ငါ့ကို ကန့်သတ်နိုင်လောက်ထိ ဘယ်သူက အံ့ဩဖို့ ကောင်းနေတာ
Vol. 66 Ch. 978
အဆိုပါ မေးခွန်းက ထောက်ချိန်နှင့် ၀မ်ပင်းယွီကို အံ့အားသင့်သွားစေသည်။
ဤသို့သော မေးခွန်းမျိုးက အလွန်တရာကို နက်ရှိုင်းလွန်းနေပြီး သာမန်လူဆိုပါက ယခုလို မေးခွန်းမျိုး မေးလာလိမ့်မည် မဟုတ်ချေ။
" သုတေသနတွေ အရတော့ ကျွန်းပေါ်မှာ 'ဘက်စ်' လို့ ခေါ်တဲ့ ကျောက်တုံးအမျိုးအစား တစ်မျိုးရှိတယ်... အဲ့ကျောက်တုံးက မြင့်မားတဲ့ အပူချိန်အောက်မှာ လှုံ့ဆော်ခံလိုက်ရရင် အောက်ဆီဂျင်တွေ ထုတ်လွှတ်ပေးတယ်... ဒါကြောင့်မို့ သိပ္ပံပညာရှင်တွေက အောက်ဆီဂျင်အစိုင်ခဲ လို့ နာမည်ပေးထားတယ်... အဲ့တာကြောင့်မို့ပဲ ကျွန်းပေါ်က အောက်ဆီဂျင် ပါ၀င်မှုက တခြားနေရာတွေထက် ပိုပြီး မြင့်မားနေတာပေါ့...."
" အိုကေ..... ဒီရဲ့ သမိုင်းမတင်မီ လူ့အဖွဲ့အစည်းက ဘယ်လောက်ထိ ဆန်းကြယ်လဲ ခဏထားလိုက်ဦး... တကယ်လို့ ကျုပ်တို့သာ အဲ့ဒီ ဘက်စ် ကျောက်တုံးကို ရနိုင်မယ်ဆိုရင် ရုပ်၀တ္ထုသိပ္ပံက အရှိန်အဟုန်နဲ့ တိုးတက်လာမယ်မလား...."
" အမှန်ပဲ.. ဒါပေမယ့် ကျောက်တုံးကို ကျွန်းအပြင်ဘက် မယူသွားဖို့ ပြင်းပြင်းထန်ထန် တားမြစ်ပဋိညာဥ်ကို နိုင်ငံတိုင်းက သဘောတူလက်မှတ် ရေးထိုးထားရတယ်... တကယ်လို့ တစ်ယောက်ယောက်က ခိုးထုတ်သာ ရှာတွေ့သွားခဲ့ရင် နိုင်ငံတိုင်းရဲ့ စစ်သင်္ဘောတွေက အဲ့သူကို ဝိုင်းပြီး မညှာမတာ ပစ်ခတ်ကြမှာ... ဒါကြောင့်မို့ ကျောက်တုံးက ဒီနေ့ထိ ကျွန်းပေါ်မှာပဲ ရှိနေရခြင်း အကြောင်းပြချက်ပေါ့... "ထောက်ချိန် ပြောပြီးနောက် ပခုံးတွန့်လိုက်ကာ " ဒါပေမယ့်လည်း အရမ်း တစ်သတ်မှတ်တည်းကြီးတော့ တွေးလို့ ဘယ်ရမှာ... ဒီနှစ်တွေထဲ တစ်ချို့တစ်လေ ရခဲ့တယ်ဆိုပေမယ့် သုတေသန ပြုလောက်ရုံလောက်ပဲ ရှိတာ... ရုပ်၀တ္ထု သိပ္ပံကို တိုးတက်စေလောက်တဲ့အထိတော့ မဟုတ်သေးဘူး...."
" နားလည်ပြီ...."
လင်းရီ တစ်ဖန် အတွေးနက်သွားပြန်သည်။
သူ့စိတ်ထဲ အကြံတစ်ခုက ထွက်ပေါ်လာခဲ့၏။
ခရိုခ၀ ကျွန်းပေါ်က အောက်ဆီဂျင်ပမာဏ မြင့်မားနေတာ အဲ့ဒီ ဘက်စ် ဆိုတဲ့ ကျောက်တုံးနဲ့များ ဆက်စပ်နေမလား....
အချိန်အတော်ကြာအောင် အဆိုပါ အနက်၀တ်နှင့်လူက တစ်ခုခု ထူးဆန်းနေသည်ဟု လင်းရီ ခံစားခဲ့ရသော်လည်း တကယ့် ပြဿနာက အနက်၀တ်နှင့်လူမဟုတ်။ ထိုသူ့လက်ထဲရှိ သေတ္တာ အသေးစားလေး ဖြစ်နေသည်။
သို့သော်လည်း အဆိုပါ သေတ္တာထဲ မည်သည့်အရာ ပါ၀င်နေလဲဆိုတာတော့ ယခုတိုင် မည်သူကမျှ မသိနိုင်သေးချေ။
" ကျုပ် တခြားမေးစရာတွေတော့ မရှိတော့ပါဘူး... အစမ်း လေ့ကျင့်မှုက ဘယ်အချိန် စမှာ.. "
" လ၀က်အတွင်း. "ထောက်ချိန် လင်းရီလက်မောင်းထဲ ၀က်ပေါက်လေးအား ကြည့်လိုက်ပြီး " အချိန်ကျရင် ငါ မင်းဆီ ဆက်သွယ်လိုက်မယ်... အဲ့ဒီမတိုင်ခင်တော့ မင်း အိမ်က ကိစ္စတွေ ပြီးပြတ်အောင် လုပ်ထားပေါ့..."
" ပြဿနာမရှိဘူး... အဲ့တာဆို ကျုပ် ခင်များ အသိပေးလာမှာကို စောင့်နေမယ်...."
" ဒါဆိုလည်း ဒီနေ့ စကားဝိုင်းကို ဒီနေရာမှာတင် ရပ်လိုက်ကြတာပေါ့... "
လေးနက်သည့် ကိစ္စများဆွေးနွေးပြီးနောက် သုံးယောက်သား မတ်တပ်ရပ်လိုက်ပြီး ရန်ကွမ်းရှ ရှိသည့် နေရာသို့ လျှောက်သွားလိုက်ကြ၏။ ပုံးထဲတွင်တော့ ငါး ဆယ်ကောင်ထက်မနည်း ဖမ်းမိထားလေသည်။ သို့သော်လည်း အရမ်းမကြီး။ လက်တစ်ဖဝါးစာ သာသာလောက်သာ ရှိ၏။
အခြားတစ်ဖက်တွင်တော့ လျန်ရူရွှယ်ကလည်း ရေချိုငါး တော်တော်များများနှင့် ပိုက်ကွန်ပစ်ရင်း ဖားနှစ်ကောင်ကိုပါ ဖမ်းမိထားသည်။ သူမ ကြည့်ရသည်မှာ တော်တော်လေး ပျော်မြူးနေသည့်ဟန်ပင်။
" အကြီးအကဲလည်း ဗိုက်ဆာနေလောက်ရောပေါ့... ပြန်ပြီး ဒီငါးတွေကို ကျွန်တော် တစ်ခုခုလုပ်ပေးမယ်လေ...."
" ကောင်းပြီလေ.. ပြန်ကြစို့..."ရန်ကွမ်းရှ ပြုံးလိုက်ပြီး " စောနက မီလိလေးပြောတာ မင်းလက်ရာက တော်တော်လေး အံ့မခန်းပဲတဲ့... ငါဒီနေ့တော့ ကောင်းကောင်းကြီး မြည်းစမ်းကြည့်ရမယ်..."
" ဒါပေါ့ ဒါပေါ့ သောက်ရင်း စားရင်းပေါ့...."
ဘွန်း ဘွန်း ဘွန်း ...
သူတို့ အိမ်ပြန်ရန်အတွက် ပစ္စည်းများ သိမ်းဆည်းနေစဉ် ဆူညံသံ အတွဲလိုက်ကြီးအား လူတိုင်း ကြားလိုက်ရသည်။
နောက်တွင်တော့ ဗန် လေးငါးစင်း ထွက်ပေါ်လာလေသည်။
မူလကတော့ အားလုံးက အမှုမထားပဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေကြသော်လည်း ထိုကားများက သူတို့ရှေ့ ထိုးရပ်လာကြောင်း သတိပြုမိလိုက်၏။
ယင်းက သူတို့အားလုံးကို ဇဝေဇဝါ ဖြစ်ပွားသွားစေသခဲ့ည်။ ဤလူများက မည်သည့် ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ကြမှန်း သူတို့နားမလည်ကြချေ။
မကြာမီ ကားထဲမှ လူများ အပြင်သို့ ထွက်လာခဲ့ကြပြီး ဘာဖြစ်နေလဲဆိုတာ လင်းရီ ချက်ချင်း နားလည်သွားခဲ့တော့၏။
အဘယ်ကြောင့်ဆိုသော် အရင်ဆုံး ထွက်လာသူက လျိုတုံးမင် ဖြစ်နေသောကြောင့်ပင်။ သူ၏ ရောက်ရှိလာမှုက နောက်တွဲဗိုလ်ပါ ကားများဖြင့် တခမ်းတနား ရှိနေသော်လည်း သူ၏ သနားစဖွယ် သွင်ပြင်က သူ၏ မိမိုက်နေမှုအပေါ် များစွာ အကျိုးသက်ရောက်သွားစေခဲ့သည်။ ခေါင်းတွင် ပတ်တီးဖြူ အထူကြီး ပတ်ထားပြီး မျက်နှာတွင်လည်း ဆေးပလာစတာတို့ဖြင့် အင်မတန် ရယ်စရာ ကောင်းနေတော့၏။
ဘေးတွင် ရပ်နေသည့် ကျိုင်းရှောင်လျန်ကတော့ လက်တွင် ကျောက်ပတ်တီးနှင့်ဖြစ်ပြီး သူ၏ အခြေအနေက သူ့ဘော့စ်ထက်ပင် ဆိုးရွားနေသေးသည်။
" လင်းရီ.... နင် ဒီ အကျိုးအကန်းတွေနဲ့ သိနေတာလား..."လျန်ရူရွှယ် မေးလိုက်၏။
" အင်း.... ဒီကောင်တွေက ရွာသားတွေကို အနိုင်ကျင့်နေကြတဲ့ နယ်ခံ လူမိုက်တွေလေ...."လင်းရီ သူမ၏ မေးခွန်းကို မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
" အဲ့ဒါဆို နင်ငါ့ကို ဘာလို့ မခေါ်လိုက်တာ... ငါ့မှာ သူတို့ကို အရေးယူဖို့ တာ၀န်ရှိတယ် မဟုတ်ဘူးလား...."လျန်ရူရွှယ် ပြန်လည်၍ စောဒကတက်လိုက်သည်။
"ခေါ်ပြီး ဘာလဲလုပ်မှာ... အလွန်ဆုံးရှိ... မင်းသူတို့ကို ဖမ်းပြီး ချုပ်ထားရုံလောက်ပဲမလား... ဒီလိုကောင်တွေကို အချုပ်ထဲထည့်ရုံလောက်ကတော့ အရမ်း ညှာတာလွန်းရာ ကျတယ်......"
" ဒါဆို နင်က ဘာလဲလုပ်ချင်နေတာ.. "
" ငါ အဲ့ကောင်တွေကို အရင်ရိုက်မယ်... ငါအခု ရိုက်မှာ... ငါ့ကို လာမတားနဲ့..."
"ကောင်းပြီလေ.... ဒါဆို လျော့ပေါ့ပြီးလည်း လုပ်... ဘယ်သူ့ကိုမှ မသတ်မိစေနဲ့... "
" မပူနဲ့ ... ငါ့လက်စ ငါသိတယ်... "လင်းရီ လက်တစ်ဖက်လွှဲရင်း အကြောဆန့်ပြီး ပြောလိုက်သည်။
လျိုတုံးမင် လျန်ရူရွှယ်နှင့် ၀မ်ပင်းယွီကို တစ်ချက် ကြည့်လိုက်ပြီး လက်ထဲ နို့ဘူးနှင့် ၀က်ပေါက်လေးကိုမြင်တော့ သူ့အကြည့်တို့ ထူးဆန်းသွားခဲ့သည်။ သို့သော် အမှုထားမနေပဲနှင့် လင်းရီကို ပြန်ကြည့်လိုက်ပြီး " အလှလေးတွေ ခေါ်လာပြီး ငါးမျှားနေတယ်ဆိုတော့ မင်း ဘ၀ကြီးက တော်တော်လေးကိုအားပြီး သာယာနေတဲ့ပုံပဲကွ..." လျိုတုံးမင် ပြောလိုက်ပြီးနောက် မျက်နှာထက် မောက်မာသည့် အမူအရာတို့ ပေါ်ပေါက်လာကာ " ဒါပေမယ့် စိတ်တော့မရှိနဲ့.. ဒီနေ့ကစပြီး မင်း ဒီနေရာမှာ ငါးဆက်မျှားလို့ ရမှာ မဟုတ်တော့ဘူး...."
" ဘာတွေလာပြောနေတာ... ငါ့ ငါးကန်မှာ ငါက ဘာလို့ ငါးမျှားမရမှာ...."
" မင်းရဲ့ ငါးကန်ဆိုတာ မှန်တယ်... ဒါပေမယ့် ရွာလမ်းဖောက်နေတာ မင်းရဲ့ ငါးကန်နဲ့ ဖန်လုံအိမ်က ရွာလမ်းနဲ့ မလွတ်ဘူး... ဒီတော့ ငါလည်း ဘယ်တတ်နိုင်မှာ... မင်းရဲ့ ဖန်လုံအိမ်ကို ဖြိုချ... မင်းနောက်က ငါးကန်ကို မြေဖို့ရတော့မယ်လေ....ဒါငါ အထက်အမိန့်ကို နာခံနေတာနော်... ငါ့ ရာထူးကို အသုံးချပြီး လက်စားချေနေတာ မဟုတ်ဘူး... မင်း အရမ်း အတွေးမလွန်နဲ့..."
" မင်းတို့လို လူမိုက်ဖြစ်ရတာ တော်တော်လေး ကောင်းမယ့်ပုံပဲ..ငါတောင် နည်းနည်း အထင်ကြီးမိသွားပြီ... "လင်းရီ ပြောလိုက်ပြီး " ဒါပေမယ့် ငါဒီနေ့ ရှင်းအောင် ပြောလိုက်မယ်... သေချာမှတ်ထား.... မင်းတို့ကောင်တွေ ငါနဲ့ လာရှုပ်ရဲရင် မင်းတို့အားလုံးကို အရှင်လတ်လတ် မြေမြုပ်ပစ်မယ်... "
၀မ်ပင်းယွီ ခေါင်းငဲ့စောင်း၍ လင်းရီကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင်တော့ လင်းရီ အနီးတစ်ဝိုက် ထုတ်လွှတ်နေသည့် ကြီးစိုးမှုအော်ရာတို့က သူ၏ စကားတို့အား သံသယဖြစ်ခွင့် မပြုချေ။
" ဘာလဲ.... မင်း ငါ့ကို ခြိမ်းခြောက်နေတာလား..."လျိုတုံးမင် အရင်ကြောင်အသွားပြီးနောက် ကျယ်လောင်စွာ အော်ရယ်လိုက်ကာ " ငါတို့လက်ထဲမှာ ခွင့်ပြုမိန့် ပါမစ်ရှိပြီးသားကွ... တကယ်လို့ မင်းငါတို့ကို ပိတ်ပင်မယ်ဆိုရင် အဲ့တာ ဥပဒေကို ကလန်ကဆန် လုပ်တာပဲ... ငါမင်းကို သတ်မယ်ဆိုရင်တောင် မင်းဘက်က သေပေးရမယ်...."
" ဘယ်မလဲ မင်းတို့ရဲ့ ပါမစ်..."လင်းရီ ပြောလိုက်သည်။
" မင်းတောင်းမယ်မှန်း ကြိုသိလို့ ငါတစ်ခါတည်း ယူလာခဲ့ပြီးသား... "လျိုတုံးမင် ခွင့်ပြုမိန့်ကို လင်းရီထံ ကမ်းပေးလိုက်ပြီး " သေချာကြည့်... အားလုံး အဲ့ထဲမှာ... ပြီးတော့ ငါမင်း သိအောင် ပြောပြမယ်... လမ်းဖောက်တယ်ဆိုတာ အိမ်ဆောက်တာနဲ့ မတူဘူး... မင်းငါ့ကို ရပ်တန့်ဝံ့ရင် ဥပဒေ အကျိုးဆက်တွေကို ရင်ဆိုင်ရမယ်.. မင်း နောက်ခြေလှမ်း မလှမ်းခင် သေချာလေး စဉ်းစား...."
ခွင့်ပြုမိန့် စာရွက်ကို လက်ခံရရှိပြီးနောက် လင်းရီ ကြည့်ပင်မကြည့်ပဲ အစိတ်စိတ်အမြွှာအမြွှာ ဆွဲဖြဲပစ်လိုက်သည်။
" အခု ခွင့်ပြုမိန့် မရှိတော့ဘူးဆိုတော့ မင်း ဘယ်လို ဆက်လုပ်ဦးမလဲ... "
ယင်းက လျိုတုံးမင်နှင့် ကျန်သူများကို ထိတ်လန့်သွားစေသည်။ သူတို့ မိုက်တိမိုက်ကန်း လူဘောက်သောက်နှင့် တွေ့ကြုံခဲ့ဖူးသော်လည်း ဤမျှ မိုက်မဲသည့်လူကိုတော့ သူတို့ မကြုံတွေ့ခဲ့ဖူးကြချေ။
အစိုးရခွင့်ပြုမိန့်ကို ဒီအတိုင်းကြီး ဖြဲပစ်လိုက်တယ်... ဥပဒေ အကြောင်း နကန်းတစ်လုံးမှ နားမလည်တဲ့သူဆိုရင်တောင် ဒီလိုမျိုး မလုပ်သင့်တာ အလိုလိုသိတယ်...
" ဟျောင့်... မင်း အခုတင် ဥပဒေ အကြီးကြီး ချိုးဖောက်လိုက်ပြီဆိုတာ သိရဲ့လားကွ..."လျိုတုံးမင် လင်းရီကို လက်ညိုးငေါက်ငေါက်ထိုးရင်း မာန်ပါပါ ပြောဆိုလိုက်ပြီး " ငါ အခု ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ မင်းကို ဖမ်းခိုင်းလိုက်လို့ရတယ်ဆိုတာ မင်းနားလည်လား.. "
" အစ်ကိုတုန်.. ဘာလို့ဖုန်းခေါ်နေမှာ... ဒီတိုင်း ၀င်ရိုက်ရတာမှ ပိုအရသာရှိဦးမယ်... "ကျိုင်းရှောင်လျန်ပြောလိုက်ပြီး " အဲ့လိုဆို သူ့ကို ရိုက်နှက်နိုင်ရုံတင် မကသေးဘူး.... နောက်ပိုင်းဖမ်းပြီး အာဏာပိုင်တွေလက်ထဲ အပ်ပြီးတော့ အမှတ်တောင် ယူလို့ရတယ်....."
လျိုတုံးမင် ခေါင်းညိမ့်လိုက်ပြီး လင်းရီကို စူးစိုက်ကြည့်လိုက်၏။
" ငါပြောမယ်... မင်းသေချာနားထောင်... မင်း ပါမစ်ကို ဆုတ်ဖြဲလိုက်ရင်တောင် အသုံးမ၀င်ဘူး... ဒီကနေ့.....အုဟု...."
လင်းရီ လျိုတုံးမင်၏ လေကြောရှည်နေမှုကို သူ့စိတ်က မရှည်နိုင်တော့ပဲ ဆောင့်ကန်ပစ်လိုက်တော့သည်။
ထိုအခါ လျိုတုံးမင်နောက်ရှိ လူ နှစ်ဆယ်ကျော်လောက်မှ အရေးတကြီး လှုပ်ရှားလာပြီး သူတို့ဘော့စ်ကို ဖေးမထားပေးလိုက်ကြ၏။
" မင်းဘက်မှာ လူတော့ အတော်များသား... ဒါပေမယ့် ငါမင်းကို သတ်ဖို့တော့ ခက်ခဲမနေဘူး... ကြိုးစားကြည့်လိုက်...."
လင်းရီ သူ၏ အရှိန်အဝါ အားလုံးကို ထိန်ချန်ခြင်းမရှိ၊ အားလုံးလွှတ်ထုတ်လိုက်ပြီး မျက်၀န်းများက မီး၀င်း၀င်းတောက်လာသယောင် ဖြစ်ပေါ်နေကာ အကြည့်ချင်း ဆုံမိသူတိုင်းအား ထိတ်လန့်သွားစေပြီး ခြေတစ်လှမ်း နောက်ဆုတ်သွားစေသည်။
မည်သူကမျှ သွေးတိုးစမ်း၍ ရှေ့တိုးမလာဝံ့ကြ။ လင်းရီ လျိုတုံးမင်ထံ တစ်လှမ်းခြင်းလျှောက်လာခဲ့သည်။ သူ့ဘေးနား ၀န်းရံနေသည့် လူတိုင်းမှ အလိုလို လမ်းဖယ်ပေးလိုက်ကြပြီး နောက်ဆုံးတွင် လျိုတုံးမင်နှင့် လင်းရီ နှစ်ဦးတည်းသာ ကျန်ရှိတော့၏။
" မင်းခေါ်လာတဲ့ကောင်တွေက ဦးနှောက်မရှိတဲ့ကောင်တွေထက်ကို ဆိုးနေပြီ... ဒီလိုကောင်တွေနဲ့ ငါ့ကို ကိုင်တွယ်လို့ ရမယ်ဆိုပြီး မင်းထင်နေတာလား...."
" မင်း... မင်း .. ငါတို့က ဒီတိုင်း အမိန့်ကို လိုက်နာနေတာ... မင်းကို ကိုင်တွယ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး..."လျိုတုံးမင် ထိတ်ထိတ်ပျာပျာ ဖြစ်နေပြီး တုန်ယင်စွာဖြင့် ပြောလိုက်၏။ လင်းရီ မည်မျှ အဆင်အခြင်မဲ့ကြောင်းကတော့ ကားနှင့် တိုက်ဖို့ရန်ပင် နှစ်ခါစဉ်းစားမနေသူပင်။
ထိုအခိုက်အတန့်တွင်တော့ သူ ဆက်လက်၍ မိမိုက်သည့် အရှိန်အဝါများ မထုတ်လွင့်ရဲတော့ချေ။ အင်မတန် နိမ့်ချရိုကျိုး မခုတ်တတ်သည့် ကြောင်လေးပမာ လိမ္မာပြနေတော့၏။
" အမိန့်နာခံနေတယ်လား... "လင်းရီ ပြုံးလိုက်ပြီး " ဘယ်သူ့ရဲ့ အမိန့်ကို နာခံနေတာ... ဘယ်သူက ငါ့ကို ကန့်သတ်နိုင်လောက်တဲ့အထိ အံ့ဩဖို့ကောင်းနေတာ.... “