ခေါင်းအစခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးမြေကြီးထဲသို့
Vol. 88 Ch. 1239
အခန်း (၁၂၃၉) ခေါင်းအစခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးမြေကြီးထဲသို့
ရန်ကျောက်ကဲက ကြေးမုံမှန်အလင်းတန်းကို ဖမ်းယူလိုက်သည့်အခါ နေခြည်ဧကရာဇ် မျက်နှာပျက်သွားသည်။
ရန်ကျောက်ကဲက ကြေးမုံမှန်အလင်းတန်းအား စောင့်ဆွဲလိုက်ရာ နေခြည်ဧကရာဇ်အား သူ့ထံသို့ ဆောင့်ဆွဲလိုက်သည်။
တားဆီးမရနိုင်သော ဖိအားကြောင့် နေခြည်ဧကရာဇ်ဟန်ချက်ပျက်သွားပြီး ရန်ကျောက်ကဲဆီသို့ အထိန်းအကွပ်မရှိ ဆွဲယူခံလိုက်ရတော့သည်။
သူက နက်ရှိုင်းသည့်သိုင်းပညာတစ်ရပ်ကို တိတ်တဆိတ်ထုတ်ဖော်ရင်း သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး ကြီးကျယ်ခမ်းနားသော အမတချီစွမ်းအားများအား အမတမှော်ဝင်ပစ္စည်းဖြစ်သော ကြေးမံမှန်အလင်းတန်းဆီသို့ စီးဆင်းဝင်ရောက်စေလိုက်သည်။
အမတချီစွမ်းအားများက စဉ်ဆက်မပြတ် လောင်ကျွမ်းလျှက် ရှိသည်ပင်။
ကြေးမုံမှန်အတွင်းမှ ဖယောင်းတိုင်မီးတောက်က ပြင်းထန်စွာတုန်ခါသွားပြီး ချက်ချင်းပင် တောက်လောင်နေသည့် မီးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မီးလျှံပင်လယ်က အမြင့်ဆုံးအထိ လောင်ကျွမ်းနေပြီး တောက်ပသည့်ရွှေရောင်အလင်းတန်းများက အထက်သို့မြင့်တက်လာကာ ကြေးမုံမှန်အလင်းတန်းဆီသို့ ရေစီးဆင်းသည့်ပမာ စီးဆင်းဝင်ရောက်လာသည်။
ကြေးမုံမှန်အလင်းတန်းကို ဆုပ်ကိုင်ထားသော ရန်ကျောက်ကဲ၏လက်မှာ ပူလောင်မှုကို ယောင်ဝါးဝါး ခံစားလိုက်ရသည်။
သို့သော် ထိုခဏအတွင်း ရန်ကျောက်ကဲက သူ၏သိုင်းစွမ်းကိုအသုံးပြုကာ ယင်နှင့်ယန်ကို ပြောင်းပြန်လှန်လိုက်ပြီး စကြာဝဠာကို လှည့်ပတ်သွားစေသည်။
သူက ရွှေရောင်အလင်းတန်းများကို ချက်ချင်းအေးမြသွားစေရန် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာတို့ကို ပေါင်းစပ်အသုံးပြုလိုက်သည်။
“ဖွင့်...”
နေခြည်ဧကရာဇ်က ပြတ်သားသောမျက်နှာအမူအရာဖြင့် ကြုံးဝါးသံတစ်ချက် ပြုလိုက်သည်။
ကြေးမုံမှန်အလင်းတန်းတုန်ခါသွားပြီး ဖျော့တော့စွာလှုပ်ခါသွားကာ ကြေးမုံမှန်မျက်နှာပြင်ထက်တွင် သေးငယ်သောအက်ကြောင်းများစွာ ထင်ဟပ်လာသည်။
နေခြည်ဧကရာဇ်နှင့် ကြေးမုံမှန်အလင်းတန်းတို့၏ ပြောင်းလံမှုကို အာရုံခံမိပြီးနောက် ရန်ကျောက်ကဲက အေးဆေးစွာပင် ပြုံးလိုက်သည်။
သူက...
“အမတမှော်ဝင်ပစ္စည်းဖြစ်တဲ့ ကောင်းကင်ချောက်နက်မရဏမိုးကြိုးလှံရှည်နဲ့ လွဲသွားပြီးပြီ ၊ လက်ဗလာတော့အဖြစ်မခံနိုင်ဘူး ၊ ဒီကြေးမုံမှန်ကို ရအောင်ယူရမှာပဲ”
ရန်ကျောက်ကဲ၏လက်ဖဝါးထက်တွင် အမှောင်ထုနှင့်ပေါင်းစပ်ထားသော အလင်းတစ်စ တောက်ပလာသည်။ ထိုအရာက အလင်းလားအမှောင်လား ပြောရခက်သည်။
ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်မှ (၁၁)ခုမြောက်ပညာရပ်ဖြစ်သော “ကြမ်းတမ်းစုပ်ယူပညာရပ်”။
တစ်ချိန်တည်းပင် ရန်ကျောက်ကဲ၏လက်ထဲတွင သားရိုင်းတစ်ကောင်ထွက်ပေါ်လာပြီး ထိုသားရိုင်းက ကြီးမားသောပါးစပ်ကြီးအား ရုတ်တရက်ဖွင့်ဟကာ မိုးမြေတစ်ခုလုံးအား ဝါးမျိုသွားသည်။
ကြောက်မက်ဖွယ်ရာ လောင်မြိုက်နေသော တန်ခိုးစွမ်းအားများထွက်ပေါ်လာပြီး ကြေးမုံမှန်အလင်းတန်းအတွင်းသို့ စီးဆင်းဝင်ရောက်လာသော အမတချီစွမ်းအားများကို အငမ်းမရ စုပ်ယူလိုက်တော့သည်။
ရန်ကျောက်ကဲ၏လှုပ်ရှားမှုတွင် ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်မှ “ကြမ်းတမ်းစုပ်ယူပညာရပ်” သာမက မိစ္ဆာဓားတောင်းတျဲ၏ အယူအဆများလည်း ပါဝင်နေသည်။
လက်ရှိတွင် မိစ္ဆာဓားတောင်းတျဲက ရန်ကျောက်ကဲအတွက် အသုံးမဝင်တော့ပေ။ ထို့ကြောင့် ထိုဓားအတွင်းပါဝင်သည့် အယူအဆနှင့် တန်ခိုးစွမ်းအားသည်လည်း ထူးခြားမှုမရှိတော့ပေ။
သို့သော် မိစ္ဆာဓားတောင်းတျဲ၏အယူအဆကို ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်မှ “ကြမ်းတမ်းစုပ်ယူပညာရပ်” နှင့် ပေါင်းစပ်လိုက်သည့်အခါ မိုးမြေကိုပင် ဝါးမျိုပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာ စုပ်ယူစွမ်းအားကြီးက ရပ်တန့်ခြင်းမရှိ အဆက်မပြတ် ထွက်ပေါ်လာသည်။
ဒါကိုမြင်တော့ နေခြည်ဧကရာဇ်၏မျက်ဝန်းများ တောက်ပသွားသည်။
သူက တိုက်ခိုက်မှုကိုမရပ်တန့်သလို ထွက်ပြေးရန်လည်းမကြိုးစားဘဲ အမတချီစွမ်းအားများကို ကြေးမုံမှန်အလင်းတန်းဆီသို့ အရှိန်မြှင့်စီးဆင်းစေလိုက်သည်။ သူက ကြေးမုံမှန်အလင်းတန်းအတွင်းမှ အမတချီစွမ်းအားများကို ရန်ကျောက်ကဲ ပိုမိုစုပ်ယူစေရန် ကူညီပေးနေပြီး တရှိန်ထိုးစုပ်ယူနေစေရန် တွန်းအားပေးလိုက်သည်။
“မင်းရဲ့ သိုင်းသူတော်စင်အဆင့် ကျင့်ကြံခြင်းစွမ်းအားက ဘယ်လောက်ပဲပြင်းထန်ပါစေ အမတချီစွမ်းအား ပမာဏအများကြီးကို စုပ်ယူဖို့ကြိုးစားရင်း သေချာပေါက် မင်းခန္ဓာကိုယ် အက်ကွဲသွားမှာပဲ”
သေခြင်းတရားနှင့်ရင်ဆိုင်ရသည့်အခါ နေခြည်ဧကရာဇ်၏လုပ်ရပ်များက အတော်လေး ပြတ်သားကြမ်းတမ်းလာသည်။
“မင်း နတ်ဘုရားလူသားကပ်ဘေး ခံစားရသလိုဖြစ်အောင် ငါ လုပ်ပေးလိုက်မယ်”
သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များက လေထုအလယ်တွင်ရှိနေကြပြီး မလှုပ်မယှက်ဖြစ်နေကြကာ နောက်ပြန်ဆုတ်ရန် ရည်ရွယ်ချက်မရှိဘဲ တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ရန်ကျောက်ကဲ ဘာမှမဖြစ်သည်ကို တွေ့မြင်ရသည့်အခါ နေခြည်ဧကရာဇ် ထိတ်လန့်တုန်လှုပ်သွားသည်။
အခြားသော သိုင်းသူတော်စင်တစ်ယောက်ဆိုလျှင် “ကြမ်းတမ်းစုပ်ယူပညာရပ်” ကို အသုံးပြုပြီး ကြေးမုံမှန်အလင်းတန်းအတွင်းမှ အမတချီစွမ်းအားများကို စုပ်ယူဝါးမျိုနိုင်သော်လည်း ကြီးကျယ်ခမ်းနားသော အမတချီစွမ်းအားများကြောင့် ခန္ဓာကိုယ်ပေါက်ကွဲကာ သေဆုံးသွားပေမည်။
သို့သော် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်ထဲတွင် ပရမ်းပတာ ချီစွမ်းအားများ တည်ရှိနေသည်။ ထိုအရာများက များပြားလှစွာသောအရာများကို သိုလှောင်ထားနိုင်စွမ်းရှိပြီး အမတချီစွမ်းအား အမြောက်အမြားကို စုပ်ယူနိုင်ခဲ့သည်။
ရန်ကျောက်ကဲအနေဖြင့် ထိုအမတချီစွမ်းအားများကို အသုံးချ၍မရနိုင်သော်လည်း ထိုအရာများက သူ့ကို အနည်းငယ်ပင် ဒုက္ခပေးနိုင်မည် မဟုတ်ပေ။
နေခြည်ဧကရာဇ် အံ့အားသင့်သွားပြီး...
“မင်း ဘယ်လိုလုပ်လိုက်တာလဲ ၊ ပြီးတော့ ထိုက်ယိလက်သီးသိုင်းရောပဲ...”
ရန်ကျောက်ကဲ ပြုံးလိုက်သည်။
သူက ကြေးမုံမှန်အလင်းတန်းကို လက်ဖြင့်နောက်တစ်ကြိမ်ဆွဲယူလိုက်ပြီး နေခြည်ဧကရာဇ်ကို အနားသို့ဆွဲယူလိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်ကို အမြင့်ဆုံးပင့်မြှောက်လိုက်ပြီး နေခြည်ဧကရာဇ်၏ ဦးခေါင်းအား ရိုက်ချလိုက်၏။
နေခြည်ဧကရာဇ် သတိပြန်ဝင်လာပြီး ‘ဟွန့်’ ကနဲ နှာမှုတ်လိုက်သည်။
သူ့လက်ထဲရှိကြေးမုံမှန်အလင်းတန်းမှ ရောင်စဉ်တစ်ခု ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်လေထုတစ်ခုလုံးအား လောင်မြိုက်သွားစေသည်။
နေခြည်ဧကရာဇ်က အလွန်ပြတ်သားသူ ဖြစ်၏။
ကြေးမုံမှန်အလင်းတန်းဖြင့် ရန်ကျောက်ကဲအား သတ်ဖြတ်နိုင်မည်မဟုတ်ကြောင်းနှင့် အခြေအနေဆိုးရွားကြောင်း တွေ့မြင်သည့်အခါ ချက်ချင်းပင် အစီအစဉ် ပြောင်းလိုက်သည်။
သူအလွန်တရာမြတ်နိုးသော ယိုစိမ့်ခြင်းမရှိ အမတမှော်ဝင်ပစ္စည်းဖြစ်သော ‘ကြေးမုံမှန်မီးအိမ်’ ကိုပင် စွန့်လွှတ်လိုက်သည်။
နေခြည်ဧကရာဇ်က ကြေးမုံမှန်အလင်းတန်းပေါက်ကွဲမှုကို အခွင့်ကောင်းယူပြီး နောက်ပြတ်ဆုတ်သွားသည်။
သို့သော် ရန်ကျောက်ကဲက သူ့ကိုအလွတ်မပေးဘဲ ရှေ့ဆက်တိုးလာပြီး ပင့်မြှောက်ထားသော သူ၏လက်က ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံးအား လွှမ်းခြုံသွားကာ နေခြည်ဧကရာဇ်ထံ ကျရောက်သွား၏။
နေခြည်ဧကရာဇ် ချက်ချင်းပင် အသင့်အနေအထား ပြင်ဆင်လိုက်သည်။
စောစောက ရန်ကျောက်ကဲကို အုပ်စုတစ်စုဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။
ယခု သူက ရန်ကျောက်ကဲနှင့် တစ်ယောက်ချင်းရင်ဆိုင်နေရသည်ဖြစ်ရာ ဖိအားက ကြောက်မက်ဖွယ်ရာ မြင့်တက်လာသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်မှာလည်း အခြားသူများအလစ်ချောင်းတိုက်ခိုက်မည်ကို မစိုးရိမ်ရတော့ဘဲ အနက်ရောင်ပိုးသားဧကရာဇ်နှင့်ရင်ဆိုင်ရန် အာရုံစိုက်နေပေပြီ။
သူက အနက်ရောင်ပိုးသားဧကရာဇ်ထက် တန်ခိုးစွမ်းအား ပိုမိုမြင့်မားသူ ဖြစ်သည်။
ယခု ရန်ကျော်ကဲရင်ဆိုင်ရမည့် နောက်ဆုံးရန်သူမှာ နေခြည်ဧကရာဇ်တစ်ယောက်သာလျှင် ရှိသည်။
ယုတ္တိကျကျ ပြောရမည်ဆိုလျှင် မိမိပိုင်ဆိုင်ခြင်းမရှိသော အမတမှော်ဝင်ပစ်စည်းတစ်ခုကို ဖိနှိပ်ခြင်းက အစစ်အမှန်နတ်ဘုရားတစ်ပါးကို ဖိနှိပ်ခြင်းနှင့် ညီမျှသည်။
ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ကြေးမုံမှန်မီးအိမ်ကို ဖိနှိပ်ရန်အတွက် စွမ်းအားများစွာလိုအပ်မည်ဖြစ်ရာ တိုက်ခိုက်သည့်ဘက်တွင် အားနည်းသွားမည်ဟု နေခြည်ဧကရာဇ် ထင်မှတ်ခဲ့သည်။
သို့သော် ရန်ကျောက်ကဲက ကြေးမုံမှန်မီးအိမ်ကို ထိန်းချုပ်ရာတွင် မည်သည့်အခက်အခဲမှ မရှိခဲ့ပေ။ ကြေးမုံမှန်မီးအိမ်၏မျက်နှာပြင်က ချက်ချင်းပင် မှိန်ဖျော့သွားပြီး ရန်ကျောက်ကဲ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။
ရန်ကျောက်ကဲကတော့ လုံးဝ ထိခိုက်ဟန်မရှိဘဲ နေခြည်ဧကရာဇ်ကို ဆက်လက်တိုက်ခိုက်နေ၏။
အစပိုင်းတွင် ရန်ကျောက်ကဲအားတိုက်ခိုက်သည့်အခါ အမတမှော်ဝင်ပစ္စည်းပိုင်ဆိုင်ထားသော နေခြည်ဧကရာဇ်က အသာစီးရရန် အခွင့်အရေး ရှိခဲ့သည်။ ယခုတော့ ထိုအခွင့်အရေးက အလကားဖြစ်သွားသည်ပင်။
ရန်ကျောက်ကဲ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သွေးနီရောင်ဓားအလင်းတန်း တောက်ပလာသည်။
သူက ကောင်းကင်ဘုံမှဆင်းသက်လာသည့်နတ်ဘုရားတစ်ပါးပမာ ချက်ချင်းပင် နေခြည်ဧကရာဇ်ရှေ့သို့ ရောက်ရှိလာကာ ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။
နေခြည်ဧကရာဇ် မည်သို့မှမတတ်နိုင်သည့်တိုင် အကောင်းဆုံးကာကွယ်ရန် ကြိုးစားလိုက်သည်။
ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားက မိုးမြေတစ်ခုလုံး လွှမ်းခြုံသွားပြီး နေခြည်ဧကရာဇ်အား စကြာဝဠာတစ်ခုလုံးက ဖိနှိပ်ထားသည့်ပမာ ဖြစ်လေရာ ခုခံရခက်ခဲလှသည်။
နေခြည်ဧကရာဇ်မှာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ကျင့်ကြံထားသူဖြစ်သော်လည်း လက်ရှိအချိန်မှာတော့ ကူရာကယ်ရာမဲ့လျှက် ရှိသည်။
“သိုင်းသူတော်စင်တစ်ယောက်က စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ဘယ်လိုဖြစ်လို့ ဒီလောက်နက်နက်ရှိုင်းရှိုင်း နားလည်နိုင်ရတာလဲ”
နေခြည်ဧကရာဇ် တွေးလိုက်သည်။
ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က ကောင်းကင်ကိုပင် အက်ကွဲသွားစေသည်။
ထိုလက်ဝါးရိုက်ချက်က ဗလာနယ်ကို တင်းကျပ်စွာပင် အလုံပိတ်ထားပြီး တန်ခိုးစွမ်းအားက သဏ္ဌန်မရှိသော ကျယ်ပြန့်သည့် မြေပြင်တစ်ခုပမာ ပြောင်းလဲသွားသည်။
ထိုမြေပြင်က နေခြည်ဧကရာဇ်ကို အထက်နှင့်အောက် ညှပ်ပူးညှပ်ပိတ် ချုပ်နှောင်ထားလေရာ နေခြည်ဧကရာဇ်မှာ ရွမ့်မင်ယန်ခံစားရသည့်အတိုင်း စိတ်ပျက်လက်ပျက် ခံစားနေရသည်။
သူ၏ခန္ဓာကိုယ်က ဒူးထောက်ကျလုနီးပါး ဖိနှိပ်ခံထားရသည်။
“ကောင်းကင်ဘုံက ဆင်းသက်လာတဲ့နတ်ဘုရား ၊ ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ... မင်း တကယ်ပဲ နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်တာပဲ”
သူက ရုန်းကန်ကြိုးစားပြီး ရန်ကျောက်ကဲအား ခေါင်းမော့ကာ စူးစိုက်ကြည့်လိုက်သည်။
“စိတ်မကောင်းစရာပဲ ၊ စိတ်မကောင်းစရာပဲ ၊ မင်းက မီးလျှံထက်ယံအရှင်သခင်လိုပဲ ခေါင်းမာပြီး အကြောက်တရားကင်းမဲ့တယ် ၊ ဘယ်အချိန် နောက်ပြန်ဆုတ်ရမလဲဆိုတာ နားမလည်ဘူး”
သူက ဆက်ပြောသည်။
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က သူ့ကိုကူညီဖို့ တောင်းဆိုကတည်းက ငါ ပြင်ပဗလာနယ်ထဲမှာပဲ နေခဲ့တာ ၊ အထက်ဘုံကမ္ဘာကိုလုံးဝ မပြန်ခဲ့ဘူး ၊ အခု ဒီအကြောင်းပြန်စဉ်းစားမိတော့ ငါ့ရဲ့ဆုံးဖြတ်ချက်အတွက် တကယ်ပဲ နောင်တရမိတယ်”
“အထက်ဘုံကမ္ဘာကိုပြန်လာပြီး မင်းကို စောစောစီးစီး သတ်ပစ်ခဲ့မယ်ဆိုရင် ဒီနေ့ ဒီလိုအခြေအနေမျိုး ရောက်မှာမဟုတ်ဘူး ၊ မင်းတို့လိုလူတွေက ငါတို့ လမ်းမှန်တာအိုဝါဒ ပြန်လည်ရှင်သန်လာမယ့် အရိပ်အယောင်မှန်သမျှကို ဖျက်ဆီးပစ်လိမ့်မယ်”
“မင်းသွားနေတဲ့လမ်းက မှားနေတယ်ဆိုရင် ဘယ်လောက်မြန်မြန်သွားပါစေ ပန်းတိုင်နဲ့ဝေးနေဦးမှာပဲ”
နေခြည်ဧကရာဇ်က ကြိုးစားပြီး စကားဆုံးသည်အထိ ပြောလိုက်သည်။
“မင်းတို့တွေ တော်ကြပါတယ် ၊ အဲဒီလိုတော်တာကြောင့်ပဲ ငါတို့လမ်းမှန်တာအိုဝါဒ ကပ်ဘေးကြီးကျရောက်ရတော့မယ်”
ရန်ကျောက်ကဲက ပေါ့ပါးစွာဖြင့်...
“အစကတည်းက မင်းနဲ့ငါနဲ့ ဘက်တူတာမှမဟုတ်တာ ၊ မင်းရဲ့အတွေးအခေါ်တွေက တိမ်လွန်းတယ်လို့မထင်ဘူးလား နေခြည်ဧကရာဇ်”
နေခြည်ဧကရာဇ်က သက်ပြင်းရှည်တစ်ချက်ချရင်း...
“မင်းကိုသတ်ပစ်ဖို့ စွမ်းအားမလုံလောက်တဲ့အတွက် ငါ့ကိုယ်ငါ မုန်းတီးမိတယ်”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“မင်းက ပေါက်ကရတွေလျှောက်ပြောဖို့ အချိန်အတော်အားနေပုံရတယ်”
ပြောပြီးသည်နှင့် သူ၏လက်ဖဝါးမှ တန်ခိုးစွမ်းအားက အဆက်မပြတ်အားကောင်းလာပြီး ရုတ်တရက် ပြောင်းလဲသွားသည်။
သူ့ကိုယ်သူရပ်တည်ရန်ပင် အစွမ်းကုန်ကြိုးစားနေရသော နေခြည်ဧကရာဇ်မှာ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်အပြောင်းအလဲကို သတိမမူမိဘဲ အခြေအနေကို ရင်ဆိုင်ရခက်သွားသည်။
ကနဦးကောင်းကင်ပြောင်းပြန်တန်ခိုးစွမ်းအားက သူ့ကို မူးဝေသွားစေပြီး ကိုယ်ဟန်အနေအထားကို ကြာကြာထိန်းထားရန် ခက်ခဲလာသည်။
ရန်ကျောက်ကဲက လက်ကိုဆန့်တန်းလိုက်ပြီး နေခြည်ဧကရာဇ်၏ ခြေထောက်ကို ဆုပ်ကိုင်လိုက်သည်။
ထို့နောက် သူက လက်ကိုမြှောက်လိုက်ပြီး အထက်ဘုံကမ္ဘာတွင် နှစ်ထောင်ပေါင်းများစွာ ကျော်ကြားခဲ့သော အစစ်အမှန်နတ်ဘုရားကို ဒရွတ်ဆွဲသယ်ဆောင်သွားသည်။
ရန်ကျောက်ကဲက အမတမှော်ဝင်ပစ္စည်းဖြစ်သော ကြေးမုံမှန်မီးအိမ်ကို သိမ်းဆည်းလိုက်ပြီဖြစ်ရာ သူ၏အခြားလက်တစ်ဖက်မှ ကြေးမုံမှန်အလင်းတန်း ပျောက်ကွယ်သွားသည်။
သူက ထိုလက်ဖြင့် အောက်မှအထက်သို့ ပင့်တင်လိုက်သည်နှင့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် ၊ အသင်္ချေစကြာဝဠာကောင်းကင်ကျမ်းစာတို့၏ လေးနက်သောစွမ်းအားများ ပေါင်းစည်းသွားပြီး အစစ်အမှန်မြေလွှာတစ်ခု ထွက်ပေါ်လာသည်။
ထိုမြေလွှာက အဆုံးမရှိကျယ်ပြန့်ပြီး ထူထဲလွန်းသည်။
ရန်ကျောက်ကဲက လက်ကိုမြှောက်လိုက်သည်နှင့် မြေကြီးအစိုင်အခဲက အထက်သို့ရောက်ရှိသွားသည်။ ထို့နောက် သူက နေခြည်ဧကရာဇ်ကိုပင့်မြှောက်လိုက်ပြီး ထိုမြေပြင်ထက်သို့ ပစ်လွှတ်လိုက်၏။
နေခြည်ဧကရာဇ် ထိတ်လန့်တခြား မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားပြီး ခေါင်းအစ ခြေအဆုံး သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးထဲသို့နစ်ဝင်သွားလေတော့၏။