← Chapters

အဆင့်စာရင်းအတွင်း ဝင်ရောက်ခြင်း

Vol. 59 Ch. 819

အဆင့်စာရင်းအတွင်း ဝင်ရောက်ခြင်း

Vol. 59 Ch. 819

ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ကောင်းကင်နတ်ဆိုးများကို သတ်ဖြတ်နေစဥ် ကောင်းကင်ထက်မှ ကျောက်စိမ်းစာလိပ်တစ်ခု ကျဆင်းလာကာ ရှေ့မှောက်တွင် ရပ်တန့်သွားခဲ့သည်။ ၎င်းက သလင်းကျောက်ပမာ ကြည်လင်နေပြီး အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်နေသော်လည်း ဗလာဖြစ်နေခဲ့သည်။

"ဒီလောက်အကြာကြီးနေမှ ဒီစာလိပ်က ရောက်လာတော့တယ်"

လေ့ကျင့်ရေးကွင်း၏ ထိပ်တန်းတစ်ရာအတွင်း ဝင်ရောက်သွားလျှင် နာမည်ကို မှတ်တမ်းတင်ရန်အတွက် ၎င်း ရောက်ရှိလာမည်ဖြစ်ကြောင်း သိထားသော ယဲ့ချန်က ရေရွတ်လိုက်သည်။ သူ၏နာမည်က ကျောက်စိမ်းစာလိပ်မှတဆင့် ဝင်ပေါက်ရှိ ကျောက်ပြားထက်တွင် ပေါ်လာမည်ဖြစ်ကာ အင်အားစုတိုင်း၏ အာရုံကို ဆွဲဆောင်သွားပေလိမ့်မည်။ သူက လက်ချောင်းဖြင့် ၎င်းအထက်တွင် ချန်ရဲဆိုသော နာမည်ကို ရေးထိုးလိုက်သည်။ အချိန်ခဏအကြာတွင် ခြင်္သေ့ကြီးရှေ့သို့လည်း နောက်ထပ်စာလိပ်တစ်ခု ရောက်လာသောကြောင့် နာမည်ကို ပေါ့ပေါ့ပါးပါး ရေးထိုးလိုက်သည်။ ထို့နောက် စာလိပ်နှစ်ခုလုံးက ဟင်းလင်းပြင်အနက်ပိုင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

လီချင်သည် လေ့ကျင့်ရေးကွင်း၏ ဝင်ပေါက်တွင် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေစဥ် ကျောက်စာကို အမှတ်မထင် ကြည့်မိလိုက်သည်။ စာရင်း၏အောက်ခြေတွင် ထွက်ပေါ်လာသော နာမည်နှစ်ခုကြောင့် သူက ထိတ်လန့်သွားကာ ခြင်္သေ့ကြီးနှင့် ယဲ့ချန်က ထိပ်တန်းတစ်ရာအတွင်း အမှန်တကယ် ဝင်ရောက်လာမည်ဟု ထင်မထားခဲ့ပေ။

"အစ်ကိုကြီး ချန်ရဲနဲ့ ဟိုခြင်္သေ့က ထိပ်တန်းတစ်ရာထဲကို ရောက်နေပြီ"

လီချင်က လီရိထံ အသံဖြင့် ဆက်သွယ်ကာ သတင်းပို့လိုက်သည်။ တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေသော လီရိက ဝိညာဥ်အသိစိတ်ဖြင့် ကျောက်စာကို စစ်ဆေးလိုက်သည်။ ထိုအချိန်၌ နဂါးပြာကျောင်းတော်မှ တပည့်များက ကျောက်စာရှေ့တွင် စုဝေးရောက်ရှိနေကာ ယဲ့ချန်က လီရိကို စိန်ခေါ်ခြင်းအား သိရှိထားကြသည်။ သူတို့က ယဲ့ချန်ကို လှောင်ရယ်ခဲ့ကြသော်လည်း လေ့ကျင့်ရေးကွင်းအတွင်းမှ ထွက်လာပြီး မကြာခင်မှာပင် လူရော ခြင်္သေ့ပါ ထိပ်တန်းတစ်ရာအတွင်း ဝင်ရောက်လာကြသည်။ သူတို့၏လှောင်​ပြောင်မှုများက ကိုယ့်ပါးကိုယ်ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားနေရကာ မျက်နှာပူနေကြသည်။ နှစ်စဥ်နှစ်တိုင်း လေ့ကျင့်ရေးကွင်းအတွင်း ပါရမီရှင်များစွာ ဝင်ရောက်နေသည့်အတွက် ထိပ်တန်းတစ်ရာအတွင်း ဝင်ရောက်ရန် ခက်ခဲလွန်းပြီး ဝင်ရောက်နိုင်သူများမှာလည်း မတစ်ထောင်တစ်ကောင်ဘွားများ ဖြစ်ကြသည်။

"သူက အခုမှ တစ်ရာထဲကို ရောက်ကာစ ရှိပါသေးတယ်"

လီရိက နှာခေါင်းရှုံ့၍ ပြန်လည်ကျင့်ကြံနေခဲ့သည်။ ရှုဝမ်အာနှင့် ယုရွယ်ကလည်း ကျောက်စာရှေ့သို့ ရောက်နေကြပြီး ယဲ့ချန်တို့ကို ချီးကျူးနေကြသည်။

"အစ်ကိုချန်က တော်လိုက်တာ"

"ခြင်္သေ့ကြီးကလည်း အစွမ်းထက်လွန်းတယ်"

ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် သူတို့ရှေ့တွင် ကောင်းကင်နတ်ဆိုးများကို ဟင်းသီးဟင်းရွက် လှီးဖြတ်သည့်ပမာ သတ်ဖြတ်ပြခဲ့သောကြောင့် ထိပ်တန်းတစ်ရာအတွင်း ဝင်ရောက်ရန် အရည်အချင်းရှိကြောင်း နားလည်ထားကြသည်။ လူများစွာက ကျောက်စာရှေ့၌ စုဝေးလာကြပြီး စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။

"နဂါးပြာကျောင်းတော်က ထိပ်တန်းတစ်ရာထဲကို ဆယ့်ခြောက်ယောက် ဝင်ထားနိုင်တယ်။ နတ်အစေခံအဆင့်မှာ နောက်ထပ်နှစ်ယောက် တိုးလာပြီ"

"မဟုတ်သေးဘူး၊ တစ်ယောက်တည်းပါ။ ခြင်္သေ့ကြီးက နဂါးပြာကျောင်းတော်ကို မဝင်ထားဘူး"

"သူက ချန်ရဲနဲ့ အရမ်းရင်းနှီးတယ်။ ချန်ရဲ ဝင်ထားတယ်ဆိုရင် သူကလည်း သေချာပေါက် ပူးပေါင်းလာလိမ့်မယ်"

"သူတို့က လေ့ကျင့်ရေးကွင်းထဲကို ဘယ်အချိန်က ရောက်တာလဲ။ ဘယ်အဆင့်အထိ သွားနိုင်လောက်လဲ"

"မင်းတို့ကို သတင်းတစ်ခု ပြောရဦးမယ်။ ချန်ရဲက ဂိုဏ်းတူအစ်ကိုလီကို စိန်ခေါ်ထားတယ်"

"သူက နောက်နေတာ ဖြစ်ရမယ်။ အစ်ကိုလီက နဂါးပြာကျောင်းတော်တစ်ခုလုံးမှာ နတ်အစေခံအဆင့်ဆိုရင် ထိပ်ဆုံးသုံးယောက် ဝင်တယ်"

ထိုဆွေးနွေးစကားများကို ကြားသောအခါ လီရိက မျက်နှာပျက်၍ အလွန်အရုပ်ဆိုးနေသည်။

"မင်းကများ ငါ့ကို စိန်ခေါ်ချင်တာလား"

အဖွဲ့ဝင်အသစ်တစ်ယောက်က စိန်ခေါ်ခြင်းမှာ စော်ကားမှုတစ်ခုဖြစ်သည်ဟု သူက လက်ခံထားသည်။

"ကြည့်စမ်း၊ ချန်ရဲရဲ့အဆင့်က မြန်မြန်တက်လာနေတယ်။ ခြင်္သေ့ကြီးရောပဲ"

ထိုအချိန်၌ ယဲ့ချန်တို့နှစ်ယောက်က အဆင့်၈၃နှင့် ၈၅သို့ အသီးသီးတက်လာသောကြောင့် နဂါးပြာကျောင်းတော်၏ တပည့်များ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။

"ဒါက အတုကြီးဖြစ်ရမယ်။ ထိပ်တန်းတစ်ရာထဲကို ရောက်သွားရင် ဒီလောက်မြန်မြန် အဆင့်တက်ဖို့ဆိုတာက မဖြစ်နိုင်ဘူး"

"သူတို့က နတ်အစေခံ အဆင့်တစ်ဆယ် ကောင်းကင်နတ်ဆိုးတွေကို သတ်နေတာ ဖြစ်ရမယ်"

"ထိပ်တန်းတစ်ရာထဲရောက်ရင် မဟာအကြီးအကဲတွေ စောင့်ကြည့်နေမှာဖြစ်လို့ အတုလုပ်လို့ မရဘူး"

ရှုဝမ်အာတို့ရှစ်ယောက်က ယဲ့ချန်ဘက်မှ ကာကွယ်ပြောဆိုပေးနေကြသည်။

"ဘုရားရေ သူတို့က အဆင့်ထပ်တက်လာပြန်ပြီ"

အချိန်တိုအတွင်း ယဲ့ချန်က အဆင့်၅၃နှင့် ခြင်္သေ့ကြီးက အဆင့်၅၈အထိ တက်လာသောကြောင့် လူတိုင်း မင်သက်သွားကာ သို့လောသို့လောအတွေးများ ဖြစ်ပေါ်လာကြသည်။ ထိုစကားများကို ကြားသောအခါ လီရိက ကျောက်စာကို အာရုံစိုက်ကြည့်လိုက်သဖြင့် မျက်နှာက ပို၍အရုပ်ဆိုးသွားခဲ့သည်။ ယဲ့ချန်တို့ကမူ အပြင်ဘက်မှ အခြေအနေကို မသိသော်လည်း ကောင်းကင်နတ်ဆိုးများကို ဆက်လက်သတ်ဖြတ်နေကြသည်။ တစ်ရက်သာ ကုန်ဆုံးပြီးဖြစ်သောကြောင့် သူတို့အတွက် နောက်ထပ်နှစ်ရက် ကျန်ရှိနေသည်ဖြစ်ရာ ထိပ်တန်းမဟာမိတ်ရှိ အင်အားစုအသီးသီးက သူတို့အပေါ် အလွန်စိတ်ဝင်စားလာကြသည်။ ဆက်တိုက်အဆင့်တက်လာနေသော ယဲ့ချန်ကြောင့် လီရိသည် ဆက်တိုက်မျက်နှာပျက်နေရကာ ယဲ့ချန်၏စိန်ခေါ်သံက သူ၏နားကို အပ်နှင့် ထိုးဖောက်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူက နဂါးပြာကျောင်းတော်တွင် အဆင့်သုံးဖြစ်ပြီး ထိပ်တန်းမဟာမိတ်တစ်ခုလုံးတွင် အဆင့်ခြောက်ဖြစ်သောကြောင့် မာနအလွန်ကြီးပြီး အဆင့်တစ်ဆယ် နတ်အစေခံများကြားတွင် နံပတ်တစ်ဖြစ်လာရန် ရည်ရွယ်ထားသည်။ သူက အချိန်လေဟာနယ် အဆင့်သုံးကို နားလည်ထားသော်လည်း ကြယ်သခင်အဆင့်တက်ရန် ငြင်းဆန်ခဲ့ပြီး သိုင်းပညာပြိုင်ပွဲ၌ ထိပ်ဆုံးသုံးယောက်အတွင်း ဝင်ရောက်၍ သွေးနတ်သစ်သီးကိုယူရန် စီစဥ်ထားသည်။

"မင်းက ငါ့ကို စိန်ခေါ်လာမှတော့ သေတဲ့အထိ ကစားပေးရသေးတာပေါ့။ ငါ့အကြောင်း သိစေရမယ်"

သူ့ကို စိန်ခေါ်လာသော ယဲ့ချန်က အချိန်လေဟာနယ် အဆင့်တစ်ကိုပင် နားမလည်သေးရာ ဒေါသတကြီး ဖြစ်နေခဲ့သည်။ နောက်ထပ်နာရီအနည်းငယ်အကြာတွင် ယဲ့ချန်က အဆင့်၂၆နှင့် ခြင်္သေ့ကြီးက အဆင့်၃၁သို့ ရောက်လာကာ အဆင့်တက်နှုန်းက မြန်လွန်းသောကြောင့် အားလုံး စဥ်းစားမရဖြစ်နေကြသည်။ လေ့ကျင့်ရေးကွင်းအတွင်း ဤအဆင့်အထိ ရောက်လာသူများမှာ နတ်အစေခံများကြားတွင် အထူးချွန်ဆုံးများ ဖြစ်ကြသည်။ အဆင့်ပိုမြင့်လာလေလေ နောက်ထပ်အဆင့်တက်ရန် ခက်ခဲလေလေဖြစ်ကာ လူနည်းစုသာ ဤသို့စွမ်းဆောင်နိုင်ကြသည်။ ပါရမီရှင်များမှာ လက်ရှိအဆင့်ကို ထိန်းထားရန်အတွက် လေ့ကျင့်ရေးကွင်းအတွင်း ထပ်ကာထပ်ကာ ဝင်ရောက်ခဲ့ရသည်။ သို့သော် ယဲ့ချန်နှင့် ခြင်္သေ့ကြီး ထွက်ပေါ်လာသောအခါ သူတို့၏အဆင့်များ အောက်ကျကုန်သဖြင့် သွေးအန်မတတ် ဒေါသထွက်နေကြသည်။

"ဒီနှစ်ယောက်က တကယ့် လူထူးဆန်းတွေဖြစ်ရမယ်။ အနည်းဆုံး အချိန်လေဟာနယ် အဆင့်နှစ်ကို နားလည်ထားလောက်တယ်"

"သူတို့က အဆင့်ထပ်တက်နိုင်မယ်လို့ မထင်ဘူး။ ငါ ကြားထားသလိုဆိုရင် ချန်ရဲက အဆင့်တစ်ကိုတောင် နားမလည်သေးဘူး"

ဆွေးနွေးသံများ ထွက်ပေါ်နေစဥ် ကျောက်စာရှေ့၌ လူတစ်ယောက်က တိတ်တဆိတ် ထွက်ပေါ်လာကာ မတ်တပ်ရပ်နေခဲ့သည်။ သူက သားရဲကောင်ကြီးပမာ တုတ်ခိုင်သန်မာ၍ ပတ်ဝန်းကျင်၌ အရှိန်အဝါတစ်ခု ထွက်ပေါ်နေသဖြင့် အခြားကျင့်ကြံသူများက နောက်ဆုတ်သွားရသည်။

"မီကွမ် ချန်ရဲက ဘယ်အဆင့်အထိ ရောက်နိုင်မယ်လို့ ထင်လဲ။ သူ အထဲကို ရောက်နေတာ သုံးရက် ရှိလောက်ပြီ"

မီကွမ်၏ဘေးသို့ လူငယ်တစ်ယောက် ချဥ်းကပ်လာကာ တစ်ချက်ပြုံး၍ မေးလိုက်ခြင်းဖြစ်သည်။ မီကွမ်၏အသွင်အပြင်က ရက်စက်ကြမ်းကြုတ်သော်လည်း မျက်လုံးများက ကြည်လင်နေပြီး လှောင်အိမ်အတွင်း ယဲ့ချန်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် သူ၏ရုပ်ရည်က ပြောင်းလဲနေသောကြောင့် လီယွမ်ကိုယ်တိုင်ရှိနေလျှင်ပင် သူ့ကို မမှတ်မိနိုင်ပေ။ သူ၏အဆင့်က လေ့ကျင့်ရေးကွင်းတွင် နံပတ်သုံးဖြစ်ကာ သူ့အထက်တွင် နှစ်ယောက်သာ ရှိသည်။

"သူသာ တိုက်ခိုက်ချင်ရင် လင်ချီကို တိုက်ခိုက်နိုင်တယ်။ ရုန်ယွမ်တောင် သူ့ကို ယှဥ်နိုင်မယ် မထင်ဘူး"

မီကွမ်သည် သူ ခံစားခဲ့ရသော ယဲ့ချန်၏ ပြိုင်ဘက်ကင်းလက်သီးချက်အကြောင်း စဥ်းစားရင်း သုံးသပ်ပြလိုက်သည်။ တစ်ဖက်လူ၏ရုပ်ခန္ဓာက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လင်ချီနဲ့ ရုန်ယွမ် နှစ်ယောက်လုံးက အချိန်လေဟာနယ်အဆင့်လေးကို နားလည်ထားကြတယ်။ မင်းက အဆင့်သုံးသာ နားလည်ထားပေမယ့် ကြယ်အလင်းသားရဲဝိညာဥ်ရဲ့ ဆက်ခံသူဖြစ်တယ်။ ဒီမျိုးနွယ်က အဆင့်နှစ်မျိုးနွယ်ထဲမှာတောင် အစွမ်းထက်တည်ရှိမှု ဖြစ်တယ်။ မင်း သူနဲ့ တိုက်ခိုက်ပြီး ရှုံးခဲ့ရတာက ဒီအစွမ်းကို ထုတ်မသုံးခဲ့လို့ မဟုတ်ဘူးလား"

လူငယ်က မယုံနိုင်ဟန်ဖြင့် ရေရွတ်ကာ ခေါင်းယမ်းပြလိုက်သည်။

"ငါက သားရဲဝိညာဥ်ကို ဆင့်ခေါ်ခဲ့ရင်တောင် သူ့ကို ယှဥ်နိုင်ဖို့ မသေချာဘူး"

မီကွမ်က လေးနက်စွာ ဖြေလိုက်သောကြောင့် လူငယ်က တုန်လှုပ်သွားကာ ယဲ့ချန်၏အစွမ်းက ဤမျှမြင့်မားနေသည်လားဟု အတွေးနက်သွားခဲ့သည်။

အဆင့်တစ်ဆယ် နတ်အစေခံများကြားတွင် ထိပ်တန်းငါးယောက်ကို ထိပ်တန်းမဟာမိတ်က အလေးပေးသောကြောင့် မီကွမ်၏စကားသာ အမှန်ဆိုလျှင် အင်အားစုကြီးသုံးခုကြားတွင် လှုပ်ခတ်သွားပေလိမ့်မည်။ ထိုပါရမီရှင်များသာ ရှင်းဟွမ်၏စွမ်းအားကို ရယူပြီး ကြယ်သခင်များ ဖြစ်လာလျှင် စွမ်းအားက ခုန်ပေါက်တိုးတက်လာပေလိမ့်မည်။ ထိုအချိန်၌ လေ့ကျင့်ရေးကွင်းတည်ရှိရာ ရဲတိုက်ကြီး၏ အပေါ်ထပ်ခန်းမအတွင်း သက်လတ်ပိုင်းလူတစ်ယောက်က လက်ဖက်ရည်ကို အရသာခံသောက်နေပြီး မီတောက်က ဘေးတွင် ရိုရိုသေသေ ရပ်နေခဲ့သည်။

"ကြည့်ရတာ ချန်ရဲက သူ့နာမည်ကို လေ့ကျင့်ရေးကွင်းမှာ ကိုယ်တိုင်တည်ဆောက်နေပုံရတယ်။ ငွေမြွေကျောင်းတော်နဲ့ ရွှေတောင်ပံကျောင်းတော်က လှုပ်ရှားလာနိုင်လို့ သူက နဂါးပြာကျောင်းတော်ရဲ့ တပည့်ဆိုတာကို အသိပေးထားလိုက်"

သက်လတ်ပိုင်းလူက ကျေနပ်စွာပြုံးရင်း ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့"

မီတောက်က ရိုသေစွာ ခေါင်းညိတ်ပြလိုက်သည်။

"မီကွမ်လို ပါရမီရှင်မျိုးတောင် ချန်ရဲရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒီကလေးက အချိန်လေဟာနယ် အဆင့်တစ်ကိုတောင် နားမလည်ထားဘူး ထင်တယ်"

သက်လတ်ပိုင်းလူသည် လက်ဖက်ရည်ခွက်တင်ထားသော ကျောက်စားပွဲကို အတွေးနက်စွာ စိုက်ကြည့်နေရင်း ယဲ့ချန်က မည်သို့သော အံ့သြစရာမျိုး ယူဆောင်လာမည်ကို အတွေးနက်နေခဲ့လေသည်။

All Chapters