နောက်ယောင်ခံလိုက်လာသူ
Vol. 59 Ch. 818
"ယဲ့ချန် ကောင်းကင်နတ်ဆိုးခေါင်းဆောင်က လိုက်လာတယ်လို့ ခံစားနေရတယ်။ ဘယ်နေရာဆိုတာကိုတော့ ငါ မသိဘူး"
ခြင်္သေ့ကြီးက ယဲ့ချန်ကို အသံချင်းဆက်သွယ်၍ သတိပေးလိုက်သည်။ ယဲ့ချန်သည်လည်း အာရုံခံမိသောကြောင့် ခေါင်းညိတ်လိုက်သည်။ ထိုနတ်ဆိုးက အဆင့်တစ်ဆယ် နတ်အစေခံဖြစ်ပြီး သန္ဓေပြောင်းနေသော်လည်း အဆင့်တူတစ်ယောက်ကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ယုံကြည်သော ယဲ့ချန်အတွက် မမှုလောက်ပေ။ ရှုဝမ်အာနှင့် အဖွဲ့က သူတို့နှင့်အတူ လေ့ကျင့်ရေးကွင်းအနက်ပိုင်းသို့ လိုက်လာကြပြီး နာရီဝက်အကြာ၌ သူမ၏စကားသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"အစ်ကိုလီဆီကနေ ဆက်သွယ်လာပြီ"
ကျန်ကျင့်ကြံသူများကလည်း ပျော်ရွှင်သွားပြီး ခဏအကြာ၌ အဝေးရှိ အမှောင်ထုအတွင်းမှ ကျင့်ကြံသူတစ်ဖွဲ့ ထွက်ပေါ်လာကြသည်။ ထိုအဖွဲ့၌ အယောက်တစ်ရာကျော်ပါဝင်ပြီး တစ်ဦးချင်းစီက အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသောကြောင့် နောက်ခံကောင်းကောင်းရှိကြောင်း ပေါ်လွင်နေသည်။ ခေါင်းဆောင်လာသူက ခရမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော သန်မာသည့် လူငယ်တစ်ယောက်ဖြစ်ကာ သူရဲကောင်းဆန်မှုနှင့်အတူ မောက်မာမှုက ထွက်ပေါ်နေသည်။ ရှုဝမ်အာတို့ကို မြင်သောအခါ သူက ချက်ချင်းဆင်းသက်လာခဲ့ပြီး သူမကို ကြင်နာစွာ ကြည့်နေခဲ့သည်။
"ဝမ်အာ မင်းတို့ ဘယ်ရောက်နေကြတာလဲ။ ငါတို့က လိုက်ရှာနေခဲ့တာ"
လီရိက ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ရှုဝမ်အာကို ကြင်နာစွာ မေးလိုက်ခြင်းဖြစ်သည်။ သူ၏အကြည့်က မောက်မာသောကြောင့် ယဲ့ချန်သည် တစ်ဖက်လူက ဂိုဏ်းတူအစ်ကိုလီဖြစ်ကြောင်း နားလည်လိုက်သည်။ သူက လီရိကို လျစ်လျူရှု၍ တစ်ဖွဲ့လုံးကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ပါရမီရှင်များဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ အနိမ့်ဆုံး ကျင့်ကြံသူက နတ်အစေခံအဆင့်ရှစ်ဖြစ်ပြီး ရုပ်ခန္ဓာမှ ထွက်ပေါ်နေသော အရှိန်အဝါက သာမန်ကျင့်ကြံသူများထက် သာလွန်နေသည်။ ထိပ်တန်းမဟာမိတ်သည် ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းတွင် အသန်မာဆုံးဖြစ်နေရသည်မှာ အကြောင်းအရင်းရှိပြီး သန်မာသူများမဟုတ်လျှင် အဖွဲ့ဝင် ဖြစ်ခွင့်ရမည် မဟုတ်ပေ။
"အစ်ကိုလီ ငါတို့က မတော်တဆ လူကွဲသွားပြီး ကောင်းကင်နတ်ဆိုးတွေ ဝိုင်းတိုက်ခိုက်တာကို ခံခဲ့ရတယ်။ ကံကောင်းတာက ငါတို့ကိုကူညီဖို့ ခြင်္သေ့ကြီးနဲ့ အစ်ကိုချန်က ရောက်လာခဲ့တယ်။ သူကလည်း နဂါးပြာကျောင်းတော်ကို သိပ်မကြာခင်က ဝင်ရောက်ခဲ့တယ်"
ရှုဝမ်အာက မိတ်ဆက်ပေးလိုက်သည်။
"ဒီလိုလား။ ကျေးဇူးတင်ပါတယ်။ မင်းတို့နှစ်ယောက်ကလည်း အဖွဲ့တူချင်းဖြစ်နေမယ်လို့ မထင်ထားဘူး။ ဘယ်သူက မင်းတို့ကို လက်ခံခဲ့တယ်ဆိုတာကို သိပါရစေ"
လီရိသည် ယဲ့ချန်တို့ကို အကဲခတ်လိုက်ပြီး စွမ်းအားကို ခန့်မှန်းနေဟန်ဖြင့် မျက်လုံးများ တောက်ပနေခဲ့သည်။
"မီတောက်"
ယဲ့ချန်က တစ်လုံးချင်း ဖြေလိုက်သည်။ လီရိ၏အကြည့်က ဖော်ရွေပုံမရသောကြောင့် သူကလည်း ခပ်တင်းတင်း တုံ့ပြန်လိုက်၏။
"ဒါဆိုရင် သခင်မီတောက်ပေါ့"
လီရိက ပို၍ယဥ်ကျေးလာပုံပေါ်သည်။ ယဲ့ချန်သည် သူ၏အပြောင်းအလဲကို သတိထားမိသဖြင့် စိတ်ပျက်သွားခဲ့သည်။ သူက တစ်ဖက်လူ၏ ခန္ဓာကိုယ်ထက်တွင် အလွန်ပူလောင်သော၊ အေးစက်သော၊ ထက်ရှသော အချိန်လေဟာနယ်သုံးမျိုး လှည့်ပတ်နေသည်ကို အာရုံခံနိုင်ခဲ့သည်။
"ညီအစ်ကိုချန်က သန်မာမယ် ထင်တယ်။ အနာဂတ်ကျရင် လက်ရည်ချင်း ဖလှယ်ရအောင်။ မင်းတို့ကို လမ်းညွှန်ပြသဖို့အတွက် ဘယ်တော့မှ မတုံ့ဆိုင်းပါဘူး"
လီရိက လက်နှစ်ဖက်ဆုပ် လိုက်သော်လည်း အထက်စီးမှ ပြောလိုက်သည်။
"မင်းက နဂါးပြာကျောင်းတော်ရဲ့ ပါရမီရှင်တွေထဲမှာ ထိပ်ဆုံးသုံးယောက် ဝင်တယ်ဆိုတာ အမှန်လား"
ယဲ့ချန်သည် တစ်ဖက်လူ၏ သဘောထားကို သဘောမကျသောကြောင့် ခပ်မာမာ တုံ့ပြန်လိုက်သည်။
"ဟား ဟား ဒါက သူများတွေ မျက်နှာသာပေးလို့ပါ"
လီရိက မောက်မာစွာ ရယ်မောလိုက်သည်။
"အနာဂတ်မှာ မင်းနဲ့ ယှဥ်ပြိုင်ရမယ်ဆိုရင် စော်ကားတယ်လို့ သဘောမထားပါနဲ့"
ယဲ့ချန်၏စကားကြောင့် လီရိ၏မျက်နှာက အေးခဲသွားပြီး ရူးနေခြင်းဖြစ်ရမည်ဟု သတ်မှတ်လိုက်သည်။ သူက ယဲ့ချန်ထံမှ အချိန်လေဟာနယ်ရုန်းများ စီးဆင်းနေသည်ကို မခံစားမိသောကြောင့် နားမလည်သေးကြောင်း သိသာနေသည်။ ဤသို့သော အဖွဲ့ဝင်တစ်ယောက်က သူ့ကို စိန်ခေါ်လိုသည်မှာ ဟာသတစ်ခု ဖြစ်နေခဲ့သည်။ အချိန်လေဟာနယ်ရုန်းတစ်ခုပင် နားမလည်နိုင်သေးသူက သူ့ကို ယှဥ်ပြိုင်မည်ဟုဆိုခြင်းက ကိုယ့်ကိုကိုယ် အထင်ကြီးဖြစ်ပေသည်။ အကယ်၍ တိုက်ခိုက်ရမည်ဆိုလျှင် အချိန်လေဟာနယ်ရုန်း၏ စွမ်းအားကို သူက ယဲ့ချန်အား မြည်းစမ်းခွင့်ပေးရပေလိမ့်မည်။ ရှုဝမ်အာသည် ပတ်ဝန်းကျင်မှ တင်းမာမှုကို သတိထားမိသောကြောင့် စတင်စိုးရိမ်လာခဲ့သည်။ လီရိက ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သောကြောင့် မာနကြီးကာ သူများကို အထင်သေးတတ်သည်။ ဤအထင်သေးမှုကို ယဲ့ချန်ကလည်း သတိထားမိသောကြောင့် တင်းတင်းမာမာ တုံ့ပြန်လာပုံရသည်။
"ဝမ်အာ သွားကြစို့"
"မင်းက ငါ့ကို စိန်ခေါ်ချင်ရင် လေ့ကျင့်ရေးကွင်းရဲ့ ထိပ်တန်းတစ်ရာစာရင်းကို အရင်ဝင်အောင် ကြိုးစားလိုက်"
လီရိက ယဲ့ချန်ကို လှောင်ပြုံးတစ်ချက်ပြုံးကာ စိန်ခေါ်လိုက်သည်။
"အစ်ကိုချန် အစ်ကိုလီက မကောင်းတဲ့သဘောနဲ့ ပြောတာ မဟုတ်ပါဘူး"
ရှုဝမ်အာက ဝင်ရောက်ဖြန်ဖြေရန် ကြိုးစားလိုက်သည်။
"မင်းတို့ကို သွားချင်တဲ့နေရာအထိ လိုက်ပို့ပေးပြီးပြီဆိုတော့ သွားခွင့်ပြုပါဦး"
"ဆရာခြင်္သေ့ သွားကြစို့"
ယဲ့ချန်က လေ့ကျင့်ရေးကွင်း၏ အနက်ပိုင်းသို့ ခြင်္သေ့ကြီးနှင့်အတူ ဆက်လက်ထွက်ခွာသွားခဲ့သည်။ ရှုဝမ်အာတို့အုပ်စုသည် ထွက်ခွာသွားသော ပုံရိပ်နှစ်ခုအပေါ် အားတုံ့အားနာ ဖြစ်နေခဲ့သည်။ လီရိသည် အခြားလူများကို အထက်စီးမှ စကားပြောလေ့ရှိပြီး ယဲ့ချန်သည်လည်း မဟုတ်မခံစိတ်ရှိသောကြောင့် ထိပ်တိုက်ရင်ဆိုင်မိသည်က ပုံမှန်သာဖြစ်သည်။
"ဒီကောင်က ဘယ်သူလဲ။ လေ့ကျင့်ရေးကွင်းရဲ့ ထိပ်တန်းတစ်ရာကိုတောင် မရောက်သေးဘဲနဲ့ အစ်ကိုလီကို စိန်ခေါ်ချင်နေတယ်။ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ"
လီရိ၏ဝမ်းကွဲဖြစ်သော လီချင်ဆိုသူက ကဲ့ရဲ့လိုက်ခြင်း ဖြစ်သည်။
"မှန်တယ်။ သူက အချိန်လေဟာနယ် ရုန်းတစ်ခုကိုတောင် နားမလည်နိုင်သေးဘူး"
လီရိ၏အပေါင်းအပါများက ဝိုင်းဝန်းထောက်ခံနေကြသဖြင့် ယုရွယ်က ခွန်းတုံ့ပြန်ရန် ပြင်လိုက်သော်လည်း ရှုဝမ်အာက တားမြစ်လိုက်သည်။ ဤလူများနှင့် ငြင်းခုံနေပါက အသုံးမဝင်သည့်အပြင် အက်ကြောင်းများကိုပင် ပို၍ကြီးမားလာစေလိမ့်မည်။ ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏ အင်အားက သူတို့ကို ဖိနှိပ်နိုင်မည်ဟု သူမက အခိုင်အမာ ယုံကြည်ထားသည်။
"လေ့ကျင့်ရေးကွင်းကို ရောက်နေတာ သုံးရက်ပြည့်ပြီဆိုတော့ မကြာခင် ထွက်သွားရတော့မယ်။ လူတိုင်းကို ပြန်စုစည်းပြီးပြီဆိုတော့ ပြဿနာမရှိဘူး။ အချိန်ပြည့်ရင် ထွက်သွားကြမယ်"
လီရိက အေးစက်စက် အမိန့်ပေးလိုက်ပြီး နေ့တစ်ဝက်အကြာတွင် တစ်ယောက်ပြီးတစ်ယောက် အပြင်ထွက်သွားကြသည်။
လေ့ကျင့်ရေးကွင်းအတွင်းရှိ ကြယ်သေတစ်ခုပေါ်တွင် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးများကို သတ်ဖြတ်နေကြပြီး အလယ်ပိုင်းသို့ နီးကပ်လာလေလေ ၎င်းတို့က အစွမ်းထက်လေလေဖြစ်ကာ အချို့ဆိုလျှင် အချိန်လေဟာနယ်ရုန်းများကိုပင် ထိန်းချုပ်နိုင်ကြသည်။ နတ်အစေခံ အဆင့်တစ်ဆယ်ကို ရောက်ပြီးလျှင် ကျင့်ကြံသူတစ်ယောက်သည် ထိုနိယာမအပေါ် ပို၍နက်ရှိုင်းစွာ နားလည်လာခဲ့ပြီး ရုပ်ခန္ဓာထက်၌ လည်ပတ်နေသော အချိန်လေဟာနယ်ရုန်းများမှတဆင့် အစွမ်းထက်အင်အားကို ထုတ်ဖော်နိုင်သည်။ သို့သော်လည်း သူက ကြယ်သခင်အဆင့်သို့ ရောက်လာလျှင် ထိုစွမ်းအားကို စုပ်ယူပြီး ကောင်းကင်နှင့် လူ တစ်သားတည်းဖြစ်သည့် အဆင့်ကို ကျင့်ကြံရန် လိုအပ်သည်။ ကောင်းကင်နတ်ဆိုးများသည်လည်း လူသားများကဲ့သို့ ကျင့်ကြံနိုင်ပြီး အချိန်လေဟာနယ်ရုန်းများကို ဆင်ခြင်နိုင်ကြသည်။ ကွာခြားသည်မှာ သူတို့က အဆင့်နှစ်မျိုးနွယ်ဖြစ်သောကြောင့် ထုတ်ဖော်နိုင်သည့် စွမ်းအားက သာမန်လူထက် များစွာသာလွန်သည်။ နတ်ဆိုးအားလုံးနီးပါးပင် နှစ်ပေါင်းများစွာ ကျင့်ကြံပြီးလျှင် ကြယ်သခင်အဆင့် ရောက်နိုင်ကာ ထိုအဆင့်ထက်ပင် ကျော်လွန်နိုင်ကြသည်။
ကျန်တစ်ဖက်တွင် လူသားများ၏ရုပ်ခန္ဓာက အကန့်အသတ်ရှိသောကြောင့် အယောက်တစ်ဘီလီယံမှ တစ်ယောက်သာ ကြယ်သခင် ဖြစ်နိုင်သည်။ ထို့အပြင် ကြယ်သခင်အဆင့်က လူသားရုပ်ခန္ဓာရောက်နိုင်သော နောက်ဆုံးအဆင့်ဖြစ်ကာ ပိုမိုတိုးတက်ချင်လျှင် ၎င်းကိုစွန့်ပစ်၍ အဆင့်နှစ်မျိုးနွယ်၏ရုပ်ခန္ဓာကို ဖန်တီးရသည်။ ယဲ့ချန်၏ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာက အဆင့်တစ်ရုပ်ခန္ဓာ အစစ်အမှန်မဟုတ်သော်လည်း အဆင့်နှစ်မျိုးနွယ်ထက် ပို၍သန်မာသောကြောင့် ကျင့်ကြံရာ၌ ထူးခြားသာလွန်နေသည်။ လေ့ကျင့်ရေးကွင်း၌ သူက ကောင်းကင်နတ်ဆိုးများကို တိုက်ခိုက်ရင်း အချိန်လေဟာနယ်ရုန်းကို ဆင်ခြင်နေသည်။ ၎င်းကို ဖမ်းဆုပ်နိုင်ရန် ခက်ခဲသော်လည်း သူက တစ်ခုခုကို အာရုံခံနိုင်ခဲ့ပြီး ဟင်းလင်းပြင်အတွင်း ရောင်စုံအလင်းတန်းများ ဖြတ်သန်းနေသည်ကို မြင်နိုင်လာခဲ့သည်။ ၎င်းကို ကျင့်ကြံရန်အတွက် အလွန်ခက်ခဲသော်လည်း အစစ်အမှန် ဖြစ်ပေသည်။ ၎င်းကို အာရုံခံမိပြီးနောက် သူ၏ရုပ်ခန္ဓာက စကြဝဠာအတွင်းမှ နတ်ဘုရားတစ်ပါးပမာ မျောလွင့်နေသည်ကို ခံစားလာရသည်။ နာရီအနည်းငယ်အကြာတွင် သူက ကောင်းကင်နတ်ဆိုးများကို ရူးရူးမူးမူး သတ်ဖြတ်နေရင်း ခွန်အားက ဖြည်းဖြည်းချင်း တိုးတက်လာနေသည်။ ရန်သူများက စိတ်လွတ်နေဟန်ဖြင့် သူတို့ထံ ကြောက်လန့်ခြင်းမရှိ ပြေးဝင်လာနေကာ ရပ်တန့်သွားခြင်း မရှိပေ။
"ယဲ့ချန် ဒီကောင်တွေက နည်းနည်းထူးဆန်းနေတယ်။ ကြည့်ရတာ နောက်ကွယ်မှာ တစ်ယောက်ယောက်က ကြိုးကိုင်နေပုံရတယ်။ သူတို့က ငါတို့ခွန်အားကို မောပန်းအောင်လုပ်ပြီး အားနည်းချက်ဖြစ်အောင် လုပ်ချင်နေကြတယ်။ ငါ့မှာ သေးပေါက်ချိန်တောင် မရအောင် တိုက်ခိုက်နေရတယ်"
ခြင်္သေ့ကြီးက စိတ်ပျက်လက်ပျက် ညည်းညူလိုက်သော်လည်း ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကြောင့် မောပန်းခြင်း မရှိပေ။
"ကျုပ်လည်း သတိထားမိတယ်"
ယဲ့ချန်က ခေါင်းညိတ်၍ ပတ်ဝန်းကျင်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။ သူ၏စိတ်အတွင်း အခြားနတ်ဆိုးများနှင့် ကွဲပြားသော သွေးနီရောင်ကောင်းကင်နတ်ဆိုး ထွက်ပေါ်လာသည်။ ကျန်နတ်ဆိုးများက အသိဉာဏ်နိမ့်ပြီး ၎င်းက မတူကွဲပြားနေကာ သူတို့အား နောက်ယောင်ခံလိုက်နေသူ သေချာပေါက် ဖြစ်ပေလိမ့်မည်။