖြစ်စေတဲ့အာနိသင်က ပိုတောင်ထိရောက်သေး။
ကျောက်မိုချင်းက ချင်လင်ပြုံးစိစိလုပ်နေပုံကိုကြည့်ရင်း 'ဟွန့်'ကနဲအော်ကာ ချင်လင်ပေါင်ပေါ်ထိုင်၍ မှန်ရှေ့တွင်မိတ်ကပ်စပြင်တော့သည်။
တကယ်တော့ အိမ်မှာချင်လင်ရဲ့ကြည်နူးစရာလေးတွေကို သူမသဘောကျသည်။
ချင်လင်လည်း သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ မှည့်နေသောသီးနှံများအပြင် လယ်ကွက်နှစ်ကွက်ရှိ မိုးမခရွက်ဘဲစားမှော်ပါထပ်ရင့်နေပြီ။
ဒီအသုတ်က တတိယမြောက်ရင့်သောအသုတ်ပင်။ ဒုတိယအသုတ်မှာ မနေ့ညက ကျောက်မိုချင်းနှင့်တစ်ပွဲနွှဲအပြီး ရင့်လာခဲ့သည်။ သူကရိတ်သိမ်းပြီး တတိယအသုတ်စိုက်ထားခဲ့ခြင်းဖြစ်၏။
မိုးမခရွက်ဘဲစားမှော်တတိယအသုတ်ကိုရိတ်သိမ်းပြီးနောက် သိုလှောင်ခန်းထဲတွင် အိတ် ၂၀ စုစုပေါင်းကတ်တီ ၈၀၀ ရှိသည်။
တခြားမှည့်နေသောသီးနှံများကိုဆက်ရိတ်သိမ်းလိုက်ပြီး ဂိမ်းဇာတ်ကောင်အား မွေးမြူရေးခြံဆီသွားစေလိုက်၏။
ဘဲခြံကြမ်းပြင်တွင် လုံးလုံးဝိုင်းဝိုင်းဘဲဥများထပ်ရှိနေပြန်သည်။ နောက်ပြီး မနေ့ကထက်ဘဲဥပိုများသည်။
အကြောင်းမှာ ဒုတိယအသုတ်အကောင် ၅၀ မှာ လုံးလုံးလျားလျားအရွယ်ရောက်နေပြီဖြစ်သောကြောင့်ပင်။

ဒီနေ့အားလုံးကို ဂိမ်းထဲကထုတ်ယူသွားမည်။
ချင်လင်က ကျောက်မိုချင်းနှင့်အတူမနက်စာစားပြီး ဂိုဒေါင်ဆီသွားလိုက်သည်။
မနက်ပိုင်းလုပ်စရာအများကြီးရှိသည်။ သီးနှံအမှည့်များကိုစံအိမ်ပို့ရမည့်အပြင် ဒီမိုးမခရွက်ဘဲစားမှော်ပင်များကိုလည်း ဂိမ်းထဲမှထုတ်ပြီး စံအိမ်ပို့ရဦးမည်။
ချင်လင်ဂိုဒေါင်ရောက်သောအခါ အရင်ဆုံးသီးနှံအမှည့်များကို စံအိမ်ပို့လိုက်သည်။ ချန်တပေကိုစံအိမ်ထဲလူများခေါ်ခိုင်းပြီးနောက် ဂိုဒေါင်ပြန်မောင်းသွားကာ ချန်တပေကိုသူ့လူများနှင့်အတူ ရေလှောင်တမံတွင်စောင့်နေရန်မှာခဲ့၏။
ဂိုဒေါင်ပြန်ရောက်လာသောအခါ ချင်လင်ကချက်ချင်းဂိမ်းထဲဝင်ပြီး မိုးမခရွက်ဘဲစားမှော်အိတ် ၂၀ လုံးထုတ်ကာ ရေလှောင်တမံဆီပို့လိုက်သည်။
သူကားရပ်လိုက်သောအခါ ချန်တပေမှာ သူ့လူများနှင့်အသင့်စောင့်နေ၏။ တချိန်တည်းမှာ ရန်သုံ့လည်းရှိနေသည်။
ဆရာမာလည်း တစ်ဖက်တွင် သူ့လူများနှင့်အလုပ်ရှုပ်နေ၏။ လက်ရှိဘဲခြံ ၄ ခြံရှိသော်လည်း နောက်ထပ်နည်းနည်းထပ်ဆောက်၍အန္တရာယ်ဖြစ်စရာမရှိပေ။
ချင်လင်လည်း ချန်တပေအားညွှန်ကြားလိုက်သည်_ ''ဘဲစားမှော်ပင်တွေအားလုံး ကားပေါ်ကချပြီး ရေထဲဖြန့်လိုက်''
''ကောင်းပါပြီ သူဌေး'' ချန်တပေကခေါင်းညိမ့်ပြီး မိုးခမရွက်ဘဲစားမှော်အိတ် ၂၀ ကိုလူခေါ်ကာချလိုက်သည်။ သူကတဖန်ဝါးဖောင်ကိုသုံးပြီး မိုးမခရွက်ဘဲစားမှော်ပင်များကိုရေထဲချလိုက်၏။ ထို့နောက် မနေ့ကနေရာမှ စဖြန့်လိုက်သည်။
မနေ့ကအတွေ့အကြုံရှိထားခြင်းကြောင့် ချန်တပေတို့မှာ ဒီနေ့ပိုမြန်နေ၏။ အိတ် ၂၀ ဖြန့်ဖို့ကြာချိန်က မနေ့ကလောက်သာရှိသည်။
သို့သော် ရေထဲရှိဘဲစားမှော်ဧရိယာက အရင်ကထက်နှစ်ဆပိုကြီး၏။ ကြည့်ရတာ ပိုပြီးခမ်းနားလာသည်။
ခပ်လှမ်းလှမ်းမှကြည့်လျှင် ရေလှိုင်းတက်တိုင်း ထိုနေရာတွင် လှိုင်းကနေသလိုပင်။
ထိုမြင်ကွင်းမှာ လှပပြီးဖြစ်သော်လည်း ဆွဲဆောင်မှုရှိသောအရည်အသွေးအောက်တွင် ပိုပြီးအာရုံစိုက်စရာဖြစ်နေသည်။
ချင်လင်ကသူ့ဖုန်းထုတ်ပြီး ထိုနေရာကိုဗီဒီယိုရိုက်ယူထားလိုက်သည်။
သူ့ဗီဒီယိုရိုက်စွမ်းရည်က အလွန်ညံ့သော်လည်း ကင်မရာစားခြင်းအရည်အသွေးကြောင့် သူရိုက်ထားသောဗီဒီယိုမှာ အလွန်ကောင်းကြောင်းသူသိသည်။ အနုပညာအယူအဆလက်စလက်နရှိနေ၏။
ချင်လင်က ဒီနေရာကိုမိုးမရွက်ဘဲစားမှော်အလှဆင်ပြီး ဘဲပေါက်လေးများလှည့်လည်နေသည့်မြင်ကွင်းကိုမြင်ယောင်လာသည်။
ထိုအတွေးနှင့် ချက်ချင်းထရပ်ကားမောင်းကာ စံအိမ်အပြင်ပြန်ထွက်လာ၏။ ဒီတစ်ကြိမ်တွင် ဘဲများသယ်တော့မည်။
ဂိုဒေါင်မသွားခင် PVP မိုးကာဝယ်ရန်တစ်ကြောင်းသွားလိုက်၏။ အချိန်ကျရင် ဘဲများလွတ်မသွားစေရန် ကားတစ်စီးလုံးကိုမိုးကာနှင့်ပတ်လိုက်မှဖြစ်မည်။
တစ်ခါတည်း သစ်သားကြမ်းခင်း၊ သစ်သားစင်များပါဝယ်ပြီး ကားပေါ်တင်လိုက်သည်။ အကန့်သုံးကန့်လိုက်လျှင် ဘဲအရေအတွက်များများသယ်ပို့နိုင်မည်။
သူသယ်ပို့ချင်သည်က ဒီအရွယ်ရောက်ပြီးသားဘဲကြီးများတင်မဟုတ်။ နောင်မှာ ဘဲအကောင်ပေါက် ၃၀၀ ဝယ်ဖို့လည်းစီစဉ်ထားသည်။ စုစုပေါင်းဘဲ ၄၀၀ ကို တစ်ခေါက်တည်းနှင့် သူသယ်ပို့နိုင်မည်မဟုတ်ချေ။
ဒီလိုဆို ဂိမ်းထဲကဘဲအကောင် ၄၀၀ ထုတ်ဖို့လုံလောက်သွားပြီ။
ပြီးရင် ဒီဘဲတွေကဥတဲ့ဘဲဥတွေကို လက်တွေ့ဘဝမှာ သူမွေးမြူနိုင်တော့မည်။