နောက်ထပ်ဧက ၅၀၀၀ စာချုပ်! ဂိမ်းမျိုးစေ့စိုက်ပျိုးအောင်မြင်သွားပြီ!
Vol. 18 Ch. 263
ချင်လင်က အခြေအနေကိုကြီးကြပ်ရန် နောက်တစ်ပတ်လောက်အထိ ရေလှောင်တမံမှာ အမြဲလိုလိုအချိန်ဖြုန်းနေခဲ့သည်။
ရန်သုံ့နှင့်မွေးမြူရေးသမားလေးယောက်မှာ အချိန်ပြည့်လှုပ်ရှားနေရ၏။
တစ်ပတ်လွန်လျှင် ဘဲကြီးများကိုလည်းရေထဲစချပြီဖြစ်သည်။ သူတို့ဘာသာသူတို့ သိပ်အားစိုက်စရာမလိုဘဲ လျှောက်သွားနိုင်၏။
ကျယ်ပြန့်သောရေပြင်နှင့်ထိတွေ့ရသောအခါ ဘဲကြီးများမှာ အလွန်တက်ကြွနေကြသည်။ နေ့တိုင်း သူတို့ကိုလွှတ်လိုက်သည်နှင့် ရေထဲတဗွမ်းဗွမ်းပြေးလိမ့်မည်။
တစ်ဖက်တွင် ဘဲပေါက်အကောင် ၃၀၀ ကိုဂရုစိုက်ရမည်။ မဟုတ်ရင် အမှတ်တမဲ့ဘဲကြီးများနောက်လိုက်ပြီး ရေထဲရောက်သွားနိုင်၏။
နောက်တစ်ခုက ဘဲမစင်ဖောက်သည့်အခန်းဆောက်ရန်ဖြစ်သည်။
ဒါကအချိန်ယူရလိမ့်မည်။
အင်ဂျင်နီယာအဖွဲ့လည်း ရေပေါ်ရောက်လာသည်။
ထိုကုမ္ပဏီမှာ လွန်ခဲ့သောရက်ပိုင်းက ရေပေါ်တံတားဆောက်ရန်အတွက် ချင်လင်ဆက်သွယ်ထားသောကုမ္ပဏီဖြစ်သည်။ သူတို့က အများကြီးပိုပြီးပညာရှင်ဆန်၏။ သူတို့သယ်လာသောရေမျောစည်ပိုင်းများအားလုံး တစ်ပုံစံတည်းဖြစ်သည်။ နောက်ဆုံး သစ်သားနှင့်ပတ်ပြီးပုံဖော်လိုက်သဖြင့် ခရီးသည်များက ရေမျောစည်ပိုင်းခံထားသည်ကိုမမြင်ရတော့ချေ။ သူတို့က ရှုမျှော်ခင်း၏အလှအပကိုထိန်းသိမ်းရန် အကောင်းဆုံးလက်စွမ်းပြထားကြသည်။
ပြီးခဲ့သောရက်ပိုင်းအတွင်း ချင်လင်က ဘဲစားမှော်ပင်များကို ဂိမ်းထဲမှဆက်သယ်လာခဲ့၏။ နာရီအနည်းငယ်ကြာတိုင်း တစ်သုတ်ပြီးတစ်သုတ်ရင့်လာသည်။ နေ့တိုင်း ဘဲစားမှော်ပင်ကတ်တီ ၃၀၀၀ ကျော်ထုတ်သယ်လာပြီး ချန်တပေတို့ကို ရေထဲဖြန့်ခိုင်း၏။


တစ်ပတ်အတွင်း ရေလှောင်တမံထဲရှိ ဘဲစားမှော်ပင်ဧရိယာက ကျယ်သည်ထက်ကျယ်လာသည်။
လှပသောမြင်ကွင်းမှာ နည်းနည်းခမ်းနားလာ၏။
ရံဖန်ရံခါ နှင်းဖြူဘဲကြီးတွေ လှည့်ပတ်သွားနေလျှင် ပန်းချီကားနှင့်ပိုတူသည်။ သူတို့၏ဂတ်ဂတ်ဂတ်ဂတ်မြည်သံကလည်း ခမ်းနားသန့်ပြန့်သောမြက်ခင်းပြင်ကို အသက်ဝင်အောင်ဖြည့်ဆည်းပေးနေသည်။
အားလပ်ရက်များရောက်လာသဖြင့် ချင်းလင်စံအိမ်မှာ အရင်ထက်ပိုပြီးသက်ဝင်လှုပ်ရှားလာလေသည်။
ရုံချန်းစီရင်စုမှအပြင်ထွက်ပြီး အလုပ်လုပ်နေသူများမှာ ရုံချန်းစီရင်စုကိုပြန်လာကြ၏။
ဒီလူများက ပြန်လာခဲသည်။ သူတို့မွေးရပ်မြေတွင် ချင်းလင်စံအိမ်ပေါ်နေသည်ကို အင်တာနက်ပေါ်မှသာ သိကြရ၏။ ဒေသခံများအနေနှင့် ဖုန်းကိုအားကိုး၍သာ ဗီဒီယိုများကြည့်ပြီး နားလည်ကြရသည်။ ထို့နောက် စံအိမ်၏ကျော်ကြားမှုကို အချိန်နှင့်အမျှ အထပ်ထပ်စိတ်ဝင်စားကြနေသည်။
အခုတော့ သူတို့မွေးရပ်မြေပြန်ရောက်ပြီဖြစ်၍ ချင်းလင်စံအိမ်ကိုတစ်ခေါက်တစ်ခါလာပြီး ကြည့်ရမည်။
ထို့ကြောင့်လည်း စံအိမ်တွင်နည်းနည်းအလုပ်ရှုပ်နေသည်။
စွန်းမင်က စံအိမ်ကားပါကင်ဆီမောင်းလာပြီး ကားရပ်လိုက်သည်။ သူကစံအိမ်ရုံးခန်းဘက်သို့ စာဖိုင်တစ်ခုနှင့်လျှောက်သွားလိုက်၏။
ဒီနေရာနှင့် သူအလွန်ရင်းနှီးသည်။ ဘာပဲဖြစ်ဖြစ် ဒီဒီဇိုင်းနဲ့ဆောက်လုပ်ရေးအားလုံး သူလုပ်ထားသည်လေ။
ဒီနေ့သူဌေးချင်နှင့် မွေးမြူရေးခြံအကြောင်းလာဆွေးနွေးခြင်းဖြစ်သည်။
အရင်သူဌေးချင်က အပြေးလမ်းကြောင်းလိုအပ်ချက်များထပ်ထည့်လိုက်သည့်အတွက် မွေးမြူရေးခြံပုံစံငယ်မှာ အသုံးချလို့မရသလောက်ဖြစ်ခဲ့သည်။ လေဝင်လေထွက်သန့်စင်ရေးနှင့်ရေမြောင်းစနစ်ကိုပြန်ပြင်ရ၏။ ပုံစံငယ်ကို ဒီနေ့မှပြန်ထုတ်နိုင်သည်။
စံအိမ်ရုံးခန်းဘက်ဝင်လာပြီးနောက် စွန်းမင်ကဖုန်းထုတ်ပြီး ချင်လင်ကိုခေါ်လိုက်၏_ ''ဟယ်လို သူဌေးချင်... ဟုတ်တယ် ခင်ဗျားရုံးခန်းရောက်နေပြီ... ခင်ဗျားက ရေလှောင်တမံမှာလား? မလိုပါဘူး... တစ်ယောက်ယောက်ကိုမေးပြီး ခင်ဗျားဆီလာခဲ့မယ်...''
ဖုန်းချပြီးနောက် စွန်းမင်က စားပွဲထိုးယူနီဖောင်းဝတ်ထားသောမိန်းမငယ်လေးနှင့်အတူ ပစ္စည်းရွှေ့နေသည့်ကောင်းယောင်ယောင်ကိုမြင်သွားသည်။
''လူကြီးမင်းစွန်း... ကျွန်မတို့သူဌေးကိုရှာနေတာလား?'' ကောင်းယောင်ယောင်က စွန်းမင်ကိုမြင်လျှင် အပြုံးနှင့်မေးလိုက်၏။
သူမက ဝန်ထမ်းဟောင်းတွေထဲကတစ်ဦးဖြစ်သဖြင့် စံအိမ်ချဲ့ထွင်ရေးတာဝန်ခံပုဂ္ဂိုလ်စွန်းမင်ကိုသိသည်။
စွန်းမင်ကခေါင်းညိမ့်ပြီး_ ''အင်း... ရေလှောင်တမံကိုဘယ်လမ်းကသွားရမလဲ?''
ကောင်းယောင်ယောင်က သူ့နောက်မှမိန်းကလေးအား_ ''ရှောင်ရူ... အရင်ဆုံးမင်းရဲ့ပစ္စည်းတွေချပြီး လူကြီးမင်းစွန်းကို သူဌေးဆီလိုက်ပို့လိုက်ပါ''


''ကောင်းပါပြီ အစ်မယောင်ယောင်'' ချန်ရှောင်ရူက သူမပစ္စည်းကိုချပြီး စွန်းမင်ကိုလမ်းပြလိုက်သည်။
သူမက ဆောင်းရာသီနားချိန်ဖြစ်၍ ချင်းလင်စံအိမ်ကိုအထူးတလည်လာပြီး အလုပ်လုပ်ခြင်းဖြစ်သည်။ အကြောင်းမှာ စံအိမ်ဝန်ထမ်းအစားအသောက်က အလွန်အရသာရှိပြီး စံအိမ်ကအသက်ဝင်သောကြောင့်ပင်။
စွန်းမင်က ချန်ရှောင်ရူနောက်လိုက်ပြီး ရေလှောင်တမံဆီမြန်မြန်ဆန်ဆန်ရောက်သွားသည်။ အထဲကမြင်ကွင်းကိုမြင်သောအခါ သူအံ့သြသွား၏။
ထိုနေရာက ရေလှောင်တမံ၏ကျန်အပိုင်းနှင့် လုံးဝကွာခြားနေသည်။ တစ်ချက်ကြည့်ရုံဖြင့် မျက်စိထဲမြင်ရသောလှိုင်းများက ရင်သပ်ရှုမောဖွယ်ခံစားချက်ကိုပေးပြီး အာရုံမစိုက်ဘဲမနေနိုင်အောင်ပင်။
လျှောက်သွားနေသောနှင်းဖြူဘဲများမှာလည်း အလွန်လှသည်။
ပြီးတော့ ခပ်လှမ်းလှမ်းက ထူးထူးခြားခြားကြီးနေတဲ့သုံးကောင်က ငန်းတွေမလား?
ဒီဝင့်ကြွားတဲ့ပုံစံ၊ ကြည့်ကောင်းတဲ့မျက်နှာထားနဲ့ ဖြန့်ထားတဲ့တောင်ပံတွေက သေချာပေါက်ငန်းပဲ။
ဒီကောင်တွေကိုဘဲတွေလို့ လုံးဝမမြင်။
စွန်းမင်က နည်းနည်းစိတ်လှုပ်ရှားသွားသည်။ သူဌေးချင်က ဒီရေလှောင်တမံပိုင်းကို ရတနာဖြစ်အောင်ထပ်ပြောင်းတော့မယ်ပေါ့။
တကယ်လေးစားစရာပဲ။
တစ်ဖက်လူက နဂိုပျက်စီးယိုယွင်းနေတဲ့စံအိမ်ကို ဒီနေ့လိုနာမည်ကျော်ချင်းလင်စံအိမ်ဖြစ်အောင်လုပ်နိုင်ခဲ့တာအကြောင်းမဲ့မဟုတ်။ တစ်နည်းအားဖြင့် ဒီမှာအကြာကြီးရှိနေတဲ့ရေလှောင်တမံကို ဘယ်သူမှစာချုပ်မချုပ်ခဲ့၍မဟုတ်။ သို့ရာတွင် စာချုပ်ချုပ်ခဲ့သူက ငါးမွေးခြင်းစသသည်ကိုသာလုပ်ကြသည်။ နောက်ဆုံး ဝင်ငွေမရဘဲလက်လွှတ်လိုက်ရတော့၏။
ဒီရေလှောင်တမံကို ရိုးရိုးရှင်းရှင်းဘဲစားမှော်ပင်တွေ၊ ဘဲတွေနဲ့ ဒီလောက်လှတဲ့မြင်ကွင်းရအောင် ဆောက်နိုင်မယ်လို့ ဘယ်သူကတွေးမိမှာလဲ?
သို့သော် တစ်ဖက်တွင် ဘယ်သူမှချင်းလင်စံအိမ်မဆောက်နိုင်မှန်း အားလုံးသိထားကြသည်။
အတော်များများက ဒီလိုပင်။ လုပ်ပြီးလျှင် အလွန်ရိုးရှင်းသည်ဟုထင်ရသည်။ သူတို့လည်းလုပ်နိုင်သည်ဟု လူတိုင်းခံစားရ၏။ သို့သော် ဘယ်သူမှမတွေးမိတာက သူများမလုပ်ခင် သူတို့ဘာလို့မတွေးမိရတာလဲဆိုသောအချက်ဖြစ်သည်။
ထို့ကြောင့် ဆိုရိုးစကားရှိသည်: အရင်ဆုံးတွေးမိသူက ဉာဏ်ကြီးရှင်။ ဒုတိယတုပသူက ဉာဏ်ကောင်းသူ။ တတိယနှင့်စတုတ္ထလုပ်သူက သာမညောင်ည။ အလွန်ရိုးရှင်းသည်ဟုခံစားရပြီး သူတို့လည်းလုပ်နိုင်သည်ဟုထင်သူများက လူပိန်းများဖြစ်သည်တဲ့။
''ဥက္ကဌစွန်း... ရောက်လာပြီလား?'' ချင်လင်က စွန်းမင်ကိုမြင်ပြီး ဝါးဖောင်ပေါ်မှဆင်းလျှောက်လာသည်။
''ဦးလေးချင်... ကျွန်မအရင်ပြန်လိုက်ဦးမယ်'' ချန်ရှောင်ရူလည်း ချင်လင်ကိုနှုတ်ဆက်ပြီး စံအိမ်ကိုပြန်ပြေးသွား၏။
ချင်လင်က ချန်ရှောင်ရူကိုကြည့်ပြီး ခေါင်းခါလိုက်သည်။
ကျောင်းသားများဆောင်းရာသီပိတ်ချိန်ဖြစ်သောကြောင့် ကျောင်းသားတချို့ကစံအိမ်ရောက်လာပြီး ဆောင်းတွင်းပိတ်ရက်အလုပ်သမားခေါ်မခေါ်လာမေးကြ၏။
ကုမ္ပဏီအတော်များများက ဆောင်းရာသီနှင့်နွေရာသီအလုပ်သမားမခန့်လိုပေ။ ပထမအချက်အနေနှင့် အချိန်တိုတောင်းသည်။ ဒုတိယအချက်အနေနှင့် 'သွယ်ဝိုက်'အလုပ်သမားဆုံးရှုံးမှုရှိသည်။ တတိယအချက်အနေနှင့် စွမ်းဆောင်ရည်ကိုမထိန်းထားနိုင်ခြင်းဖြစ်ပြီး စတုတ္ထအချက်မှာ လစာရှင်းဖို့သက်သက်တင် ကရိကထများသောကြောင့်ဖြစ်သည်။
ချင်လင်က ထိုအချက်များကိုဂရုမစိုက်ဘဲ ကျောင်းသားများကို နွေရာသီနှင့်ဆောင်းရာသီအားလပ်ရက်များတွင် အလုပ်လုပ်ဖို့အခွင့်အရေးပေးလိုသည်။ အကြောင်းမှာ သူ့ဖခင်ကင်ဆာဖြစ်ပြီးနောက် သူ့မိသားစုဒုက္ခရောက်ခဲ့သည်။ သူ့မှာအမြဲတမ်းအချိန်ပိုင်းအလုပ်ရှိပြီး နွေရာသီနှင့်ဆောင်းရာသီအားလပ်ရက်များတွင် အလုပ်လုပ်ခဲ့ရလေသည်။