ထပ်မံရောက်ရှိလာသည့်သေခြင်းတရား
Vol. 88 Ch. 1238
အခန်း (၁၂၃၈) ထပ်မံရောက်ရှိလာသည့်သေခြင်းတရား
အစစ်အမှန်နတ်ဘုရား (၃)ပါး ပူးပေါင်းပြီး အားကုန်သုံးကာ ရန်ကျောက်ကဲအား တိုက်ခိုက်လိုက်ကြသည်။
သို့တိုင် ရန်ကျောက်ကဲမျက်နှာက အလွန်တည်ငြိမ်နေဆဲပင်။
သူ၏ဓားဝိညာဉ်ဖြစ်သော သွေးနီရောင်အလင်းတန်းနှင့်အတူ နတ်ဘုရားထောင်ချောက်ဓားသိုင်း ထွက်ပေါ်လာသည်။ နတ်ဘုရားထောင်ချောက်ဓားအလင်းတန်းနှင့်အတူ သူ အချိန်အတန်ကြာလေ့လာခဲ့သော ဗလာနယ်ကောင်းကင်ကျမ်းစာ ပေါင်းစပ်ကာ ရန်ကျောက်ကဲ နေရာမှာပင် ပျောက်ကွယ်သွားသည်။
သို့သော် နေခြည်ဧကရာဇ်က “အသင်္ချေယင်ယန် စည်းတံဆိပ်” ထုတ်ဖော်လိုက်သည့်အခါ မိုးမြေတစ်ခုလုံး ပြောင်းပြန်လန်သွားသည့်အလား ဖြစ်သည်။
ဤသည်က ရန်ကျောက်ကဲ၏လှုပ်ရှားမှုကို အတုခိုးခြင်းမဟုတ်သော်လည်း အချိန်နှင့်နေရာကို သက်ရောက်မှုဖြစ်ပေါ်စေကာ ရန်ကျောက်ကဲ၏ပုံရိပ်ကို နှေးကွေးသွားစေသည်။
အနက်ရောင်ပိုးသားဧကရာဇ်က လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီး ရိုက်ချလိုက်သည့်အခါ တိုက်ခိုက်မှုက အဆုံးမရှိသောမြင်ကွင်းသို့ပျံ့နှံ့သွားပြီး နေရာတိုင်းသို့ ရောက်ရှိသွားဟန်တူသည်။
ရန်ကျောက်ကဲ တစ်ချက်လှည့်ကြည့်လိုက်ပြီး နတ်ဘုရားထောင်ချောက်ဓားကို လှည့်ပတ်လိုက်သည်။
ဓားကိုလှည့်ပတ်လိုက်စဉ် ဓားထိပ်ဖျားတွင် စိမ်းပြာရောင်ဓားချီနှင့် အဖြူရောင်ဓားချီတစ်ခုတို့က သွေးနီရောင်ဓားဝိညာဉ်ထဲတွင် တည်ရှိနေသည်။
စိမ်းပြာရောင်ဓားချီက နတ်ဘုရားသုတ်သင်ဓားသိုင်း၏ဓားချီဖြစ်ပြီး အဖြူရောင်ဓားချီကတော့ နတ်ဘုရားအဆုံးသတ်ဓားသိုင်း၏ ဓားချီဖြစ်သည်။
အခြားရှုထောင့်မှ ကြည့်မည်ဆိုလျှင် နတ်ဘုရားသုတ်သင်ဓားသိုင်းဆိုသည်က ယွိချင်အဆက်အနွယ်၏ ယင်ယန်ကောင်းကင်ကျမ်းစာကိုထိန်းချုပ်ရန် အကောင်းဆုံး တန်ပြန်တိုက်စစ် ဖြစ်သည်။
အရာခပ်သိမ်းကိုဖျက်ဆီးပစ်နိုင်သည့် နတ်ဘုရားအဆုံးသတ်ဓားသိုင်းက အင်္ချေကောင်းကင်ကျမ်းစာကိုတားဆီးရာတွင် အကောင်းဆုံး ဖြစ်သည်။
ရန်ကျောက်ကဲက တစ်ချိန်တည်းတွင် လင်ပေါင်ဓားသိုင်း (၃)မျိုးကို ပေါင်းစပ်အသုံးပြုပြီး နေခြည်ဧကရာဇ်၏ “အသင်္ချေယင်ယန်စည်းတံဆိပ်” ကို ဖြိုခွဲပစ်လိုက်သည်။
ထို့နောက် ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ကိုအောက်သို့ဖိနှိပ်ပြီး ကျန်လက်ဖဝါးတစ်ဖက်ကို အထက်သို့ပင့်မြှောက်လိုက်ရာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှစ်ခု ဆုံတွေ့သွားပြီး နေခြည်ဧကရာဇ်၏ ကြေးမုံမှန်အလင်းတန်းကို အဝေးသို့ လွင့်ထွက်သွားစေလိုက်သည်။
ထို့နောက် ချက်ချင်းပင် လက်ဝါး (၃)ချက်ဆင့်ရိုက်ရာ လေထုထဲတွင် ပေါက်ကွဲမှု (၃)ကြိမ် ဖြစ်သွားပြီး ‘စက်တန်းသံသရာကောင်းကင်စည်းတံဆိပ်’ (၃)မျိုး ထွက်ပေါ်လာသည်။
ကနဦးကောင်းကင်သို့ ပြောင်းပြန်လှည့်ပတ်သွားခြင်း။
ဖန်ဆင်းခြင်းသို့ ပြောင်းပြန်ပြန်လှည့်ပတ်သွားခြင်း။
ကနဦးကောင်းကင်သို့ ပြန်လည်လှည့်ပတ်ခြင်းတွင်ပြောင်းပြန်သွားခြင်း။
ပြောင်းလဲခြင်း ၊ လောကတစ်ခွင် ပုံပျက်ခြင်းနှင့် ဖန်ဆင်းခြင်း ပြောင်းပြန်သွားခြင်းဆိုသော တိုက်ကွက် (၃)ခု ပေါင်းစည်းသွားသည်။
ဤတိုက်ကွက်တွင် အကန့်အသတ်မရှိသော ပြင်းထန်သည့် လွှမ်းမိုးနိုင်စွမ်းများပါဝင်နေပြီး ကြီးမားသော တန်ခိုးစွမ်းအား ၊ သွက်လက်မှု ၊ သိမ်မွေ့မှုနှင့် အပြောင်းအလဲများစွာ ပါဝင်သည်။
ဤတန်ခိုးစွမ်းအားက အနက်ရောင်ပိုးသားဧကရာဇ်၏ ထိုက်ချင်အဆက်အနွယ်သိုင်းပညာဖြစ်သော ကနဦးကောင်းကင်နှင့် နှောင်းပိုင်းကောင်းကင် ထိပ်တန်းအဆင့် သိုင်းပညာရပ်များ၏ ချိတ်ဆက်မှုကို အတင်းအကျပ် ဖြတ်တောက်ပစ်လိုက်သည်။
(၂)လျန်မျှသောအလေးချိန်က ကျင်းတစ်သောင်းကို ရွေ့လျားနိုင်စွမ်းရှိသည်။
ကျင်းပေါင်းသောင်းနှင့်ချီသည့်စွမ်းအားကို အသုံးပြုသည့်တိုင် လိမ္မာပါးနပ်စွာ ပြောင်းလဲနိုင်ခြင်းမရှိပါက အလကားပင် ဖြစ်ပေလိမ့်မည်။
*(လျန် နှင့် ကျင်းမှာ တရုတ်အလေးချိန်တိုင်းတာမှုများဖြစ်ပါသည်။ __ ဘာသာပြန်သူ)
အနှစ်သာရအားဖြင့် စွမ်းအားနည်းပါးသည့်တိုင် လိုက်လျောညီထွေရှိပြီး ထက်မြက်သောအပြောင်းအလဲများ ပြုလုပ်နိုင်ပါက အနိုင်ရရှိပေလိမ့်မည်။
လက်ရှိအချိန်တွင် ထိုက်ချင်အဆက်အနွယ်သိုင်းပညာရပ်များကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး အသစ်သော ထိုက်ယိလက်သီးသိုင်းအား တွေ့ရှိခဲ့သော အနက်ရောင်ပိုးသားဧကရာဇ်မှာ ထိန်းမနိုင်သိမ်းမရသော ခံစားချက်ကို ခံစားနေရသည်။
ကနဦးကောင်းကင်နှင့် နှောင်းပိုင်းကောင်းကင်ပေါင်းစပ်မှု ပြိုကွဲသွားသည်နှင့် အရာအားလုံးက တန်ဖိုးမရှိ ဖြစ်သွားသည်။
ထိုခဏတွင် ရန်ကျောက်ကဲက စတုတ္ထမြောက်တိုက်ကွက်ကို ထုတ်ဖော်လိုက်၏။
ယခုတစ်ကြိမ်မှာတော့ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က ‘ကောင်းကင်ခွင်းလှံရှည်’ အဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်ခွင့်လှံရှည် ကျရောက်လာသည်နှင့် အနက်ရောင်ပိုးသားဧကရာဇ်၏ မတည်မငြိမ်ဖြစ်နေသော ‘ထိုက်ချူး’ အယူအဆမှာ ပရမ်းပတာပင် ပြိုကျသွားသည်။ နှောင်းပိုင်းကောင်းကင်ပြိုကျပြီးနောက် ကနဦးကောင်းကင်သည်လည်း ပြိုလဲပျောက်ကွယ်သွားသည်။
သို့သော် အနက်ရောင်ပိုးသားဧကရာဇ်၏ တုံ့ပြန်မှုက အလွန်လျှင်မြန်ပြီး ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို ပြောင်းလဲထုတ်ဖော်လိုက်သည်။ ထို့နောက် ယင်နှင့်ယန် တွန်းအားပေးမှုအောက်တွင် သူက ရန်ကျောက်ကဲ၏ ထိုးစစ်ကိုတွန်းလှန်ရန်အတွက် ကျိုင်းတံသိုင်းပညာကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။
သို့သော် ရန်ကျောက်ကဲက စန့်ချင်ဓားသိုင်းကိုအသုံးပြုကာ အခြာတးစ်ဖက်မှ နှောင်းပိုင်းကောင်းကင်ကို အဆုံးသတ်ပြီး ထိုဓားသိုင်းကိုပင် ထပ်မံအသုံးပြုကာ အနက်ရောင်ပိုးသားဧကရာဇ်၏ တိုက်ကွက်ကို ချိုးဖျက်လိုက်ပြီး အခြားနေရာသို့ ထွက်ခွာသွားသည်။
ရန်ကျောက်ကဲရှေ့တွင် ငွေဖြူရောင်မိုးကြိုးပင်လယ်ကြီးတစ်ခု ရှိနေလေသည်။
အစစ်အမှန်နတ်ဘုရား (၃)ပါး ပူးပေါင်းတိုက်ခိုက်မှုတွင် ရွမ့်မင်ယန်၏ မရဏမြိုးကြိုးလှံရှည်က အစွန်းဘက်တွင် ရှိနေသည်။
သိသိသာသာမရှိလှသော်လည်း ဆိုးရွားတိတ်ဆိတ်နေသည်မှာ လူသတ်သမားတစ်ယောက်၏ လှုပ်ရှားမှုအစစ် ဖြစ်သည်။
နေခြည်ဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်တို့က ရန်ကျောက်ကဲကိုထိန်းထားရန်အတွက် ရုတ်တရက် တိုက်ခိုက်မှု စတင်လိုက်ကြသည်။
သို့သော် ခဏအတွင်းမှာပင် ရန်ကျောက်ကဲက အုပ်စိုးရှင် (၂)ပါး၏ တိုက်ခိုက်မှုကို ချိုးဖျက်ပြီး လျှပ်စီးကဲ့သို့လျှင်မြန်စွာဖြင့် ရွမ့်မင်ယန်ဆီသို့ ရောက်ရှိသွားခဲ့သည်။
နေခြည်ဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်တို့ ဆက်လက်ထိုးစစ်ဆင်ရန် အချိန်မရခင်မှာပင် ရန်ကျောက်ကဲက သူ၏ လက်ညိုးနှင့်လက်ခလယ်ကို ဓားသွားပမာ ဖြောင့်တန်းစွာ ထိုးညွှန်လိုက်သည်။ ထို့နောက် ဓားသွားထိပ်တွင် အဖြူရောင်ဓားချီတောက်ပလာပြီး နတ်ဘုရားအဆုံးသတ်ဓားဝိညာဉ်က ငွေဖြူရောင်မိုးကြိုးပင်လယ်အား ခုတ်ပိုင်းချလိုက်သည်။
ထို့နောက် အလွန်တရာ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် ဆက်တိုက်ဆိုသလို ရိုက်ချလိုက်သည်။
ရွမ့်မင်ယန် ခုခံချင်သည့်တိုင် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က တိတ်ဆိတ်ငြိမ်သက်နေသော မိုးကြိုးသွားကို တစ်စစီအက်ကွဲသွားစေသည်။
ရွမ့်မင်ယန်အတွက် အိပ်မက်ဆိုးများ ထပ်မံရောက်ရှိလာပေပြီ။
ရန်ကျောက်ကဲ၏ လက်ငါးချောင်းက နတ်ဆိုးတစ်ကောင်၏ လက်သည်းချက်များပမာ သူမကို တစ်ဖန်ပြန်လည်း ဆုပ်ကိုင်လိုက်လေ၏။
ဧရာမလက်ကြီးတစ်ဖက်က သူမ၏ ဦးခေါင်းကိုတင်းကျပ်စွာကိုင်မြှောက်လိုက်သည်။
ရန်ကျောက်ကဲ၏လက်တစ်ဖက်က ရွမ့်မင်ယန်ကို ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်က နတ်ဘုရားထောင်ချောက်ဓားကို ကိုင်မြှောက်ထားသည်။
သွေးနီရောင်ဓားအလင်းတန်း တောက်ပလာသည့်အခါ ကျယ်ပြန့်သည့်ဗလာနယ်က ပျောက်ကွယ်သွားသည့်ပမာပင်
ထို့နောက် ရန်ကျောက်ကဲ အနောက်သို့လှည့်လိုက်ပြီး နေခြည်ဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်တို့ကို တန်ပြန်တိုက်ခိုက်လိုက်သည်။
ရန်ကျောက်ကဲက လှည့်ကွက်အဟောင်းကိုပင် အသုံးချလိုက်သည်ဖြစ်ရာ နေခြည်ဧကရာဇ်မှာ ရွေးချယ်စရာမရှိတော့ဘဲ ကြေးမုံမှန်အလင်းတန်းကိုလှည့်ပြီး တိုက်ကွက်ကို ရင်ဆိုင်လိုက်ရသဖြင့် ဖယောင်းတိုင်မီးတောက်သည်လည်း ယိမ်းထိုးသွားသည်။
ရန်ကျောက်ကဲလက်သီးချက်က ရုတ်ချည်းဝင်ရောက်လာသည်ဖြစ်ရာ သူကလည်း ချက်ချင်းပင် ပြန်လည်တုံ့ပြန်လိုက်သည်။
နေခြည်ဧကရာဇ်က ဤအခွင့်အရေးကိုအသုံးပြုပြီး ရန်ကျောက်ကဲက သူဖမ်းဆီးထားသော ရွမ့်မင်ယန်ကို အသေခံအဖြစ်အသုံးပြုတိုက်ခိုက်မည်ကို ကာကွယ်လိုက်သည်။
သို့သော် ရန်ကျောက်ကဲ၏လက်သီးချက်က အနည်းငယ်လှုပ်ခါသွားပြီး ထိုက်ယိလက်သီးသိုင်းစွမ်းအားက ပိုမိုထင်ရှားလာကာ အစစ်အမှန်မဟုတ်သလို ပရမ်းပတာလည်းဖြစ်နေပြီး လျှို့ဝှက်ချက်များနှင့် နားလည်ရခက်မှုများ ပြည့်နက်နေသည်။
ကြေးမုံမှန်အလင်းတန်း၏ရောင်ပြန်ဟပ်မှုက ရုတ်တရက်မှိန်ဖျော့ပြီး ပျောက်ကွယ်သွားသည်။
ကြေးမုံမှန်၏ ကြက်ခြေခတ်သဏ္ဌန်အက်ကွဲကြောင်းမှတစ်ဆင့် ရန်ကျောက်ကဲ၏လက်သီးချက် ဖြတ်ကျော်သွားပြီး နေခြည်ဧကရာဇ်ဆီသို့ တည့်မတ်စွာဝင်ရောက်သွားသည်။
“ရှန်းထျန်းဝူထိုက်ရဲ့ ပထမဆုံး ၊ ဖန်ဆင်းခြင်းလက်သီး ၊ ထိုက်ယိ...”
ရန်ကျောက်ကဲ၏လက်သီးက သူ့ရှေ့သို့ရောက်လာသည်နှင့် နေခြည်ဧကရာဇ် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
ထိုအချိန် ရန်ကျောက်ကဲက လက်ငါးချောင်းကိုဆန့်ထုတ်လိုက်ရာ လက်သီးချက်မှ လက်ဝါးရိုက်ချက်အဖြစ် ပြောင်းလဲသွားသည်။
ထိုက်ယိလက်သီးသိုင်းက ယွိချင်အဆက်အနွယ် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အဖြစ်ပြောင်းလဲသွားပြီး နေခြည်ဧကရာဇ်အား ရိုက်ချလိုက်သည်။
ထိပ်တန်းသိုင်းပညာ (၂)ရပ်ကြား အသွင်ကူးပြောင်းမှုသည် တစ်ခုတည်းသောလှုပ်ရှားမှုကဲ့သို့ ချောမွေ့လျှက် ရှိသည်။
နေခြည်ဧကရာဇ်သည်လည်း အနက်ရောင်ပိုးသားဧကရာဇ်ကဲ့သို့ အကျပ်အတည်း ရင်ဆိုင်လိုက်ရသည်။
သူတို့က ရန်ကျောက်ကဲ၏လက်သီးချက် အမှန်တကယ် ထခိုက်မိမည်ကို ကြောက်ရွံ့ကြခြင်း မဟုတ်ပေ။
သို့သော် သူတို့တကယ်ရင်ဆိုင်ရသည်က ရန်ကျောက်ကဲ၏ လက်သီးချက်မဟုတ်ဘဲ လက်ဝါးရိုက်ချက်ဖြစ်သည့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် ဖြစ်သည်။ ထိုလက်ဝါးရိုက်ချက်၏ ဖိနှိပ်မှုမှလွတ်မြောက်ရန်မှာ အချိန်နှောင်းသွားခဲ့ပေပြီ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူတို့ကို တစ်ယောက်ချင်း သတ်ဖြတ်သည်ကို ရန်ကျောက်ကဲက အေးဆေးစွာ စောင့်ကြည့်ရန် စဉ်းစားထားသည်။
“ထိပ်တန်းသိုင်းပညာရပ်တွေ အများကြီး ကျင့်ကြံထားတာတောင် သူက အဆင့်မြင့်ကျွမ်းကျင်မှုကိုပိုင်ဆိုင်ထားတုန်းပဲ ၊ သူ ဘယ်လိုလုပ်ခဲ့တာလဲ”
“ထိပ်တန်းအဆင့် သိုင်းပညာရပ်တွေကို တစ်ခုနဲ့တစ်ခု ဆက်နွယ်သည်ဖြစ်စေ မဆက်နွယ်သည်ဖြစ်စေ အလိုအလျောက် ပြောင်းလဲနိုင်တယ် ၊ ပြီးတော့ သိုင်းပညာအမြောက်အမြားကိုလည်း တစ်သားတည်းပေါင်းစပ်ပြီး ကြိုက်သလို ရောနှောအသုံးပြုလို့ရသေးတယ် ၊ ဒါက သေမျိုးလူသားတွေလုပ်နိုင်တဲ့အလုပ် ဟုတ်လို့လား”
နေခြည်ဧကရာဇ် တွေးလိုက်သည်။
ရန်ကျောက်ကဲက ထူးခြားသည်အမှန်ပင်ဖြစ်သော်လည်း တကယ်တမ်းတိုက်ခိုက်သည့်အခါ နေခြည်ဧကရာဇ်မှာ မယုံကြည်နိုင်စွာဖြင့် ပြောမပြနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်ရသည်။
သူ ထွက်ပြေးလိုက်ချင်သော်လည်း ရန်ကျောက်ကဲလက်မှ မလွတ်နိုင်ခဲ့ပေ။
သူ ရှောင်တိမ်းရန်ကြိုးစားသည့်တိုင် မရှောင်တိမ်းနိုင်ဘဲ ရွေးချယ်စရာမရှိ ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရတော့သည်။
ထို့နောက် မျှော်လင့်ထားသည့်အတိုင်းပင် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ထဲမှာ မှေးမှိန်သည့်အလင်းရောင်တစ်ချက် တောက်ပသွားပြီး ရွမ့်မင်ယန်၏ပုံရိပ် ထွက်ပေါ်လာသည်။
ရွမ့်မင်ယန်မှာ စိတ်ပျက်လက်ပျက်လည်းဖြစ်နေသလို ဒေါသလည်းထွက်နေဟန်ပင်။
ဖယောင်းနေခြည်ဧကရာဇ်၏ မျက်လုံးများက စိတ်ပျက်လက်ပျက်နှင့် မျှော်လင့်ချက်ကင်းမဲ့မှုများ ထင်ရှားလျှက် ရှိသည်။
ဗလာနယ်ထဲတွင် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က အခြားသော စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် ရင်ဆိုင်မိသွားပြီး ရန်ကျောက်ကဲနှင့် နေခြည်ဧကရာဇ်တို့ ထိပ်တိုက်တွေ့မိကြသည်။
ကံဆိုးသူကတော့ အလယ်တွင်ကြားညပ်နေသည့် ရွမ့်မင်ယန်ပင် ဖြစ်၏။
သူမက အမတခုံရုံးမှ အခြားသော ဧကရာဇ် (၅)ပါးထက် သန်မာသူ ဖြစ်သည်။
ရန်ကျောက်ကဲက သူမကို ဖိနှိပ်ထားပြီး သူမက နေခြည်ဧကရာဇ်၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို တွန်းလှန်ရန် ကြိုးစားနေသည်။
သို့သော်နေခြည်ဧကရာဇ်၏ တိုက်ခိုက်မှုထိမှန်သည့်အခါ သူမထံမှ သွေးစများ ကောင်းကင်ထိတိုင် လွင့်ပျံသွားသည်။
ရန်ကျောက်ကဲက နတ်ဘုရားထောင်ချောက်ဓားဝိညာဉ်ကို မြှင့်တင်လိုက်ပြီး ဘယ်ညာ လှည့်ပတ်လိုက်သည်။ နေခြည်ဧကရာဇ်ကို အရင်ဆုံးတိုက်ခိုက်ပြီးနောက် အနက်ရောင်ပိုးသားဧကရာဇ်အား ဆက်လက်တိုက်ခိုက်လိုက်သည်။
ရွမ့်မင်ယန်ကတော့ နေခြည်ဧကရာဇ်၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို အရင်ဆုံး ခုခံလိုက်ပြီးနောက် အနက်ရောင်ပိုးသားဧကရာဇ်၏ ထိုက်ချူးနတ်လက်ချောင်းသိုင်းဖြင့် ထပ်မံတိုက်ခိုက်ခြင်းအား ရင်ဆိုင်ရပြန်သည်။
သူမ မည်မျှ ရက်စက်ကြမ်းတမ်းပြီး ခေါင်းမာပါစေ ဤသို့နှယ်တိုက်ခိုက်ခံရသည့်အခါ ရုန်းထွက်နိုင်စွမ်း မရှိတော့ပေ။
“အယူမှားနေတဲ့မိစ္ဆာကောင်... မင်းဘဝ အဆုံးသတ်လှမယ်မထင်နဲ့”
သူမ အော်ဟစ်လိုက်ပြီးနောက် နေခြည်ဧကရာဇ်၏ တိုက်ခိုက်မှုဖြင့် ထပ်မံရင်ဆိုင်လိုက်ရသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး ကြွေသားပမာ ကွဲကြေသွားသည်။
သူမ၏ လက်မခံနိုင်သော ခံစားချက်အပြည့်ဖြင့် ကြုံးဝါးသံက လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားတော့သည်။
သူက ရန်ကျောက်ကဲနှင့် နေခြည်ဧကရာဇ် ထိပ်တိုက်ရင်ဆိုင်သည့် လက်ဝါးရိုက်ချက်ကို ထိမှန်ခံလိုက်ရသည်ပင်။
ရွမ့်မင်ယန်သေဆုံးသွားခြင်းကို ရန်ကျောက်ကဲက အရေးမစိုက်ပေ။ ထိပ်တိုက်ရင်ဆိုင်ပြီးသည်နှင့် သူက လျှင်မြန်စွာပင် နောက်သို့ခုန်ဆုတ်လိုက်ပြီး သွေးနီရောင်အလင်းတန်းတစ်ချက် လင်းလက်သွားကာ အနက်ရောင်ပိုးသားဧကရာဇ်အား ထပ်မံတိုက်ခိုက်လိုက်ပြန်၏။
ရန်ကျောက်ကဲနှင့် ရင်ဆိုင်ရတိုင်း နေခြည်ဧကရာဇ်ဖြစ်ဖြစ် ၊ အနက်ရောင်ပိုးသားဧကရာဇ်ဖြစ်ဖြစ် ဖိအားပေးခံရကာ နောက်ဆုတ်သွားကြရသည်ပင်။
တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်၏ တည်နေရာက တဖြည်းဖြည်းနီးကပ်လာသည်ဖြစ်ရာ ရန်ကျောက်ကဲ၏တိုက်ခိုက်မှုမှ နှစ်ယောက်လုံး မလွတ်မြောက်နိုင် ဖြစ်ရသည်။
ရန်ကျောက်ကဲ အနက်ရောင်ပိုးသားဧကရာဇ်ရှေ့သို့ ရုတ်တရက်ရောက်လာပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှစ်ခုက အနက်ရောင်ပိုးသားဧကရာဇ်အား တွန်းထုတ်လိုက်သည်ဖြစ်ရာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ရှေ့တည့်တည့်သို့ လွင့်စင်ရောက်ရှိသွားသည်။
အနက်ရောင်ပိုးသားဧကရာဇ် ရုတ်တရက် အနောက်မှကျရောက်လာသည့် ပူလောင်သော အသွားစွန်းတစ်ခုကို ခံစားလိုက်ရသည်။
ရန်ကျောက်ကဲက အနက်ရောင်ပိုးသားဧကရာဇ်ကို စိတ်ထဲမထားတော့ပေ။
သူ၏ပုံရိပ်က လက်ခနဲတစ်ချက်တောက်ပသွားကာ နေခြည်ဧကရာဇ်ထံသို့ရောက်ရှိသွားပြီး လက်တစ်ဖက်ကိုဆန့်တန်းကာ ကြေးမုံမှန်အလင်းတန်းအစွန်းကို ဖမ်းယူဆုပ်ကိုင်လိုက်လေတော့၏။