လေဟာနယ်အက်ကြောင်း
Vol. 59 Ch. 821
မီတာထောင်ချီမြင့်သော ကောင်းကင်နတ်ဆိုးခြောက်ယောက်က ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို ဘက်ပေါင်းစုံမှ ဝိုင်း၍တိုက်ခိုက်လာသဖြင့် အခြေအနေက ခက်ခဲလာသည်။
"ယဲ့ချန်ရေ ဓားပျံတွေ ထုတ်သုံးပါဟ"
ခြင်္သေ့ကြီးက ရန်သူ၏တိုက်ကွက်များကို ခုန်ပျံရှောင်တိမ်းရင်း အလောတကြီး အော်ဟစ်လိုက်၏။ ယဲ့ချန်က အာရုံစိုက်ကာ ထုတ်ဖော်လိုက်သောအခါ အလင်းရောင်တောက်ပနေသည့် ဓားပျံရာချီမှာ လေထဲတွင် မျောလွင့်လျက်သား ထွက်ပေါ်လာသည်။ ကောင်းကင်နတ်ဆိုးတစ်ယောက်က သူ့ရှေ့တွင် ထွက်ပေါ်လာပြီး လက်သည်းများဖြင့် ကုတ်ချလိုက်သောအခါ အရှိန်ပြင်းလွန်း၍ ဆံပင်များ လွင့်ပျံနေသည်။ သူက အသာအယာ ရှောင်တိမ်းလိုက်ရင်း စိတ်ဖြင့် အမိန့်ပေးလိုက်သောအခါ ဓားပျံများမှာ အားတစ်ခုဖြင့် ပစ်ခတ်လိုက်သည့်ပမာ ပစ်မှတ်ထံ လှစ်ခနဲ ပြေးဝင်သွားကြသည်။ ရာချီသော ဓားပျံများက ၎င်း၏ကိုယ်တွင်းသို့ ဖောက်ဝင်သွားကာ သွေးများပန်းထွက်နေသော အပေါက်ကြီးများ ဖြစ်တည်လာကြသည်။
"ပေါက်ကွဲစမ်း"
ယဲ့ချန်က အမိန့်ပေးလိုက်သောအခါ ရန်သူ၏ကိုယ်တွင်း၌ ဓားပျံများစွာက ပြိုင်တူပေါက်ကွဲသွားကြသည်။ ၎င်း၏ကိုယ်လုံးကြီးက ဘန်းခနဲ ပေါက်ကွဲသွားကာ အပိုင်းပိုင်းအစစ ဖြစ်သွားရင်း သေဆုံးသွားရသည်။
"ကောင်းတယ်ဟေ့"
ခြင်္သေ့ကြီးက အော်ဟစ်အားပေးရင်း ခရမ်းရောင်မီးတောက်များဖြင့် ရန်သူများကို ခုခံနေသည်။ သူ၏မီးတောက်များက ဓားပျံများလောက် အစွမ်းမထက်သဖြင့် အသေးစားဒဏ်ရာများကိုသာ ဖြစ်ပေါ်လာစေသည်။ ထိုအချိန်၌ ရန်သူသုံးယောက်က ယဲ့ချန်ကို ပစ်မှတ်ထား၍ သတ်ဖြတ်ရန် ပြေးဝင်လာကြပြန်သည်။ သူက အဝေးသို့ ဆုတ်ခွာလိုက်ပြီး ဓားပျံများ ထပ်မံဖန်တီး၍ ပစ်ခတ်လိုက်သည်။ သွေးနီရောင် ကောင်းကင်နတ်ဆိုးများ၏ရုပ်ခန္ဓာက လူသားများကဲ့သို့ အသွေးအသားဖြစ်တည်နေရာ ထူးဆန်းလှသည်။ ပုံမှန်ဆိုလျှင် အဆင့်နှစ်မျိုးနွယ်များ၏ ရုပ်ခန္ဓာက ဝိညာဥ်သဘောမျိုးဖြစ်၍ ပိုမိုအစွမ်းထက်သည်။ ကောင်းကင်ဓားပျံများက ၎င်းတို့ကိုယ်တွင်းသို့ ဖောက်ဝင်သွားကာ နောက်ထပ်နတ်ဆိုးသုံးယောက်လုံး သုတ်သင်ခံလိုက်ရ၏။
"မင်းရဲ့ဓားပျံတွေက အကောင်းဆုံးလက်နက်ပဲဟေ့။ ဒီကောင်တွေက လူသားတွေလို အသွေးအသားဖြစ်နေပေမယ့် ပိုပြီးကြမ်းတမ်းလာသလို ကိုင်တွယ်ရခက်ခဲနေတယ်"
ခြင်္သေ့ကြီးက ယဲ့ချန်ကို ချီးကျူးလိုက်သည်။
"ဒီကောင်တွေက သာမန်ကောင်းကင်နတ်ဆိုးတွေထက် ချေမှုန်းရတာ ပိုခက်ခဲနေတယ်။ ဒါက သန္ဓေပြောင်းတာလား။ ဒါဆိုရင် အဆင့်နှစ်မျိုးနွယ်ကနေ အဆင့်သုံးမျိုးနွယ်ကို ကျဆင်းသွားတာက ဘာအကျိုးရှိလို့လဲ"
ယဲ့ချန်က ရန်သူများကို သတ်ဖြတ်ရင်း အတွေးနက်နေခဲ့သည်။ စကြဝဠာအတွင်း၌ သူ နားမလည်နိုင်သော အရာများစွာ ဖြစ်ပျက်နေပုံရသည်။ သူက နောက်ဆုံးကောင်းကင်နတ်ဆိုးကို သတ်ဖြတ်နေစဥ် အနီရောင်အသားလုံးကြီးက အနီရောင်အလင်းတစ်ခု ထုတ်လွှတ်လာသည်။ ၎င်းက ပေါက်ကွဲသွားသော ကောင်းကင်နတ်ဆိုးရုပ်ခန္ဓာများပေါ်သို့ ကျရောက်သွားသောအခါ ထူးဆန်းသော အချင်းအရာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအစိတ်အပိုင်းများက ရုတ်တရက် တုန်ခါလာကာ ပြန်လည်ဆက်သွယ်သွားပြီး အကောင်းအတိုင်း ပြန်လည်ဖြစ်တည်လာ၍ ကောင်းကင်နတ်ဆိုးများ ပြန်လည်ရှင်သန်လာကြ၏။
"ဒီကောင်တွေက ဘယ်လိုလုပ် အသက်ပြန်ရှင်လာတာလဲ။ ထူးဆန်းလိုက်တာ"
ယဲ့ချန်က ဤကိစ္စကြောင့် ခေါင်းကိုက်သွားရပြီး ခြင်္သေ့ကြီးကလည်း တုန်လှုပ်သွားရ၏။ သူက အသားလုံးကြီးကို လေးနက်စွာ စိုက်ကြည့်နေကာ ပြဿနာ၏ အရင်းအမြစ်ဖြစ်ကြောင်း နားလည်လိုက်သည်။ သူက ကောင်းကင်နတ်ဆိုးများကို သတ်ဖြတ်နိုင်ခဲ့လျှင်ပင် ၎င်းက ပြန်လည် အသက်သွင်းပေးနိုင်စွမ်း ရှိနေသည်။
"ဆရာ ကျုပ်တို့ ဒီအတိုင်းဆက်ပြီး တိုက်ခိုက်နေလို့ မဖြစ်ဘူး။ အရင်ဆုံး အဓိကပြဿနာကို ရှင်းပစ်ရမယ်"
သူက အသံချင်းဆက်သွယ်၍ ခြင်္သေ့ကြီးကို အသိပေးလိုက်သည်။ အသားလုံးကြီးထံမှ ထွက်ပေါ်နေသော အစွမ်းထက်ဖိအားက သူတို့ကို ကျောချမ်းစေပြီး အနည်းငယ် စိုးရိမ်စိတ်များစေခဲ့သည်။
"ယဲ့ချန် ငါတို့ နောက်ဆုတ်ကြမလား။ ဒီကောင်ကြီးကတော့ ရှင်းပစ်ရလွယ်မယ် မထင်ဘူး"
ခြင်္သေ့ကြီးက အလန့်တကြား ရေရွတ်လိုက်သည်။
"ဒီနေရာက ချိတ်ပိတ်ခံထားရတယ်။ ကျုပ်တို့အတွက် ထွက်လမ်း မရှိဘူး။ ဒီကောင်ကြီးကို ဖုံးကွယ်ထားဖို့အတွက် အစီအရင်တစ်ခုနဲ့ ကာကွယ်ထားတယ်"
ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သော ယဲ့ချန်က မျက်မှောင်ကြုတ်၍ ခေါင်းယမ်းပြလိုက်သည်။ ထွက်လမ်း ရှာမတွေ့သည့်အပြင် အသိစိတ်သက်သက်ကပင် အပြင်မထွက်နိုင်ခဲ့ပေ။ လေ့ကျင့်ရေးကွင်းအတွင်း၌ ဤသို့သော လျှို့ဝှက်နေရာတစ်ခု ရှိနေရသည့် အကြောင်းအရင်းက ထူးဆန်းနေသည်။
"ဒါဆိုရင် တစ်ဖက်ကတော့ သေမှရမှာပေါ့"
ခြင်္သေ့ကြီးက ဒေါသတကြီး ဟိန်းဟောက်၍ ခရမ်းရောင်မီးတောက်များက ပို၍တောက်လောင်လာသည်။ သူက ပြဿနာဖြစ်မည်ကို ကြောက်ရွံ့တတ်သူ မဟုတ်သောကြောင့် အပြင်ပြန်မထွက်နိုင်လျှင် သူသေကိုယ်သေ တိုက်ခိုက်ရပေလိမ့်မည်။
"ဒီအသားလုံးကို ရှင်းပစ်ကြတာပေါ့"
ယဲ့ချန်က တိုက်ပွဲအတွက် ပြင်ဆင်ရန် ကောင်းကင်ကြယ်တာရာ တံဆိပ်နှစ်ခုကို ထုတ်ယူလိုက်၏။ အကယ်၍ ခြင်္သေ့ကြီး အန္တရာယ်ရှိလျှင် လက်ထောက်တံဆိပ်အတွင်း ပို့ဆောင်ပေးမည်ဖြစ်ကာ မရင်ဆိုင်နိုင်သော ရန်သူမျိုး ထွက်ပေါ်လာလျှင် ပင်မတံဆိပ်အတွင်းမှ ဖြစ်တည်မှုကို ရန်စလိုက်ရုံသာ ဖြစ်သည်။ သူတို့က ကောင်းကင်နတ်ဆိုးများကို ကျော်ဖြတ်၍ အလယ်တည့်တည့်တွင် မျောလွင့်နေသော အသားလုံးကြီးထံ ချီတက်လိုက်ကြသည်။ ၎င်းနှင့် မီတာထောင်ချီဝေးသော တစ်နေရာအရောက်တွင် သူက ကောင်းကင်ဓားပျံများနှင့် ပစ်ခတ်လိုက်၏။ ၎င်းတို့က အလင်းတန်းများပမာ ပြေးထွက်သွားသော်လည်း လေထဲ၌ ရုတ်တရက် ပျောက်ကွယ်သွားကာ အာရုံခံမရတော့ချေ။
"ဘာတွေဖြစ်နေတာလဲ"
ယဲ့ချန်က ရင်ထိတ်သွားပြီး အလွန်စိတ်ရှုပ်ထွေးသွားခဲ့သည်။ ဓားပျံများ ရုတ်တရက် ပျောက်ကွယ်သွားခြင်းကို သူက ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။
"ယဲ့ချန် သတိထား"
ထိုအချိန်၌ ခြင်္သေ့ကြီး၏အော်သံ ထွက်ပေါ်လာသောကြောင့် သူက စိုးရိမ်တကြီး လှည့်ကြည့်လိုက်သောအခါ လေထဲတွင် ပျောက်ကွယ်သွားသည်။ မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း မသိနိုင်ခင်မှာပင် များပြားလှသော အချိန်လေဟာနယ်ချီများ တိုးဝင်လာသဖြင့် သူက နောက်ဆုတ်ရန် နောက်ကျလွန်းသွား၏။ ထို့နောက် ယဲ့ချန်က နေရာမှ ပျောက်ကွယ်သွားပြီး မျက်လုံးများ ပြန်ပွင့်လာသောအခါ သူရော ခြင်္သေ့ကြီးပါ နေရာတစ်ခု၌ ပိတ်မိသွားကြောင်း တွေ့လိုက်ရသည်။
"ယဲ့ချန် ကြည့်ရတာ ငါတို့ ထောင်ချောက်မိသွားပြီ ထင်တယ်။ အသားလုံးကြီးပတ်ဝန်းကျင်မှာ လေဟာနယ်အက်ကြောင်းတွေ ပြည့်နှက်နေပြီး တစ်ခုချင်းစီမှာ နေရာလပ်တွေ ပိုင်ဆိုင်ထားတဲ့အတွက် ငါတို့တော့ ပိတ်မိနေပြီ"
ခြင်္သေ့ကြီးက ယဲ့ချန်ရောက်လာသည်ကို မြင်သောအခါ ခါးသက်သက်ပြုံး၍ အသိပေးလိုက်သည်။ လေဟာနယ်အက်ကြောင်းများသည် စကြဝဠာအတွင်းမှ အက်ကြောင်းများဖြစ်ပြီး စွမ်းအားမလုံလောက်လျှင် ချိုးဖျက်ထိုးဖောက်ရန်အတွက် အလွန်တရာ ခက်ခဲသည်။ ယဲ့ချန်သည် ၎င်းကို ပထမဆုံးကြုံဖူးသည်မှာ ရောင်ယွမ်နှင့်အတူ ကျိယွမ်ကြယ်သို့ ခရီးထွက်စဥ်ကဖြစ်သည်။ ဤနေရာရှိ အက်ကြောင်းများသည် ထိုအချိန်ကထက် ပို၍အစွမ်းထက်နေပြီး နှစ်ယောက်လုံး ရာနှုန်းပြည့် ပိတ်မိသွားလေသည်။
ပတ်ဝန်းကျင်သို့ စစ်ဆေးလိုက်သောအခါ ယဲ့ချန်သည် အရိုးစုများကို တွေ့လိုက်ရပြီး အားလုံးက ဆွေးမြည့်နေခဲ့သည်။ ဤအက်ကြောင်းအတွင်း၌ သက်တမ်းကုန်ဆုံးနှုန်းက အပြင်ထက် အဆပေါင်းသိန်းသောင်းချီ မြန်နေသောကြောင့် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်ပင် အရိုးစုဖြစ်သွားနိုင်သည်။ သူတို့က ကံကောင်းစွာဖြင့် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့် ခုခံနိုင်စွမ်း ရှိနေသည်။ သို့မဟုတ်လျှင် သူတို့က သတိမထားမိလိုက်ခင်မှာပင် အသက်ကြီးရင့်ကာ အဆုံးသတ်သွားနိုင်သည်။ အချိန်လေဟာနယ်အက်ကြောင်းက ဤမျှအစွမ်းထက်နေမည်ဟု ယဲ့ချန်က မျှော်လင့်မထားပေ။ သူက လက်သီးချက်ထုတ်ဖော်၍ တိုက်ခိုက်လိုက်သော်လည်း ထိုးဖောက်သွားရမည့်အစား ပြင်းထန်သော တန်ပြန်အားကြောင့် နောက်ဆုတ်ပေးခဲ့ရသည်။
"ဒါကို အင်အားသုံးပြီး ဖျက်ဆီးလို့ မရဘူး"
ခြင်္သေ့ကြီးက ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။
"ဘယ်လောက်အစွမ်းထက်တဲ့ အရာဖြစ်ဖြစ် အားနည်းချက်ဆိုတာက အမြဲတမ်း ရှိတယ်။ လိုက်ရှာကြည့်ရအောင်"
ယဲ့ချန်က လက်မလျှော့လိုသဖြင့် အက်ကြောင်းအတွင်း ရှေ့ဆက်လိုက်သည်။ သူတို့က အရိုးများကို နင်းဖြတ်ရင်း ကျဥ်းမြောင်းသော နေရာလပ်အတိုင်း အားနည်းချက်ကို ရှာဖွေလိုက်၏။ သို့သော် အားနည်းချက်ကို ရှာမတွေ့ခဲ့ဘဲ အချိန်တစ်ခုကြာ ရှေ့ဆက်လာအပြီးတွင် တင်ပျဥ်ခွေထိုင်နေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ခြောက်ကပ်နေသော ခန္ဓာကိုယ်ပိုင်ရှင် အဘိုးအိုတစ်ယောက်ဖြစ်ကာ အဝတ်အစားများက အားလုံးဆွေးမြည့်နေပြီး အရိုးကျနေသည်။ အရေပြားက အညိုရောင်ဖြစ်သည်အထိ ခြောက်ကပ်နေကာ သစ်ပင်အိုကြီး၏ အခေါက်ပမာ ဖြစ်သည်။ သူ၏မျက်တွင်းများက အသွေးအသားများ မရှိတော့သဖြင့် အတွင်းသို့ ချိုင့်ဝင်နေကာ အရိုးခေါင်းအလား ထင်မှတ်ရ၏။
ယဲ့ချန်မြင်ဖူးသော သက်တမ်းအကြီးဆုံး ကျင့်ကြံသူမှာ နတ်အစေခံရွှမ်လင်းဖြစ်ပြီး ထိုလူက သက်တမ်းရှည်ကြာစွာ နေထိုင်ခဲ့၍ မီးစာကုန်ဆီခမ်းအခြေအနေသို့ ရောက်နေခဲ့သည်။ သို့သော် ဤအဘိုးအိုက ရွှမ်လင်းထက် ပို၍အိုစာနေကာ နောက်ဆုံးထွက်သက်ကို ထိန်းသိမ်းထားရပုံပေါ်သည်။ သူက တင်ပျဥ်ခွေထိုင်နေပြီး အသက်အား လုံးဝခြောက်ကပ်နေသောကြောင့် ကောင်းကင်ချီနှင့် အချိန်လေဟာနယ်ချီများသာ ထွက်ပေါ်မနေလျှင် ယဲ့ချန်က လူသေတစ်ယောက်ဟု ထင်မှတ်မိပေလိမ့်မည်။ ထိုချီများအရ အသက်ရှိသူတစ်ယောက်ဟု သက်သေပြနေပြီး အလောင်းတစ်ခုက ၎င်းတို့ကို ထိန်းသိမ်းထားနိုင်စွမ်း မရှိချေ။
တစ်ဖက်လူထံမှ ထွက်ပေါ်နေသော စွမ်းအားများအရ သေချာပေါက် ကြယ်သခင်တစ်ယောက်ဖြစ်နိုင်ပြီး ထိပ်တန်းအဆင့်ပင် ဖြစ်ပေလိမ့်မည်။ သူက သက်တမ်းများ ကုန်ခမ်းသွားသောကြောင့် နောက်ဆုံးအခြေအနေသို့ ရောက်နေသော်လည်း တစ်ယောက်ယောက် ရောက်လာကြောင်း အာရုံခံမိသဖြင့် မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ သူ၏မျက်လုံးများက မှေးမှိန်နေပြီး အရောင်အဆင်း မရှိသော်လည်း အသက်ဝင်နေဆဲပင် ဖြစ်သည်။
"မင်းတို့က ဘယ်သူတွေလဲ။ ဘာကြောင့် ဒီနေရာကို ရောက်လာတာလဲ"
အဘိုးအို၏လေသံက အားနည်းနေပြီး သစ်သားကို လွှတိုက်နေသကဲ့သို့ နားဝင်ဆိုးလှ၏။
"စီနီယာ ကျုပ်တို့က မတော်တဆ ရောက်လာခဲ့တာပါ"
ယဲ့ချန်က တစ်လုံးချင်းဖြေလိုက်ပြီး တစ်ဖက်လူသည်လည်း ထောင်ချောက်မိသွားခြင်း ဖြစ်နိုင်သည်ဟု တွေးနေခဲ့လေသည်။