နဂါးပြာခန်းမသခင်
Vol. 59 Ch. 825
ထိပ်တန်းမဟာမိတ်၏ လူငယ်အဖွဲ့ဝင်များသည် ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို မနာလိုအားကျနေစဥ် အကြီးအကဲများက တစ်စုံတစ်ခုကို ဆွေးနွေးတိုင်ပင်နေကြသည်။ ခန်းမသခင်သုံးယောက်မှာ ထိပ်တန်းအဆင့် ကြယ်သခင်များဖြစ်ပြီး မဟာအကြီးအကဲ ၁၅ယောက်နှင့် ခေါင်းဆောင် ခြောက်ယောက်ပြီးလျှင် အာဏာအရှိဆုံးများ ဖြစ်ကြသည်။ သူတို့က ထွက်ပေါ်လာခဲသောကြောင့် ခန်းမသခင်သုံးယောက်နှင့် အရံကြယ်များ၏ သခင် ၁၅ယောက်ကသာ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရသည်။ နဂါးပြာခန်းမအတွင်း၌ သက်လတ်ပိုင်း ကျင့်ကြံသူက ထိုင်ခုံတစ်ခုတွင် တည်ငြိမ်စွာ နေရာယူထားပြီး မီတောက်နှင့် နောက်လိုက်များ ဝန်းရံထားသည်။ သူ၏ရှေ့မှောက်သို့ ပုံရိပ်၁၇ခုက ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ သူက နဂါးပြာခန်းမသခင်၊ မီကြွယ်ကြယ်၏ သခင်ဖြစ်ကာ ထိပ်ဆုံးအဆင့် ကြယ်သခင် ဖြစ်သည်။
"ချန်ရဲနဲ့ ခြင်္သေ့ကြီးကို ထိပ်တန်းမဟာမိတ်ရဲ့ မြင့်မြတ်နယ်မြေမှာ လေ့ကျင့်ပေးချင်တယ်။ ဘယ်လိုသဘောရလဲ"
ခန်းမသခင်က တစ်ချက်ပြုံး၍ မေးလိုက်ခြင်းဖြစ်သည်။
"စောသေးတယ်။ သူတို့က ထိပ်တန်းဆယ်ယောက်ထဲကိုတောင် မဝင်နိုင်သေးဘူး"
ငွေမြွေခန်းမသခင်၊ ငွေမိုးကြိုးကြယ်၏သခင် လင်မြောင်က ကန့်ကွက်လိုက်၏။ သူက ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် တောင့်တင်းသန်မာသူ တစ်ယောက်ဖြစ်ကာ မျက်နှာထားက အလွန်တင်းမာနေသည်။
"ငါလည်း သဘောမတူဘူး။ ဒီကောင် ဘယ်ကလာတယ်ဆိုတာကို မသိသလို နောက်ခံကိုလည်း မသိထားဘူး။ ဒီလိုလေ့ကျင့်ပေးဖို့က စောလွန်းတယ်"
လီယွမ်က ကဖျက်ကယက် ဝင်ပြောလိုက်သည်။ သူက တိုက်ခိုက်ရေးကွင်း၌ ငွေသန်းသုံးရာကျော် အရှုံးပေါ်ခဲ့သဖြင့် ခန်းမသခင်နှင့် ယဲ့ချန်ကို အခဲမကြေပေ။ မူလတွင် သူက ယဲ့ချန်ကို အသုံးချကာ ငွေရှာချင်သော်လည်း ခန်းမသခင်က လက်ဦးသွားသောကြောင့် ပိုမိုမုန်းတီးလာခဲ့သည်။ သူက ခန်းမသခင်နှင့် ဆက်ဆံရေးအဆင်မပြေသည့်အပြင် ဤအဖြစ်ကြောင့် ပို၍ဆိုးရွားလာသောကြောင့် ခန်းမသခင် လုပ်မည့် အရာတိုင်းကို သေချာပေါက် ကန့်ကွက်ပေလိမ့်မည်။
"သူ့နောက်ခံကို ငါ စုံစမ်းထားတဲ့အတွက် အာမခံပေးနိုင်တယ်"
ခန်းမသခင်က တစ်ချက်ပြုံး၍ တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။
"သူတို့က ထိပ်တန်းဆယ်ယောက်ထဲကို ဝင်နိုင်ရင်တောင် မြင့်မြတ်အလင်းနယ်မြေထဲကို ပို့ဆောင်ပြီး အရင်းအမြစ်တွေ ထောက်ပံ့ဖို့အတွက် မသင့်တော်ဘူး။ နှစ်ယောက်လုံးက အချိန်လေဟာနယ်တစ်ခုကိုတောင် နားမလည်သေးဘူးလို့ သိထားတယ်"
လင်မြောင်က နှာခေါင်းရှုံ့၍ ကဲ့ရဲ့လိုက်ခြင်းဖြစ်သည်။
"ဒီအချက်ကြောင့်လား။ ဒါဆိုရင် လွန်ခဲ့တဲ့ နှစ်ထောင်ချီအတွင်းမှာ အချိန်လေဟာနယ် အဆင့်တစ်ခုကိုတောင် နားမလည်သေးဘဲ လေ့ကျင့်ရေးကွင်းမှာ ထိပ်တန်းဆယ်ယောက်အတွင်း ဝင်နိုင်တဲ့ ပါရမီရှင်ကို မင်း မြင်ဖူးလား"
ခန်းမသခင်က ရယ်မောလိုက်ပြီး ယုံကြည်မှုရှိစွာ ထောက်ပြလိုက်၏။ လူတိုင်းက သူ၏စကားကြောင့် အတွေးနက်သွားကာ လီယွမ်နှင့် လင်မြောင်က ကန့်ကွက်ချင်သော်လည်း အကြောင်းပြချက် ရှာမရပေ။
"လေ့ကျင့်ရေးကွင်း တည်နေရာက အချိန်တိုင်း ပြောင်းလဲနေပေမယ့် ထိပ်တန်းဆယ်ယောက်အတွင်းဝင်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ငါတို့အားလုံး သိထားကြတယ်။ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ ကျဆုံးသွားပေမယ့် ထိပ်တန်းဆယ်ယောက်တိုင်းက အစွမ်းထက်ကျင့်ကြံသူတွေ ဖြစ်လာကြတယ်။ အများစုက ကောင်းကင်နတ်ဆိုးနဲ့ တိုက်ပွဲထဲမှာ အသတ်ခံလိုက်ရပေမယ့် ထူးချွန်တဲ့အချက်ကို ဘယ်သူမှ ငြင်းလို့မရဘူး။ ချန်ရဲနဲ့ ခြင်္သေ့ကြီးက အချိန်လေဟာနယ်ကိုတောင် မထုတ်ဖော်နိုင်သေးဘဲ ထိပ်တန်းဆယ်ယောက်ထဲ အရောက်သွားနိုင်ရင် ပျိုးထောင်ပေးဖို့ မထိုက်တန်ဘူးလား"
သူ၏စကားသံ ထပ်မံထွက်ပေါ်လာသောအခါ လင်မြောင်နှင့် လီယွမ်မှအပ လူတိုင်းက ခေါင်းတညိတ်ညိတ် ဖြစ်သွားကြသည်။
"သူတို့က ချောင်ကျတဲ့ ကြယ်တစ်လုံးက လာတာဖြစ်လို့ အချိန်လေဟာနယ်ချီကို နားလည်အောင် လုပ်ရမယ့် နည်းလမ်းကို မသိသေးဘူး။ သူတို့ကိုသာ ကောင်းကောင်းသင်ကြားပေးလိုက်ရင် သေချာပေါက် ပိုပြီးအစွမ်းထက်လာလိမ့်မယ်"
ခန်းမသခင်က ယုံကြည်မှုအပြည့်နှင့် ထောက်ခံပေးလိုက်၏။
"ကောင်းပြီ။ ငါ မင်းကို ယုံကြည်ပေးလိုက်မယ်။ တစ်ကြိမ်လောက် လောင်းကြေး ထပ်ကြည့်ကြတာပေါ့"
ရွှေတောင်ပံခန်းမသခင်၊ ရွှေရောင်ကြယ်သခင်က ဆုံးဖြတ်ချက် ချပေးလိုက်သည်။ ခန်းမသခင်သုံးယောက်နှင့် အရံကြယ်သခင်၁၅ယောက်က အာဏာချင်း တူညီသော်လည်း သူက အစွမ်းအထက်ဆုံးဖြစ်သောကြောင့် လူတိုင်း မငြင်းပယ်နိုင်ခဲ့ပေ။ လင်မြောင်က အေးစက်စက်နှာခေါင်းရှုံ့၍ တိတ်ဆိတ်သွားသကဲ့သို့ လီယွမ်ကလည်း လုံးဝ ပါးစပ်ပိတ်သွားခဲ့သည်။ ထို့နောက် ပုံရိပ်များက တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကာ နောက်ဆုံး၌ ခန်းမအတွင်း ပြန်လည်တည်ငြိမ် အေးချမ်းသွားခဲ့သည်။
"ဆရာ ကျုပ်ကို ဒီနေရာခေါ်ထားတာ အဆင်ပြေရဲ့လား။ လီယွမ်က တိုက်ခိုက်ရေးကွင်းကိစ္စအကြောင်းကို ရိပ်မိသွားနိုင်တယ်။ ဆရာနဲ့ သူ့ကြားက ဆက်ဆံရေးလည်း ပိုပြီးဆိုးရွားလာလိမ့်မယ်"
တိုက်ခိုက်ရေးကွင်း၌ မီကွမ်ကို စာရင်းသွင်းပေးခဲ့သူမှာ မီတောက် ဖြစ်သောကြောင့် သူက စိုးရိမ်နေခဲ့သည်။
"အဆင်ပြေပါတယ်။ ဒီအဘိုးကြီးလီယွမ်က ငါ့ကို မျက်စိထဲ မထည့်ထားဘူး။ သူ့ကို ငါတို့က ဘာကိစ္စ အလေးအနက်ထားနေရမလဲ"
ခန်းမသခင်က ခေါင်းယမ်းလိုက်သည်။
"ဒါပေမယ့်...."
"ဒီကိစ္စကို ထားလိုက်တော့။ မဟာအကြီးအကဲမင်လုဆီကနေ သတင်းအချို့ ရထားတယ်။ ချန်ရဲက သေချာပေါက် မရိုးရှင်းဘူး။ သူက အချိန်လေဟာနယ်ချီကို မထုတ်ဖော်နိုင်သေးပေမယ့် ခန္ဓာကိုယ်ထဲမှာ ပေါင်းစပ်ထားပြီးဖြစ်နေတဲ့အတွက် ဒါက သေချာပေါက် ထူးခြားနေလိမ့်မယ်။ သူက ပျိုးထောင်ပေးသင့်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်တယ်။ ခြင်္သေ့ကြီးကလည်း ခရမ်းမီးတောက် ကြယ်ခြင်္သေ့မျိုးနွယ်ဝင် ဖြစ်တဲ့အတွက် မဆိုးဘူး။ လီယွမ်က ဒီအကြောင်းသိသွားရင် သူတို့ကို သေချာပေါက် မကောင်းကြံလာနိုင်တယ်။ အချိန်တိုင်း သတိထားနေပြီး လိုအပ်လာရင် ကူညီပေးလိုက်ကြ"
ခန်းမသခင်က လေးနက်စွာ ညွှန်ကြားလိုက်၏။
"ဆရာက အမြော်အမြင် ကြီးမားပါတယ်။ ဒီလိုသာဆိုရင် ချန်ရဲနှင့် ခြင်္သေ့ကြီးက ဆရာ့ကို သေချာပေါက် ကျေးဇူးတင်နေလိမ့်မယ်"
ခန်းမသခင်၏နည်းလမ်းကို မီတောက်က ချက်ချင်းနားလည်သွားကာ ချီးကျူးလိုက်သည်။
"ပါရမီရှင်တွေကို သိမ်းသွင်းချင်ရင် ကြင်နာမှု ပြသရမယ်။ ဖိအားသုံးတာက ကလန်ကဆန်လုပ်ဖို့ကို ဦးတည်သွားလိမ့်မယ်"
ခန်းမသခင်က ဤနည်းလမ်းဖြင့် ထူးချွန်ထက်မြက်သော နောက်လိုက်များစွာကို စုဆောင်းထားနိုင်ခဲ့သည်။
"သူတို့က ဆရာ့ကို သေချာပေါက် ကျေးဇူးသိတတ်ပါလိမ့်မယ်"
မီတောက်အပေါ်တွင်လည်း ခန်းမသခင်က ကျေးဇူးရှိထားခဲ့သည်။ အကယ်၍ ခန်းမသခင်သာ တောင်းဆိုမပေးခဲ့လျှင် သူက အပြင်းအထန် အပြစ်ပေးခံရပြီး ကျင့်ကြံဆင့်ပျက်စီးကာ အမှိုက်တစ်စ ဖြစ်သွားနိုင်သည်။
"သူတို့ကို ကြယ်အလင်း မြင့်မြတ်နယ်မြေဆီ ပို့ပေးဖို့ မင်း တာဝန်ယူလိုက်"
ခန်းမသခင်က တစ်ချက်ပြုံး၍ ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့ပါ ဆရာ"
မီတောက်က ရိုသေလေးစားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
လေ့ကျင့်ရေးကွင်းရှေ့ရှိ နတ်အစေခံ အဆင့်စာရင်းတွင် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက မျှော်လင့်ထားသည့်အတိုင်း ထိပ်တန်းဆယ်ယောက်အတွင်း ရောက်ရှိလာကြသည်။ လူတိုင်းက ဤရလဒ်ကို ခန့်မှန်းထားသည့်တိုင်အောင် အမှန်တကယ် ဖြစ်လာသောအခါ အားလုံး အံ့သြနေကြသည်။
"လေ့ကျင့်ရေးကွင်းရဲ့ ထိပ်တန်းဆယ်ယောက်စာရင်းက မပြောင်းလဲတာ နှစ်ပေါင်းဆယ်ချီနေပြီ။ ဒီနေ့တော့ နှစ်နေရာတောင် ပြောင်းလဲသွားခဲ့တယ်"
"သူတို့က လေ့ကျင့်ရေးကွင်းထဲကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
"တစ်ရက်နဲ့ နေ့တစ်ပိုင်းလို့ ပြောကြတာပဲ"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒီအချိန်တိုလေးအတွင်းမှာတောင် ဒီလောက်စွမ်းဆောင်နိုင်ရင် ထိပ်ဆုံးသုံးယောက်ထဲတောင် ရောက်သွားနိုင်တယ်နော်"
"ဘုရားရေ ဒီနှစ်ယောက်က ဘယ်လိုလူမျိုးတွေလဲ"
"ဒီအချိန်တိုလေးအတွင်းမှာ အဆင့်တစ်ရာအပြင်ကနေ ထိပ်ဆုံးသုံးယောက်ထဲ ဝင်နိုင်တယ်ဆိုတာက လေ့ကျင့်ရေးကွင်းသမိုင်းမှာတောင် မရှိလောက်ဘူး"
"သူတို့က အချိန်လေဟာနယ် အဆင့်တစ်ခုကိုတောင် မထုတ်ဖော်နိုင်သေးဘူး"
"ဒါကြီးက မယုံနိုင်စရာကောင်းလွန်းတယ်"
ကျင့်ကြံသူများက ကျောက်စာရှေ့တွင် စုဝေးရောက်ရှိနေကြပြီး အဆင့်အပြောင်းအလဲကို အာရုံစိုက်နေကြသည်။ ဤနှုန်းဖြင့်ဆိုလျှင် ယဲ့ချန်က ကျော်တက်သွားရန် သေချာသောကြောင့် လီရိ၏မျက်နှာက ပို၍အရုပ်ဆိုးလာသည်။ သို့သော် သူ၏အမြင်၌ ယဲ့ချန် အစွမ်းထက်နေရသည်မှာ လက်နက်အားကိုးကြောင့် ဖြစ်သည်ဟု သတ်မှတ်ထားသည်။
"မင်းက ထိပ်တန်းဆယ်ယောက်ထဲကို ရောက်ရင် ကြယ်အလင်းနယ်မြေကို လာရလိမ့်မယ်။ အချိန်ကျရင် တိုက်ခိုက်ရသေးတာပေါ့"
သူက တေးမှတ်ထားလိုက်ပြီး စိတ်ပျက်စွာဖြင့် ချက်ချင်းလှည့်ထွက်သွားခဲ့သည်။ ထိပ်တန်းမဟာမိတ်ရှိ လူငယ်မျိုးဆက်က ယဲ့ချန်နှင့် ခြင်္သေ့ကြီးအကြောင်း ဆွေးနွေးနေကြပြီး သိုင်းပြိုင်ပွဲ၌ အဆင့်တစ်ဆယ် နတ်အစေခံတိုက်ပွဲက ပို၍စိတ်ဝင်စားစရာ ကောင်းလာတော့မည်ဖြစ်သည်။ ထို့အပြင် ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် ကြယ်အလင်းနယ်မြေသို့ ဝင်ရောက်ခွင့်ရသည်ဟူသော သတင်းက လျင်မြန်စွာ ပျံ့နှံ့လာ၏။ သို့သော် ထိပ်တန်းဆယ်ယောက်အတွင်း ဝင်နိုင်လျှင် ဤအခွင့်အရေး ရမည်ဖြစ်သောကြောင့် မည်သူမှ ထူးဆန်းသည်ဟု ထင်မြင်မနေခဲ့ပေ။
လေ့ကျင့်ရေးကွင်းအတွင်း၌ ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် ထိုအခြေအနေများကို မသိဘဲ သွေးလွှမ်းသော တိုက်ပွဲအတွင်း နစ်မြုပ်နေကြသည်။
"ယဲ့ချန် နတ်သွေးစက်က ဘယ်လိုရတနာမျိုးလဲ"
ခြင်္သေ့ကြီးက ကောင်းကင်နတ်ဆိုးများကို သတ်ဖြတ်နေရင်း သိချင်စိတ်ကို မထိန်းနိုင်တော့သဖြင့် အသံချင်းဆက်သွယ်ကာ မေးလာခဲ့သည်။ ယဲ့ချန်ကမူ မဟာအကြီးအကဲများမှ လောဘကတက်၍ လုယူလာနိုင်ချေရှိသောကြောင့် ၎င်းကို လူမြင်ကွင်း မထုတ်ရဲပေ။ သူက ဝိညာဥ်အသိစိတ်ကို လက်မောင်းကာအတွင်း ထည့်သွင်း၍ အသေးစိတ် စစ်ဆေးလိုက်သည်။ ကျောက်စိမ်းပုလင်းအတွင်း၌ လူသွေးနှင့် ဆင်တူသော်လည်း ပိုမိုကြည်လင်ပြီး အရောင်တဖိတ်ဖိတ်တောက်နေသော သွေးများက လှပစွာဖြင့် ပုလင်းတစ်ဝက်ခန့် ရှိနေသည်။ ၎င်းအတွင်းမှ ပင်လယ်ကဲ့သို့ ကြီးမားကျယ်ပြန့်သော စွမ်းအားများ တည်ရှိနေသည်ကို အာရုံခံနိုင်ပြီး အလွန်တရာမွှေးသော ရနံ့တစ်ခု ထွက်ပေါ်နေသည်။
ယဲ့ချန်၏ ဝိညာဥ်အသိစိတ်က ၎င်းရနံ့နှင့် ထိတွေ့လိုက်သောအခါ အားသစ်လောင်းလိုက်သကဲ့သို့ စွမ်းအားများ တိုးပွားလာသောကြောင့် သူက အံ့သြဘနန်း ဖြစ်သွားရသည်။ ရနံ့သက်သက်တွင် ပါဝင်သော စွမ်းအင်ပမာဏက ဤမျှများပြားနေလျှင် သွေးတစ်စက်ရှိ စွမ်းအားပမာဏက သာမန်အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်ကို ပေါက်ကွဲသေဆုံးသွားစေနိုင်လိမ့်မည်။ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာပင် ခုခံနိုင်မည်ဟု ရာနှုန်းပြည့် မသေချာသောကြောင့် သူက မစမ်းသပ်ရဲပေ။
"နတ်ဆိုးလေးက တကယ်မလိမ်ခဲ့ဘူး။ ဒီနတ်သွေးက တကယ်မရိုးရှင်းဘူး။ သာမန်ကျင့်ကြံသူတစ်ယောက် ဖန်တီးနိုင်တာမျိုး မဟုတ်ဘူး။ ဒီကျောက်စိမ်းပုလင်းက သေချာပေါက် အဖိုးတန်တယ်"
ယဲ့ချန်က အံ့သြတကြီး ရေရွတ်လိုက်သည်။ မီးတောက်နီ နတ်ဆိုးသန္ဓေသားက သူ၏ရိုးသားမှုကို ပြသရန်အတွက် အစွမ်းကုန် ကြိုးစားခဲ့ပုံပေါ်လေသည်။