နဂါးပြာကျောင်းတော်မှ ကျင့်ကြံသူများ
Vol. 59 Ch. 817
ယဲ့ချန်သည် ထိပ်တန်းမဟာမိတ်သို့ ဝင်ရောက်ခဲ့သော်လည်း ကိုယ့်ကိုကိုယ် အဖွဲ့ဝင်တစ်ယောက်ဟု အစစ်အမှန်သဘောမထားခြင်းမှာ သူ၏အင်အားစုက မည်သို့သော နေရာမျိုးဖြစ်ကြောင်း မသိသောကြောင့်ဖြစ်သည်။ မီတောက်မှတစ်ပါး အခြားလူများကို သူက မမြင်တွေ့ဖူးပေ။ သို့သော်လည်း တစ်ယောက်ယောက် ပြဿနာတက်နေပြီး ကောင်းကင်နတ်ဆိုးများ၏ အသတ်ခံရမည်ကိုမူ ထိုင်ကြည့်မနေနိုင်ချေ။
"ဆရာ တစ်ချက်လောက် သွားကြည့်ရအောင်"
ထို့နောက် သူနှင့် ခြင်္သေ့ကြီးသည် အလင်းတန်းနှစ်ခု အသွင်ပြောင်းကာ နာမည်ကတ်ပြားမှ ညွှန်ပြသော တည်နေရာသို့ ဦးတည်လိုက်သည်။ လမ်းတလျှောက်၌ ကောင်းကင်နတ်ဆိုးများက လမ်းပိတ်နေသောကြောင့် သွေးလမ်းခင်း၍ ထိုးဖောက်သွားရပြီး ဝိညာဥ်အသိစိတ်ဖြင့် အဝေးသို့ ထောက်လှမ်းလိုက်ကြသည်။ အဝေးရှိ ကြယ်တစ်ခုပေါ်တွင် ခရမ်းရောင်ဝတ်ရုံကိုယ်စီ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်စုသည် ကောင်းကင်နတ်ဆိုးများကြား ပိတ်မိနေပြီး ဝံပုလွေအုပ်၏ အမဲဖျက်ခြင်းခံနေရသော သားကောင်များပမာ တိုက်ခိုက်ခံနေရ၏။ လူရှစ်ယောက်တွင် မိန်းကလေးငါးယောက်နှင့် ယောက်ျားလေးသုံးယောက်ပါဝင်ပြီး နှစ်ယောက်က ဒဏ်ရာရထားကာ ကျန်ကျင့်ကြံသူများကလည်း ပင်ပန်းမောဟိုက်နေ၍ ကောင်းကင်နတ်ဆိုးများကို ခုခံနေရသည်။ အခြေအနေမကောင်းသောကြောင့် အန္တရာယ်များလွန်းနေပြီး ဒဏ်ရာရထားသူများ၏ကိုယ်တွင်းသို့ နတ်ဆိုးချီများ ကျူးကျော်ဝင်ရောက်နေကြသည်။ ကံကောင်းစွာဖြင့် ထိပ်တန်းမဟာမိတ်မှ အထူးဆေးလုံးများ ထုတ်လုပ်ပေးထားသောကြောင့် နတ်ဆိုးချီများကို တွန်းလှန်ကာ ဒဏ်ရာများ ပြန်လည်ကောင်းမွန်နေသည်။
"ဂိုဏ်းတူအမဝမ် ကောင်းကင်နတ်ဆိုးတွေက များလွန်းတယ်။ သူတို့အားလုံးကို မသတ်နိုင်ရင် ဘယ်လိုလုပ်ကြမလဲ"
ကလေးငယ်တစ်ယောက်ပမာ နုနယ်သော မျက်နှာပိုင်ရှင် မိန်းကလေးတစ်ယောက်က တေးသီငှက်ပမာ ချိုမြသော အသံလေးဖြင့် မေးလိုက်သော်လည်း စိုးရိမ်တကြီးဖြစ်နေခဲ့သည်။ ဤရှစ်ယောက်တွင် ရှုဝမ်အာဆိုသော မိန်းကလေးက ခေါင်းဆောင်ဖြစ်ပြီး ကျောက်စိမ်းပမာ ချောမွတ်သော အသားအရေကို ပိုင်ဆိုင်ထားကာ ဆံပင်ရှည်များကို စုစည်းထားသဖြင့် သူရဲကောင်းဆန်ဆန် လှပနေသည်။ သူမက အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်ဖြစ်ပြီး ဓားနှစ်လက်ကိုင်၍ ရန်သူများကို ခုခံနေရသည်။ သူမက လှပသော်လည်း ယဲ့ချန်၏ ဇနီးများနှင့်ယှဥ်လျှင် နိမ့်ကျသည်ဟု ဆိုနိုင်သည်။
မူလတွင် ဤကျင့်ကြံသူများက အုပ်စုကြီးတစ်ခုအဖြစ် ဝင်ရောက်ခဲ့ကြပြီး လေ့ကျင့်ရေးကွင်း၏ အနက်ပိုင်းသို့ ရောက်သောအခါ ကောင်းကင်နတ်ဆိုးအရေအတွက် နည်းပါးနေသဖြင့် အုပ်စုငယ်များအဖြစ် လူခွဲလိုက်ကြသည်။ သို့သော် ကောင်းကင်နတ်ဆိုးများစွာက ရုတ်တရက် ထွက်ပေါ်လာပြီး ရှူဝမ်အာ၏အဖွဲ့ကို ဝန်းရံတိုက်ခိုက်ခဲ့ကြသည်။
"ဂိုဏ်းတူအစ်ကိုလီဆီက ဘာသတင်းရသေးလဲ"
သူမက ရှေ့တက်လာသော ကောင်းကင်နတ်ဆိုးတစ်ယောက်ကို ဓားဖြင့် ခုတ်ပိုင်းနေရင်း မေးလိုက်ခြင်းဖြစ်သည်။
"မရဘူး။ အစ်ကိုလီတို့က အနက်ပိုင်းထဲအထိ ရောက်သွားပြီ"
ယုရွယ်အမည်ရသော ထိုမိန်းကလေးက ပြန်ဖြေလိုက်ပြီး ရှစ်ယောက်ကြားတွင် အငယ်ဆုံးဖြစ်သည်။ ပတ်ဝန်းကျင်၌ ကောင်းကင်နတ်ဆိုးအရေအတွက်က ခြောက်ရာကျော်ရှိသောကြောင့် သူတို့က အသက်ကယ်ဝှက်ဖဲများ ထုတ်သုံးထားသည့်တိုင်အောင် ခက်ခက်ခဲခဲ ခုခံနေရသည်။ ကောင်းကင်နတ်ဆိုးများကြားတွင် သွေးနီရောင် ကောင်းကင်နတ်ဆိုးတစ်ကောင်က ကျန်နတ်ဆိုးများကို အမိန့်ပေးနေခဲ့ကြောင်း ယဲ့ချန်က သတိထားမိလိုက်သည်။ ၎င်းက အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်ဖြစ်ပြီး သာမန်အဆင့်တူများထက် ပို၍သာလွန်ကာ ခန္ဓာကိုယ်ပတ်လည်၌ အချိန်လေဟာနယ်ရုန်းများ လည်ပတ်နေသောကြောင့် ကြယ်သခင်တစ်ယောက်ဖြစ်လာရန် တစ်လှမ်းသာ လိုနေခဲ့သည်။ ကျင့်ကြံသူရှစ်ယောက်က ချုံခိုတိုက်ခိုက်ခံရပုံပေါ်ပြီး သူတို့၏အပေါင်းအပါများက ပျောက်ကွယ်နေသည်။
ဤသို့ဆက်လက်တိုက်ခိုက်နေရလျှင် အကုန်အသတ်ခံလိုက်ရနိုင်သောကြောင့် ရှုဝမ်အာက မျက်နှာပျက်နေသည်။ လေ့ကျင့်ရေးကွင်းကို ထိပ်တန်းမဟာမိတ်က တည်ဆောက်ထားခြင်းဖြစ်သော်လည်း မဟာအကြီးအကဲများက ကျင့်စဥ်ဝင်နေကြပြီး နေ့စဥ် သေဆုံးမှုများရှိနေသဖြင့် လှုပ်ရှားပေးရန် မဖြစ်နိုင်ချေ။ သူတို့က သေဆုံးသွားလျှင် ပြဿနာမရှိသော်လည်း ကောင်းကင်နတ်ဆိုးများအဖြစ်ပြောင်းလဲသွားပါက ပို၍ဆိုးရွားသွားနိုင်သည်။
"ဘန်း ဘန်း ဘန်း"
ပြင်းထန်သော တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ရှုဝမ်အာတို့အဖွဲ့မှာ မီးစာကုန်ဆီခမ်း အခြေအနေသို့ ရောက်နေခဲ့သည်။ သူတို့၏ကာကွယ်ရေးအစီအရင် ပျက်စီးသွားချိန်တွင် ပုံရိပ်နှစ်ခုက ရုတ်တရက် ထွက်ပေါ်လာကာ တစ်ယောက်က အဖြူရောင်ဝတ် လူငယ်လေးတစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်က တစ်ကိုယ်လုံး ခရမ်းရောင်မီးတောက်များ လောင်ကျွမ်းနေသည့် ခြင်္သေ့ကြီးတစ်ကောင် ဖြစ်သည်။
"လာရောက်ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နဂါးပြာကျောင်းတော်ရဲ့တပည့် ရှုဝမ်အာက ကျေးဇူးပြန်ဆပ်ပါမယ်"
ထိုပုံရိပ်နှစ်ခု၏ အရှိန်အဝါကြောင့် အားလုံးက မင်သက်နေကြပြီး ရှုဝမ်အာက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ယဲ့ချန်တို့က ရပ်တန့်မရနိုင်ဟန်ဖြင့် ပြေးဝင်လာကြပြီး ဆည်းဆာဓားချက်များ ထွက်ပေါ်လာချိန်၌ သေမင်းက တံစဥ်ဖြင့် ရိတ်သိမ်းလိုက်သကဲ့သို့ ရန်သူများစွာ သုတ်သင်ခံလိုက်ရသည်။ ခြင်္သေ့ကြီးရောက်သော နေရာတိုင်း၌ မီးတောက်များ လောင်ကျွမ်းနေပြီး ရန်သူများက ပြာဖြစ်သည်အထိ မီးရှို့ခံလိုက်ရ၏။
"သူတို့က သန်မာလိုက်တာ"
ယုရွယ်က ပါးစပ်အဟောင်းသားဖြစ်နေပြီး တအံ့တသြ ရေရွတ်လိုက်မိသည်။ ထိပ်တန်းမဟာမိတ်၏ နတ်အစေခံများကြားတွင် အစွမ်းအထက်ဆုံးပါရမီရှင် ဆယ်ယောက်ရှိကာ အသန်မာဆုံးက အချိန်လေဟာနယ်အဆင့်လေးကို နားလည်ထားပြီး ကျန်ကျင့်ကြံသူများကလည်း ကြယ်သခင်အဆင့်မတက်ခင် အနိမ့်ဆုံး အဆင့်နှစ်အထိ ဆင်ခြင်ထားခဲ့ကြသည်။ ယဲ့ချန်နှင့် ခြင်္သေ့ကြီး ပြသနေသော ခွန်အားအရ ထိုဆယ်ယောက်အောက် နိမ့်ကျစရာအကြောင်း လုံးဝမရှိပေ။ ရှုဝမ်အာသည်လည်း နောက်ဆုံးတွင် အသက်ဘေးမှ ကယ်တင်ခံရပြီဖြစ်သောကြောင့် မျက်လုံးများ တောက်ပနေကြသည်။
ယဲ့ချန်သည် ဆည်းဆာနတ်ဓားကို ဆွဲကိုင်ထားရင်း သွေးနီရောင် ကောင်းကင်နတ်ဆိုးထံ ချီတက်သွားကာ သတ်ဖြတ်ချင်နေခဲ့သည်။ သို့သော် သူက ယဲ့ချန်ကို လေးနက်စွာစိုက်ကြည့်ပြီး အနီရောင် အလင်းတစ်ခုအသွင်ဖြင့် ထွက်ပြေးသွားခဲ့သည်။
"ဘယ်ပြေးမလို့ စဥ်းစားနေတာလဲ"
ယဲ့ချန်က အော်ဟစ်ကြုံးဝါးရင်း ဓားကိုမြှောက်ကာ အားကုန်ခုတ်ပိုင်းလိုက်သောကြောင့် အနက်ရောင် ဓားအလင်းတစ်ခု ပြေးထွက်သွားသည်။ ထိုအချိန်၌ သွေးနီရောင် ကောင်းကင်နတ်ဆိုးကို ကာကွယ်ရန်အတွက် ကျန်နတ်ဆိုးများက ဓားချက်ရှေ့သို့ အတားအဆီးမရှိ ခုန်ဝင်လာကြသည်။ သူတို့က ဓားချက်ကြောင့် တဘန်းဘန်း ပြတ်ထွက်သွားချိန်တွင် ပစ်မှတ်က ပျောက်ကွယ်သွားသောကြောင့် သူက အံ့သြနေခဲ့သည်။ ထိုနတ်ဆိုး၏အဆင့်အတန်းကို သူ မသိသော်လည်း ကောင်းကင်နတ်ဆိုးများစွာက အသက်ပေး၍ ကာကွယ်လိုနေသောကြောင့် အနာဂတ်၌ သတိထားရန် လိုအပ်နေခဲ့သည်။ ကျန်တစ်ဖက်တွင် ခြင်္သေ့ကြီး၏ မီးတောက်များကြောင့် ရာချီသော ရန်သူများ ပြာကျသွားခဲ့သည်။ ခေါင်းဆောင်ဖြစ်သူ ထွက်ပြေးသွားသောအခါ ကျန်နတ်ဆိုးများကလည်း ခြေဦးတည့်ရာ ထွက်ပြေးသွားသဖြင့် တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။
"အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နာမည်လေး သိခွင့်ရမလား"
ရှုဝမ်အာ၏ မျက်လုံးများတွင် ကျေးဇူးတင်ရိပ်များ ထင်ဟပ်နေကာ လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။
"ချန်ရဲ"
"ငါ့ကို ခြင်္သေ့ကြီးလို့ ခေါ်နိုင်ပါတယ်"
ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ပေါ့ပေါ့ပါးပါးဖြေနေစဥ် ကျန်ခုနစ်ယောက်ကလည်း ကျေးဇူးတင်ကြောင်း ပြောလာကြသည်။
"မိတ်ဆွေတို့နှစ်ယောက်က ဘယ်သွားကြမလို့လဲ"
ရှုဝမ်အာက စပ်စုလိုက်သည်။
"မင်း အချက်ပြတာကို တွေ့လိုက်လို့ လာကူညီပေးတာပါ"
ယဲ့ချန်က လက်အတွင်းမှ နာမည်ကတ်ကို ထုတ်ပြလိုက်သည်။
"ဒါဆိုရင် နဂါးပြာကျောင်းတော်ရဲ့ တပည့်တွေပဲပေါ့"
သူ၏အဖြေကြောင့် ကျင့်ကြံသူရှစ်ယောက်က စိတ်အေးလက်အေး ဖြစ်သွားကြသည်။
"ဂိုဏ်းတူအစ်ကိုချန်က ဘယ်အချိန်တုန်းက အဖွဲ့ထဲကို ဝင်ခဲ့တာလဲ"
တစ်ယောက်က မေးလိုက်သည်။
"ဟုတ်ပါ့။ ငါတို့လည်း ဂိုဏ်းတူအစ်ကိုချန်အကြောင်း မကြားဖူးကြဘူး"
ယုရွယ်က ထောက်ခံလိုက်သည်။ အကယ်၍ ယဲ့ချန်သာ နဂါးပြာကျောင်းတော်အတွင်း ဝင်ရောက်သွားသည်မှာ အချိန်ကြာမြင့်နေပြီဆိုလျှင် သူတို့က ကြားဖူးရပေလိမ့်မည်။ သူနှင့် ခြင်္သေ့ကြီး၏ခွန်အားအရ လေ့ကျင့်ရေးကွင်းအတွင်း နာမည်တစ်ခု ချန်ထားရစ်ရန် အလွန်လွယ်ကူနေသည်။
"သိပ်မကြာသေးဘူး"
ယဲ့ချန်သည် သွေးနီရောင်ကောင်းကင်နတ်ဆိုးက ထွက်ခွာသွားရမည့်အစား စောင့်ကြည့်နေကြောင်း ခံစားနေရသဖြင့် ပတ်ဝန်းကျင်ကို သတိကြီးကြီးနှင့် စောင့်ကြည့်နေခဲ့သည်။
"မင်းတို့ ဘယ်သွားကြမှာလဲ။ အပြင်ပြန်ထွက်မှာလား"
ယဲ့ချန်က မေးလိုက်သည်။ ရှုဝမ်အာသည် ယဲ့ချန်နောက်သို့ လိုက်ပါလိုသော်လည်း သူတို့၏ခွန်အားအရ ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို နားလည်ထားခဲ့သည်။ တစ်ဖက်လူက လေ့ကျင့်ရေးကွင်းအတွင်း နေရာတစ်ခုယူရန်အတွက် တိုက်ခိုက်ရဦးမည်ဖြစ်သောကြောင့် သူတို့ကို ကာကွယ်ပေးရန် အချိန်မရှိချေ။
"မင်းတို့ကို လုံခြုံတဲ့နေရာ လိုက်ပို့ပေးရမလား"
တစ်ဖက်လူ၏ တုံ့ဆိုင်းနေသော အမူအရာကြောင့် ယဲ့ချန်က တစ်ချက်စဥ်းစား၍ ဆုံးဖြတ်ပေးလိုက်သည်။
"အစ်ကိုချန်ကို တစ်ခုလောက် အကူအညီတောင်းချင်ပါတယ်။ အစ်ကိုနဲ့ ခြင်္သေ့ကြီးက လေ့ကျင့်ရေးကွင်း အနက်ပိုင်းကို သွားကြမယ်ထင်တယ်။ ကျွန်မတို့ကို ဂိုဏ်းတူအစ်ကိုလီနဲ့ တွေ့တဲ့အထိ လိုက်ပို့ပေးပါ။ ဒီကနေ နည်းနည်းလောက်ဆက်သွားရင် သူတို့ကို တွေ့လောက်ပါတယ်"
ရှုဝမ်အာက အကူအညီတောင်းလိုက်သည်။
"ကောင်းပြီ"
ယဲ့ချန်က ခေါင်းညိတ်၍ သဘောတူလိုက်သဖြင့် ရှစ်ယောက်လုံး ဝမ်းသာနေကြသည်။ အကယ်၍ ယဲ့ချန်၏ကာကွယ်မှုသာ မရှိလျှင် သူတို့က ဤကြယ်သေပေါ်၌ တစ်ချိန်လုံး ပုန်းအောင်းနေရပေလိမ့်မည်။
"သွားကြစို့"
ယဲ့ချန်က အားလုံးကို ဦးဆောင်ပြီး လေ့ကျင့်ရေးကွင်း၏ အနက်ပိုင်းသို့ ဦးတည်ထွက်ခွာလိုက်သည်။
"မင်းတို့အုပ်စုက လူအရေအတွက် ဘယ်လောက်ရှိလဲ"
ယဲ့ချန်သည် ဆည်းဆာနတ်ဓားဖြင့် လမ်းတလျှောက်ရှိ ကောင်းကင်နတ်ဆိုးအားလုံးကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပိုင်းလိုက်သည်။ ရှုဝမ်အာတို့က ယဲ့ချန်ကို အားကျသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ သူက အလွန်အစွမ်းထက်ပြီး ဂိုဏ်းတူအစ်ကိုလီအောက် မနိမ့်သည့်အပြင် ခြင်္သေ့ကြီးကလည်း အားနည်းပုံမရချေ။
"အစကတော့ အယောက်တစ်ရာကျော်ရှိပြီး အစ်ကိုလီက ခေါင်းဆောင်ပါတယ်။ သူက နဂါးပြာကျောင်းတော်ရဲ့ ထိပ်ဆုံးပါရမီရှင်သုံးယောက်မှာ ပါဝင်ပြီး လေ့ကျင့်ရေးကွင်းမှာ အဆင့်ခြောက်ဖြစ်တယ်။ သူက အချိန်လေဟာနယ် အဆင့်သုံးကို နားလည်ထားပေမယ့် အဆင့်လေးကိုရောက်ဖို့ ကြိုးစားနေတယ်။ ကျောင်းတော်သခင်က သူ့အတွက် ကြယ်တစ်လုံး စီစဥ်ပေးပြီး ကြယ်သခင်အဆင့်တက်စေချင်ပေမယ့် သူက ငြင်းပယ်ခဲ့တယ်"
ယဲ့ချန်က နဂါးပြာကျောင်းတော်အကြောင်း များစွာသိပုံမရသောကြောင့် ရှုဝမ်အာက ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်သည်။
"သြော် သူက အဆင့်သုံးအထိ နားလည်ထားတာလား"
ယဲ့ချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အစ်ကိုလီဆိုသူက အနာဂတ်၌ ပို၍အစွမ်းထက်လာစေရန်အတွက် ကြယ်သခင်အဆင့်သို့ မတက်ခဲ့ပေ။ အချိန်လေဟာနယ်အဆင့် ပိုမြင့်လေလေ အနာဂတ်၌ အကျိုးသက်ရောက်မှု ပိုမြင့်လေလေ ဖြစ်သောကြောင့် ယဲ့ချန်သည် အချိန်လေဟာနယ် အဆင့်တစ်ကို နားလည်ရန် ကြိုးစားကြည့်ချင်နေခဲ့လေသည်။