ငါ မင်းကို ချေမွပစ်မယ်
Vol. 59 Ch. 829
အချိန်လေဟာနယ် အဆင့်တစ်ခုကိုသာ ထုတ်ဖော်နိုင်သော်လည်း ယဲ့ချန်၏ခွန်အားက မူလထက် များစွာတိုးတက်လာသည့်အပြင် အရေးအကြီးဆုံးဖြစ်သော အသုံးချရမည့် နည်းလမ်းကိုလည်း သိမြင်လာခဲ့သည်။ ရုန်ယွမ်ကဲ့သို့ လူမျိုးက မောက်မာနေသော်လည်း အမှန်တကယ်တွင် ရုပ်ခွန်အားရော ကျင့်ကြံဆင့်ပါ သူနှင့် ခြင်္သေ့ကြီးအောက် နိမ့်ကျပေသည်။ တစ်ဖက်လူက အချိန်လေဟာနယ်အဆင့်လေးအထိ နားလည်ထားသောကြောင့် ၎င်း၏စွမ်းအားများဖြင့် ပို၍အစွမ်းထက်လာကာ လူတွင်ကျယ် လုပ်နေခြင်းဖြစ်သည်။ သူက ချင်းရန်ထံမှ ရထားသော စာလိပ်အတွင်းမှ အချိန်လေဟာနယ်ချီများ ထုတ်ဖော်ရမည့် နည်းလမ်းကို ချက်ချင်းလေ့လာလိုက်ပြီး ခန္ဓာကိုယ်ပတ်လည်၌ သွေးနီရောင်ချီများကို ထုတ်ဖော်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားပြည့်ဝစွာဖြင့် နိုးထလာသောအခါ ခြင်္သေ့ကြီးနှင့် မီကွမ်က သက်ပြင်းကိုယ်စီ ချလိုက်မိသည်။ အကယ်၍ ဆက်လက်တိုက်ခိုက်နေရလျှင် သူတို့က ရုန်ယွမ်ကို ခုခံနိုင်တော့မည် မဟုတ်ချေ။ ယဲ့ချန်၏ဉာဏ်အလင်း နှောင့်ယှက်ခံရသဖြင့် ကျင့်ကြံဆင့် ပျက်စီးသွားမည်ကို မီကွမ်က လုံးဝမလိုလားပေ။ သူက မျှမျှတတ ယှဥ်ပြိုင်လိုသူတစ်ယောက်ဖြစ်ပြီး ရှုံးနိမ့်မည်ကိုလည်း ကြောက်ရွံ့နေတတ်သူ မဟုတ်ချေ။ ယဲ့ချန် နိုးထလာသောအခါ လူတိုင်းက ခံစားချက်ကိုယ်စီ ဖြစ်ပေါ်လာပြီး ယုကျောင်၏အမြင်၌ ဉာဏ်အလင်းမှ အတင်းအကြပ် နိုးထလာသူအဖို့ ပြင်းထန်စွာ ထိခိုက်နိုင်မည်ဟု ယုံကြည်ထားသောကြောင့် ကျေနပ်နေသည်။ ထို့အတူ လင်ချိုးကလည်း လှပသော မျက်နှာလေးနှင့် မလိုက်အောင် ကောက်ကျစ်စွာ ပြုံးနေသည်။
ရုန်ယွမ်သည် ယဲ့ချန်နိုးထလာချိန်၌ အချိန်လေဟာနယ်ချီများ ထွက်ပေါ်မလာသောကြောင့် သူ၏အကောက်ကြံမှု အောင်မြင်သည်ဟု ထင်နေခဲ့သည်။ ထို့ကြောင့် ဆက်လက်တိုက်ခိုက်ရန် အကြောင်းမရှိတော့သဖြင့် ခြင်္သေ့ကြီးကို ဖိနှိပ်နေသော စွမ်းအားများကို ပြန်လည်သိမ်းယူလိုက်၏။ သူ့ကြောင့်သာ မဟုတ်လျှင် ယဲ့ချန်က အဆင့်ခုနစ်ခုလုံးကို နားလည်သွားနိုင်သော်လည်း အဆင့်တစ်ခုကိုသာ အောင်မြင်ခဲ့ရသည်။
"ခွေးမသား ဒီလိုလွယ်လွယ်နဲ့ ပြီးသွားမယ်ထင်ရင် ငါ့ကို လျှော့တွက်လိုက်တာပဲ"
သူက အေးစက်စက် ကြုံးဝါး၍ သွေးနီရောင်စွမ်းအားကို အပ်တစ်ချောင်းပမာ စုစည်းလိုက်သည့်အပြင် ကောင်းကင်ဓားပျံတစ်လက်ကိုပါ ပေါင်းစပ်လိုက်၏။ ၎င်း၏စွမ်းအားက သာမန်ချီများထက် ပို၍အစွမ်းထက်သောကြောင့် သူက ကျေနပ်စွာပြုံးလိုက်ပြီး လက်တစ်ဖက်ယမ်းကာ အလွန်လျင်မြန်သော အရှိန်ဖြင့် လူယုတ်မာထံ ပစ်ခတ်လိုက်၏။ ရုန်ယွမ်သည် သူ့ထံသို့ ထက်ရှသော အလင်းတစ်ခု ပြေးဝင်လာသည်ကို ခံစားလိုက်ရသဖြင့် မကျေမနပ်ဖြစ်နေခဲ့သည်။ သူက အချိန်လေဟာနယ်အဆင့်ငါးကို အောင်မြင်ရန် ကျင့်ကြံနေသဖြင့် ယဲ့ချန်၏လုပ်ရပ်ကို ရန်စခြင်းဟု မှတ်ယူလိုက်သည်။ ကြယ်အလင်းနယ်မြေတွင် သူ၏အာဏာကို စိန်ခေါ်သူမှန်သမျှကို အလွတ်မပေးလိုသောကြောင့် အချိန်လေဟာနယ်ချီများ ထုတ်ဖော်ကာ ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်သည်။
"ပျက်စီးစမ်း"
သို့သော် သူ၏စွမ်းအင်များကို ထိုအပ်က အံ့သြစရာကောင်းလောက်အောင် ထိုးဖောက်လာသောကြောင့် ကျန်ပါရမီရှင်များအားလုံး တုန်ရီသွားကြသည်။ သူတို့က ရုန်ယွမ်၏ခွန်အားကို သိထားသောကြောင့် ယဲ့ချန်က အချိန်လေဟာနယ်ချီချင်း ရင်ဆိုင်ရာ၌ အသာရသွားသောအခါ အံ့သြတုန်လှုပ်နေကြသည်။
"ဘာ...ဘာတွေ ဖြစ်ကုန်တာလဲ"
ရုန်ယွမ်သည် ယဲ့ချန်၏တိုက်ကွက်က သူ၏စွမ်းအားကို ထိုးဖောက်လာနိုင်မည်ဟု မထင်ထားသောကြောင့် မင်သက်သွားခဲ့သည်။ ထို့နောက် ကိုယ့်ကိုကိုယ်ကာကွယ်ရန်အတွက် အနက်ရောင်ချပ်ဝတ်တစ်ခုကို ဆင့်ခေါ်လိုက်သောအခါ အခြားပါရမီရှင်များ မနာလိုဖြစ်ကုန်ကြသည်။ ရုန်ယွမ်၏ချပ်ဝတ်က တိမ်နက်ချပ်ဝတ် ဖြစ်နေသောကြောင့် လင်ချိုး၏မျက်နှာထက်တွင် မစ္ဆရိယစိတ်များ အတိုင်းသားဖြစ်ပေါ်လာကာ နှာခေါင်းရှုံ့လိုက်သည်။
"လောင်ရင်က သူ့တပည့်ကို မျက်နှာလိုက်လွန်းတယ်။ တိမ်နက်ချပ်ဝတ်တစ်စုံတောင် ဝယ်ပေးထားတယ်ပေါ့"
ကြယ်အလင်းနယ်မြေ၏ ဒုတိယဖြစ်သော လင်ချိုးပင် မနာလိုဖြစ်နေလျှင် အခြားလူများအတွက် ဆိုဖွယ်ရာမရှိတော့ပေ။ ၎င်း၏တန်ဖိုးက မိုးထိုးမတတ်မြင့်ကြောင်း အားလုံးက သိထားပြီး ထိပ်တန်းမဟာမိတ်၏ အခွင့်ထူးခံများဖြစ်သော သူတို့ကိုယ်တိုင်ပင် ၎င်းကိုလိုချင်ပါက နှစ်ပေါင်းရာချီ ငွေကြေးစုဆောင်းရပေလိမ့်မည်။ ရုန်ယွမ်သည် ကျင့်ကြံခြင်း၌ အရေးကြီးအခြေအနေသို့ ရောက်နေသော်လည်း ယဲ့ချန်၏အလားအလာကို ကြောက်လန့်သောကြောင့် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ သူ၏အချိန်လေဟာနယ်ချီကို တစ်ဖက်လူ၏ တိုက်ကွက်က ထိုးဖောက်နိုင်သော်လည်း တိမ်နက်ချပ်ဝတ်က ခုခံနိုင်မည်ဟု ထင်ထားခဲ့သည်။ ထို့ကြောင့် သူက ကျင့်ကြံခြင်းကို ဆက်လက်အာရုံစိုက်နေခဲ့ပြီး အရာအားလုံး ပြီးမြောက်သွားလျှင် စာရင်းရှင်းရန် မှတ်သားထားလိုက်၏။ သို့သော် ယဲ့ချန်၏အပ်က တိမ်နက်ချပ်ဝတ်ကို အလွယ်လေးဖောက်ဝင်လာကာ သူ၏ခန္ဓာကိုယ်အတွင်း ရောက်ရှိလာ၍ သွေးကြောများအတွင်း ပေါက်ကွဲသွားခဲ့သည်။
"ဝုန်း"
ရုန်ယွမ်က မြေပြင်ပေါ်သို့ ခွေးသေတစ်ကောင်ပမာ ပစ်ကျသွားကာ သွေးများ အန်ထွက်လာခဲ့သည်။ ဤအပ်တွင် ကောင်းကင်ဓားပျံနှင့် အချိန်လေဟာနယ်ချီများ ပေါင်းစပ်ပါဝင်နေသဖြင့် တိမ်နက်ချပ်ဝတ်ပင် မတားဆီးနိုင်ခဲ့ပေ။ ကျင့်စဥ်ဝင်နေသော ရုန်ယွမ်၏သွေးကြောများက ယဲ့ချန်၏တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်းအစစ ပြတ်တောက်သွားကာ ဒန်တန်၌ အက်ကြောင်းများ ထင်လာသည်။ သူက အရုပ်ကြိုးပြတ်လဲကျသွားကာ ကိုယ်စိုက်ပျိုးခဲ့သော ကံတရားအတိုင်း ဝဋ်လည်ခဲ့သည်။ သူက မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်နေကာ ကြောက်စိတ်နှင့် ဒေါသက ပြိုင်တူဖြစ်ပေါ်လာသော်လည်း သွေးများ ဆက်တိုက်အန်ထွက်နေခဲ့သည်။ လက်ရှိတွင် သူ၏တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေကာ မြေပြင်၌ အကြောလိုက်နေပြီး စုတ်ပြတ်နေခဲ့သည်။ ဤမြင်ကွင်းကြောင့် ပါရမီရှင်ဆယ်ယောက်လုံး ပါးစပ်အဟောင်းသားဖြစ်သွားကာ ကြောင်အနေကြသည်။ မောက်မာကာ အစွမ်းထက်သော ရုန်ယွမ်ကို ယဲ့ချန်က တစ်ချက်တည်းဖြင့် အလဲထိုးပစ်လိုက်ခြင်းကို မည်သူမှ မမျှော်လင့်ထားပေ။
"သူက ဘာနဲ့ပစ်လိုက်တာလဲ။ ဒီတိုက်ကွက်က တိမ်နက်ချပ်ဝတ်ကို ထိုးဖောက်ပြီး ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲသွားတယ်။ ကြောက်စရာကောင်းလိုက်တာ"
လူတိုင်းက အမြှီးကုပ်သွားပြီး ကျောရိုးတလျှောက် ကြောက်စိတ်များ စိမ့်တက်လာကာ ကံကောင်းသည်မှာ ယဲ့ချန်ကို မတိုက်ခိုက်ခဲ့မိခြင်းဖြစ်သည်။ ဤနေရာ၌ အစွမ်းအထက်ဆုံးဖြစ်သော ရုန်ယွမ်ပင်လျှင် တိုက်ကွက်တစ်ချက်တည်းဖြင့် စုတ်ပြတ်သွားသည်ဖြစ်ရာ သူတို့ဆိုလျှင် အသက်ပင် ပေးလိုက်ရနိုင်သည်။ အချိန်လေဟာနယ်အဆင့်လေးအထိ အောင်မြင်ထားကာ လောင်ရင်၏ တပည့်တစ်ယောက်ဖြစ်သော ရုန်ယွမ်ကို လူတိုင်းက ကြောက်လန့်သဖြင့် မတိုက်ခိုက်ရဲသော်လည်း ယဲ့ချန်က ပထမဆုံး သင်ခန်းစာပေးခဲ့သူ ဖြစ်သည်။ မြေပြင်၌ အရုပ်ကြိုးပြတ်လဲကျနေသော ရောင်ယွမ်က အချိန်ကြာမြင့်စွာ အားယူပြီးမှ မတ်တပ်ရပ်လာနိုင်ခဲ့ပြီး ယဲ့ချန်ကို မုန်းတီးစွာ စိုက်ကြည့်နေခဲ့သည်။
"ငါ ပြန်ကောင်းလာရင် မင်းကို သေချာပေါက် သတ်ပစ်မယ်"
သူက သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်၍ ခြိမ်းခြောက်လိုက်သည်။ ကြယ်အလင်းနယ်မြေ၌ သတ်ဖြတ်ခြင်းကို တားမြစ်ထားသော်လည်း ယဲ့ချန်၏ပါရမီကို မနာလိုဖြစ်နေသဖြင့် ဂရုမစိုက်နိုင်တော့ပေ။ ထို့အပြင် ဤတိုက်ခိုက်မှုကြောင့် သူ၏ကျင့်ကြံခြင်းက နှောင့်ယှက်ခံလိုက်ရပြီး အချိန်လေဟာနယ်အဆင့်ငါးကို နားလည်ရန် မဖြစ်နိုင်တော့သဖြင့် အကြီးအကျယ် ဝဋ်လည်သွားခြင်းဖြစ်သည်။ လောင်ရင်သည် သူ၏မျှော်လင့်ချက်အဖြစ် ရုန်ယွမ်ကို ပျိုးထောင်ပေးခဲ့ပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်လာရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် သူက ကြယ်သခင်အဆင့်မတက်ခင် ပိုမိုအစွမ်းထက်လာစေရန်အတွ က် အဆင့်ငါးကို နားလည်လိုခဲ့သော်လည်း သူ၏အောက်တန်းကျမှုအတွက် တန်ပြန်ဒဏ်ကို ခံစားလိုက်ရသည်။
"ယဲ့ချန်ရေ ကြည့်ရတာ ဒီကောင်က မမှတ်သေးဘူးထင်တယ်။ ကောင်းကောင်းလေး ရိုက်လိုက်ကြရအောင်"
ရုန်ယွမ်၏ ရန်လိုသော အကြည့်ကြောင့် ခြင်္သေ့ကြီးက ဒေါသူပုန်ထနေခဲ့သည်။
"ဒါပေါ့။ ဒီခွေးသားကို မြေကြီးပေါ်က မထနိုင်တဲ့အထိ ရိုက်ကြမယ်"
ယဲ့ချန်က သဘောတူလိုက်သည်။ သူတို့၏စကားများကြောင့် မီကွမ်က ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။
"မင်းတို့တွေ အသက်မရှင်ချင်တော့ဘူးလား။ သူ့ကို သွားသတ်ရင် လောင်ရင်က သေချာပေါက် ပြဿနာရှာနိုင်တယ်နော်"
သူက စိုးရိမ်တကြီးဖြင့် တားမြစ်လိုက်သည်။
"ဒီကောင်က ဘယ်သူ့တပည့်ဖြစ်ဖြစ် အရေးမကြီးပါဘူး။ သူက ငါ့ဉာဏ်အလင်းကို နှောင့်ယှက်ခဲ့တာ လူတိုင်း မြင်တယ်။ ငါက သူ့ကို မသတ်တာကတင် လောင်ရင်ကို မျက်နှာသာပေးရာ ရောက်နေပြီ။ ဒါက ကိုယ့်ကိုကိုယ် ကာကွယ်တာ ဖြစ်တယ်"
"ဆရာ သွားရိုက်ကြစို့"
ယဲ့ချန်က မည်သည်မှ အရေးမစိုက်ဟန်ဖြင့် ခေါင်းတစ်ချက်ယမ်းကာ ရုန်ယွမ်၏တည်နေရာထံ ချက်ချင်းပြေးထွက်သွားသည်။
"ဒီကောင့်ကို သူ့အဖေပါ မမှတ်မိအောင် ရိုက်ပေးလိုက်မယ်"
ခြင်္သေ့ကြီးကလည်း နောက်မတွန့်ဘဲ လိုက်ပါသွားသောကြောင့် နှစ်ယောက်လုံးက ကြမ်းတမ်းလွန်းသည်ဟု မီကွမ်က နားလည်လိုက်သည်။ ရုန်ယွမ်က အပြင်းအထန် ဒဏ်ရာရနေသည့်တိုင်အောင် သူတို့က ဆက်လက်ရိုက်နှက်ကြဦးမည် ဖြစ်သည်။
အတိတ်၌ဆိုလျှင် ငဲ့ကွက်စရာများ ရှိနေသောကြောင့် သူတို့က ရုန်ယွမ်၏နောက်ခံကို စိုးရိမ်နေရမည်ဖြစ်သော်လည်း လက်ရှိ၌ မည်သည်ကိုမှ အရေးစိုက်စရာ မလိုအပ်ပေ။ ရုန်ယွမ်သည် တိမ်နက်ချပ်ဝတ်အားကိုးဖြင့် မတ်တပ်ရပ်နေသော်လည်း ယဲ့ချန်က သူ့ကို မြေကြီးထဲ ခေါင်းစိုက်သည်အထိ ကိုင်ပေါက်လိုက်၏။
"ဒီကောင်ရဲ့ တိမ်နက်ချပ်ဝတ်က ပြဿနာပဲ"
ခြင်္သေ့ကြီးက အစွမ်းထက်သော်လည်း ထိုချပ်ဝတ်ကို မထိုးဖောက်နိုင်သောကြောင့် ဒေါသထွက်နေခဲ့သည်။
"ဒီချပ်ဝတ်ကို ကျုပ် ဆွဲခွာပေးမယ်။ ခင်ဗျားစိတ်ကြိုက်သာ ချဗျာ။ လောင်ရင်ကို မျက်နှာသာပေးတဲ့အနေနဲ့ မသတ်ရင် ရပြီ။ ဒီကောင့်ကို သေလုမျောပါးဖြစ်အောင် ချေမွပေးလိုက်မယ်"
ယဲ့ချန်က အာမခံလိုက်ပြီး ကောင်းကင်ဓားပျံနှစ်လက်ကို ကိုင်ဆောင်ကာ တိမ်နက်ချပ်ဝတ်ကို ထိုးခွဲပစ်လိုက်သည်။
"မင်းတို့.... မင်းတို့ကို ငါ သတ်ပစ်မယ်"
ရုန်ယွမ်က အော်ဟစ်ခြိမ်းခြောက်၍ ဆဲဆိုနေသော်လည်း ထိုနှစ်ယောက်က တစ်ချက်ကလေးမျှ နောက်မတွန့်ချေ။ ကြယ်အလင်းနယ်မြေ၏ နံပတ်တစ်ပါရမီရှင်က ယနေ့အချိန်အထိ ဤသို့အနိုင်ကျင့်မခံရဖူးပေ။
"မင်းက ငါတို့ကို သတ်ချင်သေးတာလား"
ခြင်္သေ့ကြီးက အေးစက်စက်ပြုံးကာ ဧရာမလက်ဝါးကြီးဖြင့် ရုန်ယွမ်၏ပေါင်ခြံကို အားကုန်ပင့်ရိုက်လိုက်ရာ တစ်စုံတစ်ခု ကွဲကြေသံ ထွက်ပေါ်လာသည်။
"အား"
အသည်းခိုက်လုမတတ် နာကျင်မှုကြောင့် အော်သံနက်ကြီးတစ်ခုက ကြယ်အလင်းနယ်မြေတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ဤအသံကြောင့် လူတိုင်း ဆံပင်များထောင်ထသွားပြီး မည်မျှရက်စက်ကြမ်းတမ်းသူဖြစ်ပါစေ၊ ပါရမီရှင်ဆယ်ယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်သည်။
"ရက်စက်လှချည်လား”