← Chapters

ကြယ်သခင်ချင်းရန်

Vol. 59 Ch. 822

ကြယ်သခင်ချင်းရန်

Vol. 59 Ch. 822

ယဲ့ချန်၏စကားကို ကြားသောအခါ အဘိုးအို၏ မျက်လုံးများက အရောင်လက်လာသည်။

"မင်းတို့ ဒီနေရာကိုရောက်တာ ဘယ်လောက်ကြာပြီလဲ"

သူက ယဲ့ချန်တို့ကို ကြည့်ရန်အတွက် ခေါင်းကို ဖြည်းညှင်းစွာ မော့လာခဲ့သည်။ သို့သော် အချိန်မရွေး သေဆုံးသွားနိုင်ဟန်ဖြင့် အသံက တိုးလျနေပြီး မျက်နှာတွင် မည်သည့်ခံစားချက်မှ ဖြစ်ပေါ်မနေခဲ့ပေ။

"သိပ်မကြာသေးပါဘူး"

"မင်းတို့အသက်ရှင်နေတာ မထူးဆန်းတော့ဘူး။ ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားဖို့ မဖြစ်နိုင်ဘူး"

သူ၏အသံက အက်ကွဲလွန်းနေသောကြောင့် ခံစားချက်များကို ခန့်မှန်းရန် ခက်ခဲနေပြီး မည်သည့်ခံစားချက်ကိုမှ ထုတ်ဖော်နိုင်စွမ်း ရှိပုံမရပေ။ သူ၏စကားကြောင့် ယဲ့ချန်ရော ခြင်္သေ့ကြီးပါ ရင်ထိတ်သွားကြသည်။

"စီနီယာအမည်က ဘယ်လိုခေါ်ပါသလဲ။ ဒီနေရာကို ရောက်တာရော ဘယ်လောက်ကြာပြီလဲ"

ယဲ့ချန်က သူနှင့် မျက်နှာချင်းဆိုင်၌ ထိုင်ချလိုက်ပြီး အခြေအနေကို စုံစမ်းသည်။

"ငါက သစ်တောစိမ်းကြယ်သခင် ချင်းရန်ပါ။ အရင်က ကြယ်သခင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ပေမယ့် ဒီနေရာမှာ ပိတ်မိနေတာ နှစ်ပေါင်းငါးရာကျော်ပြီ။ ငါနဲ့အတူ လိုက်လာတဲ့ ကြယ်သခင် အယောက်နှစ်ဆယ်ရှိပေမယ့် အကုန်လုံး သေဆုံးသွားခဲ့ရတယ်"

ချင်းရန်က တောင်လိုပုံနေသော အရိုးများကိုကြည့်ရင်း ဝမ်းနည်းစွာ ဖြေလိုက်သည်။ ထိပ်ဆုံးကြယ်သခင်တစ်ယောက်က သက်တမ်းကို ဆွဲဆန့်နိုင်ပြီး နှစ်ပေါင်းသိန်းသောင်းချီ နေထိုင်အသက်ရှင်နိုင်သော်လည်း ဤနေရာ၌ အသက်ဓာတ်များက လျင်မြန်စွာ ကုန်ဆုံးနေသဖြင့် ကြောက်စရာကောင်းလွန်းနေသည်။ ထွက်လမ်းရှာမတွေ့နိုင်လျှင် အသက်ကြီးရင့်လာခြင်းကို ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာပင် တားမြစ်နိုင်မည် မဟုတ်ပေ။

"ဒါဆိုရင် အပြင်က အနီရောင် အသားလုံးကြီးအကြောင်းကိုရော သိလား"

ယဲ့ချန်သည် ရိုးရှင်းပုံမရသော ထိုအရာအကြောင်း မေးမြန်းလိုက်သည်။ ချင်းရန်နှင့် အပေါင်းအပါများမှာ ထိုအရာကြီးကြောင့် ဤနေရာသို့ ရောက်လာခြင်း ဖြစ်နိုင်သည်။

"ဒါကြီးကို သွေးမီးတောက် နတ်ဆိုးသန္ဓေသားလို့ ခေါ်တယ်။ ဒါက အဆင့်တစ်မျိုးနွယ်ဖြစ်ပြီး အရာရာကို ဝါးမျိုပြီး မွေးဖွားမလာခင်မှာ ပိုပိုသန်မာလာအောင် စွမ်းဆောင်နိုင်ကြတယ်။ သူတို့က မွေးဖွားလာတဲ့အခါ ကြောက်စရာ တည်ရှိမှုတွေ ဖြစ်လာကြတယ်"

အနီရောင် အသားလုံးကြီးအကြောင်း ကြားသောအခါ ချင်းရန်က ကြောက်လန့်သွားပြီး အသံပင် တုန်ခါနေခဲ့သည်။ ယဲ့ချန်သည် ထိုအသားလုံးကြီးက အဆင့်တစ်မျိုးနွယ်တစ်ခု ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။

"မင်းတို့မှာ ဆေးပင်တွေ ပါလာခဲ့လား"

ချင်းရန်သည် စကားဆက်ပြောရန် ခွန်အားကုန်ခမ်းသွားဟန်ဖြင့် မျက်လုံးများ မှိန်ကျလာသဖြင့် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က သိုလှောင်အိတ်အတွင်းမှ ဆေးပင်အချို့ကို ထုတ်ယူ၍ ကမ်းပေးလိုက်သောအခါ သူက အင်အားများစုစည်းကာ လက်မြှောက်ပြီး လက်ခံလိုက်သည်။ ထို့နောက် သူက ဆာလောင်နေသော ဝံပုလွေတစ်ကောင်ပမာ ၎င်းတို့၏စွမ်းအင်ကို အငမ်းမရ စုပ်ယူလိုက်သည်။ အချိန်ခဏအကြာတွင် အခြေအနေက အနည်းငယ် တိုးတက်လာပြီး ခန္ဓာကိုယ်က လှုပ်ရှားနိုင်စွမ်း ရှိလာခဲ့သည်။

"သွေးမီးတောက်နတ်ဆိုး မွေးဖွားလာရင် အစွမ်းထက်လွန်းတဲ့အတွက် ငါတို့က ဖျက်ဆီးဖို့ ရောက်လာခဲ့ကြတယ်။ ဒါပေမယ့် လေဟာနယ် အက်ကြောင်းတွေကြားမှာ ပိတ်မိသွားခဲ့တယ်"

ချင်းရန်က ဆက်လက်ရှင်းပြရင်း ယဲ့ချန်ထံ စုတ်ပြဲနေသည့် စာလိပ်တစ်ခုကို ကမ်းပေးလိုက်သည်။ သူက ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ ပုံရိပ်အချို့ ချက်ချင်းဖြစ်ပေါ်လာခဲ့သည်။ စကြဝဠာအတွင်း ကြယ်တစ်ခုထက်ပင် ကြီးမားသော ဧရာမလူကြီးတစ်ယောက်က မတ်တပ်ရပ်နေကာ ညာဘက်လက်ဖြင့် ကြယ်တစ်လုံးပေါ်မှ ဘီလီယံချီသော သက်ရှိများကို ဖမ်းယူ၍ တကျွတ်ကျွတ်မြည်အောင် ဝါးစားနေသည်။ သူက ပါးစပ်ကိုဟ၍ ရှူသွင်းလိုက်သောအခါ အရာရာက အစာအိမ်အတွင်း ရောက်ရှိသွားသည်။ သက်ရှိများကို စားသောက်ပြီးသောအခါ ထိုအရာကြီးက ကြယ်၏စွမ်းအင်များကို ဟောင်းလောင်းပေါက်ဖြစ်သည်အထိ စုပ်ယူလိုက်ပြန်သည်။ ထို့နောက် သူက အလွန်လျင်မြန်သော အရှိန်ဖြင့် ခုန်ထွက်သွားကာ နောက်ထပ်ကြယ်တစ်လုံးကို ဖမ်းယူ၍ အထက်ပါအတိုင်း စုပ်ယူဝါးမျိုနေလျက်ရှိသည်။ သာမန်သက်ရှိများနှင့် ကျင့်ကြံသူများသာမက ပိုင်နက်သားရဲများနှင့် ကောင်းကင်နတ်ဆိုးများပင် ပစ်မှတ် ဖြစ်ခဲ့ရသောကြောင့် ယဲ့ချန်က အလွန်တုန်လှုပ်သွားမိသည်။ အနီရောင်အသားလုံးကြီးမှ အကောင်ပေါက်လာမည့် သွေးမီးတောက်နတ်ဆိုးက ကြောက်မက်ဖွယ်ကောင်းလွန်း အားကြီးနေသည်။ ဤသို့သော အရာတစ်ခုသာ မွေးဖွားလာလျှင် စကြဝဠာအတွင်းရှိ သက်ရှိတိုင်းအတွက် ဧရာမကပ်ဘေးကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

"ကံကောင်းတာက ဒီသန္ဓေသားက မွေးဖွားဖို့အတွက် နှစ်ပေါင်းသန်းချီ လိုအပ်နေသေးတယ်။ မဟုတ်ရင် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတစ်ခုလုံး ဒီကပ်ဘေးကြောင့် ပျက်စီးသွားနိုင်တယ်။ မင်းမှာ ဆေးပင်တွေရှိသေးရင် နည်းနည်းလောက် ထပ်ပေးနိုင်မလား"

ချင်းရန်က တုန်တုန်ယင်ယင်နှင့် ရှင်းပြနေပြီး ယဲ့ချန်၏ လက်စွပ်နှင့် လက်မောင်းကာကို မျှော်လင့်တကြီး စိုက်ကြည့်နေခဲ့သည်။ သနားစဖွယ်ကောင်းလွန်းသောကြောင့် ယဲ့ချန်က ဆေးပင်များ ထုတ်ပေးလိုက်သောအခါ သူက အငမ်းမရ စားသောက်လိုက်ပြီး ခြောက်ကပ်နေသော အသားအရေထက်တွင် အသက်အားတစ်ခု ပြန်လည်အစပျိုးလာခဲ့သည်။ ထိပ်တန်းကြယ်သခင်များတွင် စွမ်းရည်များ ပိုင်ဆိုင်ထားသောကြောင့် သာမန်ကျင့်ကြံသူများ ယှဥ်နိုင်သူများ မဟုတ်ပေ။ သာမန်ဆေးပင်အနည်းငယ်ကို စားသောက်လိုက်ရုံဖြင့် ချင်းရန်က အသက်ဓာတ်ကို ပြန်လည်ဖြစ်တည်စေနိုင်ခဲ့သည်။

"စီနီယာက ဒီနေရာကို ရောက်နေတာ ကြာပြီဆိုတော့ ဘယ်လိုထွက်သွားရမလဲဆိုတာကို သိထားပါသလား"

ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။

"ထွက်သွားဖို့ နည်းလမ်းကို သိမယ်ဆိုရင် ငါက နှစ်ပေါင်းငါးရာလုံး စောင့်ဆိုင်းနေမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါ့ကြယ်သခင်အဆင့် ခွန်အားကို ပြန်ရရင် လုပ်နိုင်မလား မသိဘူး"

ချင်းရန်က တောက်ပသော မျက်လုံးများဖြင့် ယဲ့ချန်၏လက်မောင်းကာကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။ ထို့အပြင် မိုးကြိုးလက်စွပ်လည်း ရှိနေသောကြောင့် ဆေးပင်အမြောက်အများ သေချာပေါက် ရှိနိုင်သည်။

"ယဲ့ချန် ဒီအဘိုးကြီးက ဘယ်လိုလူစားဆိုတာ ငါတို့ မသိဘူးနော်။ သူသာ ကြယ်သခင်အဆင့် ခွန်အားကို ပြန်ရသွားရင် ငါတို့ကိုယ်ငါတို့ ကာကွယ်ဖို့ မဖြစ်နိုင်ဘူး"

ခြင်္သေ့ကြီးက မူမမှန်သည်ကို သတိထားမိသဖြင့် စိတ်ချင်းဆက်သွယ်ကာ သတိပေးလာခဲ့သည်။

"ကျုပ် သိတယ်။ သူက ကျုပ်ကို လျှော့တွက်နေတယ်။ သူ့စကားတွေက အကျိုးအကြောင်းမညီဘူးဆိုတော့ ရာနှုန်းပြည့်ယုံကြည်ရတဲ့ လူမျိုး မဟုတ်ဘူး"

"ဘယ်လိုအကျိုးအကြောင်းမညီတာလဲ"

"သူက သွေးမီးတောက် နတ်ဆိုးသန္ဓေသားကို ဖျက်ဆီးဖို့အတွက် ကြယ်သသခင်အယောက်နှစ်ဆယ်နဲ့ ရောက်လာတယ်လို့ ပြောတယ်။ ဒါက သေချာပေါက် လိမ်နေတာပဲ။ သွေးမီးတောက်နတ်ဆိုးကို ကာကွယ်ဖို့အတွက် အစီအရင်တစ်ခုရှိနေတော့ အပြင်ဘက်က သိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ သူက ဒီအရာကြီးရဲ့ စွမ်းအားကို သိထားတယ်ဆိုရင် ဘာကြောင့် ကြယ်သခင်အယောက်နှစ်ဆယ်ကိုခေါ်ပြီး အထဲကို ဝင်လာမှာလဲ။ အပြင်ဘက်ကနေ နည်းလမ်းမျိုးစုံသုံးပြီး ကြယ်တစ်ခုလုံး ဖျက်ဆီးလို့ရနေတာကို ဘာကြောင့် စွန့်စားနေမှာလဲ။ သူက သူရဲကောင်းဟန်ဆောင်ပြီး ကျုပ်တို့ကို အယုံသွင်းချင်နေတယ်။ ဒီစကားတွေက သူ့အလိမ်အညာတွေကို ရှင်းရှင်းလင်းလင်း သက်သေပြနေတယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ သုံးသပ်ပြလိုက်သည်။

"ကြည့်ရတာ မင်းလည်း အရွယ်ရောက်လာခဲ့ပြီ။ လူတစ်ယောက်ရဲ့စိတ်က ဘယ်လောက် ညစ်ပတ်ယုတ်မာတယ်ဆိုတာကို နားလည်နေပြီ"

ခြင်္သေ့ကြီးက တစ်ချက်ရယ်မောလိုက်၏။

"တစ်ခါတလေကျတော့ အရွယ်ရောက်လာတာ ဝမ်းနည်းစရာကောင်းပါတယ်"

ယဲ့ချန်က သက်ပြင်းချလိုက်ပြီး ခြင်္သေ့ကြီးလည်း တိတ်ဆိတ်သွားခဲ့သည်။ လူသားများ၏ ဆိုးယုတ်သော သဘာဝကြောင့် အချင်းချင်းရန်မှ ကာကွယ်ရန်အတွက် လူတိုင်းက ကိုယ့်ကိုကိုယ် ဖြူကောင်ပမာ ဆူးများဖြင့် ဝန်းရံထားရသည်။

"မင်းသာ ငါ့ကို ဆေးပင်တွေပေးမယ်ဆိုရင် အပြင်ထွက်နိုင်လောက်တယ်။ ဒါက တစ်ခုတည်းသော အခွင့်အရေးပဲ"

ချင်းရန်သည် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက သူ့ကိုအဖက်မလုပ်ဘဲ စိတ်ချင်းဆက်သွယ်နေသောအခါ အလောတကြီး ဖြစ်လာခဲ့သည်။

"ကျုပ်ရဲ့ဆေးပင်တွေက ခင်ဗျားရဲ့ ကြယ်သခင်စွမ်းအားကို ပြန်ရအောင် မလုပ်ပေးနိုင်လောက်ဘူး။ ဒီဆေးပင်တွေကို အကုန်သုံးလိုက်လည်း အသက်ရှင်ဖို့ အခွင့်အရေး မရှိဘူး"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်၏။

"မစမ်းကြည့်ရသေးရင် ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒီလေဟာနယ်အက်ကြောင်းကို ဖျက်ဆီးဖို့အတွ​က် ငါ့ခွန်အားအကုန်လုံးကိုလည်း လိုချင်မှ လိုမှာပါ"

ယဲ့ချန်ကို ဖြောင်းဖျရန်အတွက် ချင်းရန်က အစွမ်းကုန် ကြိုးစားနေသည်။

"စိတ်မကောင်းပါဘူး စီနီယာ"

"မင်းတို့က ကိုယ့်ကိုကိုယ်ပဲ သိတတ်ကြတာလား။ လူသားတွေရဲ့ နှလုံးသားက နောက်ပိုင်းမှာ ပိုပြီးအေးစက်လာကြပြီ။ ကြည့်ရတာ အကုန်လုံး ဒီနေရာမှာ သေရတော့မယ်"

ချင်းရန်သည် ဒေါသတကြီးဖြင့် အပြစ်တင်လာသောအခါ ယဲ့ချန်တို့၏ မျက်နှာထားများက ချက်ချင်းအေးစက်သွားသည်။

"ထားလိုက်ပါတော့။ မင်းက ငါ့ကို ဆေးပင်တွေ ပေးခဲ့ပါတယ်။ မင်းအပေါ်မှာ အကြွေးတင်နေပါပြီ"

ထို့ကြောင့် သူက ဒေါသကို ပြန်လည်မျိုသိပ်လိုက်ရသည်။

"မင်းတို့ရဲ့အသက်ဓာတ်က ဘာကြောင့် မကုန်ဆုံးရတာလဲ။ ဘာတွေဖြစ်နေတာလဲ"

ထိုအချိန်၌ ချင်းရန်က တစ်ခုခုကို သတိထားမိသွားကာ ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို တအံ့တသြ ကြည့်လာခဲ့သည်။

"ကျုပ်တို့မှာ အထူးစွမ်းရည်တစ်ခု ရှိတယ်"

လေဟာနယ်အက်ကြောင်း၏ ဝါးမျိုမှုကို ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာက တားဆီးပေးထားသဖြင့် အသက်ဓာတ်ကုန်ခမ်းမှုက မပြောပလောက်ချေ။ နောက်ဆုံးတွင် ချင်းရန်သည် တစ်ဖက်လူ၏ရုပ်ခန္ဓာက အလွန်ထူးခြားပြီး သာမန်လူများနှင့် ကွဲပြားကြောင်း နားလည်သွားခဲ့သည်။ သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် နှစ်အနည်းငယ်အတွင်း အဆင့်နိမ့်ကြယ်သခင်များက အဘိုးအိုများဖြစ်လာကာ သက်တမ်းကုန်သွားသည်ကို မြင်ခဲ့ရ၏။ အကယ်၍ နတ်အစေခံများဆိုလျှင် လအနည်းငယ် တောင့်ခံနိုင်ရန်ပင် အလွန်တရာ ခက်ခဲလှသည်။ သို့သော် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက နတ်အစေခံများသာဖြစ်သော်လည်း အသက်ဓာတ်ကုန်ခမ်းမှုက လျစ်လျူရှုထားရလောက်သည်အထိ နည်းပါးလွန်းနေသည်။ ထို့ကြောင့် ရုပ်ခန္ဓာက မရိုးရှင်းဘဲ အနိမ့်ဆုံး အဆင့်နှစ်မျိုးနွယ်နှင့် ယှဥ်ပြိုင်နိုင်ပေလိမ့်မည်။

"မင်းတို့က အချိန်လေဟာနယ်စွမ်းအားကို နားမလည်သေးဘူးမလား"

သူက လေးလေးနက်နက် မေးလာသဖြင့် ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။

"ငါ့မှာ ကျမ်းတစ်ခု ရှိတယ်။ ဒီထဲမှာ အချိန်လေဟာနယ်ချီကို ဘယ်လိုဆင်ခြင်ရမယ်ဆိုတာကို ရေးမှတ်ထားတယ်။ ဒါကို အသုံးပြုပြီး ဆေးပင်တွေနဲ့ လဲလှယ်ချင်ပါတယ်"

ချင်းရန်က မျှော်လင့်တကြီး တောင်းဆိုလိုက်သည်။

"ကျုပ်တို့ အပြင်မထွက်နိုင်ရင် ဒီကျမ်းက ဘာအသုံးဝင်မှာလဲ"

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် လေဟာနယ်အက်ကြောင်းကို အဆက်မပြတ် စစ်ဆေးရင်း ပခုံးတွန့်ပြလိုက်၏။

"မင်းပြောတာ မှန်ပါတယ်။ ဒါပေမယ့် မင်းတို့အတွက် အခွင့်အရေးတစ်ခု ရလာနိုင်တယ်။ မင်းတို့ရဲ့ရုပ်ခန္ဓာက ထူးခြားတော့ နှစ်ပေါင်းတစ်ထောင်လောက် အသက်ရှင်ဖို့က ပြဿနာ မဟုတ်ဘူး။ မင်းတို့သာ ကြယ်သခင်အဆင့် ရောက်သွားရင် ထွက်ပြေးနိုင်မှာပါ"

ချင်းရန်က ခါးသက်သက်ပြုံး၍ ရှင်းပြလိုက်သည်။ သူ၏အမူအရာက သနားစရာကောင်းနေသောကြောင့် ယဲ့ချန်က သနားစိတ်ဝင်လာခဲ့သည်။ အပြင်ကမ္ဘာ၌ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သော ချင်းရန်က ဤနေရာ၌ သေကာနီး အဘိုးအိုတစ်ယောက်နှင့် မခြားပေ။ ထိုအချိန်၌ လေဟာနယ်အက်ကြောင်းက စတင်တုန်လာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

ယဲ့ချန်က မျက်နှာပျက်သွားပြီး ခြင်္သေ့ကြီးနှင့် ချန်းရန်ကလည်း တုန်လှုပ်သွားကြလေသည်။

All Chapters