← Chapters

အခွင့်ထူးခံများ

Vol. 59 Ch. 826

အခွင့်ထူးခံများ

Vol. 59 Ch. 826

လေ့ကျင့်ရေးကွင်းအတွင်း သုံးရက် အချိန်ပြည့်သွားသောအခါ ယဲ့ချန်နှင့် ခြင်္သေ့ကြီးက အပြင် ပြန်ထွက်လာရသည်။ သူတို့က တည်နေရာပြောင်း အစီအရင်အတွင်းမှ ထွက်လာသောအခါ ရဲတိုက်အတွင်းရှိ လူတိုင်းက ထူးဆန်းသော မျက်နှာထားများဖြင့် ဝိုင်းကြည့်နေကြသည်။

"ဒီလူတွေက ဘာဖြစ်နေကြတာလဲ"

ယဲ့ချန်သည် အထူးအဆန်းပမာ စိုက်ကြည့်ခံနေရသောကြောင့် နားမလည်နိုင် ဖြစ်နေသည်။ သူက အဆင့်စာရင်းကို တစ်ချက်ကြည့်လိုက်သောအခါတွင်မှ ဤမျှအာရုံစိုက်ခံနေရသော အကြောင်းအရင်းကို နားလည်သွားသည်။ နတ်အစေခံအဆင့်စာရင်းတွင် ချန်ရဲနှင့် ခြင်္သေ့ကြီးဆိုသော အမည်နှစ်ခုက အဆင့်သုံးနှင့် အဆင့်ငါးကို အသီးသီးပိုင်ဆိုင်ထားကြသဖြင့် အဖွဲ့ဝင်တစ်ယောက်အနေဖြင့် အမှန်တကယ် ထူးဆန်းနေသည်။ သူက နံပတ်တစ်နေရာတွင်ရှိနေသော ရုန်ယွမ်နှင့် နံပတ်နှစ်နေရာရှိ လင်ချိုးတို့အကြောင်း သိချင်လာပြီး မည်မျှအစွမ်းထက်ကြောင်း သိလိုနေသည်။

အမှန်တကယ်၌ ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် အဆင့်ထပ်တက်မည်ဆိုလျှင် တက်နိုင်စွမ်းရှိသော်လည်း လုံလောက်ပြီဟု ခံစားနေရသဖြင့် လေ့ကျင့်ရေးကွင်းအတွင်း ကျင့်ကြံရင်း အချိန်ဖြုန်းနေခဲ့သည်။ သူတို့၏အတွေးများကို အခြားကျင့်ကြံသူများသာ သိလျှင် သွေးအန်ကုန်ကြပေလိမ့်မည်။ ထိုကျင့်ကြံသူများမှာ လေ့ကျင့်ရေးကွင်းအတွင်း တိုက်ခိုက်ရင်းဖြင့် အဆင့်တက်ကာ အကြီးအကဲများ၏ အာရုံစိုက်ခြင်းကို ရယူလိုနေကြသည်။ သို့မှသာ ကျင့်ကြံရေးအတွက် အဖိုးတန်အရင်းအမြစ်များ ရရှိနိုင်မည် မဟုတ်ပါလော။ အကယ်၍ နံပတ်တစ်နေရာသို့ရောက်လျှင် ကြယ်အလင်းနယ်မြေ၌ အိမ်ရာတစ်ခုပင် ရနိုင်ပြီး ဂုဏ်သတင်း အလွန်မြင့်မားပေလိမ့်မည်။ ထိုကျင့်ကြံသူကို ထိပ်တန်းမဟာမိတ်က အစွမ်းကုန်ကြိုးစား၍ ပျိုးထောင်ပေးမည်ဖြစ်ကာ ခေါင်းဆောင်တစ်ယောက်ဖြစ်လာရန် အလားအလာအများဆုံး ရနိုင်သည်။ သို့သော် ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏ အဆင့်များကပင် သာမန်ပါရမီရှင်များ လက်လှမ်းမမီနိုင်သော နေရာများ ဖြစ်ကြသည်။

"ကျေးဇူးပြုပြီး လိုက်ခဲ့ကြပါ။ ဆရာက မင်းတို့ကို ကြယ်အလင်းနယ်မြေဆီ ခေါ်ဆောင်ဖို့ အမိန့်ပေးလိုက်တယ်"

မီတောက်က အချိန်ကိုက်ရောက်ရှိလာကာ တစ်ချက်ပြုံး၍ ဖိတ်ခေါ်လိုက်၏။

"ကြယ်အလင်းနယ်မြေ"

"ဒီနေရာကို ပါရမီအမြင့်ဆုံး နတ်အစေခံတွေ ဝင်ရောက်ခွင့်ရှိပြီး လုံလောက်အောင် ထူးချွန်မယ်ဆိုရင် စွမ်းအားရှင်တစ်ယောက်ရဲ့ တပည့် ဖြစ်လာနိုင်တယ်။ ဥပမာပြောရရင် ရုန်ယွမ်က နတ်သစ်သားသိုင်းသမား လောင်ရင်ရဲ့ တပည့်ဖြစ်နေပြီ။ မင်းတို့အပြင် မြင့်မြတ်နယ်မြေမှာ ကျင့်ကြံသူ၁၁ယောက်ရှိတဲ့အတွက် စုစုပေါင်း ၁၃ယောက် ဖြစ်လာပြီ"

မီတောက်က ရှင်းပြလိုက်သောအခါ စွမ်းအားကို အရေးတကြီး လိုအပ်နေသည့် ယဲ့ချန်အတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။ အကယ်၍ သူသာ စွမ်းအားရှင်တစ်ယောက်၏ တပည့်ဖြစ်သွားလျှင် တိုးတက်ရေးအတွက် ဖြတ်လမ်းတစ်ခု ရသွားပေလိမ့်မည်။ သူက ထိပ်တန်းကြယ်သခင်အဆင့်ဖြစ်သော ချင်းရန်ကို မြင်ဖူးထားသော်လည်း တစ်ဖက်လူက သေကာနီးဖြစ်နေသောကြောင့် အဆင့်နိမ့်ကြယ်သခင်နီးနီးသာ အစွမ်းထက်ခဲ့သည်။ ထို့ကြောင့် စွမ်းအားရှင်တစ်ယောက်၏ ခွန်အားမျိုးကို သူက မြင်တွေ့လိုနေသည်။ အချိန်ခဏတာစဥ်းစားပြီးနောက် သူက ကြယ်အလင်းနယ်မြေသို့ သွားရောက်ရန် သဘောတူလိုက်ပြီး ခြင်္သေ့ကြီးနှင့်အတူ မီတောက်၏ ဦးဆောင်ရာအတိုင်း လိုက်ပါလာခဲ့သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက သူတို့ကို မနာလိုအားကျစွာဖြင့် ကြည့်နေခဲ့ကြသည်။ ကြယ်အလင်းနယ်မြေက သူတို့အတွက် အမြဲတမ်း အိပ်မက်မက်ခဲ့ရသော အရာတစ်ခု ဖြစ်သည်။ ယဲ့ချန်နှင့် ခြင်္သေ့ကြီးကဲ့သို့ အစွမ်းထက်ပါရမီရှင်များသာ ထိုနေရာသို့ ဝင်ရောက်ခွင့်ရှိသည်။

"နောက်ပိုင်းမှာ မင်းတို့က ငါ့ကို မီတောက်လို့ ခေါ်နိုင်ပါတယ်"

"ငါနားမလည်တာ တစ်ခု ရှိနေတယ်"

"မေးပါ။ ငါ သိထားသလောက်ဆိုရင် အကောင်းဆုံး ဖြေပေးမယ်"

"ထိပ်တန်းမဟာမိတ်မှာ ခေါင်းဆောင်တွေနဲ့ မဟာအကြီးအကဲတွေကြား ဘယ်သူက ပိုပြီးသန်မာလဲ"

ယဲ့ချန်သည် လေ့ကျင့်ရေးကွင်းအတွင်း စဥ်းစားမိခဲ့သော မေးခွန်းကို ထုတ်ပြောလိုက်၏။

"ဒီကိစ္စကိုတော့ ငါလည်း သေချာမသိဘူး။ မဟာအကြီးအကဲတွေက တစ်ချိန်တုန်းက ခေါင်းဆောင်တွေဖြစ်ခဲ့ကြပေမယ့် အသက်အရွယ်ရလာတဲ့အတွက် အားနည်းလာကြတယ်။ ဒါကြောင့် သူတို့က တံခါးပိတ်ကျင့်စဥ်ဝင်သွားကြပြီး အင်မော်တယ်လမ်းစဥ်ကို ရှာဖွေဖို့အတွက် ကျင့်ကြံနေကြတယ်"

မီတောက်က တစ်ချက်ပြုံး၍ ဖြေလိုက်သည်။

"ဒါဆိုရင် လက်ရှိမှာ ခေါင်းဆောင်တွေက ပိုပြီးသန်မာတာပေါ့"

ယဲ့ချန်က အခြေအနေကို ချက်ချင်းနားလည်လိုက်၏။

"ဒီလိုလည်း မဟုတ်သေးဘူး။ ဘယ်သူမှ အကြီးအကဲတွေရဲ့ ခွန်အားအတိအကျကို မသိထားဘူး။ အချို့က ထာဝရနေထိုင်ဖို့ နည်းလမ်းကို ရှာတွေ့သွားခဲ့တဲ့အတွက် ပိုပိုသန်မာလာပြီး အဆင့်သုံးမျိုးနွယ်ကို ချိုးဖျက်ပြီး အဆင့်နှစ်ရုပ်ခန္ဓာကိုတောင် ပိုင်ဆိုင်နေကြပြီ။ ဒါကြောင့် အဆင့်အတန်းမှာ ခေါင်းဆောင်တွေက သူတို့ကို မယှဥ်နိုင်ဘူး။ ဒါပေမယ် သူတို့က ထိပ်တန်းမဟာမိတ်အတွက် သေရေးရှင်ရေးကိစ္စမဟုတ်ရင် အပြင်ထွက်လာဖို့ ခဲယဥ်းတယ်"

မီတောက်က ခေါင်းယမ်း၍ ရှင်းပြလိုက်ပြန်သည်။

"သူတို့က ပိုပြီးအစွမ်းထက်လာဖို့အတွက် အဆင့်နှစ်မျိုးနွယ်အဖြစ် ဆင့်ကဲပြောင်းလဲလိုက်ကြတာလား"

ယဲ့ချန်က လေးလေးနက်နက် စဥ်းစားနေသည်။ ထိပ်တန်းမဟာမိတ်က ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွင်း နံပတ်တစ်အင်အားစုအဖြစ် အချိန်ကြာမြင့်စွာ ရပ်တည်ခဲ့သောကြောင့် ဝှက်ဖဲများစွာ ရှိပေလိမ့်မည်။ ထို့နောက် သူတို့က ကောင်းကင်လှေတစ်စီးဖြင့် ဗဟိုကြယ်သို့ ဦးတည်လိုက်ကြကာ နာရီဝက်အကြာ၌ ကာကွယ်ရေးအစီအရင်များကို ကျော်ဖြတ်၍ ရောက်ရှိလာခဲ့သည်။ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် အပြင်ဘက်ကို ကြည့်လိုက်သောအခါ ကောင်းကင်သို့ မြင့်တက်နေသော တိုင်ကြီးများအထက်၌ ခေါင်းဆောင်ခြောက်ယောက်၏ပုံရိပ်များက နတ်ဘုရားများပမာ ကြီးကျယ်ခမ်းနားစွာဖြင့် အောက်သို့ ငုံ့ကြည့်နေကြောင်း မြင်လိုက်ရ၏။ ဗဟိုကြယ်၌ မျှော်စင်များ ပြည့်နှက်နေပြီး တစ်ခုချင်းစီတွင် အချိန်လေဟာနယ် ဒူးလေးကြီးများ တပ်ဆင်ထားသဖြင့် လုံခြုံရေးက တင်းကျပ်ပြီး သာမန်ရန်သူများဆိုလျှင် မထိုးဖောက်နိုင်ခင်မှာပင် ဘဝပျက်သွားပေလိမ့်မည်။

"မင်းတို့ ဒီနေရာမှာ ခဏစောင့်ကြ။ တစ်ယောက်ယောက်က လာခေါ်ပေးပါလိမ့်မယ်။ ငါက မင်းတို့ကို ဒီအထိပဲ လိုက်ပို့နိုင်တယ်"

မီတောက်က ကောင်းကင်လှေကို စင်မြင့်တစ်ခုထက်တွင် ရပ်တန့်ကာ ယဲ့ချန်တို့ကို နှုတ်ဆက်ပြီးနောက် ဗဟိုကြယ်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ သူတို့က လှည့်ပတ်ကြည့်ရှုနေစဥ် အဝေးမှ လူတစ်ယောက်က အပြေးကလေး ရောက်ရှိလာသည်။ သူက ကျောင်းတော်သားတစ်ယောက်ပမာ ဝတ်ဆင်ထားပြီး စစ်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

"ဂိုဏ်းတူအစ်ကိုတို့ ကျုပ်က ကွမ်ကျင်းဖြစ်ပြီး ကြယ်အလင်းနယ်မြေရဲ့ လမ်းပြပါ။ ကျေးဇူးပြုပြီး လိုက်လာပေးပါ"

ကွမ်ကျင်းက ယဲ့ချန်တို့ကို နွေးထွေးစွာ ကြိုဆို၍ ဦးဆောင်လမ်းပြလိုက်သည်။

"ကြယ်အလင်းနယ်မြေက ဘယ်လိုနေရာမျိုးလဲ"

ခြင်္သေ့ကြီးက မေးလိုက်ခြင်းဖြစ်သည်။

"ဒီနေရာက ထိပ်တန်းမဟာမိတ်မှာ တပည့်တွေ လေ့ကျင့်ဖို့အတွက် အကောင်းဆုံးဖြစ်တယ်။ အစ်ကိုတို့က မကြာခင် အကျိုးအမြတ်ကို သိလာရပါလိမ့်မယ်"

ကွမ်ကျင်းက တစ်ချက်ပြုံး၍ ဖြေလိုက်၏။

"ဒါဆိုရင် ငါက လေ့ကျင့်ရေးကွင်းမှာ အဆင့်သုံးရခဲ့လို့ ဝင်ခွင့်ရလိုက်တာလား"

ယဲ့ချန်က မေးလိုက်သည်။ ယေဘူယျသဘောပြောရလျှင် သူက အဖွဲ့ဝင်အသစ်တစ်ယောက် ဖြစ်သောကြောင့် ဤနေရာသို့ လျင်လျင်မြန်မြန် ဝင်ခွင့်ရခြင်းက အဓိပ္ပါယ်မရှိပေ။

"အစ်ကိုတို့က အရမ်းပါရမီရှိတဲ့အတွက် နဂါးပြာခန်းမသခင်က အလေးအနက် ထောက်ခံပေးခဲ့တယ်"

ကွမ်ကျင်း၏ အပြောအဆိုက အလွန်ယဥ်ကျေးနေသည်။ တစ်ဖက်လူသည် အနာဂတ်၌ အကန့်အသတ်မဲ့သော ပါရမီရှင်များ ဖြစ်သည့်အတွက် သူက အနည်းငယ်မျှပင် မစော်ကားရဲချေ။

"နဂါးပြာကျောင်းတော်သခင်က မီတောက်ရဲ့ဆရာ ဖြစ်ရမယ်"

ယဲ့ချန်က စိတ်ထဲမှ ရေရွတ်လိုက်၏။ သူတို့က စင်မြင့်ပေါ်မှ ဆင်းသက်၍ လမ်းကျဥ်းလေးတစ်ခုအတိုင်း လျှောက်လှမ်းလာသောအခါ သစ်တောတစ်ခုအတွင်း ရောက်လာကြသည်။ ငှက်ကလေးများ အော်မြည်နေကာ ပန်းများ ပွင့်လန်းနေသဖြင့် ပန်းချီတစ်ချပ်ပမာ လှပနေသည်။ လမ်းကို အပြာရောင်ကျောက်များဖြင့် ခင်းထားပြီး စမ်းချောင်းလေးများ တသွင်သွင် စီးဆင်းနေကာ ရေတံခွန်စီးကျသံပင် ကြားနေရ၏။ သစ်တောအတွင်းမှ ကြယ်အလင်းများ ထွက်ပေါ်နေသည်ကို အဝေးမှပင် မြင်တွေ့နိုင်သည်။

"ဒီနေရာကို ဂိုဏ်းတူအစ်ကိုအစ်မ၁၁ယောက်က ကြိုတင်ရောက်ရှိပြီးသားဖြစ်လို့ ကျင့်ကြံဖို့ နေရာတွေ ရွေးထားပြီးပြီ။ ကျုပ်က အစ်ကိုတို့နဲ့ သူတို့ကြား ပြဿနာမဖြစ်အောင် ဒီနေရာတွေအကြောင်း ပြောပြပါမယ်"

ကွမ်ကျင်းက လေးနက်စွာ သတိပေးလိုက်သည်။

"အရင်ကရော ဒီလိုပြဿနာတွေ ဖြစ်နေကျလား"

ယဲ့ချန်က တစ်လုံးချင်း မေးလိုက်၏။

"သူတို့အားလုံးက အခွင့်ထူးခံပါရမီရှင်တွေဖြစ်ကြပြီး အနည်းဆုံး အချိန်လေဟာနယ်အဆင့်နှစ်ကို နားလည်ထားကြတဲ့အတွက် ထိပ်တန်းမဟာမိတ်ရဲ့ အနာဂတ်ထောက်တိုင်တွေ ဖြစ်ကြတယ်။ လူတိုင်းကို အနိုင်ယူနိုင်တာကတော့ ဂိုဏ်းတူအစ်ကို ရုန်ယွမ်နဲ့ ဂိုဏ်းတူအစ်မ လင်ချိုးတို့ဖြစ်ပြီး အချိန်လေဟာနယ်အဆင့်လေးကို နားလည်ထားကြတယ်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ပြဿနာတွေ နည်းသွားပေမယ့် အစ်ကိုတို့က ရောက်ကာစဖြစ်နေလို့ သေချာပေါက် သတိထားကြပါ"

ကွမ်ကျင်းက ခပ်တိုးတိုး ဖြေလိုက်သည်။ မီတောက်သည် ကြယ်အလင်းနယ်မြေ၌ အရင်းအမြစ်ပမာဏ အကန့်အသတ်ရှိကြောင်း ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို ပြောပြထားခဲ့သည်။ ၎င်းတို့က အပြင်ကမ္ဘာတွင် ရှာရခက်ကာ အရည်အသွေးအမြင့်ဆုံး ရတနာများဖြစ်သော်လည်း လူတိုင်းက ခွဲယူကြရသောကြောင့် လူအရေအတွက် တိုးလာသည့်အပေါ် အခြားသူများက ကျေနပ်မည် မဟုတ်ပေ။

"ဒီကောင်တွေ မကျေနပ်ရင်ရော ဘာဖြစ်လဲ။ ငါတို့က ဘာကိစ္စ ဂရုစိုက်နေရမှာလဲ"

ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ဤကိစ္စကို ခေါင်းထဲပင် မထည့်ချေ။ ကွမ်ကျင်းသည် ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာရင်း ကြယ်အလင်းနယ်မြေ၏ ဝင်ပေါက်၌ အလွန်အရပ်ရှည်သူတစ်ယောက် ရပ်နေကြောင်း တွေ့လိုက်ရသည်။ တစ်ဖက်လူက သူတို့ကို ထက်ရှသော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေသည်။

"ဘာလို့ ဒီလောက်မြန်နေတာလဲကွာ။ ပြဿနာတွေ မတက်ပါစေနဲ့"

ထိုပုံရိပ်ကို မြင်သောအခါ ကွမ်ကျင်းက ခေါင်းကျိန်းသွားရသည်။ ဤနေရာရှိ ပါရမီရှင်တိုင်းက အချိန်လေဟာနယ်အဆင့်များကို နားလည်ထားသောကြောင့် တိုက်ခိုက်ကြမည်ဆိုလျှင် စစ်ဧကရာဇ်တစ်ယောက်ဖြစ်သော သူက ကြားညှပ်သွားနိုင်လေသည်။

All Chapters