ဟောကိန်း သုံးခု
Vol. 74 Ch. 970
ရှို့ကျုံး၏ အသိစိတ်အလျဉ်အဆင့်က ကမ္ဘာခေတ်ဦးဘုရင်သုံးပါးအဆင့်နီးနီး ရှိသည်လား။
ဖန်ဆင်းရှင်မျိုးနွယ်စုသည် ကပ်ဘေးများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရ၏။ သူတို့အနေဖြင့် မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ဆုတ်ယုတ်လာသည့် အခြေအနေ သို့မဟုတ် ပြုပြင်ပြောင်းလဲနေသော အခြေအနေတွင် ဖြစ်သင့်သည်။
သို့ရာတွင် မျိုးနွယ်စုမှာ သက်တမ်းကြာမြင့်နေပြီဖြစ်သဖြင့် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် ခက်ခဲပေမည်။
သို့ဆိုလျှင် ဖန်ဆင်းရှင်ရှို့ကျုံးသည် အဘယ်သို့ပြု၍ ကမ္ဘာခေတ်ဦးဘုရင်သုံးပါး၏ အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်နည်း။
“လေဟာနယ်တစ်ဖက်ကမ်းက ဖန်ဆင်းရှင်တွေက ငါတို့ဘိုးဘေးတွေရဲ့ အဆုံးအမတွေကို မျက်နှာလွှဲ ခဲပစ်ထားတာပဲဟ” ရှုကျွင်း အမျက်တချောင်းချောင်း ထွက်နေသည်။
ချင်မူ ခပ်ရေးရေး ပြုံးလိုက်မိ၏။ ရှုကျွင်း ရည်ညွှန်းသည်မှာ ရတနာယာဉ် ဖြစ်လိမ့်မည်။ ရှေးခေတ်၏ ဖန်ဆင်းရှင်တို့က အနေအထိုင် ခြိုးခြံတတ်ကြသည်။ သူတို့အိမ်များနှင့် ပရိဘောဂများတွင်လည်း အဆင်တန်ဆာ များများစားစား မရှိကြဘဲ ပြောင်ပြောင်ရှင်းရှင်းသာ နေထိုင်ကြသည်။ အနုပညာတွင် သူတို့၏တိုးတက်မှုမှာ ပို၍ပင် သနားစရာကောင်း၏။
သို့သော် ဖန်ဆင်းရှင် မြင်ယောင်ဖန်ဆင်းထားသော ရတနာယာဉ်မှာ အတိုင်းထက်အလွန် တောက်ပခမ်းနားသည်။ ထီးရွက်သုံးရွက်က အမိုးသဖွယ် ဖွဲ့လျက် အုပ်မိုးထားပြီး ထီးတစ်ရွက်စီသည် ကောင်းကင်ဘုံတစ်ဘုံစီအား ကိုယ်စားပြု၏။ ထီးအမိုး၏အောက်တွင် နေ၊ လနှင့် ကြယ်များက လှပသော ကျောက်သံပတ္တမြားများပမာ လှည့်ပတ်နေရာ အလွန်တရာ ခမ်းနားတင့်တယ်နေတော့သည်။
ရောင်စုံကျောက်သံပတ္တမြားများဖြင့် သွန်းလုပ်ထားသော ပုတီးစေ့များက လိုက်ကာသဖွယ် ထီးမိုးအောက်၌ ဖြာကျနေပြီး ပုတီးစေ့တစ်လုံးစီက အရောင်မတူပေ။ သေသေချာချာ ကြည့်လျှင် အရောင်များ ယှက်သန်းကူးလူးနေသည်ကို မြင်ရလိမ့်မည်။ ၎င်းတို့အား နာရီအတော်ကြာ စိုက်ကြည့်ရင်း လေ့လာလျှင်ပင် တစ်စက္ကန့်တိုင်း၌ အသစ်အသစ်များသာ ဆက်လက်ရှာတွေ့နေလိမ့်မည်။
ယာဉ်၏ ကိုယ်ထည်၊ အခင်း၊ ထိုင်ခုံနှင့် ဘီး အားလုံးတွင် လှပသော အဆင်တန်ဆာများ ဆင်ယင်ထားသည်။ နဂါးကို ဆွဲထားသော ကြိုးများတွင်လည်း ရှုပ်ရှုပ်ထွေးထွေး အမှတ်အသားများ လိမ်ကျစ်ထားရာ အနုပညာဆန်သည်ဟု ဆိုရနိုင်သည်။
ရှေးဟောင်းကမ္ဘာဦးခေတ်မှ ဖန်ဆင်းရှင်တို့၏ မျက်လုံးထဲတွင်တော့ လမ်းမှန်မှ သွေဖီသွားခြင်းသာ ဖြစ်လိမ့်မည်။
တိုက်ပွဲတွင် ရှေးကမ္ဘာဦးဖန်ဆင်းရှင်တို့သည် ဖန်ဆင်းရလွယ်ကူအောင် ရိုးရိုးရှင်းရှင်း အရာများကိုသာ မြင်ယောင်ဖန်ဆင်းတတ်ကြ၏။
ရှုပ်ထွေးသော အရာများကို မြင်ယောင်ဖန်ဆင်းလျှင် မိမိ၏အသိစိတ်အလျဉ်အပေါ် ဝန်ပိချေရာ ဖန်ဆင်းနိုင်နှုန်း နှေးကွေးသွားသည်။ ရန်သူများအနေဖြင့် ဤအခြေအနေကို အခွင့်ကောင်းယူ၍ တိုက်ခိုက်နိုင်သောကြောင့် ဖန်ဆင်းရှင်တို့၏ အားနည်းချက် ဖြစ်လေသည်။
“ဒါက ငါတို့ရဲ့ ဓလေ့အစဉ်အလာကို သစ္စာဖောက်တာပဲ”
ရှုကျွင်းက ချင်မူ့ထံ ဒေါသတကြီး ပြောသည်။ “ဒါက အပြင်းထန်ဆုံး သစ္စာဖောက်မှုပဲ... ဖန်ဆင်းရှင်တွေ မျိုးတုံးတော့မယ်”
ချင်မူ တဟားဟား ရယ်လိုက်မိသည်။ “နတ်ဘုရင်ကြီးရှုကျွင်း၊ ဒါက အနုပညာပါ... အနုပညာဆိုတာ တိုက်ခိုက်ရေးစွမ်းရည်တစ်ခုလည်း ဟုတ်တယ်”
“ပတီးပဒါးတွေ”
ရှုကျွင်းမှာ မြင်မြင်သမျှ အရာတိုင်းအား အလိုမကျဖြစ်နေပြီး အမြင်ကပ်နေသည်။ ဤဖန်ဆင်းရှင် ဖန်ဆင်းနေသည့် အရာတို့အပေါ် အထင်သေးကာ နှာခေါင်းရှုံ့နေ၏။
အသိစိတ်အလျဉ်မှတစ်ဆင့် ချင်မူ၏ခေါင်းထဲတွင် ဆက်သွယ်နေ၍ ရှို့ကျုံး မသိသောကြောင့် တော်သေးသည်။
ဘာမသိညာမသိဖြင့် ရှို့ကျိုးနှင့်အတူ လိုက်လာပြီးနောက် ကြယ်တာရာကောင်းကင်တစ်ခုဆီ ရောက်လာသည်။ သူတို့အရှေ့တွင် ဝဲကဲ့သို့ လှည့်ပတ်နေသော ကြယ်တာရာအစုအဝေးများ ရှိပြီး ကြယ်တာရာများ ဖန်ဆင်းနေသည့် ဧရာမဖန်ဆင်းရှင်ကြီးများကိုလည်း ချင်မူ လှမ်းမြင်လိုက်ရ၏။
ဖန်ဆင်းရှင်များက ဧရိယာကွက်လပ်တစ်ခုကို ဝိုင်းရံထားကြသည်။ သူတို့၏ မျက်ခုံးနှစ်ဖက်ကြားရှိ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးများ လင်းလက်တောက်ပနေစဉ် ကြယ်တစ်စင်း ဖြည်းညင်းစွာ ဖွဲ့တည်လာသည်။
ချင်မူမှာ ဤဖန်ဆင်းရှင်များ ငေးကြည့်ရင်း မှင်သက်နေ၏။ သူတို့၏ခေါင်းအနောက်တွင် နတ်ရတနာများစွာ ရှိနေပြီး အရပ်လေးမျက်နှာသို့ အရောင်အဝါများ ဖြန့်ကျက်နေကြောင်း မြင်လိုက်ရသည်။
ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အရှင်သွင်၊ သေခြင်းရှင်ခြင်းနှင့် ကောင်းကင်တံတား ကောင်းကင်ရတနာဟူသည် ကောင်းကင်ရတနာခုနစ်မျိုးလည်း ရှိနေသည်။
သူ့ကို အံ့အားသင့်သွားစေသည်မှာ ဤဖန်ဆင်းရှင်တို့၏ ကောင်းကင်တံတား ကောင်းကင်ရတနာအဆုံး၌ ကောင်းကင်နန်းဆောင်များ စုဝေးနေခြင်းပင်။ တောက်ပခမ်းနားနေသည့် ကောင်းကင်နန်းဆောင်များက ကြယ်တာရာကောင်းကင်ထဲတွင် လင်းလက်ဖြာထွက်နေတော့သည်။
ချင်မူမှာ ကောင်းကင်နန်းဆောင်အတွင်း၌ ရပ်နေကြသော ဧရာမမူလဝိညာဉ်များဆီသို့ စိုက်ကြည့်ကာ ရပ်နေမိသည်။ သူတို့၏မူလဝိညာဉ်များသည် မြင်ယောင်ဖန်ဆင်းခြင်းမှတစ်ဆင့် ကြယ်တာရာများအား ဖန်ဆင်းပုံဖော်နေကြ၏။
‘ပရမတ္တကမ္ဘာရဲ့ ဖန်ဆင်းရှင်တွေက ကောင်းကင်ရတနာစနစ်နဲ့ ကောင်းကင်နန်းဆောင်စနစ်ကို ကျင့်ကြံထားကြတာပဲ’
ချင်မူ့ရင်ထဲတွင် အလွန်အထင်ကြီးလေးစားမိသွားသည်။ ဤဖန်ဆင်းရှင်တို့သည် ဤနေရာသို့ ထွက်ပြေးလွတ်မြောက်လာရုံသာမက လူသားမျိုးနွယ် ဖန်တီးထားသော ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်ကို လက်ခံကျင့်သုံးခဲ့ကြ၏။
‘ပရမတ္တကမ္ဘာရဲ့ ဒီဖန်ဆင်းရှင်တွေက ရွှင်ပျော်ပျော်ကျေးရွာဆီက ကျင့်စဉ်တွေကို စုပ်ယူပြီး ကောင်းကင်ရတနာကျင့်စဉ်လမ်းကို လျှောက်ကြတာများလား’
ချင်မူ ဣန္ဒြေဆည်လိုက်သည်။ အသိစိတ်အလျဉ်ကျင့်စဉ်ကို ကောင်းကင်ရတနာကျင့်စဉ်စနစ်အဖြစ် အဆင့်မြှင့်တင်၍ အသိစိတ်အလျဉ်ကျင့်စဉ်ဖြင့် ချီစွမ်းအင်ကျင့်စဉ်နေရာ၌ အစားထိုးနိုင်လျှင် ပို၍လျင်မြန်စွာ ကျင့်ကြံနိုင်မည်။
ရှုကျွင်း တစ်ခါ ပြောဖူးသည်။ သူ အသက်ပြန်ရှင်လာလျှင် အသိစိတ်အလျဉ်ကျင့်ကြံခြင်းကို စွန့်ပစ်၍ အသိစိတ်အလျဉ်နှင့် ကောင်းကင်ရတနာကျင့်စဉ်စနစ်အား ပေါင်းစည်းကာ ဤခေတ်နှင့် လိုက်ဖက်သော ကျင့်ကြံနည်းတစ်နည်း ဖန်တီးမည်ဟု ဆို၏။
ရှုကျွင်းသာ ဤသို့ စဉ်းစားနိုင်ခဲ့လျှင် ပရမတ္တကမ္ဘာ၏ ဖန်ဆင်းရှင်များလည်း စဉ်းစားမိလိမ့်မည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်းပင်။
အမှန်တွင် ချင်မူသည် ဖန်ဆင်းရှင်တို့၏ ကျင့်ကြံနည်းများကို ပြောင်းလဲထားပြီးဖြစ်၏။ ဥပမာ ရှုကျွင်း၏ အဆင့်မြင့်အသိပညာသုံးရပ်ကို လုံးလုံးလျားလျား ပြောင်းလဲထားသဖြင့် မူလနှင့် မတူတော့ပေ။
ထို့အပြင် မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်သည် ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်၏ ကျင့်စဉ်တစ်ခု ဖြစ်သည်။ သူက ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ဦးစွာပြောင်းလဲခဲ့သူပင်။
ပရမတ္တကမ္ဘာ၏ ဖန်ဆင်းရှင်များက ဤနည်းလမ်းက ပိုမိုလွယ်ကူကြောင်း တွေ့ခဲ့ရသဖြင့် ကျင့်ကြံခဲ့ခြင်း ဖြစ်မည်။
ရှို့ကျိုး၏ ယာဉ်က ကြယ်တာရာများ ဖန်ဆင်းနေသော ဧရိယာသို့ ဖြတ်ကျော်သွားသည့်အခါ ဖန်ဆင်းရှင်များသည် ရှို့ကျိုးအား အရိုအသေပေးကြ၏။ သူတို့၏အသိစိတ်အလျဉ်များ လှုပ်ခတ်သွားကြပြီး နေ့ဝက်မျှ ရှင်းလင်းပြောဆိုနေရမည့် အချက်အလက်များကို ဖလှယ်ပြီးသွားချေသည်။
ချင်မူလည်း သူတို့၏အသိစိတ်အလျဉ်ကို ခံစား၍ လိုက်ဆက်သွယ်ကြည့်သည်။ တခဏအတွင်း အချက်အလက်များစွာ ဖလှယ်ပြီးသွား၏။
ဤဖန်ဆင်းရှင်တို့သည် ရှို့မျိုးနွယ်စုမှ ကြယ်ဖန်ဆင်းရှင်များ ဖြစ်ကြသည့်အတွက် ကြယ်တာရာကောင်းကင်ဖန်ဆင်းရန် တာဝန်ရှိကြသည်။
သူတို့က ကြယ်ပေါင်းများစွာ ဖန်ဆင်း၍ ရွှင်ပျော်ပျော်ကျေးရွာသားတို့၏ ပိုက်နက်ကို တိုက်ခိုက်ကြသည်။ ကြယ်တာရာများဖြင့် ရွာကို ဖိနှိပ်ကြ၏။
“မဆင်မခြင် မလုပ်ကြနဲ့”
ရှို့ကျုံးက ပါးစပ်ဖွင့်ကာ ဖန်ဆင်းရှင်တို့၏ ဘာသာစကားမဟုတ်သော ဘာသာစကားတစ်ခုဖြင့် ပြောသည်။ လူသားမျိုးနွယ်စု၏ စကားလုံးများလည်း ပါဝင်သည်။ ရှေးဟောင်းဘာသာစကားနှင့် လူသားမျိုးနွယ် ဘာသာစကား ရောနှောနေသည်မှာ ထူးဆန်း၏။
ချင်မူမှာ ရှုကျွင်းဆီမှ အကူအညီတောင်းသည့်အခါ ရှုကျွင်းက ရှို့ကျုံး၏ စကားများကို ဘာသာပြန်၍ အသိစိတ်အလျဉ်မှတစ်ဆင့် ဆက်သွယ်ပေးသည်။
“တလေဂျပိုးတွေရဲ့ ခေါင်းဆောင်၊ ချင်ယဲ့က သိပ်အစွမ်းထက်တယ်... ဒီကြယ်တွေနဲ့ သူတို့ကို တိုက်ခိုက်တာတောင် ဘာမှမဖြစ်ကြဘူးလေ... မင်းတို့ ချင်ယဲ့ကို သွားထိရင် နားကားသွားလိမ့်မယ်”
ရှို့ကျုံးက ပြောသည်။ “ကြယ်သေတွေကို ဆက်ဖန်ဆင်းပြီး ရွှင်ပျော်ပျော်ကျေးရွာကို ဝိုင်းထား... အဲဒါမှ အဲဒီတေလေဂျပိုးတွေ ဘယ်တော့မှ ထွက်မသွားနိုင်မှာ”
ဖန်ဆင်းရှင်များက ခေါင်းညိတ်ပြကြပြီး ချင်မူ့ဆီသို့ စပ်စပ်စုစု ကြည့်ကြ၏။
“သူက မူချင်းလို့ ခေါ်တယ်... အသက်နှစ်နှစ်ပဲ ရှိသေးတော့ လျှောက်သွားရတာ ကြိုက်နေတဲ့ ကောင်လေးပေါ့”
ရှို့ကျုံးက သူတို့ကို ရှင်းပြနေသည်။ “သူ့ကျင့်စဉ်အဆင့်က မဆိုးဘူး... အရွယ်ရောက်ပြီးသား ဖန်ဆင်းရှင်အတော်များများတောင် သူ့ကို မယှဉ်နိုင်ဘူး... သူ့မျက်ခုံးနှစ်ဖက်ကြားက မျက်လုံးကို ကြည့်လိုက်”
ဖန်ဆင်းရှင်အားလုံး ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးဆီသို့ ကြည့်ကာ အံ့ဩဝမ်းသာသွားကြသည်။
သူတို့သည် ကြယ်တာရာကောင်းကင်ထဲတွင် ပျော်ရွှင်မြူးထူးစွာ ကခုန်နေကြရာ ထူးဆန်းစွာ လှပနေ၏။
“မူလကျောက်တုံးက နတ်စွမ်းအားကို ဖော်ထုတ်ပြီး ငါတို့တွေကို ကောင်းချီးပေးပြီ”
“မူလကျောက်တုံးကနေ မွေးလာတဲ့ကလေး၊ အထွတ်အမြတ်ကလေးငယ်က ငါတို့လူတွေကို ကယ်တင်ပြီး ငါတို့မျိုးနွယ်ကို ဘိုးဘေးနန်းတော်ဆီ ပြန်ခေါ်သွားပေးလိမ့်မယ်”
“ချင်ယဲ့၊ အဲဒီလူတော့ ဒုက္ခရောက်ပြီပဲ.”
“ချင်ယဲ့မိသားစုထဲက ဟိုခေါင်းကြီးကြီးနဲ့ ကလေးကြီးလည်း နာပြီသာမှတ်”
...
ချင်မူမှာ ပြောစရာစကားပင် ရှာမတွေ့တော့ပေ။ ဤဖန်ဆင်းရှင်များ အဘယ်သို့ပြု၍ ပျော်ရွှင်နေကြသနည်း။
“မူလကျောက်တုံး နတ်စွမ်းအားကို ဖော်ထုတ်တယ်ဆိုတာ ဘာလဲ... အထွတ်အမြတ်ကလေးငယ်နဲ့ ချင်ယဲ့မိသားစုက ခေါင်းကြီးကြီးကလေးကြီး .... အဲဒါတွေက ဘာတွေလဲ”
သူ့မှာ မှင်သက်နေသည်။ ရှို့ကျုံးသည် သူ့ကို ကြည့်ကာ ရယ်၏။ “ဟိုအရူး ရှုကျွင်းက မင်းကို ဒီအကြောင်း မပြောထားဘူးလား”
ချင်မူ ခေါင်းယမ်းပြလိုက်သည်။ “ဆရာရှုကျွင်းက ကျွန်တော့်ကို အဆင့်မြင့်အသိပညာသုံးခုပဲ သင်ပေးတာပါ.. တခြားဘာမှ မပြောဘူး”
“အဲဒီအရူးက နှုတ်လုံသားပဲ”
ရှို့ကျုံးက ရယ်သည်။ “တကယ်တော့ မင်းကို ပြောလည်း ဘာမှမဖြစ်ပါဘူး... လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက ငါတို့ဘိုးဘေးကြီးက မဟာလေဟာနယ်ရဲ့အပြင်ကို လူတစ်ယောက် လွှတ်လိုက်ပြီး ဘိုးဘေးနန်းတော်ဆီ သွားစေခဲ့တယ်... ဘိုးဘေးနန်းတော်ရဲ့ ဖန်ဆင်းရှင်တွေအားလုံး အသတ်ခံထားရပေမယ့် သူတို့အသိစိတ်အလျဉ်တွေက အရာအားလုံးကို စောင့်ကြည့်ရင်း ရှိနေကြသေးတယ်... အဲဒီလူငယ်က ဘိုးဘေးနန်းတော်မှာ အတော်ကြာကြာ လှည့်လည်သွားလာပြီးတော့ မဟာလေဟာနယ်ဆီ ပြန်ရောက်လာတော့ပေါ့... မဟာဧကရာဇ်က သူ့ကို လိုက်သတ်ခဲ့လို့ သေမလိုတောင် ဖြစ်ခဲ့ရသေးတယ်... ဒါပေမဲ့ သူက မဟာဧကရာဇ်ရဲ့ အရင်ကျောက်တုံး၊ မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို သူနဲ့အတူ ယူလာနိုင်ခဲ့တယ်လေ”
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။
မဟာကမ္ဘာဦးအစ မူလကျောက်တုံးတဲ့လော။
သူ၏မျက်ခုံးနှစ်ဖက်ကြားက တတိယမျက်လုံးအတွင်းရှိ သလင်းကျောက်သည် မဟာကမ္ဘာဦးအစ မူလကျောက်တုံးဆီမှ အစိတ်အပိုင်းတစ်ခု ဖြစ်၏။ သို့ဆိုလျှင် ပရမတ္တကမ္ဘာတွင်လည်း ကျောက်တုံး၏ အစိတ်အပိုင်းများ ရှိနေသည်လား။
“သူက သေသွားပေမယ့် အံ့ဩတုန်လှုပ်စရာသတင်းကို ယူလာနိုင်ခဲ့တယ်.... ငါတို့ဘိုးဘေးတွေရဲ့ အသိစိတ်အလျဉ်က သူ့ကို ဟောကိန်းသုံးခု ပြောပြခဲ့တယ်တဲ့”
ရှို့ကျုံးက လက်သီးတင်းတင်းဆုပ်၍ ပြောသည်။ “ပထမဟောကိန်း၊ လေဟာနယ်ဟင်းလင်းပြင်ဟာ ကပ်ဘေးကြီးကို ကြုံတွေ့ရမယ်။ လူငယ်တစ်ယောက်က အဲဒီကပ်ဘေးကို ကျော်လွှားနိုင်အောင် ကူညီပေးဖို့ ရောက်လာလိမ့်မယ်..... အဲဒီဟောကိန်းအတိုင်း ကပ်ဘေးလည်း တကယ် ရောက်လာခဲ့တယ်.. မဟာဧကရာဇ်က မဟာလေဟာနယ်ဆီ ရောက်လာပြီး ငါတို့အားလုံးကို သတ်ဖို့ ကြိုးစားခဲ့တာပေါ့လေ... ဒါပေမဲ့ လူငယ်တစ်ယောက်ကလည်း အပြင်လောကကနေ အလျင်အမြန် ရောက်လာခဲ့ပြီး သူ့ကိုယ်သူ ကောင်းကင်နတ်အရှင်ယွင်လို့ ပြောတယ်”
ချင်မူ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားတော့သည်။ “ကောင်းကင်နတ်အရှင်ယွင်”
“ကောင်းကင်နတ်အရှင်ယွင်က ငါတို့မျိုးနွယ်မဟုတ်ပေမယ့် ငါတို့ကို အားတက်သရော ကူညီပေးခဲ့တယ်... သူ့ရဲ့အသိဉာဏ်က ပြိုင်ဘက်ကင်းတယ်... သူက ထောင်ချောက်တစ်ခု ဆင်ပေးပြီးတော့ မဟာလေဟာနယ်ရဲ့ စိတ်နှလုံးမိစ္ဆာတွေကို အသုံးချပြီး မဟာဧကရာဇ်ကို ဖိနှိပ်တယ်... သူ့ရဲ့ကျင့်စဉ်စွမ်းအင်ကို ကန့်သတ်လိုက်တယ်... အဲဒီနောက် ထောင်ချောက်ထဲ မျှားခေါ်ပြီး သတ်ပစ်လိုက်တော့တာပဲ”
ရှို့ကျုံးက ပြောသည်။ “ငါတို့ဘိုးဘေးတွေရဲ့ ဒုတိယဟောကိန်းကတော့ ပရမတ္တကမ္ဘာပဲ... ကံကောင်းပြီး လွတ်မြောက်လာတဲ့ ငါတို့တွေက မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို အသုံးချပြီး ပရမတ္တကမ္ဘာကို ဖွင့်လှစ်ရင်း ကျောက်တုံးနဲ့ တစ်သားတည်း ဖြစ်စေခဲ့တယ်....တတိယဟောကိန်းကတော့ အထွတ်အမြတ်ကလေးငယ်ပဲ”
သူက ချင်မူ့ဆီသို့ ကြည့်ပြီး စိတ်လှုပ်ရှားပျော်ရွှင်နေမှုကို မဖုံးဖိနိုင်တော့ဘဲ ပြောနေသည်။ “တတိယဟောကိန်းအရ၊ တစ်ချိန်ချိန်မှာ မဟာကမ္ဘာဦးအစ မူလကျောက်တုံးရဲ့ အထွတ်အမြတ်ကလေးငယ် ပေါ်ထွက်လာပြီး ငါတို့တွေကို ဘိုးဘေးနန်းတော်ဆီ ပြန်ခေါ်သွားပေးနိုင်မယ်တဲ့.. ငါ မင်းကို မြင်မြင်ချင်းမှာပဲ အဲဒီကလေးငယ်များ ဖြစ်နေမလား တွေးမိလိုက်တာ... တကယ်ကွာ ဘိုးဘေးတွေက သေသေချာချာ တွေးတတ်တာပဲ... မင်းက ငါတို့ကို ကယ်ဖို့ မူလကျောက်တုံးကနေ စေလွှတ်လိုက်တဲ့ အထွတ်အမြတ်ကလေးငယ်ပဲ ဖြစ်ရမယ်”
ချင်မူ့မျက်လုံးများ ပြူးကျယ်သွားကာ ပါးစပ်မှာလည်း ကြက်ဥတစ်လုံးဝင်စာအထိ ဟောင်းလောင်း ဖြစ်သွားသည်။ သူ ဆွံ့အနေလေသည်။
‘ကျွန်တော်မဟုတ်....’ သူ တစ်ယောက်တည်း တွေးနေမိသည်။
ရှုကျွင်းက နှာခေါင်းရှုံ့၍ မပျော်တော့ပေ။ “မင်း ဘယ်ဟုတ်ပါ့မလဲ... ငါကမှ အထွတ်အမြတ်ကလေးငယ်ကွ.. ဒီမူလကျောက်တုံးက ငါ့ဟာလေ... ငါ့ရုပ်ခန္ဓာနဲ့ ကျင့်ကြံခြင်းအခြေခံ ပျက်စီးသွားလို့ ဒီကျောက်တုံးကနေ ငါ ပြန်မွေးဖွားလာတာ... ငါက အထွတ်အမြတ်ကလေးငယ်၊ ဖန်ဆင်းရှင်တို့ရဲ့ ကယ်တင်ရှင်... မင်းက လူသားမျိုးနွယ်က သူလျှို”
“ဟီးဟီး” ချင်မူ ရယ်လိုက်မိသည်။
ရှို့ကျုံးက ပြောလေသည်။ “ဒါပေမဲ့ မင်းက အထွတ်အမြတ်ကလေးငယ် တကယ်ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ ငါတို့ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေကို ဆင့်ခေါ်ဖို့ လိုတယ်... ဟောကိန်းတွေ သယ်ဆောင်လာပေးတဲ့ အဲဒီလူငယ်လေးက မသေခင် ဘိုးဘေးဝိညာဉ်ကမ္ဘာကို ဖန်ဆင်းပြီး ငါတို့ဘိုးဘေးဖန်ဆင်းရှင်တွေရဲ့ ဝိညာဉ်တွေ နားနေနိုင်ဖို့ နေရာ လုပ်ပေးခဲ့တယ်... ငါ မင်းတို့ကို ငါတို့မျိုးနွယ်မြေဆီ ခေါ်သွားပြီး ဘိုးဘေးဝိညာဉ်ကမ္ဘာထဲ ဝင်ဖို့ လိုအပ်တာတွေ ပြင်ဆင်နိုင်အောင် မျိုးနွယ်စုတွေဆီ အကြောင်းကြားမယ်... ဘိုးဘေးဝိညာဉ်ကမ္ဘာထဲ မဝင်ခင် မင်း စမ်းသပ်မှုတချို့တော့ ကျော်ဖြတ်ရမယ်... ရိုးရိုးလေးတွေပါပဲ”
ချင်မူ မျက်နှာမည်းမှောင်သွားကာ တွေးနေမိသည်။ ‘ဘိုးဘေးဝိညာဉ်ကမ္ဘာထဲ ဝင်ရမယ်ဟုတ်လား... ဒါဆို ငါ မဟုတ်မှန်း ပေါ်မသွားဘူးလား... အဖေနဲ့ အမေ ငါ့ကို လာမခေါ်ဘူးလား... သူတို့ ဘာလို့ မရောက်လာသေးတာလဲ... ကျေးဇူးပြုပြီး ကျွန်တော့်ကို မြန်မြန်လာခေါ်ပါတော့”
“ငါကမှ အထွတ်အမြတ် ကလေးငယ်ကွ”
ရှုကျွင်းမှာ လက်မလျှော့နိုင်သေးဘဲ အမျက်တစ်ချောင်းချောင်း ထွက်နေသည်။ “ဒီကောင်က အတု၊ ငါကမှ အထွတ်အမြတ်ကလေးငယ်အစစ်”
“ပိတ်ထားစမ်းပါဗျာ”
ချင်မူမှာ ကူကယ်ရာမဲ့စွာဖြင့် ငေါက်လိုက်မိသည်။ “ခင်ဗျားမှာ မဟာကမ္ဘာဦးအစ မူလကျောက်တုံးမှ မရှိတာ… အဲဒီကျောက်တုံးက ကျွန်တော့်ရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာလေ”
ရှုကျွင်း ဆွေ့ဆွေ့ခုန်နေသည်။ “မင်း အဲဒါကို ငါ့ဆီက ခိုးသွားတာလေ… မင်းနဲ့ မင်းရဲ့အစ်ကိုကြီး နှစ်ယောက်ပေါင်းပြီး ငါ့ကို မကောင်းကြံခဲ့တာ... မူလကျောက်တုံးက ငါ့အပိုင် ဖြစ်သင့်တာကို မင်းရဲ့ အစ်ကိုကြီးက ခိုးခဲ့ပြီး မင်းက မင်းရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ ထည့်ခဲ့တယ်…. ငါကမှ အထွတ်အမြတ်ကလေးငယ်ပါဆို”
ချင်မူက မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို ချက်ချင်း ထုတ်လွှတ်၍ မူလကျောက်တုံး၏အတွင်းပိုင်းအား ပိတ်လှောင်ကာ ရှုကျွင်း၏အသိစိတ်အလျဉ် ထွက်မလာနိုင်အောင် ဟန့်တားလိုက်သည်။
‘အမေနဲ့ အမေ ရောက်သင့်နေပြီမဟုတ်လား’ ချင်မူ တစ်ယောက်တည်း တိတ်တိတ်ကလေး တွေးနေမိ၏။
ရှို့ကျုံးက ရတနာယာဉ်ကို ဆက်လက်မောင်းနှင်နေသည်။ “ချင်ယဲ့မိသားစုက ခေါင်းကြီးကြီးကလေးကြီးကိစ္စက တခြားကိစ္စကွ… ပြီးခဲ့တဲ့ တစ်နှစ်က ခေါင်းကြီးကြီးကလေးကြီးတစ်ယောက် ချင်ယဲ့ရဲ့ မိသားစုမှာ ရုတ်တရက်ကြီး ပေါ်လာတယ်… သူ့ခန္ဓာကိုယ်က ငါတို့ထက် မသေးသလို ၊ ဉာဏ်လည်း တော်တော်များများ… သူ့ကြောင့် သေခဲ့ရတဲ့ ဖန်ဆင်းရှင်တွေ မနည်းဘူး.. အဲဒီတေလေဂျပိုးချင်ယဲ့က သူ့ရဲ့ မျိုးဆက် ၁၀၇ ဆက်လုံးက အင်မတန် အစွမ်းထက်တဲ့အကြောင်း ကြွားခဲ့တယ်လေ… သူ့မျိုးဆက်တွေက ကြီးလာရင် ငါတို့ကို စားပစ်မှာတဲ့လေ”
သူက အေးစက်စက် ရယ်လိုက်သည်။ “အထွတ်အမြတ်ကလေးငယ် ထွက်လာပြီဆိုတော့ ခေါင်းကြီးကြီးကလေးကြီးတော့ သေဖို့သာ ပြင်ထားပေတော့”
ချင်မူ ခြောက်ကပ်ကပ် ရယ်လိုက်၏။
အခြားတစ်ဖက်တွင် သင်္ဘောတစ်စင်းက ဟင်းလင်းပြင်ကို ဖြတ်၍ အိမ်သုံးအိမ်အရှေ့သို့ ရောက်လာသည်။
“မူအာ”
ကြင်ယာတော်မင်းသမီးကျန်းက သင်္ဘောပေါ်မှ ဆင်းကာ ဝမ်းမြောက်ဝမ်းသာ ခေါ်သည်။ “မူအာ၊ သားလေး ရောက်နေပြီလား…. မြန်မြန် အိမ်ပြန်ကြစို့ သားလေးရေ”
ချင်ဟန်းကျန်းလည်း သင်္ဘောမှ ပျံထွက်လာသည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာတချို့ ရှိနေဆဲဖြစ်ပြီး သူက ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွား၏။ “သူ ဒီမှာ မရှိဘူး… လျှောက်သွားနေပြန်တာလား… ကောင်းကင်နတ်အရှင်ရုံနဲ့ ဆုံတုန်းက မူအာက ဖမ်းရခက်တယ်တဲ့… တစ်နေရာတည်းမှာ နေ့ဝက်ထက်ပိုပြီး ဘယ်တော့မှ မနေဘူးလို့ ပြောတယ်…. နေ့ဝက်ထက် ပိုနေရင်လည်း သေချာပေါက် ပြဿနာရှာတတ်တယ်တဲ့… အဲဒါ မကောင်းဘူး”
သူက တောင်အောက် ငုံ့ကြည့်ပြီး မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ “ဖန်ဆင်းရှင်ရဲ့ ခြေရာတွေ”
ကြင်ယာတော်မင်းသမီးကျန်း၏ အသံ တုန်ရီသွားသည်။ “မူအာ့ကို ဖန်ဆင်းရှင်တွေ အန္တရာယ်ပြုလိုက်ပြီလို့ ပြောချင်တာလား… မဟုတ်မှ”
“မဖြစ်နိုင်ဘူး”
ချင်ဟန်ကျန်းသည် သူမကို အလျင်အမြန် နှစ်သိမ့်ပေး၏။ “သူက ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်မှန်း ဖန်ဆင်းရှင်တွေ သိသွားရင် သေချာပေါက် ဖမ်းပြီး ပြင်းပြင်းထန်ထန် နှိပ်စက်မှာပဲ… သူ့ကို အသုံးချပြီး ခိုင်ဧကရာဇ်ကိုတောင် ခြိမ်းခြောက်နိုင်တယ်… သူ နည်းနည်းတော့ ခံရလောက်ပေမယ့် သေချာပေါက် ပြန်ကယ်နိုင်မှာပါ… ဘယ်လိုပဲဖြစ်ဖြစ် ရအောင် ပြန်ကပ်ပေးမယ်… အရင်ဆုံး ပြန်ကြတာပေါ့”
ကြင်ယာတော်မင်းသမီးကျန်းမှာ မျက်ရည်များကျလာသည်။ “မူအာ သနားစရာကောင်းတဲ့ ကလေးလေး… ဒီလောက် ဒုက္ခခံထားရတာတောင် ရွှင်ပျော်ပျော်ကျေးရွာမှာလည်း ထပ်ဒုက္ခရောက်တယ်… ကောင်းကင်ဘုံက ဘာလို့ သူ့အပေါ် မတရားတာလဲ”