ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်း
Vol. 59 Ch. 827
ယဲ့ချန်သည် အဝေးမှ လူသန်ကြီးကို တစ်ချက်ကြည့်လိုက်မိသည်။ သူနှင့် ခြင်္သေ့ကြီးက ရောက်ကာစဖြစ်သော်လည်း တစ်ဖက်လူက စိတ်ရှည်ပုံမရချေ။ သို့သော် သူက ရန်လိုစိတ်ကို မခံစားရသောကြောင့် အကဲဖြတ်ရုံသာဖြစ်နိုင်ပြီး နောက်ထပ်အသိစိတ်ဆယ်ခုမှ လာရောက်စူးစမ်းနေသည်ကိုလည်း အာရုံခံမိခဲ့သည်။ ၎င်းတို့က အချင်းချင်းဆက်သွယ်၍ သူတို့အကြောင်း ဆွေးနွေးနေကြသည်။
"နောက်ထပ်နှစ်ယောက် ရောက်လာမယ်လို့ မထင်ထားဘူး။ သူတို့က အဆင့်တစ်ခုကိုတောင် နားမလည်သေးဘဲနဲ့ ကြယ်အလင်းနယ်မြေကို ရောက်လာတယ်။ အကြီးအကဲတွေက ဘာတွေတွေးနေကြတာလဲ"
ယုကျောင်အမည်ရသော ကျင့်ကြံသူတစ်ယောက်က မကျေမနပ် ပြောလိုက်ခြင်းဖြစ်သည်။ သူက မီကွမ်ပြီးလျှင် အစွမ်းထက်သူဖြစ်သည်။
"သူတို့ကို လေ့ကျင့်ရေးကွင်းမှာ တွေ့ဖူးတယ်။ ဘာမှမဟုတ်တဲ့ ကြက်ပေါက်လေးတွေပါကွာ"
လီရိသည် အကြံတစ်ခုထုတ်၍ ရည်ရွယ်ချက်ရှိရှိ ကဲ့ရဲ့လိုက်သည်။ သူက တစ်ဖက်လူ၏ခွန်အားကို မသိသောကြောင့် အခြားသူများဖြင့် တိုက်ခိုက်စေပြီး စမ်းသပ်ချင်နေခဲ့သည်။
"ခွန်အားက သာမန်ဖြစ်ပြီး အချိန်လေဟာနယ်အဆင့်တစ်ခုကိုတောင် နားမလည်သေးဘဲ ကြယ်အလင်းနယ်မြေကို ရောက်လာတယ်ဆိုတော့ နောက်ခံကောင်းလှချည်လား"
မိန်းကလေးတစ်ယောက်က ခပ်ရွဲ့ရွဲ့ ဝင်ပြောလိုက်သည်။
"ဘယ်သူသိနိုင်မလဲ"
"သူတို့က လေ့ကျင့်ရေးကွင်းမှာ အဆင့်သုံးနဲ့ ငါး ရထားတယ်ဆိုတော့ သေချာပေါက် အစွမ်းထက်ရမယ်"
လူတိုင်းက ထင်မြင်ချက်များကို ပြောနေချိန်၌ ရုန်ယွမ်က ငြိမ်သက်နေခဲ့သည်။ ယဲ့ချန်နှင့် ခြင်္သေ့ကြီး ရောက်လာခြင်းက အကျိုးသက်ရောက်မှု ကြီးမားသော်လည်း နတ်သစ်သားခေါင်းဆောင် လောင်ယင်၏တပည့်ဖြစ်သော သူ့အတွက် အရင်းအမြစ်မရှားပါးရာ စိုးရိမ်စရာမရှိပေ။ ထို့ကြောင့် သူ့အတွက် ဆုံးရှုံးမှုမရှိသောကြောင့် အသစ်ရောက်လာသူနှစ်ဦးကို အကဲခတ်နေရုံသာ ဖြစ်သည်။
"မီကွမ်က ဝင်ပေါက်မှာ မနက်တည်းက ရပ်နေတာမလား။ သူက ဘာလုပ်နေတာလဲ"
"ဖြစ်နိုင်တာ သူက ဟိုနှစ်ယောက်ကို ရိုက်နှက်မလို့လား။ သူတို့ကို ကောင်းကောင်းသင်ခန်းစာပေးထားမှ အနာဂတ်ကျရင် ငါတို့ရှေ့မှာ အမြှီးကုပ်နေလိမ့်မယ်"
ယုကျောင်က နှာခေါင်းရှုံ့လိုက်သည်။
"သူတို့ကို နဂါးပြာကျောင်းတော်သခင်က ထောက်ခံပေးထားတယ်နော်"
"ဒါဆိုရင် မီကွမ်က သေချာပေါက် မကျေနပ်လောက်ဘူး"
လီရိက ခဏတာစဥ်းစား၍ ဝင်ပြောလိုက်သည်။ ပါရမီရှင်များက ထင်မြင်ချက်ကိုယ်စီ ထုတ်ပြောနေစဥ် မီကွမ်က တစ်ချက်ပြုံးကာ ယဲ့ချန်ထံ လျှောက်လှမ်းသွားခဲ့သည်။
"ငါတို့ တစ်ကြိမ်ဆုံဖူးတယ်"
သူက ထိန်းချုပ်ထားသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သောအခါ ရုပ်ခန္ဓာအတွင်း ပုန်းအောင်းနေသည့် အဆင့်နှစ်မျိုးနွယ် စွမ်းအားအကြောင်း ယဲ့ချန်သည် အာရုံခံမိလိုက်၏။ ထို့ကြောင့် မီကွမ်သည် တိုက်ခိုက်ရေးကွင်းအတွင်း သူနှင့်ရင်ဆိုင်ဖူးသော သားရဲကောင်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။
"မင်းပါလား"
သူက တစ်ချက်ပြုံးပြလိုက်ပြီး အံ့သြမနေခဲ့ပေ။
"ငါ မင်းတို့ကို အထဲခေါ်သွားပေးမယ်"
"ကွမ်ကျင်း မင်း ပြန်နိုင်ပြီ"
မီကွမ်က လမ်းပြကို တစ်ချက်ကြည့်၍ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ကွမ်ကျင်းသည် ခေါင်းကို အဆက်မပြတ်ညိတ်ကာ ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားခဲ့သည်။ ထိုအမူအရာကြောင့် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ပြုံးလိုက်မိပြီး မီကွမ်နှင့်အတူ ကြယ်အလင်းနယ်မြေသို့ ဝင်ရောက်လာခဲ့သည်။ စောင့်ကြည့်နေသူ တစ်ဝက်ကျော်၏ ဝိညာဥ်အသိစိတ်များက ရန်လိုနေကြောင်း သတိထားမိသော်လည်း သူတို့က လုံးဝလျစ်လျူရှုထားသည်။
"သူတို့က အချင်းချင်း သိကြတယ်ပေါ့"
ရန်ပွဲတစ်ခုကို မျှော်လင့်နေသော ယုကျောင်က ဒေါသထွက်သွားခဲ့သည်။ အကယ်၍ အသစ်နှစ်ယောက်ကို မီကွမ်က ကာကွယ်ပေးချင်လျှင် အခြားလူများအနေဖြင့် ထိပါးရန် မလွယ်နိုင်ပေ။
"ဒီကောင်တွေက ငါတို့ကို လျစ်လျူရှုထားတဲ့အထိ မောက်မာနေတယ်။ သူတို့ကို သင်ခန်းစာမပေးရင် ဘာကကောင်းတယ်ဆိုတာ သိမှာမဟုတ်ဘူး။ မီကွမ်ကို နောက်ခံအဖြစ် ရထားရင်တောင် လုပ်ချင်တာ လုပ်လို့မရဘူး။ အစ်ကိုရုန် အစ်မလင် သူတို့ကို မီကွမ်က ကာကွယ်ပေးနေတာဆိုတော့ နည်းနည်းလောက် သင်ခန်းစာပေးလိုက်စမ်းပါ"
လီရိက မီးလောင်ရာ လေပင့်လိုက်သည်။ ရုန်ယွမ်က သူ၏စကားကို မကြားဟန်ဖြင့် တိတ်ဆိတ်နေသည်။ အမှန်တကယ်၌ သူက ဝိညာဥ်အသိစိတ်ဖြင့် အသစ်ရောက်လာသူများကို အကဲခတ်နေသော်လည်း တစ်ချိန်တည်းမှာပင် ကျင့်ကြံနေခဲ့သည်။
"ငါ့တာဝန်ထားလိုက်။ နည်းနည်းလောက် ကစားပေးရတာပေါ့"
ငွေမြွေခန်းမ၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့်အပြင် လင်မြောင်၏ ညွှန်ကြားချက်ကို ရရှိထားသော လင်ချိုးကမူ ခပ်ညစ်ညစ်ပြုံး၍ ရေရွတ်လိုက်သည်။
ကြယ်အလင်းနယ်မြေ၏ အလည်တွင် ဧရာမရင်ပြင်တစ်ခုရှိပြီး တပည့်များ ကျင့်ကြံကြသကဲ့သို့ ယှဥ်ပြိုင်ကြည့်သည့် နေရာလည်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် မဟာအကြီးအကဲများကလည်း ဝိညာဥ်အသိစိတ်များစေလွှတ်၍ သင်ခန်းစာများ ပို့ချပေးတတ်သည်။
"ငါ မင်းကို နောက်ထပ်စိန်ခေါ်မယ်လို့ ပြောထားပေမယ့် အခုတော့ မနိုင်လောက်ဘူး။ နောက်ငါးလကြာရင် ဒီနေရာမှာ တိုက်ခိုက်ရအောင်"
မီကွမ်က တိုက်ခိုက်လိုစိတ် ပြင်းပြနေဟန်ဖြင့် ယဲ့ချန်ကို စိန်ခေါ်လိုက်သည်။
"အချိန်မရွေး အသင့်ပါပဲ"
ယဲ့ချန်သည်လည်း ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်နိုင်စေရန် အစွမ်းထက်ပြိုင်ဘက်များကို လိုအပ်နေသောကြောင့် မငြင်းဆန်ခဲ့ပေ။ လမ်းတလျှောက် စကားပြောခဲ့ရာ၌ မီကွမ်သည် တိုက်ခိုက်ရေးကွင်းအတွင်း ရှိနေသကဲ့သို့ သွေးဆာရက်စက်သူမဟုတ်ကြောင်း သူက နားလည်လိုက်သည်။ မီကွမ်၏ ကိုယ်ကျင့်စရိုက်က ပွင့်လင်းဖြောင့်မတ်သောကြောင့် သူ့အပေါ် အမြင်များ ပြောင်းလဲသွားခဲ့သည်။
"မင်းက နဂါးပြာကျောင်းတော်ရဲ့ ပါရမီရှင်တစ်ယောက်ဆိုရင် ခန်းမသခင်က ဘာကြောင့် တိုက်ခိုက်ရေးကွင်းကို စေလွှတ်ခဲ့တာလဲ။ ငါ့ကိုတောင် အရှုံးပေးခိုင်းလိုက်သေးတယ်။ ငါ မင်းကိုသတ်မိသွားမှာ မစိုးရိမ်ဘူးလား"
ယဲ့ချန်က နားမလည်သော အချက်တစ်ခုကို မေးလိုက်ခြင်းဖြစ်သည်။
"ငါက ဒီလိုလုပ်ဖို့ တောင်းဆိုခဲ့တာပါ။ အဘိုးကြီးလီယွမ်အပေါ်မှာ ငါက မပြေနိုင်တဲ့ ရန်ကြွေးတစ်ခု ရှိတယ်။ တိုက်ခိုက်ရေးကွင်းထဲမှာ ငါသတ်ခဲ့တာကလည်း သူ့ရဲ့ငယ်သားတွေဖြစ်တယ်။ ငါက သူ့ကို ချက်ချင်းသွားသတ်ဖို့ ခွန်အားမလုံလောက်သေးတာ နှမြောစရာပဲ"
မီကွမ်၏မျက်နှာက ထိုမေးခွန်းကြောင့် တင်းမာသွားပြီး မျက်ဝန်းများ၌ နာကျင်နေသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
"ဒီလိုလား။ ဒါကြောင့် မင်းရဲ့အပြုအမူတွေက ကွဲပြားနေတာကိုး"
ယဲ့ချန်က သက်ပြင်းချလိုက်သည်။
"ငါတို့က ထောင်ချောက်တစ်ခုကို သေချာစီစဥ်ထားပေမယ့် မင်း ထွက်ပေါ်လာပြီး ရုတ်တရက် ဖျက်ဆီးသွားမယ်လို့ မထင်ထားဘူး။ ဒါပေမယ့် ခန်းမသခင်က သေချာပြင်ဆင်ထားခဲ့တယ်။ မင်း ငါ့ကို သတ်လိုက်ရင်တောင် လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အသုံးပြုပြီး ခန်းမသခင်က အသက်သွင်းပေးနိုင်တယ်။ ဒီကိစ္စအကြောင်းပြောရရင် မင်းကို ကျေးဇူးတင်ပါတယ်။ မင်းသာ သက်ညှာမပေးခဲ့ရင် ငါ့ကျင့်ကြံဆင့်က ထိခိုက်သွားနိုင်တယ်"
မီကွမ်က တည်ငြိမ်သွားကာ ရှင်းပြလိုက်သည်။
"ငါတို့ကြားမှာ ပြဿနာမှ မရှိတာ၊ ဘာကြောင့် မင်းကို သတ်ရမှာလဲ"
ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။
"ဘာဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ကွာ"
နောက်ဆုံးတွင် သူက ဇာတ်လမ်းတစ်ခုလုံးကို သဘောပေါက်သွားပြီး လီယွမ်က မီကွမ်အပေါ် တစ်ခုခု အမှားအယွင်းလုပ်ခဲ့ကြောင်း နားလည်လိုက်သည်။ လီယွမ်က လှည့်စားခံလိုက်ရပြီး မနောငွေသန်းသုံးရာကျော် ဆုံးရှုံးသွားခဲ့ရ၏။ အရံကြယ်တစ်ခု၏ သခင်ဖြစ်သော လီယွမ်အတွက်ပင် ဤပမာဏက အလွန်များပြားနေသည်။
ရင်ပြင်ပေါ်သို့ ခြေချလိုက်သောအခါ ယဲ့ချန်သည် စွမ်းအားလှိုင်းများ တိုးဝင်လာကြောင်း ခံစားလိုက်ရ၏။
"ဒီနေရာမှာ အစီအရင်တွေကို မဟာအကြီးအကဲတွေနဲ့ ခေါင်းဆောင်တွေက ခင်းကျင်းထားပြီး အချိန်လေဟာနယ်စွမ်းအားတွေကိုလည်း ထည့်သွင်းပေးထားတယ်။ ကွဲပြားတဲ့ စွမ်းအား၂၁မျိုးက ယှက်နွယ်နေပြီး ဗဟိုကြယ်ရဲ့ရှင်းဟွမ်ကလည်း စကြဝဠာထဲက အချိန်လေဟာနယ်ချီတွေကို စုစည်းပေးနေတယ်။ ဒီတာအိုကို နားလည်ထားသူတစ်ယောက်က ဒီရင်ပြင်မှာ တစ်ရက်ကျင့်ကြံရင် အပြင်မှာ တစ်လကျင့်ကြံတာနဲ့ တူညီတယ်"
မီကွမ်က ထိုစွမ်းအားအကြောင်း ရှင်းပြလိုက်ပြီး ကြယ်အလင်းနယ်မြေက အကောင်းဆုံးကျင့်ကြံရေး နယ်မြေတစ်ခုဖြစ်ကြောင်း ထိုက်တန်ပေသည်။
"မင်းသာ အချိန်လေဟာနယ်အဆင့်တစ်ခုကို နားလည်ရင် ဒီနေရာရဲ့ ထူးခြားမှုကို ခံစားနိုင်ပါလိမ့်မယ်"
မီကွမ်က စကားဆက်နေစဥ် ယဲ့ချန်၏ ပတ်ဝန်းကျင်မြင်ကွင်းသည် ပြောင်းလဲသွားကာ ကြယ်အလင်းတန်းထောင်ချီက ပိုးကြိုးများပမာ လှပစွာ ဆင်းသက်နေသော ကောင်းကင်တစ်ခုထံ ရောက်ရှိသွားသည်။ ကျင့်ကြံခြင်းလောကရှိ ဖြစ်ရပ်တိုင်းက အချိန်လေဟာနယ်ရုန်းများတွင် ထင်ဟပ်နေသည်။ ၎င်းရုန်းသည် ကောင်းကင်တွင် စီးဆင်းသွားလာနေရင်း သက်ရှိအမျိုးမျိူး၏ ဘဝအတွေ့အကြုံများ ရောင်ပြန်ဟပ်နေသောကြောင့် အသိဉာဏ်အချို့ ဖြစ်တည်လာကာ တာအိုနှင့် အနီးစပ်ဆုံး တည်ရှိမှု ဖြစ်လာခဲ့သည်။ ဤရုန်းများအကြား နစ်မြုပ်သွားသောအခါ သူသည် လောကကြီး၏အတက်အကျများကို အကြည့်တစ်ချက်ဖြင့် မြင်လိုက်ရပြီး သက်ရှိအရာတိုင်းက ရှင်သန်ရေးအတွက် ဆက်တိုက်ရုန်းကန်နေရသည်။ ဖုန်မှုန့်ပမာ သေးငယ်သော ပုရွက်ဆိတ်များသည်ပင် နှိမ့်ချစွာ နေထိုင်ရသော်လည်း လောကဓံကို လွယ်လွယ်နှင့် အရှုံးမပေးဘဲ တိုက်ခိုက်ရှင်သန်နေကြ၏။
ယဲ့ချန်သည် ရင်ပြင်ထက်တွင် မတ်တပ်ရပ်နေရင်း တစ်ခုခုကို သဘောပေါက်လာသည်။ အကယ်၍ အချိန်လေဟာနယ်ရုန်းသာ သက်ရှိဖြစ်လျှင် ဘဝလောကဓံမျိုးစုံကို မြင်ဖူးထားသော ပညာရှိအဘိုးအိုတစ်ယောက်ပမာ ခါးသက်သက် ပြုံးနေပေလိမ့်မည်။ အကယ်၍ ၎င်းကသာ ဝိညာကဲ့သို့ အရာမျိုးဖြစ်လျှင် ယခင်ဘဝ၌ ကျင့်ကြံခြင်းလောကကို အထက်စီးမှ ကြည့်ရှုနိုင်သည့် အရာမျိုး ဖြစ်ပေလိမ့်မည်။ ရင်ပြင်ထက်တွင် သူက စျာန်ဝင်နေပြီး ရုတ်တရက်ဖြစ်ပေါ်လာသော ဉာဏ်အလင်းများက နှလုံးသား၌ စုစည်းလာ၏။ ထို့နောက် အချိန်လေဟာနယ်ချီများက ဆင့်ခေါ်ခံလိုက်ရသကဲ့သို့ ဘက်ပေါင်းစုံမှ သူ့ထံ တိုးဝင်လာကြသည်။ ၎င်းတို့က သူ၏ခန္ဓာကိုယ်ပတ်လည်၌ သက်တန့်ပမာ စုဝေးလာသောကြောင့် သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော နတ်ဘုရားပမာ ထင်မှတ်ရ၏။
သူက ဘုန်းကြီးအိုတစ်ပါးပမာ ၎င်းတို့၏အလည်၌ တည်ငြိမ်စွာရပ်နေပြီး ဉာဏ်အလင်းကို ဆင်ခြင်နေသည်။ ဤကား အခွင့်အရေးတစ်ခုဖြစ်ပြီး သူက ၎င်းတာအိုကို အပြည့်အဝနားမလည်နိုင်လျှင်ပင် ပိုမိုရင်းနှီးလာစေရန် ပြုလုပ်ပေးနိုင်သည်။ ၎င်းတို့သည် မရေမတွက်နိုင်သော ဝိညာဥ်များပမာ အရပ်မျက်နှာတိုင်းမှ ခန္ဓာကိုယ်အတွင်း ဝင်ရောက်နေခဲ့သည်။ အချိန်နှင့် လေဟာနယ်က ရုပ်ခန္ဓာအတွင်း လည်ပတ်လာသောအခါ နှစ်ပေါင်းထောင်ချီက ခဏချင်း ကုန်ဆုံးသွားသကဲ့သို့ ထင်မှတ်ရသည်။
ယဲ့ချန်က ခြေလှမ်းများ ရုတ်တရက်တန့်သွားသောကြောင့် မီကွမ်က လှည့်ကြည့်လိုက်သောအခါ မင်သက်သွားခဲ့သည်။ ထိုအချိန်၌ အချိန်လေဟာနယ်စွမ်းအင်ထံမှ ပျော်ရွှင်စိတ်ကို သူက ခံစားလိုက်ရသဖြင့် အံ့သြတကြီး ဖြစ်နေသည်။ ယဲ့ချန်သည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သော်လည်း ဉာဏ်အလင်းပွင့်နေရာ ပါရမီ အလွန်ထူးချွန်လှ၏။ ကျင့်ကြံသူတစ်ယောက်က ဆယ်စုနှစ်ချီကျင့်ကြံလျှင်ပင် ဤစွမ်းအင်၏ အဖျားအနားကိုသာ ဆုပ်ကိုင်နိုင်စွမ်းရှိလေသည်။