အထွတ်အမြတ်ကလေးငယ်၏ ဒုက္ခ
Vol. 75 Ch. 971
ချင်ဟန်ကျန်းက အလေးအနက် ပြောသည်။ “မူအာ ဒုက္ခခံခဲ့ရတာ တော်တော်များပြီ… ချင်ဖုန်းကျင့်ရဲ့ ဒုတိယအသိစိတ်အလျဉ်ဆိုတာ သိလိုက်တုန်းက အဲ့ကလေး မပြိုလဲသွားအောင် ဘယ်လိုတောင် စိတ်ထိန်းထားခဲ့ရမလဲ မသိဘူး”
ကြင်ယာတော်မင်းသမီးကျန်းမှာ ငိုယိုနေ၏။ “သူ သူ့အစ်ကိုကြီးဖုန်းကျင့် မသေအောင် သူ့ဝိညာဉ်သူ ဖျက်စီးပြီး မျက်လုံး ဖောက်ထုတ်ပစ်ခဲ့တာ တွေးမိတိုင်း ကျွန်မ ငိုမိတယ်… သနားစရာကလေးလေး… ဘယ်လိုနေထိုင်ခဲ့ရမှန်း ကျွန်မဖြင့် စိတ်တောင် မကူးဝံ့ပါဘူးရှင်… ဖုန်းကျင့်မှာ အမေရှိပေမယ့် သူကတော့ မိဘမဲ့လေးလေ… မိဘမဲ့ကလေးလေးက ဒီလို ဆင်းရဲဒုက္ခခံနေရတယ်…”
ချင်မူမှာ ချင်ဖုန်းကျင့်၏ ခန္ဓာကိုယ်ထဲရှိ ဒုတိယအသိစိတ်အလျဉ် ဖြစ်သည်။ ချင်ဖုန်းကျင့်၊ ယိုတုသားတော်က မကောင်းမှုများစွာ လုပ်ခဲ့သောကြောင့် မြေအောက်ဘုံအရှင်သခင်၏ ချိတ်ပိတ်ခြင်း ခံခဲ့ရကာ သက်ရှိကမ္ဘာသို့ ပြည်နှင်ဒဏ်သင့်ခဲ့သည်။
ချင်မူ၏ အသိစိတ်အလျဉ်မှာ ချင်ဖုန်းကျင့် ယိုတုမှ သက်ရှိကမ္ဘာထဲရှိ မဟာမြို့ပျက်သို့ သွားနေစဉ် အခိုက်အတန့်တွင် မွေးဖွားခဲ့လေသည်။ ဒေါ်လေးပင်းအာက သူ့ကို ခြင်းထဲတွင် သယ်ရင်း ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများ၊ မိစ္ဆာများဆီမှ ထွက်ပြေးခဲ့ရသည်။
ဒေါ်လေးပင်းအာ သေဆုံးသွားသည့်အချိန်တွင် ချင်မူမှာ မာန်ဟုန်မြစ်ရေစီးကြောင်းနှင့်အတူ မျောပါလာခဲ့သဖြင့် ဒုက္ခိတဘိုးဘွားကျေးရွာက သူ့ကို မွေးစားခဲ့ခြင်း ဖြစ်သည်။
ကလေးဘဝတုန်းက ချင်မူသည် သူ့ကိုယ်သူ သူများနှင့်မတူဟု တွေးခဲ့၏။ ထို့နောက် ထိုခန္ဓာကိုယ်မှ မွေးဖွားလာသော ဒုတိယအသိစိတ်အလျဉ်လေးသာ ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။ ထိုခန္ဓာကိုယ်သည် သူ့အပိုင်မဟုတ်သလို၊ သူ့တွင် သူ့အပိုင်ဝိညာဉ်ပင် မရှိပေ။
နောက်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးနှင့် ရင်ဆိုင်ရသည့်အခါ သူ့မှာ ရန်သူတို့၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းခဲ့ရကာ ကူကယ်ရာမဲ့နေခဲ့သည်။ ထို့ကြောင့် ယိုတုသားတော်၊ ချင်ဖုန်းကျင့် ကောင်းကင်နတ်ဘုံလက်ထဲ ရောက်မသွားအောင် သူ၏တတိယမျက်လုံးကို ဖောက်ထုတ်ခဲ့၏။ ချင်ဖုန်းကျင့်ကို ယိုတုထံ ပို့လွှတ်ရန် သူ့ဝိညာဉ်ကိုပင် ဖျက်စီးခဲ့ရလေသည်။
အသိစိတ်အလျဉ် မသေဆုံးသွားစေရန်အတွက်သာ သူ့ခန္ဓာကိုယ် မဟုတ်သည့် ဤခန္ဓာကိုယ်ကို ယူထားရခြင်း ဖြစ်သည်။ အဆုံးသတ်တွင် သူသည် အခြားသူတို့၏ မျက်လုံးထဲတွင် အသုံးမကျသော လူ၊ အသုံးမကျသော လောကသခင်ခန္ဓာ ဖြစ်လာခဲ့၏။
ကြင်ယာတော်မင်းသမီးကျန်းနှင့် ချင်ဟန်ကျန်းမှာ ချင်မူတစ်ယောက်တည်း ဤအခက်အခဲ၊ ဆင်းရဲဒုက္ခများအား မည်ကဲ့သို့ ခါးစီးခံခဲ့ရကြောင်း တွေးပင် မကြည့်ရဲပေ။ မပြိုလဲသွားဘဲ စိတ်အားတင်းကာ ဤနေရာသို့ မည်သို့ရောက်လာခဲ့သည်ကိုပင် စဉ်းစားကြည့်မရပေ။
ချင်မူ့အပေါ် ထားရှိသည့် သူတို့၏မေတ္တာတွင် မိဘမေတ္တာသာမက၊ မလုံလဲသော စိတ်လည်း ပါဝင်သည်။
“ဒီအကြောင်းကို ခိုင်ဧကရာဇ်ဆီ ပြောပြလိုက်ရင် အဲ့ကလေးကို သူ အထိခိုက်ခံမှာ မဟုတ်တာ သေချာတယ်”
ချင်ဟန်ကျန်းက လှေကို အဝေးသို့ မောင်းနှင်ရင်း ဇနီးဖြစ်သူအား နှစ်သိမ့်ပေးနေသည်။ “ခိုင်ဧကရာဇ်က သူ့ကို တွေ့ချင်နေတာကြာပြီ... ခိုင်ဧကရာဇ်ကိုယ်တိုင်က အင်မတန် အစွမ်းထက်တဲ့လူဆိုတော့ ဘယ်အရာကိုမဆို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတစ်ခုခုတော့ သူ့မှာ ရှိကိုရှိမှာပါ”
ကြင်ယာတော်မင်းသမီးကျန်းက ခေါင်းညိတ်၏။ သူမမှာ ဖန်ဆင်းရှင်တို့လက်ထဲတွင် ချင်မူ ဒုက္ခခံနေရမည်ကို တွေးရင်း တရှုံ့ရှုံ့ ငိုနေသည်။
“ဒါက တကယ့်ကို ဒုက္ခပါပဲရှင်”
ရှို့မျိုးနွယ်စု၏မြေပြင်တွင် ချင်မူမှာ အနီရောင်၀တ်ရုံတစ်စုံ ဝတ်စားပေးခံထားရပြီး အမြင့်ဆုံးခုံပေါ်လည်း အတင်ခံထားရသည်။ သူတစ်ယောက်တည်း ကြောင်တောင်တောင် ဖြစ်နေ၏။
စောစောက ဖန်ဆင်းရှင်များ သူ သူ့ကို အ၀တ်အစားလဲပေးတုန်းက အနီရောင်ခါးစည်းကြီး ပတ်ပေးထားခဲ့ရာ ချင်မူမှာ မသက်မသာဖြစ်နေသည်။
သို့သော် နှစ်နှစ်အရွယ် ဆိုးပေလေးများအတွက် အနီရောင်ခါးစည်းဖြင့် အပတ်ခံထားရသည်မှာ မထူးဆန်းပေ။ ထိုအရွယ်ကလေးများသည် ခါးစည်းများသာ ဝတ်ပြီး ဖွားဖက်တော်တွဲလောင်းဖြင့် လျှောက်ပြေးတတ်သည် မဟုတ်ပါလော။ ချင်မူ နှစ်နှစ်၊ သုံးနှစ်အရွယ်တုန်းကလည်း တစ်ခု ဝတ်ခဲ့ရဖူးသည်။ ဘိုးဘိုးထော့ကျိုးနှင့် ဘိုးဘိုးမျက်ကန်းဆိုလျှင် သူ မငိုမချင်း သူ၏ဖွားဖက်တော်ကို လက်ဖြင့် တောက်ရင်း စနောက်ခဲ့ဖူး၏။
ဤအတိတ်ကိုတော့ ပြန်မပြောပြလျှင် ကောင်းမည်။
ချင်မူ အမြင့်ဆုံးခုံပေါ်တွင် မတ်မတ်ထိုင်နေသည်။ ဤစင်မြင့်သည် ယဇ်ပလ္လင်အသွင်သဏ္ဍာန် ရှိပြီး သူ့အတွက် ခမ်းနားကြီးကျယ်နေပါသော်လည်း အရွယ်ရောက်ပြီးသော ဖန်ဆင်းရှင်များအတွက်မူ သေးငယ်လေသည်။
ချင်မူမှာ ထိပ်ဆုံး၌ ထိုင်နေရာ၌ ယဇ်ပလ္လင်ထက်တွင် ယဇ်ပူဇော်ခံနေရသလို ခံစားနေရ၏။ သူ့မှာ တိတ်တိတ်လေး ထိတ်လန့်စပြုလာသည်။
ရှို့မျိုးနွယ်စု၏ ဖန်ဆင်းရှင်များသည် အလွန်ဖော်ရွေပျူငှာ၏။ သူ့ကို အမြင့်ဆုံးခုံတွင် ထိုင်ခိုင်းရုံသာမက သူ့ဆီ လာရောက်လည်ပတ်ကြသည်။ တစ်ယောက်ချင်းစီက သူ့အရှေ့၌ အတန်ကြာ ရပ်ပြီး သူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးဆီသို့ စိုက်ကြည့်တတ်ကြ၏။ ထို့နောက် ခေါင်းတညိတ်ညိတ်ဖြင့် ပျော်ပျော်ရွှင်ရွှင် နောက်ဆုတ်သွားကြသည်။
ချင်မူက လိမ်လိမ်မာမာ ထိုင်ရင်း သူတို့ကို စစ်ဆေးခွင့်ပေးထားသည်။ ရှို့ကျုံးက သူ ထွက်မပြေးနိုင်အောင် သူ့အနောက်၌ ရှိနေသည်မဟုတ်ပါလော။
“ပရမတ္တကမ္ဘာဆီ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ဒီဖန်ဆင်းရှင်တွေက အမှန်တကယ် ဆုတ်ယုတ်နေကြပြီ” ရှုကျွင်းသည် မျက်လုံးကြီးနှစ်လုံးဖြင့် စပ်စုရင်း ခါးသီးနေ၏။
ယနေ့ခေတ်၏ ဖန်ဆင်းရှင်များသည် မျိုးနွယ်အစုအဖွဲ့အတိုင်း ဆက်လက်နေထိုင်ကြသေး၏။ သို့သော် သူတို့နှင့် အတိတ်ခေတ်၏ ဖန်ဆင်းရှင်များအကြား မတူညီမှုများ ရှိသည်။ အသိသာဆုံး ကွာခြားချက်က အဆောက်အအုံများပင်။ ဤနေရာရှိ အဆောက်အအုံများသည် အတိုင်းထက်အလွန် ခမ်းနားထည်ဝါပြီး ရှုပ်ထွေးဆန်းပြားလှ၏။
အဆောက်အအုံတစ်ခုချင်းစီက အမြင့်မတူသလို၊ အရည်အသွေးလည်း မြင့်မားကြသည်။ ဖန်ဆင်းရှင်များက အဆောက်အအုံများ ပတ်ပတ်လည်တွင် တောင်တန်းများနှင့် မြေပြင်များပင် မြင်ယောင်ဖန်ဆင်းရင်း အလှဆင် ခြယ်သထားကြ၏။ အားလုံး အတူပေါင်းစုလိုက်သည့်အခါ အရောင်အသွေးစုံလင်သော ပန်းချီကားတစ်ချပ်ပမာ သက်ဝင်နေတော့သည်။ ကောင်းကင်ယံမှ ငုံ့ကြည့်လျှင် ဇာမဏီငှက်တစ်ကောင် တောင်ပံဖြန့်ပြီး မြင့်မြင့်ပျံသန်းနေသကဲ့သို့ မြို့တစ်မြို့အလား ထင်ရသည်။
ရှုကျွင်းမှာ ဒေါသထွက်လွန်းသဖြင့် သူ၏မျက်လုံးကြီးနှစ်လုံးက မျက်လုံးအိမ်ထဲ၌ ခုန်ဆွခုန်ဆွ ဖြစ်နေသည်။ ရိုးရာဓလေ့အပေါ် မည်မျှသစ္စာဖောက်ရာကျကြောင်း တတွတ်တွတ် ပြောမဆုံးတော့ပေ။
သို့သော် သူနှင့် ချင်မူ့ကို စိတ်ဝင်စားစေသည်မှာ ဤနေရာရှိ ဖန်ဆင်းရှင်များ ကောင်းကင်နတ်သိုင်းများ စတင်ကျင့်ကြံခြင်း ဖြစ်သည်။
ချင်မူနှင့် အရပ်အမောင်းရွယ်တူ ရှိသော ကလေးများက ကောင်းကင်နတ်သိုင်းများကို မြင်ယောင်ဖန်ဆင်းရင်း စွမ်းအားထုတ်လွှတ်ရန် ကြိုးကြိုးစားစား အားထုတ်နေကြ၏။
ယခုမှ မွေးထွားလာသော ကလေးငယ်များပင် ကျင့်ကြံနိုင်ကြလေသည်။ အကြောင်းရင်းမှာ သူတို့သည် အသိစိတ်အလျဉ်မှတစ်ဆင့် အသိပညာအား လက်ဆင့်ကမ်းခြင်းကြောင့် ဖြစ်၏။ ကလေးတစ်ယောက် မွေးဖွားလာသည့်အခါ အကြီးအကဲတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး အသိစိတ်အလျဉ်မှတစ်ဆင့် ဖန်ဆင်းရှင်မျိုးနွယ်၏ အသိပညာများကို အမွေးပေးတတ်သည်။
ထို့ကြောင့် မွေးကင်းစကလေးများပင် စကားပြောနိုင်၊ စာဖတ်နိုင်ကြသဖြင့် အသိစိတ်အလျဉ်ကျင့်စဉ်များ ကျင့်ကြံကာ သန်မာအားကောင်းလာကြသည်။
ဤကလေးငယ်များထံ သင်္ကေတအမှတ်အသားများနှင့် ပတ်သက်သည့် ဗဟုသုတများ၊ သဘောတရားများ သင်ကြားပို့ချပေးနေသော ဖန်ဆင်းရှင်များကိုပင် တွေ့ရ၏။
အရိုးတင်းပုတ်များဖြင့် ရမ်းကားသောင်းကျန်းတတ်သော လူရိုင်းကြီးများဟု ချင်မူ ထင်ထားမိသည့် ဖန်ဆင်းရှင်များက ပန်းပဲထုနည်း သင်ကြားလေ့လာနေကြသည်ကို မြင်တွေ့ရသည့်အခါ ပို၍ပင် အံ့အားသင့်ရတော့သည်။
ကျွမ်းကျင်သော ဖန်ဆင်းရှင်တို့သည် အသိစိတ်အလျဉ်အသုံးချ၍ လက်နက်များ သွန်းလုပ်ဖန်ဆင်းကြ၏။ ထိုလက်နက်များကား နတ်သတ္ထု၊ နတ်ရွှေများဖြင့် သွန်းလုပ်ထားသော လက်နက်များအောက် မနိမ့်ကျပေ။
‘ဒီဖန်ဆင်းရှင်တွေက ပြုပြင်ပြောင်းလဲမှုအကြီးကြီး လုပ်ဆောင်ခဲ့ပြီး ဒီခေတ်ကို အမှီလိုက်နေတာပဲ’
ချင်မူ စိတ်ထဲတွင် ချီးကျူးမိသည်။ ‘သူတို့က ရှုကျွင်းလို ကမ္ဘာခေတ်ဦး ဖန်ဆင်းရှင်တွေထက် အများကြီး ပိုတိုးတက်တယ်... အများကြီးလည်း ပိုဉာဏ်ကောင်းတယ်’
ချင်မူ့အတွေးများကိုသာ ရှုကျွင်းသိလျှင် မီးပုံယမ်းကျ ပေါက်ကွဲလိမ့်မည်။
ရှို့ကျုံးက ချင်မူ့ဆီသို့ ပြောသည်။ “အထွတ်အမြတ် ကလေးငယ်အကြောင်း ကျန်တဲ့မျိုးနွယ်စုတွေဆီ အကြောင်းကြားပြီးသွားပြီ.... မဟာခရမ်းရောင်မျိုးနွယ်စု၊ ပုလဲတောင်ပို့မျိုးနွယ်စု၊ ငြိမ်းချမ်းရေးနဂါးမျိုးနွယ်နဲ့ နွေစင်မြင့်မျိုးနွယ်စုက မျိုးနွယ်စုခေါင်းဆောင်တွေအားလုံး ရောက်လာကြလိမ့်မယ်... ပွဲတော်တွေလည်း တခမ်းတနား ကျင်းပကြလိမ့်မယ်.. ပြီးတာနဲ့ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်စီက မင်းက တကယ့်အထွတ်အမြတ်ကလေးငယ် ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ စမ်းသပ်ကြလိမ့်မယ်”
ချင်မူမှာ စိုးရိမ်ထိတ်လန့်လာသည်။ “စမ်းသပ်မယ်ဟုတ်လား...အန္တရာယ်များလောက်လား”
“မများဘူ.. လုံးဝမများဘူး”
ရှို့ကျုံးက သူ့ရင်ဘတ်သူ ပုတ်လိုက်ရာ ဗုံတီးလိုက်သကဲ့သို့ အသံကျယ်ကြီး ထွက်ပေါ်လာသည်။ သူက တဟားဟား ရယ်၏။ “မင်းက အထွတ်အမြတ်ကလေးငယ်လေ... အန္တရာယ်များတဲ့ စမ်းသပ်မှုတွေ သူတို့ သုံးရဲပါ့မလား”
ချင်မူ စိတ်သက်သာရာရသွားသည်။
ရှို့ကျုံးက ဆက်ပြော၏။ “ငါတို့မျိုးနွယ်စုတွေရဲ့ အရှင်သခင်လည်း ပွဲတော်ကို လာရောက်ဆင်နွှဲကြလိမ့်မယ်.... သူက ငါတို့ရဲ့ဘုရင်၊ ဖန်ဆင်းရှင်တွေရဲ့ တစ်ယောက်တည်းသော နတ်ဘုရင်ပဲ”
ချင်မူမှာ အပြင်ပန်းတွင် စိတ်လှုပ်ရှားနေသော်လည်း ရင်ထဲတွင် ခါးသီးစွာ တွေးနေသည်။ ‘အမေနဲ့ အဖေ ငါ့ကို ကယ်ဖို့ ဒီရောက်လာမှာလား... လာရင်တောင် ဒီလောက်များတဲ့ ဖန်ဆင်းရှင်ခေါင်းဆောင်တွေ လက်ထဲကနေ ငါ့ကို ကယ်နိုင်မှာမဟုတ်ဘူး... ခိုင်ဧကရာဇ် ရောက်လာရင်တောင် ဖန်ဆင်းရှင်တွေ အနိုင်ရဦးမှာပဲ... ဒါ့အပြင် နတ်ဘုရင်တစ်ပါးလည်း ရှိသေးတယ်... ငါတော့ ပေါ်တော့မှာပဲ....’
အချိန်အနည်းငယ်ကြာသော် ရှို့မျိုးနွယ်စု၏ ဖန်ဆင်းရှင်များနှင့် ချင်မူ တွေ့ဆုံပြီးသွားသည်။ အရေအတွက်က များများစားစား မရှိပေ။ အယောက်တစ်သိန်းဝန်းကျင်သာ ဖြစ်မည်။ သို့သော် အားလုံးနှင့် တွေ့ရန် ရက်များစွာ ကြာလိုက်၏။
ဤဖန်ဆင်းရှင်များက ယဇ်ပလ္လင်ကို ပတ်ပတ်လည်မှ ဝိုင်းလျက် စက်ဝိုင်းသဏ္ဍာန်များ ပုံဖော်ထားကြသည်။ ဤမြင်ကွင်းက ချင်မူ့အား သွေးသံချေးဇုန်၌ မြင်ခဲ့ရသော မြင်ကွင်းကို အမှတ်ရစေသည်။
သွေးသံချေးဇုန်ထဲတွင် ယဇ်ပလ္လင်ကို ပတ်ပတ်လည်မှ ဝိုင်းအုံထားသော ဖန်ဆင်းရှင်တို့၏ အလောင်းများအား တွေ့မြင်ခဲ့ရ၏။ ယဇ်ပလ္လင်၏အလယ်ရှိ အလင်းရည်ကြည်က ကောင်းကင်နယ်စားမင်းအသွင် ဖွဲ့တည်လာကာ သူတို့ကို တိုက်ခိုက်ခဲ့ဖူးသည်။
ဤမြင်ကွင်းက သူ့ကို စိတ်မသက်သာ ဖြစ်လာစေသည်။
‘ဖန်ဆင်းရှင်တွေက ငါ့ကို စစ်ဆေးဖို့ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဆင့်ခေါ်မှာလား... ပေါ်သွားရင်က ကိစ္စမရှိသေးဘူး.. ငါ့ကို သတ်ဖို့ ဆုံးဖြတ်ကြရင်တော့ ငါတော့ သေပြီ”
သူ ထိုသို့ တွေးလိုက်မိသည့်အချိန်တွင် ရှို့ကျုံးသည် ယဇ်ပလ္လင်ဆီ လျှောက်လာပြီး အလေးအနက် ပြော၏။ “ရှို့မျိုးနွယ်ဝင်တို့၊ အထွတ်အမြတ်ကလေးငယ်ဟာ ဆင်းသက်လာခဲ့ပြီး ငါတို့၊ ဖန်ဆင်းရှင်တွေကို ဦးဆောင်လို့ ငါတို့ရဲ့ ဘိုးဘေးနန်းတော်ကို ပြန်ထူထောင်ပေးလိမ့်မယ်... ငါတို့ရဲ့အာဏာနဲ့ ဂုဏ်ကျက်သရေကို စကြဝဠာတစ်ခွင် ပျံ့နှံ့စေလိမ့်မယ်”
ထောင်သောင်းချီသော ဖန်ဆင်းရှင်များ တခဲနက် ကြွေးကြော်လိုက်ကြသဖြင့် သူတို့၏အော်ဟစ်သံများက တိမ်တိုက်များအထိ ရိုက်ခတ်သွားသည်။
“အထွတ်အမြတ်ကလေးငယ်က မိုးကောင်းကင်က ချီးမြှင့်တဲ့ လက်ဆောင်ပဲ... ငါတို့ရဲ့ အိမ်နီးချင်း ရွှင်ပျော်ပျော်ကျေးရွာမှာ မောက်မာတဲ့ လူသတ်သမား ခေါင်းကြီးကြီးကလေးကြီး ရှိတယ်.. ဒါပေမဲ့ ငါတို့ရဲ့ အထွတ်အမြတ်ကလေးငယ်က အဲဒီခေါင်းကြီးကြီးကလေးကြီးကို သုတ်သင်ဖယ်ရှားပေးလိမ့်မယ်”
ရှို့ကျုံးက အော်သည်။ “အားလုံး၊ အဲဒီခေါင်းကြီးကြီးကလေးကြီးကို သတ်ဖြတ်နိုင်ဖို့ အထွတ်အမြတ်ကလေးငယ် အင်အားကြီးမားလာအောင် ငါတို့ ရှိခိုးကန်တော့ကြစို့”
ဖန်ဆင်းရှင်များလည်း သူ့အတိုင်း လိုက်လုပ်ကြပြီး သူတို့၏မျက်ခုံးနှစ်ဖက်ကြားရှိ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးများ တောက်ပလာသည်။ နတ်ကျောက်တုံးများသည် တောက်ပသထက် တောက်ပလာပြီး ရောင်စုံအလင်းတန်းများက ယဇ်ပလ္လင်၏ အမြင့်ဆုံးနေရာရှိ ချင်မူ့ဆီ ရွေ့လျားသွားကြသည်။
ချင်မူ ရင်တဒိန်းဒိန်း ခုန်လာသည်။ ဤသည်ကား မဟာဧကရာဇ်ထံ အရိုအသေပြုခြင်း ဖြစ်၏။
သူ့ခေါင်းထဲရှိ ရှုကျွင်းမှာ ဒေါသထွက်နေသည်။ “ငါ ဘုရင်ဖြစ်တုန်းကတောင် ဘယ်သူမှ ငါ့ကို ဒီလို မရှိခိုးဖူးဘူး... ဒီခွေးသူတောင်းစားက ငါ ရသင့်တာတွေ ယူပြီး မဟာဧကရာဇ်လို အထွတ်အမြတ်ကလေးငယ်အဖြစ် မြှောက်စားခံနေရတယ်... မင်းကြောင့် ငါ စိတ်တိုတယ်ကွ”
ချင်မူက မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်နှင့် အသားကျနေပြီဖြစ်၍ မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ထိန်းချုပ်ထားသည်။ ရှုကျွင်း မည်မျှ ဆဲဆိုပါစေ၊ သူ့အသိစိတ်အလျဉ်မှာ အပြင်မထွက်နိုင်ပေ။
ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်များက အလင်းတန်းများအသွင် ဖွဲ့တည်၍ အလင်းရည်ကြည်အသွင် စုစည်းကာ ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားသို့ စီးဆင်းပေတော့မည်။
ချင်မူမှာ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများ သူ၏ဦးနှောက်ထဲ ဝင်ရောက်လာပြီး အသိစိတ်အလျဉ်အား အားကောင်းလာစေသည်ကို ခံစားလိုက်ရသည်။ ၎င်းက သူ၏ရုပ်ခန္ဓာကိုလည်း ကြီးထွားလာစေရာ ချင်မူ အံ့အားသင့်နေမိသည်။
“ရပ်လိုက်”
ရုတ်တရက် အသိစိတ်အလျဉ်တစ်ခုမှ မာမာထန်ထန်အသံတစ်သံ ပျံလွင့်လာသဖြင့် ယဇ်ပလ္လင်၏ ပတ်ပတ်လည်ရှိ ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်များ ပြိုကွဲသွားသည်။
ရှိ့ကျုံးက မျက်မှောင်ကြုတ်ကာ အသံလာရာသို့ လှမ်းကြည့်သည်။ ခမ်းနားထည်ဝါသော လှေများ၊ ရတနာယာဉ်များ၊ သက်တံရောင် မီးငှက်များ၊ နဂါးပျံများနှင့် ရဲတိုက်များ သူတို့ဆီ ပျံသန်းလာနေ၏။ ၎င်းတို့အပေါ်တွင် အရောင်အဝါ တောက်ပနေသည့် ဖန်ဆင်းရှင်များ ရှိကြသည်။ သူတို့၏မျက်ခုံးနှစ်ဖက်ကြားရှိ ဆဋ္ဌဂံသဏ္ဍာန် မျက်လုံးမှ လာနေသော အရောင်အဝါတို့က ပို၍ပင် အံ့အားသင့်စရာကောင်းသည်။
ဖန်ဆင်းရှင်များက ဆင်းသက်လာကြပြီး တစ်ယောက်နှင့် တစ်ယောက် လက်ဆွဲနှုတ်ဆက်ကြသည်။ များစွာမကြာလိုက်ဘဲ သူတို့၏ယာဉ်များက အသိစိတ်အလျဉ်များ ဖြစ်လာကာ လွင့်စင်ပြိုကွဲသွားကြ၏။
“အထွတ်အမြတ်ကလေးငယ်၊ သူတို့က မျိုးနွယ်စုအသီးသီးရဲ့ ခေါင်းဆောင်တွေပဲ”
ရှို့ကျုံးက ချင်မူ့ကို တိုးတိုး ကပ်ပြောပြီးနောက် ခေါင်းဆောင်များကို ဧည့်ခံကာ တောင်းပန်နေသည်။ “ခေါင်းဆောင်တို့တွေ အဝေးကနေ လာရတာကို ကျုပ် မကြိုဆိုမိဘူး.... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... ဒါပေမဲ့ ဘာဖြစ်လို့ ကျွန်တော်တို့ အထွတ်အမြတ်ကလေးငယ်ဆီ ယဇ်ပူဇော်နေတာကို နှောင့်ယှက်တာပါလဲ”
ဆံပင်ဖြူများနှင့် အသက်ကြီးကြီးဖန်ဆင်းရှင်တစ်ယောက်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်တွင်လည်း တောင်ဝှေးကိုင်ထားသည်။ သူက စူးရှနေသော အကြည့်ဖြင့် ချင်မူ့ဆီ လှမ်းကြည့်၏။ “သူက အထွတ်အမြတ်ကလေးငယ်ဆိုတာ မသေချာဘဲ ဘာတွေအလျင်လိုနေတာလဲ... ခေါင်းဆောင်ရှို့ကျုံး၊ အဲဒီသူခိုးချင်ယဲ့မှာ လှည့်ကွက်တွေ အများကြီးရှိတယ်... မင်း ရှာတွေ့တဲ့ အထွတ်အမြတ်ကလေးငယ်ဆိုတာ သူ ဖန်တီးထားတဲ့ အတုအယောင်လည်း ဖြစ်နိုင်တာပဲ”
ရှို့ကျုံးက ပြောသည်။ “ဟောကိန်းအရ၊ အထွတ်အမြတ်ကလေးငယ်ဟာ မူလကျောက်တုံးနဲ့အတူ ဒီကို ရောက်လာမှာပါ...မူချင်းရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ မူလကျောက်တုံး ရှိနေတာမလို့ သူက အထွတ်အမြတ်ကလေးငယ်မှန်း သေချာပါတယ်”
ထိုဖန်ဆင်းရှင်အဘိုးအိုက ယဇ်ပလ္လင်ထက် ကြီးမားနေသော သူ၏ခေါင်းကြီးကို ရှေ့တိုး၍ ချင်မူ့အား သေသေချာချာ ကြည့်သည်။ တခဏကြာသော် နောက်ပြန်ဆုတ်သွား၏။
ကျန်ခေါင်းဆောင်များလည်း ချင်မူ၏ တတိယမျက်လုံးအား အလေးအနက် ကြည့်နေကြသည်။ သူတို့အားလုံး ခေါင်းညိတ်ကာ သဘောတူကြလေသည်။ “တကယ် မူလကျောက်တုံးပဲ”
ရှို့ကျုံးက ပြုံးလိုက်၏။ “ဒါဖြင့် မှန်ကြောင်း သိပြီဆိုတော့ ကျုပ်တို့..”
“ရပ်လိုက်”
ထိုအဖြူရောင်ဝတ်ရုံနှင့် ဖန်ဆင်းရှင်က ခေါင်းယမ်းကာ ပြောသည်။ “ဟောကိန်းအတိုင်းဆို အထွတ်အမြတ်ကလေးငယ် မွေးဖွားလာတဲ့အချိန်မှာ ဖန်ဆင်းရှင်တွေထက် သာတဲ့ စွမ်းအားကို ပိုင်ဆိုင်လိမ့်မယ်... သူက ယဇ်ပလ္လင်ပေါ်မှာ မွေးဖွားလာတဲ့ အဲဒီယဇ်ပလ္လင်လည်း သူ့မှာ ရှိနေရမှာပဲ... ဒါက ငါတို့ဘိုးဘေးတွေရဲ့ အသိစိတ်အလျဉ်တွေကနေတစ်ဆင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆင့်ကမ်းလာခဲ့တဲ့ ဟောကိန်း... မမှားနိုင်ဘူး”
“သူခိုးချင်က သိပ်ကောက်ကျစ်ပြီး စဉ်းလဲတယ်... ဟိုတုန်းက ငါတို့ဆီက မြေတစ်စိတ်ပဲ ငှားချင်တာပါလို့ ပြောခဲ့တယ်လေ... သူက လောဘကြီးပြီး မြေတွေ အဲဒီလောက်အများကြီး ငှားသွားလိမ့်မယ်လို့ ဘယ်သူ ထင်ပါ့မလဲ”
ဒေါသထွက်နေသော ခေါင်းဆောင်တစ်ယောက်သည် ရှေ့တက်လာပြီး ပြောနေ၏။ “သူခိုးချင်က မြေလေးတစ်စိတ်ပဲ ငှားပါရစေဆိုပြီး အဲဒီမြေတစ်စိတ်က ကောင်းကင်ဘုံ ၃၃ ဘုံ ဖြစ်နေတာလေ.... သူက သိပ်ဉာဏ်များတယ်... အခုမှ ပေါ်လာတဲ့ အထွတ်အမြတ်ကလေးငယ်အသစ်သာ တံဆိပ်တော်ကို ထုတ်မပြနိုင်ရင် သူခိုးချင် ငါတို့ထဲ ပို့လိုက်တဲ့ သူလျှိုပဲ”
ချင်မူ၏တတိယမျက်လုံးထဲတွင် ရှုကျွင်း၏ ခေါင်းကြီးသည် အားရကျေနပ်နေ၏။ “ဟုတ်တယ်... ဒီကောင်က သူလျှို... ငါကမှ မင်းတို့ ပြောနေတဲ့ အထွတ်အမြတ်ကလေးငယ်”
ရှို့ကျုံးလည်း မျက်မှောင်ကြုတ်သွားပြီး ယဇ်ပလ္လင်ထက်ရှိ ချင်မူ့ထံ လှမ်းကြည့်သည်။
ချင်မူမှာ မဟာဧကရာဇ်၏ တံဆိပ်တော်ကို ထုတ်ပြရန်အပြင် ရွေးစရာမရှိတော့ပေ။ “ဒါ ခင်ဗျားတို့ ပြောနေတဲ့ တံဆိပ်တော်လား”
ဧရာမယဇ်ပလ္လင်ကြီးတစ်ဆူက သူ၏တတိယမျက်လုံးထဲမှ ထွက်လာပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျသွားသည်။
“ဒီတစ်ခုလား”
ချင်မူမှာ သိသိသာသာပင် ကူကယ်ရာမဲ့နေသည်။ ‘ကျွန်တော်လည်း ခင်ဗျားတို့ရဲ့ အထွတ်အမြတ်ကလေးငယ် တကယ် မဖြစ်ချင်ပါဘူးဗျာ... အိမ်ပဲ ပြန်ချင်တယ်... ရွှင်ပျော်ပျော်ကျေးရွာကို ပြန်ချင်တယ်... ဒါပေမဲ့ ထုတ်ပြောလိုက်ရင်လည်း ခင်ဗျားတို့ ကျွန်တော့်ကို သေအောင် ရိုက်သတ်မှာ”