နောက်ထပ်ဧက ၅၀၀၀ စာချုပ်! ဂိမ်းမျိုးစေ့စိုက်ပျိုးအောင်မြင်သွားပြီ! ၃
Vol. 18 Ch. 265
ဒီလူတွေက ချင်းလင်စံအိမ်ရဲ့အောင်မြင်မှုကို ဝေမျှစားချင်တဲ့သူတွေပင်။ ချင်းလင်စံအိမ်ရဲ့ကျော်ကြားမှုနဲ့ ချင်းလင်စံအိမ်ဘေးမှာတစ်ခုခုလုပ်ရင် သူတို့ဝင်ငွေရနိုင်သည်။
သူတို့က နည်းနည်းဉာဏ်ကောင်းသည်ဆိုသော်လည်း သူတို့ဘာမှမလုပ်နိုင်တာသိသာနေသည်။ အချိန်ကျရင် ချင်းလင်စံအိမ်နှင့်ပတ်သက်ပြီး ခက်ခဲသည့်အခြေအနေတွင် ဖျက်ဆီးပစ်နိုင်၏။
စီရင်စုက ယခုဖွံ့ဖြိုးမှုရှာနေခြင်းဖြစ်ပြီး စီရင်စုကိုမြို့တော်မြှင့်တင်ရန်အားခဲထားသည်။ သူတို့၏ 'ပြည်တွင်းခရီးသွားလုပ်ငန်း +၁' အစီအစဉ်ကို ဘယ်သူမှဖျက်လိုဖျက်ဆီးလုပ်ခွင့်မပေးနိုင်။


နောက်ပြီး ရှုမျှော်ခင်းအစီအစဉ်တွင် စီရင်စုက ချင်လင်ကိုအမှန်ပင်လေးစားသည်။
အချိန်တိုအတွင်း ချင်းလင်စံအိမ်မှာ တစ်နေ့ခရီးသည် ၃၀၀၀ ကျော်အထိရသည်ဆိုသောအချက်က ဒီယုံကြည်မှုကိုအခြေခိုင်လာစေ၏။
လုပ်ငန်းတိုင်းမှာ ဉာဏ်ကြီးရှင်တွေရှိတယ်ဆိုရင် ဒီငယ်ငယ်ရွယ်ရွယ်သူဌေးချင်က ခရီးသွားလုပ်ငန်းပိုင်းမှာ ဉာဏ်ကြီးရှင်ဖြစ်သည်။
ချင်လင်က ဒီအကြောင်းမသိသော်လည်း စီရင်စု၏ထောက်ပံ့မှုနှင့်ယုံကြည်မှုအတွက် အလွန်ကျေးဇူးတင်မိသည်။
မဟုတ်ဘဲ ချင်းလင်စံအိမ်ပတ်လည်မြေကို တစ်ယောက်ယောက်ယူသွားရင် သူတို့လုံးဝဒုက္ခတွေ့ဦးမည်။
ချန်လီက ချင်လင်၏အချက်အလက်များကို ကျုံးလဲ့ဆီလွှဲပေးလိုက်သည်။ ထိုကိစ္စများကို ကျုံးလဲ့အားကိုင်တွယ်ခိုင်းပြီးနောက် သူကချင်လင်အား_ ''သူဌေးချင်... ဒီနေ့မင်းရောက်လာတာအတော်ပဲ... တကယ်တော့ ငါလည်းမင်းကိုဆက်သွယ်ချင်နေတာ... နေ့လယ်ကျရင် ငါနဲ့တစ်နေရာလိုက်ခဲ့ပေးပါ''
ချင်လင်ကသိချင်စိတ်နှင့်မေးလိုက်သည်_ ''လက်ထောက်ချန်... ဘယ်သွားမလို့လဲ?''
ချန်လီကရှင်းပြလိုက်၏_ ''ငါတို့ရုံချန်းစီရင်စုခရီးသွားလုပ်ငန်းအဖွဲ့အစည်းကို တည်ထောင်တာကြာပြီမလား? အရင်ကအလုပ်နေရာမရှိခဲ့ဘူးလေ''
''အခုဌာနချုပ်ကိုပြင်ဆင်ပြီးသွားပြီ... ရှုမျှော်ခင်းနေရာအသီးသီးက တာဝန်ခံတွေကိုလာဖို့သတင်းပေးမယ်... မင်းကိုအသိပေးမယ်... နှစ်သစ်ရောက်ရင် နှစ်သစ်နည်းဗျူဟာအစည်းအဝေးကျင်းပမယ်... သူဌေးချင်... မင်းက ဒုဥက္ကဌနေရာရှိသေးတယ်လေ''
ချန်လီသာမပြောရင် ချင်လင်ဒီအကြောင်းကိုမေ့နေပြီ။ သူကစိတ်ထဲမထား။
သို့သော် ခရီးသွားအဖွဲ့အစည်းအတွက် အကျိုးအမြတ်ကရှိသေးသည်။ အနည်းဆုံးတော့ မဟာမိတ်ဗျူဟာပေါင်းစည်းပြီး ဆွမ်းဆန်ထဲကြွက်ချေးရောသွားမည့်အခြေအနေကိုကာကွယ်နိုင်ရန် စနစ်ကိုစီမံကာ နည်းဗျူဟာတိုးတက်အောင်လုပ်နိုင်သေး၏။


ရှုမျှော်ခင်းတစ်နေရာမှာ တစ်ခုခုဖြစ်ခဲ့ရင် အပြင်လူတွေက ရုံချန်းစီရင်စုမှာ ဘာဖြစ်နေတာလဲဟုသာပြောကြမည်။ အားလုံးအပေါ်သက်ရောက်မှုရှိနိုင်သည်။
နောက်ပြီး ဒုဥက္ကဌဖြစ်လာပြီးနောက်တွင် သူ့မှာအခွင့်အရေးတချို့ရှိပုံရ၏။ အနည်းဆုံးတော့ စီမံမှုစနစ်နှင့် နည်းဗျူဟာဖွံ့ဖြိုးမှုအတွက် သူ့မှာပြောစရာတချို့ရှိသည်။
ခရီးသွားအဖွဲ့အစည်းဌာနချုပ်မှာ ရွှေနန်းအဆောက်အဦးဟောင်းတစ်ခုတွင်ဖြစ်၏။ ပြန်လည်ပြင်ဆင်ထားသဖြင့် အသစ်စက်စက်နှင့်တူသော်လည်း ထိုနေရာက...
ကြည့်ရတာ လွန်ခဲ့သောနှစ်အနည်းငယ်က ဒီနေရာမှာ ရောင်စုံမီးများနှင့်ဆိုင်များရှိခဲ့ပုံရသည်။ ဖြတ်သွားဖြတ်လာဒရိုင်ဘာများအာရုံထွေပြားစေရန် တံခါးဝတွင် မတ်တပ်ရပ်နေသောမိန်းမပျက်များတောင်ရှိခဲ့၏။
ဖြစ်ချင်တော့ ထိုကဲ့သို့ဆိုင်များအားလုံးကို တားမြစ်ခံလိုက်ရသည်။
''ဒုဥက္ကဌချင်လင်!'' ချင်လင်က ချန်လီနောက်လိုက်ပြီး ခရီးသွားအဖွဲ့အစည်းဌာနချုပ်ထဲဝင်လာရာ ထိုနေရာတွင် သူ့အတွက်ရုံးခန်းသီးသန့်ရှိကြောင်းသိလိုက်ရ၏။
ထိုရုံးခန်းထဲတွင် ချင်လင်နှင့်ချန်လီက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက်အတော်များများဆွေးနွေးကြပြီးမှ စံအိမ်ပြန်လာခဲ့သည်။
စံအိမ်ရောက်ရောက်ချင်း လီခိုင်ဆီမှသတင်းကောင်းကြားရ၏။
ဂိမ်းမျိုးစေ့နှင့်စိုက်ပျိုးထားသောဖရဲသီးက အသီးသီးလာပြီတဲ့။
ထို့ကြောင့် မူလခန်းမဆီချက်ချင်းသွားပြီး အနောက်ဘက်ခြံဝင်းထဲဝင်လာခဲ့သည်။
အစိမ်းရောင်မှန်လုံအိမ်ထဲတွင် လီခိုင်က ဖရဲနွယ်များဘေး၌ ဆောင့်ကြောင့်ထိုင်ပြီးလေ့လာနေ၏။ ချင်လင်ဝင်လာသည်ကိုမြင်လျှင် သူက_ ''ညီလေးချင်... လာကြည့်ပါဦး... ဒီအဖူးတွေက အရမ်းကောင်းပုံပဲ''
ချင်လင်က ရှေ့တိုးသွားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ အမှန်ပင် လက်မလောက်ရှိသော ဖရဲသီးများကိုတွေ့ရ၏။
ဖရဲသီးကြီးလာပြီးနောက် အထဲတွင်အစေ့များကြပ်သိပ်နေပြီး အားလုံးသုံးဆခန့်ရှိသည်။
ထိုသုံးဆခန့်မျိုးစေ့များကိုစိုက်ပျိုးပြီး မူလခရိုမိုဇုန်းကွင်းဆက်ကိုလျှော့ချနေသည့်အတောအတွင်း သာမန်ဗီဇဆဲလ်များမဖြစ်နိုင်ပေ။ ထို့ကြောင့် ကြီးလာသောဖရဲသီးများတွင် အစေ့မဖြစ်နိုင်။
တစ်နည်းဆိုသော် ဂိမ်းမျိုးစေ့ပျိုးထောင်ခြင်းအောင်မြင်သွားပြီ။ ဒီဖရဲသီးတွေကြီးလာဖို့စောင့်ရုံပင်။