← Chapters

အောက်တန်းကျသော ပါရမီရှင်

Vol. 59 Ch. 828

အောက်တန်းကျသော ပါရမီရှင်

Vol. 59 Ch. 828

ရင်ပြင်တစ်ခုလုံးရှိ အချိန်လေဟာနယ်ချီများက ယဲ့ချန်ထံ တဟုန်ထိုး စီးဝင်လာနေပြီး ခဏအကြာတွင် လေပြင်းများတိုက်ခတ်၍ တိမ်များ လွင့်ပြယ်သွားကာ ဝဲတစ်ခုပင် ဖြစ်တည်လာသည်။ ဤနေရာရှိ စွမ်းအင်များကို ခေါင်းဆောင်များနှင့် မဟာအကြီးအကဲများ ချန်ထားရစ်သည်ဖြစ်ရာ အချိန်လေဟာနယ်ချီအပေါ် နားလည်မှုများလည်း ပါဝင်နေပြီး မီကွမ်ကဲ့သို့ ထူးချွန်သူတစ်ယောက်ပင် အင်အားများစွာစိုက်ထုတ်မှ အနည်းငယ် ရယူနိုင်၏။ ထိုပမာဏအနည်းငယ်ကပင် သူ၏ကျင့်ကြံဆင့်ကို ခုန်ပေါက်တိုးတက်သွားစေရန် လုံလောက်နေသည်။ လက်ရှိတွင် ထိုစွမ်းအင်၂၁ခုလုံးက ခံစားချက်မရှိသော်လည်း မိသားစုနှင့် ပြန်လည်ဆုံစည်းရသော ပျောက်ဆုံးနေသည့် ကလေးများပမာ ယဲ့ချန်ထံ တိုးဝင်လာနေကြသည်။ သူကသာ အားလုံးကိုရယူနိုင်လျှင် အံ့သြဘနန်းကိစ္စတစ်ခု ဖြစ်လာနိုင်ပြီး သူ၏ပါရမီကို မီကွမ်ပင် အားကျနေရသည်။ သူ၏ရင်ထဲတွင် ကူကယ်ရာမဲ့မှုတစ်ခု ဖြစ်ပေါ်လာပြီး အကယ်၍ တစ်ဖက်လူကသာ ထိုစွမ်းအင်အားလုံးကို နားလည်သွားလျှင် စိန်ခေါ်ခြင်းက ဟာသတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။ သို့သော်လည်း သူက လူတိုင်းတွင် ကံကြမ္မာရှိသည်ကို လက်ခံထားပြီး ဤဉာဏ်အလင်းပွင့်မှုက ယဲ့ချန်၏ကောင်းချီး ဖြစ်သောကြောင့် မုဒိတာစိတ်ဖြင့် တည်တည်ငြိမ်ငြိမ်လက်ခံ၍ ကာကွယ်စောင့်ကြပ်ပေးနေခဲ့သည်။ သို့သော် ဤဖြစ်ရပ်အပြီး၌ ယဲ့ချန် ရောက်သွားမည့်အဆင့်ကို စဥ်းစားမိလိုက်သောအခါ သိချင်စိတ်များ ထိန်းမရအောင် ဖြစ်ပေါ်လာသည်။

ထိုအချိန်၌ ကျန်ပါရမီရှင်များသည်လည်း ဤအဖြစ်ကို သတိပြုမိသွားကာ ဝိညာဥ်အသိစိတ်များက ရင်ပြင်ထံ ချက်ချင်းရောက်ရှိလာ၏။ အတိတ်တွင် သူတို့ကျင့်ကြံခဲ့စဥ်က ဉာဏ်အလင်းပွင့်ခဲ့သော်လည်း ပတ်ဝန်းကျင်မှ စွမ်းအားအနည်းငယ်ကိုသာ ဆွဲဆောင်နိုင်ခဲ့ကြသည်။ သို့သော် ယဲ့ချန်၏ ဉာဏ်အလင်းပွင့်မှု၌ ရှိရှိသမျှသော အချိန်လေဟာနယ်ချီများက သူ၏ပတ်လည်၌ စုဝေးနေကြသည်ဖြစ်ရာ အလွန်တုန်လှုပ်ဖွယ်ကောင်းလှသည်။ ဤဖြစ်ရပ်အပြီးတွင် သူ၏ကျင့်ကြံဆင့်က သေချာပေါက် မြင့်တက်သွားမည်ဖြစ်သောကြောင့် ရုန်ယွမ်နှင့် လင်ချိုးကို စိန်ခေါ်နိုင်သူတစ်ယောက် မွေးဖွားလာတော့မည်ဖြစ်သည်။ ဤဉာဏ်အလင်းပွင့်မှု၏ ကြီးကျယ်ခမ်းနားမှုကြောင့် အနာဂတ်တွင် ထိုနှစ်ယောက်ကိုပင် ကျော်တက်သွားနိုင်သည်။

လီရိသည် ရင်ပြင်ထက်မှ မြင်ကွင်းကို လက်မခံနိုင်ဖြစ်သော်လည်း အချိန်ခဏအကြာတွင် စိတ်ဓာတ်ကျစွာဖြင့် ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။ သူက ယဲ့ချန်၏ပြိုင်ဘက် မဖြစ်နိုင်ကြောင်း သဘောပေါက်သွားသဖြင့် ထပ်မံရန်စလျှင် သေလမ်းရှာခြင်းနှင့် မခြားပေ။ ထို့ကြောင့် သူက ယဲ့ချန်ကို သူ၏လုပ်ရပ်များအတွက် တောင်းပန်ရန် ပြင်ဆင်ထားပြီး အနာဂတ်၌ မိတ်ဆွေများဖြစ်လာရန် ရည်ရွယ်ထားသည်။ ဤသို့သော ပါရမီရှင်တစ်ယောက်ရှေ့မှောက်တွင် သူက မည်မျှမလိုလားပါစေ၊ ခေါင်းငုံ့နေရန်မှတစ်ပါး ရွေးစရာ မရှိပေ။

ထိုအချိန်၌ ယဲ့ချန်ကို မျက်စိထဲမထည့်ထားသော လင်ချိုးနှင့် ရုန်ယွမ်သည်လည်း တုန်လှုပ်နေကြသည်။ သူတို့က ထိပ်တန်းမဟာမိတ်တွင် အချိန်လေဟာနယ်အဆင့်လေးကို နားလည်ထားသောကြောင့် တစ်ဖက်လူက မည်မျှပါရမီရှိပါစေ၊ အမီလိုက်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ လိုအပ်မည်ဟု ထင်ထားခဲ့သည်။ သို့သော် လက်ရှိအခြေအနေအရ ယဲ့ချန်သာ ဉာဏ်အလင်းပွင့်ခြင်းအပြီး၌ အချိန်လေဟာနယ်ကို ဆင်ခြင်လိုက်လျှင် ကြောက်စရာကောင်းအောင် တိုးတက်လာနိုင်သည်။ အကယ်၍ သူ့ကို ခေါင်းဆောင်များနှင့် မဟာအကြီးအကဲများကသာ သင်ကြားပေးလိုက်လျှင် အချိန်အနည်းငယ်အတွင်း ရုန်ယွမ်ရော လင်ချိုးပါ ယှဥ်နိုင်မည် မဟုတ်ပေ။

"ဒီကောင့်ကို တားရမယ်"

နှစ်ယောက်လုံး၏စိတ်ထဲတွင် ဤအတွေးက ပြိုင်တူဖြစ်ပေါ်လာသည်။ လက်ရှိတွင် ရင်ပြင်ထက်၌ ဉာဏ်အလင်းပွင့်နေသော ယဲ့ချန်ကို မီကွမ်နှင့် ခြင်္သေ့ကြီးက စောင့်ကြပ်ပေးနေကြသည်။

"ကြယ်အလင်းနယ်မြေထဲမှာ ဘယ်သူက ငါ့ကို ကျော်တက်ချင်တာလဲ"

ရုန်ယွမ်က မောက်မာစွာ အော်ဟစ်ကြုံးဝါးလိုက်ပြီး အချိန်လေဟာနယ်ချီများ စေလွှတ်ကာ ယဲ့ချန်ကို တိုက်ခိုက်လာခဲ့သည်။ ဤနေရာ၌ ခေါင်းဆောင်များနှင့် မဟာအကြီးအကဲများ ရှိမနေသောကြောင့် သူက စိတ်တိုင်းကျ သောင်းကျန်းနေခြင်းဖြစ်သည်။ လက်ရှိ၌ ယဲ့ချန်က အလွန်အရေးကြီးသော အခြေအနေသို့ ရောက်နေပြီး နှောင့်ယှက်ခံလိုက်ရလျှင် အပြင်းအထန် ဒဏ်ရာရသွားနိုင်ကာ ချီဖောက်ပြန်ခြင်းပင် ဖြစ်ပေါ်လာနိုင်သည်။ မီကွမ်သည် ရုန်ယွမ်၏တိုက်ခိုက်မှုကို ချက်ချင်းသတိထားမိလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူက တည်ငြိမ်အေးစက်ပုံပေါ်သော်လည်း စိတ်ထားအောက်တန်းကျသူဖြစ်ကာ လူငယ်မျိုးဆက်တွင် သူ့ကိုယ်သူ နံပတ်တစ်ဟု သတ်မှတ်ထားပြီး အခြားပါရမီရှင်များ တိုးတက်လာမည်ကို အလွန်မနာလိုတတ်သူဖြစ်သည်။ သူ့ကို ခြိမ်းခြောက်လာနိုင်သူများအား ဤနည်းအတိုင်း အောက်တန်းကျစွာဖြင့် လုပ်ကြံတတ်ပြီး ယဲ့ချန်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူလိုက်သောကြောင့် ဉာဏ်အလင်းပွင့်ခြင်းကို နှောင့်ယှက်လာခဲ့သည်။

"မင်းက သူ့ကို ဖျက်ဆီးချင်ရင် ငါ့ကို အရင်ဆုံး ကျော်ဖြတ်ရမယ်"

မီကွမ်သည် ယဲ့ချန်နှင့် များစွာမရင်းနှီးသော်လည်း အောက်တန်းကျသော လုပ်ရပ်ကို သည်းမခံနိုင်သဖြင့် ရှေ့သို့ ခြေတစ်လှမ်းကာ အချိန်လေဟာနယ်ချီများ ထုတ်ဖော်လိုက်သည်။

"မင်းကိုယ်မင်း အထင်ကြီးလှချည်လား"

မီကွမ်က သူ့ကို ဆန့်ကျင်ရဲမည်ဟု ထင်မထားသောကြောင့် ရုန်ယွမ်သည် အလွန်ဒေါသထွက်သွားကာ အချိန်လေဟာနယ်ချီများကို ဖောက်ခွဲလိုက်သည်။ လေထုထဲတွင် မီးပွားများ ဖြစ်ပေါ်လာကာ အချိန်ခဏအကြာတွင် မီကွမ်က သွေးများ အန်ထွက်လာသဖြင့် အခြေအနေ မကောင်းပေ။

"ဘေးဖယ်စမ်း"

အချိန်လေဟာနယ်ချီပမာဏက တိုးပွားလာကာ မီကွမ်ကို ဘုန်းခနဲ ထိမှန်သွားသဖြင့် သွေးများ အန်ထွက်ရင်း လွင့်ပျံသွားရသည်။ သူနှင့် ရုန်ယွမ်ကြားတွင် ခွန်အားချင်း ကွာခြားသောကြောင့် သူက အဆင်သုံးနှင့်အတူ ကြယ်အလင်းသားရဲဝိညာဥ်၏ အစွမ်းကို ထုတ်ဖော်ထားသော်လည်း မယှဥ်နိုင်ခဲ့ပေ။ ရုန်ယွမ်က လောင်ရင်၏ သင်ကြားပေးမှုဖြင့် အချိန်လေဟာနယ်အဆင့်ငါးကိုပင် နားလည်နိုင်ရန် နီးကပ်နေသူဖြစ်ကာ ထိပ်တန်းမဟာမိတ်တစ်ခုလုံး၌ နှစ်ထောင်ချီမှ တစ်ယောက် ထွက်ပေါ်လာတတ်သော ပါရမီရှင်မျိုး ဖြစ်သည်။

"သူစိမ်းတစ်​ယောက်အတွက် မင်းက ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့။ သတ်ပစ်မယ်"

ရုန်ယွမ်က မောက်မာစွာ ကြုံးဝါးလိုက်သော်လည်း ယဲ့ချန်၏ဉာဏ်အလင်းကို ဦးစားပေးဖျက်ဆီးလိုနေသဖြင့် မီကွမ်ကို လျစ်လျူရှုထားလိုက်သည်။ ကြောက်မက်ဖွယ်ဖိအားတစ်ရပ်က စွမ်းအင်များကြောင့် ဖြစ်ပေါ်လာကာ ယဲ့ချန်ထံ ကျဆင်းလာသည်။ ဤမြင်ကွင်း​ကြောင့် လင်ချိုး၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာပြီးနောက် ကျေနပ်စွာ ရယ်မောလိုက်၏။ ရုန်ယွမ်က အရင်ဆုံး လှုပ်ရှားလိုက်သောကြောင့် သူမက အားစိုက်ထုတ်စရာ မလိုတော့သည့်အပြင် ပြဿနာများကိုလည်း ရှောင်ရှားပြီးဖြစ်သည်။ သူမက ရုန်ယွမ်၏အကျင့်စရိုက်ကို သိထားသဖြင့် ပထမဆုံး တိုက်ခိုက်စေရန်အတွက် စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့သည်။ သူမ မမျှေယ်လင့်ထားသည်မှာ ရုန်ယွမ်က မနာလိုစိတ်ကြီးမားစွာဖြင့် တစ်ဖက်လူ၏ဉာဏ်အလင်းကို ပေါ်တင်ဖျက်ဆီးရန် တိုက်ခိုက်လာခြင်းဖြစ်သည်။ ဤလုပ်ရပ်က ပြစ်မှုကြီးတစ်ခု ဖြစ်သော်လည်း လောင်ရင်၏ အားကိုးရှိနေသဖြင့် သူက စည်းကမ်းများကို အလေးမထားပေ။

"ရုန်ယွမ်ရဲ့ ခွန်အားနဲ့ဆိုရင် ဒီကောင်က သေချာပေါက် အထိနာသွားလိမ့်မယ်။ မင်းက ပါရမီရှင်ဖြစ်ပြီး နောက်ထပ်နှစ်နည်းနည်းလောက်သာ အချိန်ရရင် ငါတို့ကို ကျော်တက်သွားနိုင်တယ်။ အချိန်မှားပြီး ဒီနေရာကို ရောက်လာတာကတော့ သနားစရာပဲ"

လင်ချိုးက ယဲ့ချန်ကို စိုက်ကြည့်ရင်း ကျေနပ်စွာ ပြုံးနေခဲ့သည်။ သို့သော် ရုန်ယွမ်၏တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် ခရမ်းရောင်မီးတောက်များ ထွက်ပေါ်လာပြန်ပြီး ခြင်္သေ့ကြီး၏ အားထုတ်မှု ဖြစ်သည်။ သူက ဤနေရာရှိ ပါရမီရှင်ဆိုသူများထံမှ ရန်လိုစိတ်ကို အာရုံခံမိသဖြင့် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သို့သော် မီကွမ်က ရိုးသားစွာဖြင့် ယဲ့ချန်ကို ကာကွယ်ပေးရန် ကြိုးစားလာမှုက သူ့ကို အံ့အားသင့်စေခဲ့သည်။ သူက ရုန်ယွမ်ကို မယှဥ်နိုင်သော်လည်း အသက်မီးတောက်များကို ထုတ်ဖော်၍ အချိန်ဆွဲပေးထားနိုင်စွမ်း ရှိနေသည်။ လက်ရှိတွင် ယဲ့ချန်ကို အချိန်အနည်းငယ်သာ ပေးလိုက်လျှင် ဉာဏ်အလင်းမှ နိုးထလာနိုင်ပေလိမ့်မည်။

"ဘုန်း"

ရုန်ယွမ်၏ အချိန်လေဟာနယ်ချီနှင့် ခြင်္သေ့ကြီး၏ အသက်မီးတောက်က အပြင်းအထန် ဆန့်ကျင်နေသည်။ ခြင်္သေ့ကြီး၏မီးတောက်က အနည်းငယ်မှိန်ကျသွားသော်လည်း ခုခံနိုင်စွမ်းရှိနေရာ ရုန်ယွမ်က လေးနက်သွားသည်။ လက်ရှိတွင် သူက ကျင့်စဥ်ဝင်နေသောကြောင့် စွမ်းအားကို ရာနှုန်းပြည့်ထုတ်ဖော်၍ မတိုက်ခိုက်နိုင်ပေ။ အချိန်လေဟာနယ်ချီများက ပစ်မှတ်ကို သတ်ဖြတ်ရန်အတွက် လုံလောက်ပြီဟု ထင်ထားသော်လည်း မီကွမ်နှင့် ခြင်္သေ့ကြီးက အသက်စွန့်၍ ကာကွယ်ပေးခဲ့ကြသည်။

"မင်းတို့က ဘယ်လောက်အစွမ်းရှိလို့လဲ"

ရုန်ယွမ်က လှောင်ရယ်လိုက်ပြီး စွမ်းအားများကို ထပ်မံတိုးမြှင့်လိုက်သောအခါ ခြင်္သေ့ကြီးအပေါ် ကျရောက်နေသော ဖိအားက ပို၍များပြားလာသည်။ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကြောင့် အသက်မီးတောက်က ပို၍အားကောင်းလာသောအခါ သူက အချိန်လေဟာနယ်ချီကို မထုတ်ဖော်နိုင်သော်လည်း ခက်ခက်ခဲခဲခု ခံနိုင်နေသည်။

"ဟင်။ ဒီကောင်က အဆင့်တစ်ခုကိုတောင် နားမလည်သေးဘဲ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နေရတာလဲ"

ဤဖြစ်ရပ်က ရုန်ယွမ် မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်ဖြစ်ရာ ကြောက်စိတ်ကြောင့် တုန်ရီသွားပြီး နှစ်ယောက်လုံးကို အလွတ်မပေးရန် ဆုံးဖြတ်လိုက်သည်။

"ယဲ့ချန် မင်း မြန်မြန်လုပ်ရမယ်"

ခြင်္သေ့ကြီးက အသက်မီးတောက်ကို အစွမ်းကုန်ထုတ်ဖော်၍ ယဲ့ချန်ကို ကာကွယ်ပေးနေရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ အချိန်လေဟာနယ်ချီကို ဉာဏ်အလင်းရနေသော ယဲ့ချန်အတွက် အချိန် လုံလုံလောက်လောက်သာရလျှင် အဆင့်ခုနစ်လုံးကိုပင် နားလည်နိုင်ပေလိမ့်မည်။ ဤအရာက တစ်သက်တွင် တစ်ခါသာရသော အခွင့်အရေးမျိုး ဖြစ်သော်လည်း ရုန်ယွမ်က အောက်တန်းကျစွာဖြင့် နှောင့်ယှက်လာခဲ့သည်။ မီကွမ်နှင့် ခြင်္သေ့ကြီးက အကောင်းဆုံးကာကွယ်ပေးခဲ့သဖြင့် ယဲ့ချန်၏ခန္ဓာကိုယ်တွင်း၌ သွေးနီရောင် အချိန်လေဟာနယ်ချီတစ်ခု မွေးဖွားလာသည်။ အခြားကျင့်ကြံသူများတွင် ၎င်းက ခန္ဓာကိုယ်အပြင်ဘက်၌သာ ဖြစ်ပေါ်တတ်သော်လည်း သူ၏ချီက ခန္ဓာကိုယ်အတွင်းပိုင်း၌ ဖြစ်တည်နေသည်။ သူက ဤရင်ပြင်တွင် အချိန်လုံလောက်စွာ ကျင့်ကြံနိုင်လျှင် နောက်ထပ်အဆင့်များကို နားလည်နိုင်သော်လည်း နှောင့်ယှက်ခံလိုက်ရသဖြင့် အဆင့်တစ်ခုတည်းဖြင့် ရပ်တန့်လိုက်ရသည်။

"လုံလောက်ပြီ။ ခွေးမျိုး မင်းနဲ့ ငါ တွေ့ကြသေးတာပေါ့"

ယဲ့ချန်၏ မျက်လုံးများက ရုတ်တရက် ပွင့်လာပြီး အေးစက်စက် အလင်းများထွက်ပေါ်နေကာ အရာရာကို ထွင်းဖောက်၍ အဝေးရှိ ရုန်ယွမ်ထံ စူးစိုက်ကြည့်နေခဲ့လေသည်။

All Chapters