← Chapters

တကယ့်လူသားအထွတ်ထိပ်အဆင့်

Vol. 88 Ch. 1240

တကယ့်လူသားအထွတ်ထိပ်အဆင့်

Vol. 88 Ch. 1240

အခန်း (၁၂၄၀) တကယ့်လူသားအထွတ်ထိပ်အဆင့်

နေခြည်ဧကရာဇ် မည်မျှပင်ရုန်းကန်ပါစေ  ၊ မည်သမျှပင် မလိုလားပါစေ ခိုင်မာပြီးကျယ်ပြန့်သော မြေပြင်ကြီးက သူ့ထံတဖြည်းဖြည်းနီးကပ်လာသည်ကို စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ ထို့နောက် သူ၏မျက်နှာက ထိုမြေပြင်နှင့် ရိုက်ခတ်မိသွားသည်။

ရန်ကျောက်ကဲက လက်များကို ရေပြင်ညီအတိုင်းထားလိုက်ပြီး အစစ်အမှန်နတ်ဘုရားအား မြေကြီးဆီသို့တွန်းထုတ်လိုက်လေရာ အပြင်ဘက်တွင် ခြေထောက်နှစ်ဖက်သာလျှင် မြင်ရတော့သည်။

ကျင့်ကြံသူတစ်ယောက် နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီးသည်နှင့် အမတခုံရုံးမှကျင့်ကြံသူပင်ဖြစ်ပါစေ မိုင်ထောင်ပေါင်းများစွာသောမြေပြင်ကိုပင် လွယ်လွယ်ဖြင့် အက်ကွဲသွားအောင် ရိုက်ခွဲနိုင်စွမ်း ရှိသည်။

သို့သော် ယခု မြေပြင်ကတော့ ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် ဖိနှိပ်နိုင်စွမ်းဖြင့် ပေါင်းစပ်ထားသည်ဖြစ်ရာ နေခြည်ဧကရာဇ်မှာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

ရုန်းကန်ရန်မဆိုထားနှင့် ၊ ပါးစပ်ကိုပင် ဖွင့်ချင်တိုင်းမဖွင့်နိုင်လောက်အောင် မြေကြီးများပြည့်နက်လျှက် ရှိသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်ပိုးသားဧကရာဇ်မှာလည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် ကြီးမားသောဘေးအန္တရယ်ကို ရင်ဆိုင်နေရသည်။

ယခုအချိန်တွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အနေဖြင့် အခြားသူများ၏ အုပ်စုဖွဲ့တိုက်ခိုက်ခြင်းကို သတိထားရန်မလိုတော့သည်ဖြစ်ရာ အာရုံပျံ့လွင့်ခြင်းမရှိတော့ပေ။ ထို့ကြောင့် အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် သူ့ကို ယှဉ်နိုင်ခြင်း မရှိတော့ပေ။

အနက်ရောင်ပိုးသားဧကရာဇ် ကျင့်ကြံခဲသောသိုင်းပညာရပ်များကို ‘ကောင်းကင်ဖွင့်ကျမ်းစာ’ က ကြာရှည်စွာထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း ၊ လက်ရှိတွင် သူနှင့်ရင်ဆိုင်နေရသည့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဆိုသည်က လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတည်းက ဉာဏ်အလင်းပွင့်ခဲ့သူတစ်ယောက် ဖြစ်သည်။

လူသတ်လက်နက်တစ်ခုဖြစ်သော အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အနေဖြင့် သတ်ဖြတ်မှုတွင် သံသယဖြစ်စရာ တစ်စုံတစ်ရာ မရှိပေ။

အနက်ရောင်ပိုးသားဧကရာဇ်မှာ ‘ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ’ နှင့် ‘အတိုင်းအဆမဲ့ထိုက်စုခန္ဓာ’ တို့ဖြင့် ခုခံကာကွယ်နေရုံသာ တတ်နိုင်ခဲ့သည်။ သူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ ပြင်းထန်သော တိုက်ခိုက်မှုများကိုရှောင်လွှဲရန်အတွက် ဗလာနယ်ကိုဖံးကိုဖျက်ကာ လှည့်ဖြားနိုင်ရန် ‘ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ’ ၏ စွမ်းရည်ကို အဓိကထား အသုံးပြုခဲ့သည်။

သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူ့ကိုသတ်ဖြတ်ရန် အပြည့်အဝအာရုံစိုက်ထားသဖြင့် ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲလှသည်။

ထိုအချိန် ရန်ကျောက်ကဲက သူ့ကိုလှမ်းကြည့်လိုက်ကြောင်းအာရုံခံမိသည့်အခါ အနက်ရောင်ပိုးသားဧကရာဇ် နက်နက်နဲနဲပင် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

သူက ကြောက်ရွံ့မှု ၊ ထိတ်လန့်မှု ၊ စိတ်ဓာတ်ကျမှု စသော ခံစားချက်များကို မခံစားရသော်လည်း သူ၏မျက်လုံးထဲမှ မျှော်လင့်ချက်အလင်းရောင်က တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

ရန်ကျောက်ကဲက ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်...

“အနက်ရောင်ပိုးသားဧကရာဇ်... မင်းနဲ့ငါကြားက ရုန်းကန်မှုက မတူညီတဲ့ဦးတည်ချက်နဲ့ကြည့်လိုက်ရင် အတော်လေး ကူရာကယ်ရာမဲ့တာပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်းက ငါ့လမ်းကိုလာပိတ်ဆို့တဲ့အတွက် ဒီလိုမျိုးပဲ အဆုံးသတ်ရမှာပဲ”

“မင်းအနေနဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်လက်မှာ အသေခံမလား ၊ အဖြူရောင်ပိုးသားဧကရာဇ်လက်မှာအသေခံမလားဆိုတာ သေချာပေါက် ရွေးချယ်ရလိမ့်မယ် ၊ အဖြူရောင်ပိုးသားဧကရာဇ်လက်မှာတော့ မင်း မသေချင်ဘူး မဟုတ်လား”

ထိုအချိန် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ ချွန်ထက်သောလှံသွားအစွန်းက အနက်ရောင်ပိုးသားဧကရာဇ်၏ ခန္ဓာကိုယ်အား ဖောက်ထွင်းဝင်ရောက်သွားသည်။

အနက်ရောင်ပိုးသားဧကရာဇ်၏ပါးစပ်ပွင့်ဟသွားပြီး အဖြူရောင်နှင့်အနက်ရောင်ရောနှောနေသည့် အခိုးအငွေ့များအား သွေးများပမာ ပါးစပ်အပြည့် အန်ထုတ်လိုက်သည်။

သူက မရပ်မနား ချောင်းတဟွတ်ဟွတ်ဆိုးရင်း...

“မင်းတို့သားအဖနှစ်ယောက်က အဆင့်တက်တာ သိပ်မြန်တယ် ၊ ငါ ရှေ့ဆက်လျှောက်ရမယ့်လမ်းက ကျဉ်းသထက်ကျဉ်းလာနေပြီ ၊ ဒီနေ့တော့... တကယ်ပဲ အဆံးသတ်ရတော့မယ်ထင်တယ်”

“အဖြူရောင်ပိုးသားဧကရာဇ်နဲ့ ငါ့ကြားမှာ အနိုင်အရှုံးဆိုတာ မရှိဘူး ၊ ဒါပေမဲ့ အနိုင်အရှုံးကို မင်းတို့သားအဖက ဆုံးဖြတ်ခဲ့တာပဲ”

“ရှုံးနိမ့်သွားတဲ့သူတွေရဲ့ နောက်ဆုံးစကားကို အနိုင်ရတဲ့သူတွေက ကြားရလေ့ရှိတယ် ၊ ဒါပေမဲ့ ငါ့မှာ ဘာမှမပြောစရာမရှိဘူး ၊ ဘာပဲဖြစ်ဖြစ် အဖြူရောင်ပိုးသားဧကရာဇ်က မင်းတို့ကို အကျိးပြုတယ်မဟုတ်လား”

ရန်ကျောက်ကဲက အနက်ရောင်ပိုးသားဧကရာဇ်ကိုကြည့်ကာ ခေါင်းခါယမ်းရင်း...

“ဧကရာဇ်မင်း... ဘေးကင်းသောခရီးဖြစ်ပါစေဗျာ”

ပိုးသားဧကရာဇ်နှစ်ခြမ်းကွဲသွားပြီးနောက် ၊ ယခု အနက်ရောင်ပိုးသားဧကရာဇ် သေဆံးသွားပြီး အဖြူရောင်ပိုးသားဧကရာဇ်က အသက်ရှင်ကျန်ရစ်နေဆဲ ဖြစ်သည်။

ရန်ကျောက်ကဲက ဝမ်းနည်းခြင်းလည်းမရှိ ပျော်ရွှင်ခြင်းလည်းမရှိသော မျက်ဝန်းများဖြင့် အနက်ရောင်ပိုးသားဧကရာဇ်အား ကြည့်နေခဲ့သည်။

အနက်ရောင်ပိုးသားဧကရာဇ် သေဆုံးသွားပြီဖြစ်သော်လည်း နေခြည်ဧကရာဇ်ကို ဆက်လက်ကိုင်တွယ်ရန် လိုအပ်သေးသည်။

ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု အရှင်သခင်များ။

ဤစကားရပ်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ၏ ရှေးယခင်ဆိုရိုးတစ်ခု ဖြစ်၏။

လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဤစကားရပ်က အထက်ဘုံကမ္ဘာ၏ ဥပဒေနှင့်အခွင့်အာဏာကို ကိုယ်စားပြုခဲ့သည်။

နယ်မြေ (၁၀)ခုအရှင်သခင်များကို ဖယ်လိုက်မည်ဆိုလျှင် သေမျိုးလူသားမဟုတ်သော နတ်ဘုရားအဆင့်ရှိသည့် ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးက ဒဏ္ဍာရီဆန်သော တည်ရှိမှုများ ဖြစ်ခဲ့သည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ နှင့် အရှေ့ပိုင်းထိပ်တန်းအရှင်သခင် ‘တာအိုဆရာထျန်းယိ’ တို့ တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်းခံရပြီး အထက်ဘုံကမ္ဘာ၏ အသက်အကြီးဆုံး ထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ကိုလည်း ရန်ကျောက်ကဲကိုယ်တိုင် သတ်ဖြတ်ပစ်ခဲ့သည်။

ထိုအချိန်က လူသားများကြားတွင် အပြောင်းအလဲ လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များကတော့ အပြောင်းအလဲမရှိ အရာအားလုံးကို ထိန်းချုပ်ထားနိုင်ဆဲပင်။

သို့သော် အနက်ရောင်ပိုးသားဧကရာဇ်နှင့် နေခြည်ဧကရာဇ်သေဆုံးသွားပြီးနောက် အထက်ဘုံကမ္ဘာ၏ အခြေအနေသည်လည်း ပြောင်းလဲသွားမည်ဟု မျှော်လင့်ရသည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် နတ်ဘုရားတံခါးဖွင့်လှစ်နိုင်သည့် ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များမှာ လမ်းမှန်တာအိုဝါဒအတွက် အလွန်တရာ အဖိုးတန်သူများ ဖြစ်ခဲ့ကြသည်။

ထို့ကြောင့်ပင် ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် မိန်းမပျိုဧကရာဇ် ၊ နျဲ့ကျင်းရှန် ၊ အနောက်တောင်ထိပ်တန်းအရှင်သခင် ‘ပိုင်တောင်း’ နှင့် အခြားသူများက ကျန့်ဟွမ်ဓားဧကရာဇ်ကိုယ်စား ဝါဒတောင်အား ကူညီရန် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော်လည်း ‘ချင်းယွမ်ဧကရာဇ်’ မထိခိုက်စေရန် အသံတိတ်သဘောတူခဲ့ကြသည်။

သို့သော် အခြေအနေများက အဆက်မပြတ်ပြောင်းလဲနေပြီး နှစ်ဘက်ပဋိပက္ခများ ပိုမိုဆိုးရွားလာလေရာ တိုက်ပွဲများရပ်စဲရန် ခက်ခဲသောအနေအထားသို့ ရောက်ရှိလာသည်။

ဤပဋိပက္ခ၏ အဓိကအကြောင်းရင်းမှာ ချင်းယွမ်ဧကရာဇ် မဟုတ်တော့ပေ။

ယခုတော့ နှစ်ဘက်အင်အားစုများ ထိပ်တိုက်တွေ့ကြပြီး

စွမ်းဆောင်နိုင်ရည်ရှိသော အုပ်စိုးရှင် (၅)ပါးအနက် အချို့သူများကျဆုံးသွားပြီးနောက် ကိစ္စရပ်များသည်လည်း ရှေ့ဆက်သွားနေရဦးမည်ပင်။

သို့သော် အခြေအနေက မည်သို့ဖြစ်လာနိုင်မည်နည်း။

ယနေ့ကိစ္စမတိုင်ခင်က ဝါဒတောင်နှင့် ချီလင်ကမ်းပါးပဋိပက္ခတွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က မည်သည့်ဘက်ကမှ မရပ်တည်ခဲ့ပေ။

သို့သော် ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်တွင် ဖြစ်ပွားခဲ့သော ဤတိုက်ပွဲတွင် မီးလျှံထက်ယံအရှင်သခင်က နေခြည်ဧကရာဇ်၏လှည့်စားခြင်းကို သေလုနီးပါးခံစားခဲ့ရလေရာ ထိုသူကိုလုံးဝ အလွတ်မပေးနိုင်သည်မှာ ထင်ရှားသည်။

မြေလွှာထဲတွင်နစ်မြုပ်နေသည့် နေခြည်ဧကရာဇ်၏ခန္ဓာကိုယ်အား တောက်ပသည့်မီးလျှံအလင်းတန်းတစ်ခု ဖြတ်သန်းသွားချိန် ရန်ကျောက်ကဲ၏မျက်နှာအမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။

‘ဝမ်ကျန်းချန်’  သေဆုံးမှုက အစမျှသာဖြစ်ပြီး အဆုံးသတ်မဟုတ်ခဲ့ပေ။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ချီးကျူးမှုအပြည့်ဖြင့် ရန်ကျောက်ကဲအား လှမ်းကြည့်လိုက်၏။

သူက အထက်ဘုံကမ္ဘာသို့ သွားရောက်ခဲသော်လည်း ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည်များက သူ့အတွက် လျှို့ဝှက်ချက်များ မဟုတ်ပေ။ လွန်ခဲ့သောနှစ်အနည်းငယ်က အထက်ဘုံကမ္ဘာတွင် ရန်ကျောက်ကဲ ဘာလုပ်ခဲ့ကြောင်း သူလည်း သတင်းကြားသိခဲ့သည်ပင်။

သို့သော် ရန်ကျောက်ကဲနှင့် အမှန်တကယ် တွေ့ဆုံရသည့်အခါ ထိုလူငယ်၏အမှန်တရားကို မျက်မြင်ကြုံတွေ့ခံစားခဲ့ရသည်။

အရင်ဆုံး ‘ဒြပ်စင်ငါးပါး နေဖမ်းစားအစီအရင်’ ကို ချိုးဖျက်ခဲ့ပြီး အမတခုံရုံးမှ အုပ်စိုးရှင် (၅)ပါးကို သတ်ဖြတ်ခဲ့သည်။

အကယ်၍ ရန်ကျောက်ကဲက အစီအရင်ကို အရင်ဆုံးချိုးဖျက်ပြီးမှ အုပ်စိုးရှင် (၅)ပါးကို သတ်ဖြတ်သည့်နည်းလမ်းကို အသုံးပြုခဲ့လျှင်ဖြစ်စေ ၊ ‘ဒြပ်စင်ငါးပါး နေဖမ်းစားအစီအရင်’ ကိုချိုးဖျက်ရန် အခြားအစီအရင်တစ်ခုကို အသုံးပြုခဲ့လျှင်ဖြစ်စေ ထိုမျှ အထင်ကြီးလောက်စရာဖြစ်မည် မဟုတ်ပေ။

သို့သော် ရန်ကျောက်ကဲက သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ရန်သူများကို တစ်ယောက်ချင်းရှင်းပစ်ပြီး အစီအရင်ကို ပျက်ဆီးသွားစေခဲ့သည်။

ထို့နောက် အချိန်တိုအတွင်းမျာပင် နေခြည်ဧကရာဇ် ၊ အနက်ရောင်ပိုးသားဧကရာဇ်နှင့် အမတခုံရုံးမှ ဟန်လေဧကရီ ‘ရွမ့်မင်ယန်’ တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့သည်။

ဤသည်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အား အမြင်ပြောင်းလဲသွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤ အုပ်စိုးရှင် (၃)ယောက် ပူးပေါင်းတိုက်ခိုက်ခြင်းက ‘ဒြပ်စင်ငါးပါး နေဖမ်းစားအစီအရင်’ ထက်ပင် ပိုမိုပြင်းထန်သောကြောင့်ဖြစ်၏။

ဟန်လေဧကရီ ‘ရွမ့်မင်ယန်’ က အမတခုံရုံးမှဖြစ်သော်လည်း သူမ၏အရည်အချင်းနှင့်သိုင်းစွမ်းက အတော်ဆုံးများထဲမှ တစ်ယောက်ဖြစ်သည်။ သူမ၏ တန်ခိုးစွမ်းအားက စန်းချင်း(၃)ပါး လမ်းမှန်တာအိုဝါဒမှ အုပ်စိုးရှင်များထက် နိမ့်ကျခြင်း မရှိပေ။

သူမသာ လမ်းမှန်တာအိုဝါဒအောက်တွင် ကျင့်ကြံခဲ့မည်ဆိုလျှင် စန်းချင်း(၃)ပါးအဆက်အနွယ်မှ အခြားသောနတ်ဘုရားများထက် များစွာသာလွန်ပေလိမ့်မည်။

အနက်ရောင်ပိုးသားဧကရာဇ်၏တန်ခိုးစွမ်းအားက ပိုးသားဧကရာဇ်နှစ်ခြမ်းမကွဲခင်အချိန်ကလောက် မြင့်မားခြင်းမရှိသော်လည်း သူ၏ ထိုက်ချင်အဆက်အနွယ် ကျင့်ကြံခြင်းစွမ်းအားက ထိပ်တန်းအဆင့်တွင် ရှိနေဆဲ ဖြစ်သည်။

သူက နှောင်းပိုင်းကောင်းကင် အခြေခံတန်ခိုးစွမ်းအား (၅)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော ကျိုင်းတံသိုင်းပညာကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသည်။ ထို့ကြောင့် ကနဦးကောင်းကင်နှင့် နှောင်းပိုင်းကောင်းကင်ပညာရပ်များကို ပေါင်းစပ်အသုံးပြုပြီး အလွန်နက်နဲသောအနေအထားတွင် ရှိနေခဲ့သည်။

နေခြည်ဧကရာဇ်ကတော့ အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော ကြေးမုံမှန်မီးအိမ်ကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ အားလုံးထဲတွင် စွမ်းအားအကြီးမားဆုံးဟု ဆိုနိုင်သည်။

သူ၏ ကြေးမုံမှန်မီးအိမ်မှ ကြေးမုံမှန်အလင်းတန်းထုတ်လွှတ်အသုံးပြုသည့်အခါ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်ပင် သူနှင့်တစ်ယောက်ချင်းတိုက်ခိုက်ရာတွင် အနိုင်ရရန် ယုံကြည်ချက် မရှိပေ။

ထို့ကြောင့် သူတို့ (၃)ယောက်ပေါင်းပြီးတိုက်ခိုက်မည်ဆိုပါက အသက်အန္တရယ်ပင် စိုးရိမ်ရနိုင်သည်။ သို့သော် သူတို့အားလုံး ရန်ကျောက်ကဲအား ရှုံးနိမ့်ခဲ့ကြသည်။

ရန်ကျောက်ကဲသာ တိုက်ပွဲတွင်ပါဝင်ခြင်းမရှိပါက တိုက်ပွဲရလဒ်က တစ်မျိုးပြောင်းသွားနိုင်ကြောင်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် နက်နက်ရှိုင်းရှိုင်းနားလည်ထားသည်။

နတ်ဘုရားတံခါးကိုဖွင့်လှစ်ထားသော အစစ်အမှန်နတ်ဘုရား အုပ်စိုးရှင် (၈)ပါးမှာ သိုင်းသူတော်စင်တစ်ယောက်လက်တွင် ကြွေလွင့်သွားကြရပေပြီ။

သူတို့ (၈)ယောက်မှ (၆)ယောက်ကို ရန်ကျောက်ကဲ သတ်ဖြတ်ခဲ့ပြီး ကျန် (၂)ယော်ကိကု သုတ်သင်ရှင်းလင်းရာတွင်လည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အနေဖြင့် များစွာလှုပ်ရှားရန် မလိုအပ်ခဲ့ပေ။

ရွမ့်မင်ယန်တို့အုပ်စုမှာ ရန်ကျောက်ကဲလက်ဖြင့် ကိုယ်တိုင်သတ်ဖြတ်ခြင်းမဟုတ်သော်လည်း ရန်ကျောက်ကဲစနက်ကြောင့် အသက်ပျောက်ခဲ့ရခြင်းဖြစ်သည်မှာ သံသယဝင်စရာ မရှိပေ။

ရွမ့်မင်ယန်တို့ (၆)ယောက် သိုင်းသူတော်စင်တစ်ယောက်လက်တွင် ဤသို့နှယ်သေဆုံးသွားကြမည်ဟု အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်ပင် မျှော်လင့်မထားခဲ့ပေ။

“ကြည့်ရတာ သူလုပ်နိုင်တဲ့အရာအတော်များတာပဲ”

ရန်ကျောက်ကဲကိုကြည့်ရင်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် တွေးလိုက်သည်။

“လူသားအထွတ်ထိပ်အဆင့်... ကြည့်ရတာ ဒါမျိုးကမှ တကယ့်လူသားအထွတ်ထိပ်အဆင့် ဖြစ်မယ်ထင်တယ်”

ဤလူငယ်သည် လူ့သမိုင်းတစ်လျှောက်တွင် အသန်မာဆုံး သိုင်းသူတော်စင်ဖြစ်နိုင်သည်။

အတိတ်တွင်လည်းမကြုံစဖူးဖြစ်သလို အနာဂတ်တွင်လည်း သူ့ကိုအမှီလိုက်နိုင်သူ ရှိမည်မဟုတ်ပေ။

‘ရန်ကျောက်ကဲ’ ဆိုသည်က အမှန်တကယ်ပင် ထူးခြားထင်ရှားသည့် ‘ထိပ်တန်းအရှင်သခင်’ တစ်ယောက် ဖြစ်ပေ၏။

All Chapters