သူဌေး... ဒါဘဲတွေလား? ၂
Vol. 18 Ch. 261
အချိန်ကျရင် မွေးမြူရေးခြံအလွတ်တစ်ခုရှာပြီး ဘဲရောင်းသူပြောသောလိပ်စာက အတုဟုပြောရလိမ့်မည်။ ဒါကပါမောက္ခရန်တို့ကို တစ်ဖက်လူက သူ့ကိုလက်လွှဲယူဖို့ခွင်ဆင်ခြင်းမဟုတ်ဟုပြောဖို့မလုံလောက်သေး။
အားလုံးပြင်ဆင်ပြီးနောက် ချင်လင်ကဂိုဒေါင်ဆီဦးတည်သွားလိုက်သည်။
ဂိုဒေါင်ရောက်သောအခါ ကားကိုအထဲမောင်းဝင်၍ တံခါးလော့ချထားခဲ့၏။ ဂိမ်းထဲကဘဲတွေထုတ်လာရင် ဂိုဒေါင်အပြင်ဘက်ပြေးမထွက်နိုင်ရန်ဖြစ်သည်။
ဂိမ်းထဲဝင်ပြီးနောက် မွေးမြူရေးခြံထဲရှိဘဲခြံဆီတန်းသွားလိုက်၏။
နောက်မှဝယ်ထားသော ဘဲအကောင် ၅၀ တစ်သုတ်က အားလုံးအရည်အသွေး ၁ ချည်းဖြစ်သည်။ အရည်အသွေး ၂ ထပ်မရပေ။
တဂတ်ဂတ်အော်နေသောဘဲဖြူများပွက်လောရိုက်နေသည့်ကြားမှ ဂိမ်းထဲမှဘဲကြီးအကောင် ၁၀၀ ကိုတစ်ကောင်ပြီးတစ်ကောင်ထုတ်လိုက်၏။
သူဝယ်ဖို့စီစဉ်ထားသော ဘဲပေါက်အကောင် ၃၀၀ ကိုမဝယ်ရသေး။ ဒီအကောင် ၁၀၀ ကိုပို့ပြီးမှ ဂိုဒေါင်ကိုပြန်လာမည်။ နောက်မှဝယ်ဖို့အချိန်ရှိသေးသည်။
ချင်လင်က ရေလှောင်တမံဆီအမြန်ပြန်မောင်းလာခဲ့၏။
ချန်တပေက လုံခြုံရေးအစောင့်များကို ရေလှောင်တမံအတွင်းအကျဆုံးနေရာသို့ ဦးဆောင်ခေါ်သွားပြီး ဆရာမာနောက်လိုက်ရင်းအလုပ်ရှုပ်နေသည်။
ငါးမွေးမည့်ဘဲခြံဆောက်မည်ဆိုကတည်းက ငါးပိုက်ကွန်ကိုပြင်ဆင်ရမည်။ ငါးတွေကို ငါးပိုက်ကွန်နှင့်မွေးမြူရမည်။ မဟုတ်ရင် ငါးတွေက ရေလှောင်တမံထဲ တန်းလွတ်သွားမည်မဟုတ်လား?


အချိန်ကျရင် ဂိမ်းထဲကသဘာဝငါးအကောင်ရာချီကိုထုတ်ပြီးထည့်မည့်အပြင် အပြင်ကငါးအကောင်ပေါက်များကိုလည်း ဝယ်နိုင်သည်။
ငါးပိုက်ကွန်ပတ်လည်တွင်လည်း ရေပေါ်တံတားဆောက်နိုင်၏။ ငါးမွေးသည့်လုပ်ငန်းကိုဒီဘက်ရွှေ့နိုင်သည်။
စံအိမ်ထဲကရေကန်ကို တခြားအစီအစဉ်များအဖြစ် ပုံပြောင်းနိုင်သည်။ ဥပမာ - အင်တာနက်ပေါ်ရှိရှုမျှော်ခင်းနေရာအတော်များများတွင်ဆောက်ထားသော အင်တာနက်ဆယ်လီတံတား ဒါမှမဟုတ် ကြာပန်းများစိုက်ချင်စိုက်နိုင်သည်။
အရင်က အဆင့် ၂ လယ်ကွက်တွင်စိုက်နိုင်သောအပင်များထဲတွင် ကြာပန်းများကိုသူတွေ့မိသည်။ ဂိမ်းအရည်အသွေးနှင့်ကြာပန်းကို အလွန်လူကြိုက်များဖွယ်ရှိ၏။
ဘဲခြံတဝိုက်တွင်_
ရန်သုံ့လည်း ကောက်ရိုးနှင့်စပါးခွံများကို အရင်ကသူမမြင်ဖူးသော သက်လတ်ပိုင်းအမျိုးသား ၄ ဦးနှင့်အတူ ဘဲခြံအတွင်းသို့ရွှေ့နေသည်။ အောက်ခြေဖို့ရန်ဖြစ်လိမ့်မည်။
ဘဲခြံအောက်ခြေဖို့ရန် များသောအားဖြင့် ကောက်ရိုး၊ ဂျုံရိုး၊ စပါးခွံ ဒါမှမဟုတ် သစ်သားရွေပေါ်စာများရောလုပ်လေ့ရှိကြသည်။ ဘဲမွေးပြီဆိုလျှင် နောက်တစ်နေ့၌အောက်ခြေဖို့ရပြီး ဥရှိသောနေရာကိုပိုမြင့်အောင်လုပ်ရ၏။ နွေရာသီတွင်အေးမြစေရန် သဲ သို့မဟုတ် ကျောက်တစ်ထပ်ခင်းနိုင်သည်။
ကျောက်မိုချင်းလည်းရောက်နေပြီး ရန်သုံ့တို့ကိုကြီးကြပ်နေ၏။ လင်းဖန်လည်း ဝမ်ချိုင်လည်ကြိုးကိုဆွဲလျက်ရှိနေသည်။
ချင်လင်ပြန်ရောက်လာသည်ကိုတွေ့သောအခါ သူ့ဆီလျှောက်သွားလိုက်ကြ၏။
ကျောက်မိုချင်းက ချင်လင်နားကပ်လာပြီး_ ''ချင်လင်... ရန်သုံ့နဲ့အတူလုပ်နေတဲ့ လူ ၄ ယောက်က ဘဲမွေးဖို့သီးသန့်ခေါ်ထားတဲ့မွေးမြူရေးသမားတွေ... လောလောဆယ်တော့ ဘဲခြံတာဝန်ခံက ရန်သုံ့ပေါ့''
“သိပြီ” ချင်လင်ခေါင်းညိမ့်လိုက်သည်။
ဘဲခြံကိုဆောက်ခါစဖြစ်၍ မစီစဉ်ရသေး။ လူသစ်များခန့်ထားခြင်းဖြစ်ပြီး ရန်သုံ့မှာ ဘဲမွေးမြူရေးနှင့်အကျွမ်းတဝင်ရှိကာ ပညာရှင်ဖြစ်သဖြင့် အရင်ဆုံးသူ့ကိုစီစဉ်ခိုင်းသည်ကပိုကောင်းသည်။ သူ့ကိုဘဲခြံမန်နေဂျာအဖြစ်ခန့်လိုက်သလိုပင်။
အရင်သူ့ဝန်ထမ်းများထဲမှ ဘယ်သူ့ကိုမှ မန်နေဂျာအဖြစ်တိုးပေးဖို့စီစဉ်မထား။ အတွင်းလူကိုစီမံရန် အပြင်လူခေါ်ဖို့မလိုပေ။
နောက်ပြီး ဘဲမွေးမြူခြင်းနှင့် ဘဲမစင်ဖောက်ခြင်းကိုခွဲခြားထားဖို့မလိုအပ်။ ရန်သုံ့ကိုတခြားသူများအား ဘဲမစင်ဖောက်နည်းသင်ခွင့်ပေးတာ အကောင်းဆုံးပင်။ ပထမအချက်အနေနှင့် နောင်ကျ ပိုအကျိုးရှိလာမည်။ ဒုတိယအချက်အနေနှင့် နောင်မှာရန်သုံ့အလုပ်ထွက်သွားလျှင် သူ့နေရာအစားဝင်မည့်သူရှိလာလိမ့်မည်။
လင်းဖန်က ကားနားလျှောက်သွားပြီး သိချင်စိတ်နှင့်_ ''ရှောင်လင်... အထဲမှာ ကတ်တီ ၄၀ ရှိတဲ့ဘဲတွေလား?''
သူမကျောက်မိုချင်းနောက်လိုက်ပြီး ရေလှောင်တမံဆီလာရသောအကြောင်းရင်းမှာ မနေ့ကသူ့သားပြောသောဘဲအကြောင်းစူးစမ်းလို၍ဖြစ်သည်။
“ဝု!”
ဝမ်ချိုင်လည်း စူးစမ်းနေပုံပင်။ သူကကားဆီပြေးသွားပြီး သူ့ရှေ့လက်များကို ကားပေါ်လှမ်းတင်လိုက်သည်။ သူ့လက်သည်းများနှင့် PVP မိုးကာကိုကုတ်ခြစ်နေ၏။


ကျောက်မိုချင်းလည်း ဟူချင်းကိုကြည့်လိုက်သည်။ အရင်ကဒီလိုဘဲကြီးမျိုးမမြင်ဖူး၍ သူမလည်းစူးစမ်းနေ၏။
သူ့ဇနီးနှင့်အမေ အရမ်းသိချင်နေပုံကိုမြင်သဖြင့် ချင်လင်လည်း အလုပ်ရှုပ်နေသောရန်သုံ့ကိုလှမ်းခေါ်လိုက်သည်_ ''ရန်သုံ့... သူတို့ကိုဒီခေါ်လာခဲ့''
ရန်သုံ့က သူ့လက်ထဲမှကောက်ရိုးများချပြီး သက်လတ်ပိုင်းအမျိုးသား ၄ ယောက်နှင့်အပြေးရောက်လာ၏။ ကားထဲမှဘဲအော်သံများကြားလျှင် သူကမေးလိုက်သည်_ ''သူဌေး... ဘဲတွေကိုအထဲထည့်တော့မှာလား?''
''အင်း!'' ချင်လင်ကခေါင်းညိမ့်လိုက်ကာ_ ''ဘဲတွေကိုထုတ်လိုက်... ဒါပေမဲ့ သတိထားနော်... ဒီဘဲတွေကနည်းနည်းကြီးတယ်''
''သူဌေး မပူပါနဲ့... ကျွန်တော်က အကြီးဆုံးဘဲတွေကိုတောင်မြင်ဖူးပါတယ်'' ရန်သုံ့ကပြုံးပြီး ကားဆီလျှောက်သွားလိုက်သည်။
မွေးမြူရေးသမား ၄ ယောက်လည်း ပြုံးပြုံးပြုံးပြုံးနှင့်လိုက်လာကြ၏။
သူတို့အားလုံးက အရင်တခြားမွေးမြူရေးခြံတွေမှာ ဘဲမွေးဖူးသဖြင့် ဘဲအမျိုးအစားအားလုံးကိုသိထားကြသည်။
ရန်သုံ့က မိုးကာကိုပတ်ထားသောကြိုးကိုဖြည်လိုက်ပြီး ထောင့်စွန်းမှလှန်လိုက်၏။ အထဲကိုသူ့ခေါင်းပြူဝင်ဝင်ချင်း မတန်တဆကြီးသောဘဲနှုတ်သီးကြီးက သူ့နားကပ်လာသည်ကိုတွေ့လိုက်ရလေသည်။
''သောက်...'' ရန်သုံ့ကအော်လိုက်ပြီး လန့်ဖျပ်ကာနောက်ပြန်ဆုတ်လိုက်၏။
ထိုမြင်ကွင်းကြောင့် မွေးမြူရေးသမား ၄ ယောက် မျက်မှောင်ကြုတ်သွားသည်။ သူတို့မတုံ့ပြန်နိုင်ခင်မှာပင် မယုံနိုင်အောင်ကြီးမားပြီး နှင်းလိုဖြူဆွတ်နေသောဘဲကြီးက မိုးကာအပြင်ထွက်၍ ရန်သုံ့ခေါင်းပေါ်မှဖြတ်ပျံကာ အပြင်မှာရပ်နေလေသည်။ နှင်းလိုဖြူဆွတ်နေသောသူ့တောင်ပံများကို ဝင့်ဝင့်ကြွားကြွားဖြန့်ကား၍ တဖျတ်ဖျတ်တောင်ခတ်နေသေး၏။
''သူဌေး... ဒါဘဲရောဟုတ်လို့လား?'' ရန်သုံ့က ဘဲဖြူကြီးကို အလန့်တကြားကြည့်လိုက်သည်။
ဒါကိုဘဲလို့ခေါ်ဖို့ သူ့မှာအာစေးမိနေ၏။
''ဂတ်... ဂတ်...'' ဒီအချိန်ကျမှ ဘဲဖြူကြီးက ရန်သုံ့ကို သူကဘဲပါလို့ပြောနေသလိုလို ထအော်နေသေးသည်။
ထိုအချိန်တွင် ရန်သုံ့နှင့်မွေးမြူရေးသမား ၄ ယောက်အံ့အားသင့်သွား၏။
ဒါတကယ်ဘဲပဲ။
နောက်ဆုံးတော့ သူတို့သူဌေးပြောတဲ့ 'နည်းနည်းကြီးတယ်'ဆိုတဲ့အဓိပ္ပါယ်ကိုသဘောပေါက်လိုက်ပြီ။
သေသေချာချာမကြည့်မိရင် ငန်းလို့ပြောပါက ယုံချင်စရာ။ နောက်ပြီး ငန်းတောင် ဒီလောက်မကြီး။
ကျောက်မိုချင်းနှင့်လင်းဖန်မှာ ကတ်တီ ၄၀ ကျော်သောဘဲရှိသည်ဟု မနေ့ညကသိထားသော်လည်း အခုတွေ့လိုက်ရတော့ အလွန်အံ့သြနေသေးသည်။
အဓိကအချက်မှာ ထိုဘဲဖြူကြီးက လှလွန်းနေတာပင်။
စေ့စေ့စပ်စပ်ကြည့်လိုက်မှ သူ့အရွယ်အစားနှင့် သူ့တောင်ပံများကိုဖြန့်လိုက်သောအခါ ဝင့်ကြွားနေသောမင်းသမီးလေးနှယ် ငန်းထက်ပိုပြီးကြည့်ကောင်းနေ၏။
''ဝု!'' ဝမ်ချိုင်က ရုတ်တရက်ဟောင်လိုက်သည်။ သူကမိုးကာစကိုဆွဲ၍ ဘဲဖြူကြီးကိုတွေ့သောအခါ ပျော်စရာတစ်ခုခုတွေ့သွားသလို စိတ်လှုပ်ရှားပြီး ခုန်ပေါက်နေတော့သည်။