ဒီခေါင်းက တစ်ခုခုတော့ မှားနေပြီ
Vol. 66 Ch. 976
"ဖူး....."
ကျီချင်းရန် မနေနိုင်ပဲ ကျယ်လောင်စွာဖြင့် အသံထွက် ရယ်မောမိသွားတော့သည်။
" ဒါဆိုလည်း သူ့ကို အရင်ကျွေးလိုက်... များများကျွေးနော်.. နင်ပြီးရင် ငါ့ဆီ ဗီဒီယိုလည်း ပို့ပေးဦး..."
"ကောင်းပြီ... ခဏနေမှ ပြန်ဆက်လိုက်မယ်...."
ကျီချင်းရန်နှင့် ဖုန်းပြောပြီးနောက် လင်းရီ ၀က်ပေါက်လေးအား နို့ဘူးဆက်တိုက်လိုက်သည်။
သို့သော်လည်း ခေတ္တကြာအောင် နို့ဘူးတိုက်ပြီးနောက် တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိလာသည်။ သူ၏ ယခင် အတွေ့အကြုံများ အရတော့ ၀က်ပေါက်လေးမှာ နို့၀လျှင် တအွင့်အွင့် ညဉ်းသံများ တိတ်ဆိတ်သွားခဲ့သော်လည်း ယခု နို့ဘူး ကုန်လုကုန်ခါနီး ဖြစ်သည့်တိုင်အောင် ၀က်ပေါက်လေး၏ အော်သံတို့က မတိတ်နိုင်။
လင်းရီနို့ဘူးကို ဘေးချထားလိုက်ပြီး ဝက်ပေါက်လေးအား အပြင်ပွေ့ခဲ့လိုက်၏။
“ စန်းကော… မရီး…. အပြင်ခဏလောက်ပါဗျို့ ”
မကြာမီ ရောင်ပင်းနှင့် စွန်းချွင့်လီတို့မှ အပြင်ထွက်လာခဲ့ကြသည်။
“ လင်းလေး… ဘာဖြစ်တာလဲဟင်…”
“ ကျုပ် စိတ်ထဲ ဝက်ပေါက်လေးက တစ်ခုခု မှားနေသလားလို့… နို့ဝအောင် တိုက်ပြီးတာတောင် အော်နေတာ မရပ်သေးဘူး…”
“ ယူခဲ့စမ်းပါ.. ကြည့်ကြည့်ရအောင်…” စွန်းချွင့်လီ တံတိုင်းနား လျှောက်လာရင်း ပြောလိုက်သည်။
လင်းရီလည်း ဝက်ပေါက်လေးအား ကမ်းပေးလိုက်သည်။
စုံတွဲမှာ သိလိုသိငြား စူးစမ်းကြည့်လေသည်။
“ နင် အိမ်ထဲမှာပဲ မွေးထားတာမလား… ပုံမှန်ဆိုရင် ဘာမှ ဖြစ်သွားစရာ အကြောင်းမရှိပါဘူး…” စွန်းချွင့်လီ တစ်ကိုယ်တည်း ပြောနေဟန်ဖြင့် ရေရွတ်လိုက်ပြီး “ နင် သူ့ကို နို့ဘူးတိုက်တာအပြင် တခြား ဘာတွေလုပ်သေးလဲ….”
“ ခုတင် စိုက်ခင်းရေလောင်းပြီးတော့ အတော်ပဲဆိုပြီး သူ့ကိုပါ တစ်ခါတည်း ရေချိုးပေးလိုက်တယ်… လုပ်မိတာတော့ အဲ့တာ ရှိတာပဲ…”
“ သေချာတယ်… ဒီကောင် အအေးမိသွားတာ….” ရောင်ပင်း ကျိန်းသေနေသည့် လေသံဖြင့် ပြောလိုက်၏။
“ ဘ…ဘယ်လို… အအေးမိတယ်…”
“ အေးလေကွာ.. လူလိုပဲပေါ့… မင်းက အပေါ်ကနေ ရေအေးကြီး လောင်းချမှတော့ သေချာပေါက် အအေးမိပြီပေါ့ကွ…” ရောင်ပင်း ပြောလိုက်ပြီး “ မင်း ကား အားတယ်မလား… မြို့တက်ပြီး ဆေးသွား၀ယ်လိုက်… နည်းနည်းလောက် သောက်ပြီးရင် ပြန်သက်သာသွားလိမ့်မယ်…”
လင်းရီ “…..”
‘ စနစ်… ယီးပဲ… မင်း ဘိုးဘေး ဆယ့်ရှစ်လုံးကိုလည်း ဘောပဲ… ချင်းရန်တောင် သူ အအေးမိရင် ငါ့ကို ဆေးမဝယ်ခိုင်းဘူး.. ခု ဒီသောက်ဝက် အအေးမိတော့ ငါ့ကို ဆေးဝယ်ခိုင်းစေချင်နေတယ်….တော်တော် သောက်လုပ်ရှုပ်တဲ့ကောင်….ငိုးမစနစ်… ’
လင်းရီ စိတ်ထဲ စနစ်အား ကျိန်ဆဲနေသော်လည်း စနစ်မှာ မည်သို့မျှ တုံ့ပြန်မလာချေ။ ထိုအစား မရှိသလိုသာ ဟန်ဆောင်နေသည်။
“ စန်းကော… ဒီကောင်လေးကို ကျုပ်ကိုယ်စား ခဏလောက် ကြည့်ထားပေးစမ်းပါ.. ကျုပ် မြို့ထဲ ဆေးခဏပြေးဝယ်လိုက်ဦးမယ်… ဒီအချိန်လောက်ဆို ဆိုင်တွေ မပိတ်လောက်သေးပါဘူးနော…”
“ ရတယ်… ဝူကြီးက သူ့ကိုယ်ပိုင် ဆေးဆိုင်ဖွင့်ထားတာ.. တကယ်လို့ ဆိုင်တွေ ပိတ်ထားရင် သူ့တံခါးကို သွားဆောင့်ကန်လိုက်… ပြီးရင် မင်းဝယ်ချင်တဲ့ဆေးကို ပြောလိုက်… သူမင်းကို ပေးလိုက်လိမ့်မယ်….”
“ ကောင်းပြီ.. ကျုပ်သိပြီ…”
လင်းရီ ဝက်ပေါက်လေးအား ရောင်ပင်းနှင့် မရီးထံ အပ်ထားခဲ့လိုက်ပြီး မြို့ထဲ မောင်းသွားလိုက်သည်။ မိနစ်နှစ်ဆယ်လောက် ကြာပြီးနောက် လင်းရီ ပြန်ရောက်လာသည်။
သူ တိရစ္ဆာန် အအေးမိပျောက်ဆေးကို နို့မှုန့်နှင့် ရော၍ ဝက်ပေါက်လေးအား တိုက်လိုက်၏။
“ ဒီည သေချာလေး စောင့်ကြည့်ထားဦး.. ညသန်းခေါင်ရောက်လို့မှ အခြေအနေမဟန်သေးဘူးဆိုရင် နောက်တစ်ကြိမ် ပြန်တိုက်… တစ်ခါတစ်လေ အဖျားကလည်း ဉာဏ်များတယ်…”
“ ဒါဆို ကျုပ်က ထိုင်ပြီး စောင့်ကြည့်နေရမှာပေါ့…”
“ ဒါပေါ့ဟ…” ရောင်ပင်းပြောလိုက်ပြီး “ ငါမပြောဘူးလား… ဒီကောင်တွေက ကလေးလေးတွေလိုပါပဲလို့…. "
“ ကောင်းပြီ… ကျုပ် သဘောပေါက်ပြီ…”
လင်းရီ ဝက်ပေါက်လေးကို လှောင်အိမ်ထဲ ပြန်ချော့သိပ်လိုက်ပြီး ကျီချင်းရန်ထံ ဗွီဒီယိုဖိုင် ပို့ပေးလိုက်သည်။
“ ဘာလို့ အဲ့လောက်တောင် ကြာနေတာ… ငါတောင် ရေချိုးလို့ ပြီးနေပြီ…” ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။
“ မေးမနေစမ်းနဲ့… ငါခုလေးတင် ရေချိုးပေးလိုက်တာ အဲ့တာ အအေးမိသွားလို့ဆို ဆေးပြေးဝယ် တိုက်နေရတယ်…”
“ အာ… ဝက်တွေက အအေးမိတတ်တယ်လား….”
“ ကလေးတောင် မွေးနိုင်မှတော့ အအေးမိတတ်တာ သဘာဝပဲ မဟုတ်ဘူးလား…. ဘာပဲဆိုဆို သွေးနွေးသတ္တဝါပဲလေ…”
“ ခု ဘယ်လိုနေသေးလဲ… ကောင်းသွားပြီလား… ငါတို့ ဆေးခန် သွားပြရဦးမှာလား…”
“ အဲ့အဆင့်ထိတော့ မရောက်သေးဘူး…. ဒီတစ်ညစောင့်ကြည့်ပြီးရင်တော့ ပြဿနာရှိမယ်မထင်ဘူး….”
ကျီချင်းရန် လင်းရီကို တောင်ပန်းတိုးလျှိုးဟန်ဖြင့် ကြည့်လိုက်ပြီး “ ငါတော့ နင့်ကို ဒုက္ခအများကြီး ပေးမိပြီထင်တယ်….”
“ မေးရက်သေးတယ်ပေါ့…”
“ Mua…. ဒါငါ့အမှားပဲ… ဒါပေမယ့် မပူနဲ့.. နင့်ကို အလျော်အစားပြန်ပေးမယ်လေ….”
“ ဘယ်လို ပြန်လျော်ပေးမှာ…”
“ ငါ့ ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်မယ်… ငါးမိနစ် ကြိုက်တာလုပ်….”
“ အိုကေ… သဘောတူတယ်…”
လင်းရီ ထိုညတွင် ကောင်းကောင်း မအိပ်စက်လိုက်ရပေ။ ကံကောင်းစွာဖြင့် မျှော်လင့်မထားသည့် တစ်စုံတစ်ရာကမျှ ဖြစ်ပျက်မလာချေ။ သို့သော်လည်း မနက် ငါးနာရီလောက်ရောက်တော့ ဝက်ပေါက်လေးမှာ တစ်ဖန် တအွင့်အွင့် အော်မြည်၍ နို့တောင်းလာပြန်သည်။
အကယ်၍ လင်းရီ၏ ကိုယ်ခံအားကြောင့်သာ မဟုတ်ပါက ကျီချင်းရန်ကဲ့သို့ လက်မှိုင်ကျသွားနိုင်လေသည်။
ဝက်ပေါက်လေးအား မနက်ခင်း နို့ဘူးတိုက်ဘူးပြီးနောက် လင်းရီ ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် ဖန်လုံအိမ်ထဲသွား၍ ခေတ္တ အလုပ်လုပ်လိုက်သည်။ အပင်သန်ဆေးရည်၏ အကျိုးသက်ရောက်မှုအောက်တွင် အသီးများမှာ မြန်ဆန်ကောင်းမွန်စွာ ရှင်သန်ကြီးထွားနေကြသော်လည်း တစ်ခုမကောင်းသည်က ပေါင်းပင်များမှာ သာမန်ထက်ကို လှိုင်လှိုင်ပေါက်ဖွားနေပြီး မကြာခဏဆိုသလို ဂရုစိုက်ပေးရ၏။
မနက် ကိုးနာရီ ထိုးတော့ ရန်ကွမ်းရှမှ ဖုန်းဆက်လာပြီး သူတို့ထွက်လာနေပြီ ဖြစ်ကြောင်းနှင့် နာရီဝက်အတွင်း ရောက်လာမည်ဟု ကြိုအသိပေးလာသည်။
ထို့ကြောင့် ဖုန်းချပြီးသည်နှင့် လင်းရီ ဝက်ပေါက်လေးအား တစ်ဖန် နို့ဘူးပြန်တိုက်လိုက်ကာ ချက်ပြုတ်ရန် စတင်ပြင်ဆင်ရတော့သည်။
ဆယ်နာရီခွဲလောက်ရောက်တော့ Audi A6 နှစ်စင်း အိမ်တံခါးရှေ့ ထိုးရပ်လာခဲ့သည်။ ထိုကားနှစ်စင်းက လျန်ရူရွှယ်ပိုင်သည့် ကားများ ဖြစ်ကြောင်း လင်းရီ သတိပြုမိလိုက်၏။
ကားနှစ်စင်းထဲမှ လူငါးဦး အပြင်ထွက်လာခဲ့ကြသည်။ လျန်ရူရွှယ် ၊ ရန်ကွမ်းရှနှင့် မိုဟုန်ရှန်းတို့အပြင် သူနှင့် မျက်နှာစိမ်းသက်နေသည့် လူနှစ်ဦးတို့ဖြစ်၏။
အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးလုံးက အသက်သုံးဆယ် ဝန်းကျင်ဟု ထင်ရပြီး နှစ်ဦးလုံးကလည်း ပေါ့တန်တန် ဝတ်စားထားခြင်း မပြုဘဲနှင့် ထက်ရှသည်ဟူသော ခံစားချက်တို့အား ပေးစွမ်းနေသည်။ ထို့ပြင် သူတို့နှစ်ဦးက အထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သိမ်းငှက်မျက်လုံးကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံးအား စူးစမ်းလေ့လာနေတော့၏။
ထိုနှစ်ဦး၏ သွင်ပြင်ကို အပြင်ပိုင်း အကဲခတ်ကြည့်ရုံမျှနှင့် လုံးဝ အားမနည်းသည့်သူများ ဖြစ်ကြောင်း လင်းရီ တပ်အပ်ပြောနိုင်သည်။ အနည်းဆုံး မိုဟုန်ရှန်းထက်တော့ သန်မာကြလောက်၏။
“ ကလေး… မင်း တော်တော် အဆင်ပြေနေပါလားကွ….” ရန်ကွမ်းရှ ချီးမွမ်းလိုက်ပြီး “ မင်းရဲ့ အမြင်က တကယ် မဆိုးဘူးပဲ….”
“ ဒီတိုင်းပါပဲ… ခြံထဲ စိုက်ထားတဲ့ အပင်တွေ ရရင် အကြီးအကဲ မြည်းစမ်းလို့ရအောင် တစ်ချို့ ပို့ပေးလိုက်မယ်လေ…”
“ အေး မင်း ပြောတာနော်… နောက်မှ မေ့ချင်ယောင် ဆောင်မနေနဲ့….”
“ အဲ့ကိစ္စ စိတ်မပူနဲ့…”
ရန်ကွမ်းရှ ခေါင်းညိမ့်လိုက်ပြီး ဘေးသို့လှည့်ကာ အပြုံးလေးဖြင့် “ ဒီရဲ့ ရဲဘော်နှစ်ဦးက ကျုံးဝေ့တပ်ဖွဲ့က.. သူတို့ ဒီရောက်လာတာ မင်းနဲ့ တွေ့ဖို့သပ်သပ်ပဲ….”
မိတ်ဆက်ပေးပြီးနောက် အမျိုးသားဖြစ်သူမှ သူ့လက်ကို ဆန့်တန်းပေးလာခဲ့ကာ “ ကျုံးဝေ့တပ်ဖွဲ့ ၊ ဒုတိယအသင်း၀င် ထောင်ချိန်….”
၎င်းပြီးနောက် အမျိုးသမီးမှလည်း ချက်ချင်း လက်ဆန့်တန်းလိုက်ကာ “ ဒုတိယအသင်း၀င် ၊ ဝမ်ပင်းယွီ....”
လင်းရီ နှစ်ယောက်လုံးနှင့် လက်ဆွဲနှုတ်ဆက်ပေးလိုက်၏။
“ လင်းရီ….”
“ ငါတို့ ဒီနေ့ရောက်လာတာက မင်းနဲ့ ဆွေးနွေးဖို့ပဲ… တကယ်လို့ မင်းမှာ မေးစရာ မေးခွန်းရှိတယ်ဆိုရင် သူတို့နဲ့ ပြောလိုက်..” ရန်ကွမ်းရှ ပြောလိုက်သည်။
“ ကောင်းပြီလေ…” လင်းရီ ပြောလိုက်ပြီး “ အကြီးအကဲပြောတာ ငါးမျှားချင်တယ်မလား… ကျုပ် အဲ့ကို ခေါ်သွားပေးမယ်.. ပြီးရင် ဖမ်းမိတဲ့ငါးကို ဟင်းချက်စားကြတာပေါ့…”
“ ဒါဆိုလည်း သွားကြစို့…. ငါက မင်း ဒီစကားမျိုး ပြောလာမှာကို စောင့်နေတာ..”
“ အမ် လင်းရီ … နင်ဝက်မွေးထားတာလား….” လျန်ရူရွှယ် လှောင်အိမ်ထဲရှိ ဝက်ပေါက်လေးကို သတိထားမိတော့ အံ့အားသင့်နေဟန်ဖြင့် မေးလာသည်။
“ ငါဒီလာတာ ကျေးလက်ရဲ့ အနှစ်သာရကို အတွေ့အကြုံခံစားဖို့လို့ မပြောဖူးဘူးလား… တကယ်လို့ ဝက်မမွေးဘူးဆိုရင် အချိန်အလကား ဖြုန်းနေသလို ဖြစ်သွားမှာပေါ့….”
လျန်ရူရွှယ် ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့တော့သည်။ သို့သော်လည်း သူမ ပြန်ငြင်းဆန်ရန် အင်အားမရှိ။ အဘယ်ကြောင့်ဆိုသော် ဤသည်က လင်းရီစတိုင်ဖြစ်သောကြောင့်ဖြစ်၏။
“ နင်ဆိုရင်တော့ ငါ မအံ့အောတော့ပါဘူး..”
“ မင်းပြောလိုက်မှဖြင့် ငါလည်း ပုံမှန်မဟုတ်တဲ့ကောင် ဖြစ်နေပြီ….”
“ မဟုတ်လို့လား… နင့်နေရာမှာ လူသာမန်သာဆို ဒီလိုမျိုး လုပ်မယ်လို့ ထင်လား…” လျန်ရူရွှယ် စောဒက တက်ဖြစ်အောင် တက်လိုက်သေးသည်။
“ ကဲပါ … ဒါနဲ့ ဆေးတွေက ဘာလို့ ဒီနေရာရောက်နေတာ… နင် နေမကောင်းဘူးလား…”
“ အဲ့ကောင် မနေ့ညက အအေးမိသွားခဲ့လို့လေ… ဒါကြောင့်မို့ ဆေးတိုက်ထားတာ…”
လျန်ရူရွှယ်၏ အမူအရာသည်လည်း ယမန်နေ့ညက ကျီချင်းရန် ဖြစ်သွားသည့် ပုံစံနှင့် ချွတ်စွပ်ပင်။
သူမတို့၏ မျက်လုံးထဲ၌ ဝက်များက အအေးမမိတတ်သည့်နှယ်ပင်။
ဝမ်ပင်းယွီ အိမ်ထဲ လှမ်းကြည့်လိုက်ပြီး သံလှောင်အိမ်ထဲရှိ ဝက်ပေါက်စနလေးအား မြင်တွေ့သွားခဲ့၏။ ထို့နောက် သူမ ရည်မွန်ဟန်ရှိသည့် လင်းရီကို ပြန်ကြည့်လိုက်သည်။
သူမ စိတ်ထဲတွင်တော့ ဤလူငယ်က တော်တော်လေးကို စိတ်ပုံမှန်မဟုတ်ဟု ခံစားနေရလေသည်။
“ အစ်ကိုချိန်… ဒီလူက စိတ်ကျန်းမာရေး ပြဿနာတွေ ရှိနေတယ်လို့ မထင်ဘူးလား…”
“ ပေါက်တတ်ကရ... အကြီးအကဲရန် အကြံပြုထားပေးတဲ့လူက ဘယ်လိုလုပ်ပြီး စိတ်ကျန်းမာရေး ပြဿနာ ရှိနိုင်မှာတုန်း…”
“ ကျွန်မ ပြောတာ တကယ့် ကျန်းမာရေး ပြဿနာကို မဟုတ်ဘူး… အာနီမဲ ကမ္ဘာထဲက အိုတာခုတွေလိုမျိုး အမြဲ ခေါင်းထဲမှာရှိတဲ့ ထူးဆန်းတဲ့ အတွေးတွေကို လက်တွေ့ဘဝထဲ ယူလာကြတဲ့ သူတွေလိုမျိုးလေ… ဝက်ကို လှောင်အိမ်ထဲထည့်ပြီး မွေးနေသလိုမျိုးပေါ့….”