← Chapters

သန္ဓေပြောင်းကောင်းကင်နတ်ဆိုး

Vol. 59 Ch. 820

သန္ဓေပြောင်းကောင်းကင်နတ်ဆိုး

Vol. 59 Ch. 820

"ဆရာ ကျုပ်က ချန်ရဲရဲ့ ကိုယ်ထက်မှာ အချိန်လေဟာနယ်ချီ လည်ပတ်နေတာကို အာရုံမခံမိပေမယ့် ခန္ဓာကိုယ်ထဲကို ပေါင်းစပ်ပြီး ဖြစ်နေတာကို တွေ့ခဲ့ရတယ်။ ဒါက နည်းနည်းထူးဆန်းနေတယ်"

မီတောက်က မျက်မှောင်ကြုတ်၍ အသိပေးလိုက်သည်။

"သူက အချိန်လေဟာနယ်ကို နားမလည်သေးတာတောင် ခန္ဓာကိုယ်ထဲမှာ ပေါင်းစပ်ပြီး ဖြစ်နေတာပေါ့"

သက်လတ်ပိုင်းလူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ယေဘူယျသဘောပြောရလျှင် ကြယ်သခင်တစ်ယောက် ဖြစ်လာရန်အတွက် ကျင့်ကြံသူတစ်ယောက်သည် အချိန်လေဟာနယ်အဆင့်များကို ဦးစွာနားလည်ရပေလိမ့်မည်။ ထို့နောက် ၎င်းက ရုပ်ခန္ဓာထက်တွင် ဖြစ်ပေါ်လာပြီး အချိန်ကြာမြင့်လာသောအခါတွင်မှ ဖြည်းဖြည်းချင်း ပေါင်းစပ်လာနိုင်ကြသည်။ အကယ်၍ အဆင့်တစ်နှင့် အဆင့်နှစ်မျိုးနွယ်များဆိုလျှင် ပေါင်းစပ်နှုန်းက ပိုမြန်နိုင်သော်လည်း အဆင့်သုံးမျိုးအတွက် အလွန်ခက်ခဲပြီး ရှင်းဟွမ်၏ အကူအညီကိုပင် ရယူရသည်။ ယဲ့ချန်၏ရုပ်ခန္ဓာက အလွန်ထူးဆန်းနေကြောင်း သိသာသည်။

"သူက ဘယ်အဆင့်အထိ ရောက်နိုင်မယ်ဆိုတာကို စောင့်ကြည့်ရသေးတာပေါ့။ မီးတောက်နီနန်းတော်က ပါရမီရှင်တစ်ယောက်က အဆင့်ငါးကို နားလည်နေပြီ။ မတော်တဆမှုသာ မရှိရင် သူက စွမ်းအားရှင်အဆင့်ရောက်အောင် ကျင့်ကြံဖို့ မခက်ခဲဘူး။ ထိပ်တန်းမဟာမိတ်ရဲ့ လူငယ်မျိုးဆက်ကလည်း ကျန်ရစ်နေလို့ မဖြစ်ဘူး"

သက်လတ်ပိုင်းလူက တစ်ချက်ပြုံး၍ တည်ငြိမ်စွာ ပြောလိုက်သည်။ မီးတောက်နီနန်းတော်၌ စွမ်းအားရှင် ငါးယောက်အထိရှိပြီး ထိပ်တန်းမဟာမိတ်အောက် တစ်ယောက်သာ လျော့နည်းသောကြောင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိသည်။ ထို့အပြင် ထူးချွန်သော ပါရမီရှင်များကို ပိုင်ဆိုင်ထားသောကြောင့် ခြိမ်းခြောက်နိုင်စွမ်း ကြီးမားလာသောအခါ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၏ အရှင်သခင်ဖြစ်သော ထိပ်တန်းမဟာမိတ်အနေဖြင့် ခေါင်းဆောင်နေရာမှ ဖယ်ပေးလိုခြင်း မရှိပေ။ ထို့ကြောင့် ခေါင်းဆောင်သုံးယောက်က စကြဝဠာ၏နေရာတိုင်းမှ ပါရမီရှင်များကို အလောတကြီး ရှာဖွေနေရသည်။ ဤအချိန်၌ ယဲ့ချန်က ထင်ပေါ်လာခြင်းဖြစ်ပြီး နဂါးပြာကျောင်းတော်သခင်က သူ့ကို အရေးကြီးသည်ဟု သတ်မှတ်ထားခဲ့သည်။

လူငယ်မျိုးဆက်တွင် အကောင်းဆုံးပါရမီရှင်များအနက် တစ်ယောက်ဖြစ်သော မီကွမ်ပင် ယဲ့ချန်ကို မယှဥ်နိုင်ပေ။ တိုက်ခိုက်ရေးကွင်း၌ လီယွမ်ကို ထောင်ချောက်ဆင်ပြီး လေ့ကျင့်ရေးအတွက် လိုအပ်သော ငွေကြေးများကို ကျောင်းတော်သခင်က ရှာဖွေပေးခဲ့သည်။ သူက နောက်ထပ်ပါရမီရှင်တစ်ယောက်ကို တွေ့လိုက်ရမည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ နဂါးပြာကျောင်းတော်၏ နံပတ်တစ်ပါရမီရှင်ဖြစ်သော မီကွမ်က ငွေမြွေကျောင်းတော်၏ လင်ချီနှင့် ရွှေတောင်ပံကျောင်းတော်၏ ရုန်ယွမ်အောက် အနည်းငယ် အားနည်းနေသည်။ ထို့ကြောင့် အသစ်ထွက်ပေါ်လာသော ပါရမီရှင်ယဲ့ချန်က ထိုနှစ်ယောက်ကို စိန်ခေါ်နိုင်ရန် ခေါင်းဆောင်က မျှော်လင့်ထားသည်။

ထိုအချိန်၌ ယဲ့ချန်က အာရုံစိုက်မှုများ၏ ဗဟိုချက်ဖြစ်နေပြီး ငွေမြွေကျောင်းတော်နှင့် ရွှေတောင်ပံကျောင်းတော်က လေ့ကျင့်ရေးကွင်းမှ ထွက်လာချိန်၌ သိမ်းသွင်းရန် ကြံစည်ထားကြသည်။ သို့သော် နဂါးပြာကျောင်းတော်မှ ယဲ့ချန်သည် သူတို့၏အဖွဲ့ဝင်ဖြစ်ကြောင်း အသိပေးလိုက်သဖြင့် လက်လျှော့လိုက်ရုံသာ တတ်နိုင်သည်။ လေ့ကျင့်ရေးကွင်းအတွင်း ယဲ့ချန်ကို လုပ်ကြံခဲ့သော လင်ယွမ်မှာ စည်းကမ်းထိန်းခန်းမ၌ ကြိမ်ဒဏ်တစ်ထောင် အရိုက်ခံခဲ့ရသည်။ သူက လေ့ကျင့်ရေးကွင်း၏ ထိပ်တန်းတစ်ရာစာရင်းကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။ တစ်ဖက်လူ၏ လက်ရှိအဆင့်အတန်းအရ သူ့အတွက် လက်စားချေရန် ခက်ခဲနေသဖြင့် ကြိတ်မနိုင်ခဲမရ ဖြစ်နေသည်။

"ဒီကောင့်ကို သေချာပေါက် သတ်ပစ်ရမယ်"

လေ့ကျင့်ရေးကွင်းအတွင်း လူရုပ်မပေါ်အောင် ရိုက်နှက်ခံရခြင်းက လင်ယွမ်အတွက် အကြီးမားဆုံးသော အရှက်ကွဲမှုကြီး ဖြစ်နေခဲ့သည်။

လေ့ကျင့်ရေးကွင်းအတွင်း၌ ကြယ်သေတစ်လုံးပေါ်တွင် ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် ကောင်းကင်နတ်ဆိုးများကို ဆက်လက်သတ်ဖြတ်နေသည်။ ရူးသွပ်နေပုံရသော ရန်သူများမှာ အစီအစဥ်တကျ ချီတက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သူက ဖြည်းဖြည်းချင်း ရိပ်စားမိလာခဲ့သည်။ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်သော သွေးနီရောင်ကောင်းကင်နတ်ဆိုးကို ရှာဖွေရန်အတွက် ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သည်။ အမှောင်ထဲမှ ချောင်းမြောင်းနောက်ယောင်ခံလိုက်နေသောကြောင့် သူ့ကို နောက်ကျောမလုံ ဖြစ်စေခဲ့၏။ သို့သော် သူက သာမန်ကောင်းကင်နတ်ဆိုးများကိုသာ တွေ့နေရပြီး သွေးနီရောင်ကောင်းကင်နတ်ဆိုးကို မတွေ့ခဲ့ပေ။

"ဘယ်လိုလဲ။ ရှာတွေ့ပြီလား"

ယဲ့ချန်က မျက်မှောင်ကြုတ်နေသောကြောင့် ခြင်္သေ့ကြီးက အ​ခြေအနေကို မေးမြန်းလိုက်သည်။

"မတွေ့သေးဘူး"

အခြေအနေက ထူးဆန်းနေပြီး တစ်ဖက်လူ၏တည်ရှိမှုကို အာရုံခံနိုင်သော်လည်း ရှာမတွေ့သောကြောင့် ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။

"ဒီခွေးကောင်က သာမန်ကောင်းကင်နတ်ဆိုးတွေကြားမှာ ပုန်းနေတာ ဖြစ်ရမယ်"

သူက လေးလေးနက်နက် စဥ်းစား၍ စိတ်ခံစားချက်အတိုင်း ဝိညာဥ်အသိစိတ်ဖြင့် ရှာဖွေလိုက်သောအခါ သာမန်ကောင်းကင်နတ်ဆိုးများကြားတွင် အနီရောင် အလင်းတစ်ချက်ကို တွေ့လိုက်ရ၏။

"ဒီကောင်ထွက်ပြေးဖို့ ကြိုးစားနေပြီ။ မြန်မြန်လိုက်ဖမ်း"

သူက ချက်ချင်းအော်ဟစ် သတိပေးကာ လေပေါ်သို့ ခုန်တက်၍ ပိတ်ဆို့နေသမျှ ရန်သူများကို သွေးလမ်းခင်းပြီး ရှေ့တက်သွားခဲ့သည်။

"နောက်ဆုံးတော့ ဒီခွေးကောင်ကို တွေ့ပြီ။ စောင့်ကြည့်ခံနေရတာကို ငါလည်း တကယ်စိတ်ကုန်နေပြီ"

ခြင်္သေ့ကြီးကလည်း ကောင်းကင်နတ်ဆိုးများကို ပုတ်ထုတ်ကာ တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။ အနီရောင်အလင်းက အလွန်လျင်မြန်နေပြီး ကြယ်သေများ စုဝေးနေသော ဒေသတစ်ခုကို ကျော်ဖြတ်၍ ဧရာမကြယ်သေကြီးတစ်လုံးသို့ အရောက်တွင် မျက်နှာပြင်ထက်၌ ပျောက်ကွယ်သွားခဲ့သည်။ ယဲ့ချန်တို့ကလည်း အနီးကပ်လိုက်လာသောကြောင့် အချိန်ခဏအတွင်း ထိုကြယ်သေသို့ ရောက်ရှိလာကြသည်။

"ဒီကောင် ဘယ်ပျောက်သွားတာလဲ"

ခြင်္သေ့ကြီးက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏။ ထိုကြယ်သေက တစ်ခုခုလွဲမှားနေကြောင်း ယဲ့ချန်က အာရုံခံမိသည်။ ၎င်း၏မျက်နှာပြင်ထက်တွင် မြူခိုးများ သိပ်သည်းစွာရှိနေပြီး လျှို့ဝှက်ချက်များ ဖုံးကွယ်ထားပုံရသည်။

"ငါတို့ ဘာလုပ်ကြမလဲ"

ခြင်္သေ့ကြီးက ယဲ့ချန်၏အကြံကို မေးလိုက်သည်။

"နောက်ကလိုက်သွားပြီး တစ်ချက် ကြည့်တာပေါ့"

ယဲ့ချန်က ခဏတာ စဥ်းစားလိုက်ပြီး သွေးနီရောင် ကောင်းကင်နတ်ဆိုးမှာ တစ်ခုခုထူးဆန်းနေကြောင်း ခံစားလိုက်ရ၏။ ဖြစ်နိုင်သည်မှာ လေ့ကျင့်ရေးကွင်းအတွင်း လျှို့ဝှက်ချက်များ ရှိနေနိုင်သဖြင့် သူက ကြယ်သေပေါ်သို့ လိုက်ပါသွားရန် ဆုံးဖြတ်လိုက်သည်။ သူရော ခြင်္သေ့ကြီးပါ အလွန်သန်မာသော ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကို ပိုင်ဆိုင်ထားကြသဖြင့် နောက်တွန့်မနေဘဲ ကြယ်သေသို့ ဦးတည်လိုက်သည်။

ထိုအချိန်၌ လေ့ကျင့်ရေးကွင်းကို စောင့်ကြည့်နေသော မင်လုသည် တင်ပျဥ်ခွေထိုင်နေရင်း မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။

"ဟင်"

သူက နေရာတိုင်းကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သော်လည်း ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏ အရှိန်အဝါကို ရှာမတွေ့ခဲ့ပေ။ သူက မျက်စိလျှမ်းသွားမည်ကို စိုးရိမ်သောကြောင့် ထပ်ကာထပ်ကာ ရှာဖွေလိုက်သော်လည်း ယဲ့ချန်က ပျောက်ကွယ်နေသည်။ လေ့ကျင့်ရေးကွင်းက သီးသန့်နယ်မြေတစ်ခုပမာ ချိတ်ပိတ်ထားသောကြောင့် ခွင့်ပြုချက်မရှိလျှင် အတွင်းမှ အပြင် မထွက်နိုင်သကဲ့သို့ အပြင်မှ အတွင်းသို့ မဝင်နိုင်သည်ဖြစ်ရာ ဤအခြေအနေက ထူးဆန်းနေသည်။

"ဒီနှစ်ယောက်က ဘယ်ပျောက်သွားတာလဲ"

မင်လုသည် ယဲ့ချန်၏အရှိန်အဝါကို နောက်ဆုံးအာရုံခံမိသော နေရာကို အသေးစိတ် စစ်ဆေးလိုက်သည်။ သို့သော် ကြယ်သေများ စုဝေးနေသည်မှလွဲလျှင် မည်သည့်အရာမှ မရှိချေ။ ကြယ်သေတစ်လုံးက အခြားကြယ်များထက် ပို၍ကြီးမားနေသော်လည်း ထူးဆန်းမှု တစ်စုံတစ်ရာ မရှိချေ။

ထိုအချိန်တွင် ကြယ်သေပေါ်သို့ ရောက်သောအခါ ၎င်းက ဟောင်းလောင်းပေါက်ကြီးဖြစ်ကြောင်း ယဲ့ချန်နှင့် ခြင်္သေ့ကြီးက တွေ့လိုက်ရသည်။ ထိုဟင်းလင်းပြင်၏ အလယ်တည့်တည့်တွင် ဧရာမ အနီရောင် အသားလုံးကြီးတစ်ခုရှိနေကာ နှလုံးတစ်ခုပမာ မရပ်မနား တဒုတ်ဒုတ် ခုန်နေသည်။ ၎င်းက အချင်းမီတာထောင်ချီ ကြီးမားပြီး တစ်ချက်ခုန်လိုက်တိုင်း ထွက်ပေါ်လာသော အသံကြီးက နားစည်များကိုပင် နာကျင်စေသည်။ သို့သော် ဤနေရာကို အစီအရင်တစ်ခုက ဖုံးကွယ်ထားပုံရသောကြောင့် ကျယ်လောင်လွန်းသော အသံက အပြင်သို့ ထွက်ခွာမသွားခဲ့ပေ။ အနီရောင်အသားလုံးကြီးကို သွေးနီရောင်မီးတောက်များ ခြုံလွှမ်းလောင်ကျွမ်းနေပြီး တစ်ချက်ခုန်လိုက်တိုင်း ၎င်းကို ဗဟိုပြု၍ အစွမ်းထက် ဖိအားတစ်ရပ် ပြန့်ထွက်လာနေသည်။ ၎င်း၏ပတ်လည်တွင် ကောင်းကင်နတ်ဆိုးရာချီရှိနေပြီး အားလုံးက တစ်ကိုယ်လုံး သွေးနီရောင် တောက်ပနေသည်။

"ဒါက ဘာကြီးလဲ"

ခြင်္သေ့ကြီး၏မျက်လုံးများက မယုံနိုင်ဟန်ဖြင့် ပြူးကျယ်နေ၏။ အနီရောင် အသားလုံးကြီးထံမှ ထွက်ပေါ်လာနေသော အရှိန်အဝါက အရာရာကို ဖျက်ဆီးနိုင်လောက်အောင် ပြင်းထန်နေသည်။ ယဲ့ချန်သည်လည်း ရင်ထိတ်သွားပြီး ၎င်းက မည်သည့်အရာဖြစ်ကြောင်း မသိသော်လည်း အတွင်း၌ ကြောက်မက်ဖွယ် သက်ရှိအရာတစ်မျိုး ကြီးထွားလာနေကြောင်း ခံစားနေရသည်။ သူတို့ ဝင်ရောက်လာသည်ကို သွေးနီရောင် ကောင်းကင်နတ်ဆိုးခြောက်ယောက်က သတိထားမိသွားကာ မျက်နှာထားများ ရက်စက်ကြမ်းကြုတ်လာသည်။ သူတို့၏ရုပ်ခန္ဓာများက မီတာထောင်ချီမြင့်သော ဘီလူးကြီးများအလား ကြီးမားလာကာ မီးတောက်များ ထုတ်ဖော်၍ ရှေ့တက်လာကြသည်။

"ဒီကောင်ကြီးတွေက မရိုးရှင်းဘူး။ သတိထား"

ခြင်္သေ့ကြီးက လေးနက်စွာ ပြောလိုက်သည်။ ယဲ့ချန်က ဆည်းဆာနတ်ဓားကို မြှောက်၍ ရှည်လျားသော အနက်ရောင်ဓားအလင်းဖြင့် ကြိုဆိုတိုက်ခိုက်လိုက်သည်။ ဘုန်းခနဲမြည်သံနှင့်အတူ ၎င်းက ကောင်းကင်နတ်ဆိုးတစ်ယောက်ကို ထိမှန်သွားကာ ဒဏ်ရာရ၍ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။ ဒဏ်ရာအတွင်းမှ လူသွေးနှင့် တူညီသော သွေးအနီရောင်များ ပန်းထွက်လာခဲ့သည်။

"ဒီအသားလုံးကြီးက ဘာလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ ဤနတ်ဆိုးများက အလွန်ထူးဆန်းနေပြီး လူသွေးများ ပိုင်ဆိုင်နေခြင်းမှာ အသားလုံးကြီးနှင့် သက်ဆိုင်ရပေလိမ့်မည်။ ဓားချက်ကြောင့် ဒဏ်ရာရသွားသော နတ်ဆိုးက ခေါင်းမော့၍ ထက်ရှသော အစွယ်များထုတ်ပြပြီး မာန်ဖီကာ ဟိန်းဟောက်လိုက်သည်။ ၎င်းက ကျားနာတစ်ကောင်ကဲ့သို့ ဒေါသထွက်နေဟန်ဖြင့် ယဲ့ချန်ထံ ခုန်အုပ်လာခဲ့သည်။

"ဘန်း"

ခြင်္သေ့ကြီးက ပါးစပ်အတွင်း ခရမ်းရောင်မီးများကို စုစည်းကာ မှုတ်ထုတ်လိုက်သည်။ မီးလုံးက ကောင်းကင်နတ်ဆိုးကို ထိမှန်သွားသောအခါ ဘက်ပေါင်းစုံသို့ မီးပွားများ ပျံ့လွင့်ကုန်သည်။ ၎င်း၏ခန္ဓာကိုယ်ထက်တွင် မီးလောင်ဒဏ်ရာများ ဖြစ်ပေါ်လာသော်လည်း သာမန်နတ်ဆိုးများကဲ့သို့ ပြာကျသွားခြင်း မရှိပေ။

"ယဲ့ချန် ဒီကောင်တွေက ထူးဆန်းတယ်။ ငါတို့က သူတို့ကို မယှဥ်နိုင်မှာ စိုးရိမ်ရတယ်"

ခြင်္သေ့ကြီးက ယဲ့ချန်ကို သတိပေးရင်း ရန်သူ၏တိုက်ကွက်ကို ရှောင်တိမ်းလိုက်ရ၏။ တစ်ဖက်ရန်သူများမှာ အဆင့်တစ်ဆယ် နတ်အစေခံများဖြစ်သော်လည်း ထူးဆန်းသော စွမ်းအားကို ပိုင်ဆိုင်ထားကာ ဆည်းဆားနတ်ဓားဖြစ်စေ၊ ခရမ်းရောင်မီးတောက်ဖြစ်စေ အလွယ်တကူ မသတ်နိုင်ခဲ့ချေ။

All Chapters