ခေါင်းမော့ရင်ကော့
Vol. 66 Ch. 981
ရန်ကွမ်းရှ အရက်ခွက်ကိုင်ရင်း အတန်ကြာအောင် အတွေးနက်သွားခဲ့သည်။
" မင်းမှန်တယ်... ဟွာရှက ဒီလောက်ထိ ကြီးမားကျယ်ပြောတာ ဥပဒေက ဘယ်လောက်ပဲ ပြီးပြည့်စုံတယ် ပြောပြော လွတ်ကင်းတဲ့ နေရာတစ်ချို့တော့ ရှိကိုရှိမှာပဲ...."
" ဒါကြောင့်မို့ ရှောင်မီကို ကောင်းကောင်းမစီမံဘူးဆိုပြီး အပြစ်တင်လို့ ဘယ်ရမှာ... သူမကို အချိန်တချို့တော့ ပေးသင့်တာပေါ့.... "
ရန်ကွမ်းရှ ရယ်သွမ်းလိုက်ပြီး " ကလေး... မင်းက ဒီတိုင်း သူမကို ကာပြီးပြောပေးဖို့ ကြိုးစားနေတာပဲကွ...."
လျန်ရူရွှယ်ကတော့ ပြုံးပျော်လျက်ရှိ၏။သူမ မျက်နှာကလည်း နီမြန်းနေပြီး အရက်ကြောင့်လော သို့မဟုတ် ရှက်ရွံနေသောကြောင့်လောဆိုတာတော့ ပြောမတတ်။ သို့သော် ခံစားချက်တို့ကတော့ အင်မတန် ကောင်းမွန်လို့နေလေသည်။
" ငိုးမသားတွေ... တစ်အိမ်လုံး ဘယ်သွားနေကြလဲ .. ထွက်ခဲ့ကြစမ်း..."
လျန်ရူရွှယ် ခံစားချက်တို့ ကောင်းမွန်နေတခိုက် မကြားဝံ့ မနာသာ စကားလုံးတို့က အပြင်မှနေ၍ ထွက်ပေါ်လာသည်။
တစ်စုံတစ်ယောက်မှ သူမ၏ ခံစားချက်များကို ဖျက်ဆီးတော့မည့် အရိပ်အယောင်ကို ခံစားနေရတော့ လျန်ရူရွှယ် ချက်ချင်း အမူအရာ ပြောင်းလဲသွားခဲ့တော့သည်။
" ခေါင်းဆောင် .. ကျုပ် တစ်ချက် သွားကြည့်လိုက်မယ်.... "
မိုဟုန်ရှန်း ပြောပြီးနောက် ဝါးတူကို စားပွဲပေါ် ချ၍ အပြင်သို့ ထွက်လာခဲ့၏။
တစ်ချိန်တည်းတွင် လင်းရီနှင့် လျန်ရူရွှယ်တို့လည်း အနောက်မှ လိုက်ပါလာလေသည်။ တံခါး၀သို့ ရောက်ရောက်ချင်း လူ ခြောက်ဆယ် ခုနစ်ဆယ်ခန့်မှာ ခြံရှေ့ ရောက်ရှိနေကြောင်း သူတို့ သတိထားမိလိုက်ကြ၏။
အကုန်လုံးကလည်း လက်ထဲတွင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကာ မြင်ကွင်းမှာတော့ တော်တော်လေးကို တုန်လှုပ်ဖွယ်ရာပင်။
ဦးဆောင်လာသူကတော့ ချောင်ကျန်းနှင့် လျိုတုံးမင်တို့ဖြစ်၏။
သူတို့ရှေ့ရှိ လူအုပ်ကြီးအပြင် ဟွမ်ရှီးကျေးရွာသူ ကျေးရွာသားတို့ကလည်း လင်းရီ အိမ်နောက် တစ်နေရာတွင် စုဝေး၍ ပွဲအား တိတ်တဆိတ် စောင့်ကြည့်နေကြ၏။
" လင်းလေး... မင်း မြန်မြန် သူတို့ကို တောင်းပန်လိုက်... လူတွေ ဒီလောက်အများကြီး ခေါ်လာတာ ဟာသလုပ်ဖို့တော့ မဟုတ်ဘူးနော်..."ဘေးချင်းကပ် တံခါးမှ ရောင်ပင်း လင်းရီကို စိတ်ပူစွာ လှမ်းဖြောင်းဖြလိုက်သည်။
" ကျုပ် အဆင်ပြေတယ် စန်းကော ..."လင်းရီ ပြုံးလျက် ဆိုလိုက်၏။ လင်းရီ၏ အမြင်တွင်တော့ ယခုလို အသေးမွှား ကိစ္စလေးအတွက် သူ ၀င်ပါရန်ပင် မလိုအပ်ချေ။
အကယ်၍ မိုဟုန်ရှန်း သေနတ် ဆွဲထုတ်ပြီး တစ်ချက်လောက် ဖောက်လိုက်သည်နှင့် ဤလူတွေ အကုန်လုံး ၀ရုန်းသုန်းကား ထွက်ပြေးကြမည်မှာ လုံး၀ သေချာသည်။
" သိပ်လည်း သတ္တိကောင်းတဲ့ ကောင်တွေပါလား... ငါက မင်းတို့ ထွက်ပြေးသွားကြပြီတောင် မှတ်နေတာ...."လျိုတုံးမင် အမှတ်ကညာ မရှိ။ နှာခေါင်းရှုံ၍ အထက်တသေး ပြောဆိုလိုက်သည်။
" ငါလည်း အဲ့စကားပြောမလို့ပဲ... မင်းတို့ကောင်တွေ တော်တော် သိတ္တိကောင်းနေကြပါလား..." ချောင်ကျန်းမှ ပြောလိုက်သည်။
လျိုတုံးမင် လင်းရီနှင့် ကျန်နှစ်ယောက်ကို လက်ညိုးဖြင့် ဝေ့လိုက်ပြီး " မင်းတို့အကုန်သိအောင် ပြောလိုက်မယ်... ငါ ဒီတစ်ခေါက်ရောက်လာတာ လူတောင်း ၊ ပိုက်ဆံတောင်းဖို့အတွက် မဟုတ်ဘူး... မင်းတို့ရဲ့ အိမ်နဲ့ ဖန်လုံအိမ်ကို လူတိုင်းရှေ့မှာ အမှုန့်ကြိတ်ဖို့... ပြီးရင် မင်းရဲ့ ခြေထောက်တွေကိုလည်း ရိုက်ချိုးပစ်မယ်.... "
" ဒါဆိုလည်း ကြိုးစားကြည့်လေ... "လင်းရီ မိုဟုန်ရှန်းအား ညွှန်ပြလိုက်ပြီး " မင်း သူ့ကို ကျော်နိုင်ရင် မင်း ဘာမှလုပ်စရာ မလိုဘူး...ငါ ကိုယ့်ခြေထောက်ကိုယ် ပြန်ချိုးပေးလိုက်မယ်...."
လျိုတုံးမင် မိုဟုန်ရှန်းအား သေချာစိုက်ကြည့်လိုက်သည်။
" အဲ့ကောင်လား... အဲ့ကောင်လောက်တော့ ငါ့လက်ထဲက ဒီတုတ်နဲ့တင် အသာမှောက်သိပ်လိုက်လို့ရတယ်...."
" မင်း ကြိုးစားကြည့်လေ..."
လျိုတုံးမင် လင်းရီကို အနည်းငယ် ရှိန်သော်လည်း မိုဟုန်ရှန်းနှင့် ရင်ဆိုင်ရာတွင်တော့ မည်သို့သော ကြောက်ရွံ့စိတ်မျှ ထွက်ပေါ်မလာချေ။ ဤသည်ကလည်း မိုဟုန်ရှန်းမှ သိုသိုသိပ်သိပ်သာနေပြီး အရှိန်အဝါတို့အား သိမ်းဆည်းထားသောကြောင့်ဖြစ်၏။
သို့သော်လည်း လင်းရီမှ ထိုသို့ ပြောလာပြီ ဖြစ်သောကြောင့် ဤလူကလည်း ခေသူ မဟုတ်ကြောင်းတော့ လျိုတုံးမင် သဘောပေါက်သည်။ ဆိုလိုသည်က မိုဟုန်ရှန်းသည်လည်း တိုက်ရည်ခိုက်ရည် တော်တော်လေး သန်မာအားကောင်းသည်ဆိုသည့် သဘောပင်ဖြစ်၏။
လျိုတုံးမင် ဇက်ကို ဘယ်ညာ ချိုးလိုက်ပြီး သူ၏ လက်မရွံ့ လက်ပါးစေ တစ်ချို့ကို ခေါ်ထုတ်၍ မိုဟုန်ရှန်းထံ အတူချီတက်လာသည်။
" မလှုပ်နဲ့... "
ထိုအခိုက်အတန့်တွင် မိုဟုန်ရှန်း သူ့ ခါးပတ်အိတ်ထဲမှနေ၍ သေနတ်ကို ဆွဲထုတ်ပြီး လျိုတုံးမင်တို့ဘက် ချိန်ရွယ်ထားလိုက်သည်။ထိုအခါ ချောင်ကျန်းအပါအ၀င် လူတိုင်း ကြက်သေသေသွားခဲ့တော့၏။
ဟွာရှလို နိုင်ငံ၌ တော်ရုံလူလောက်ကတော့ သေနတ်ကိုင်ဆောင်ခွင့် လုံး၀ မရှိချေ။
သို့သော် သူတို့ရှေ့ရှိ လူကတော့ သေနတ်တစ်လက်နှင့်။ ထို့ပြင် တည်ငြိမ်နေသည့် အမူအရာမှတစ်ဆင့် ကိုင်နေကြဖြစ်ကြောင်း သိသာလေသည်။ ထိုသူက မည်သူနည်း။
လျိုတုံးမင်၏ ခြေထောက်တို့ ချက်ချင်း ပျော့ခွေ အားနည်းသွားခဲ့ပြီး စိတ်ထဲ အပေါ့အလေး စွန့်ချင်သယောင်ယောင် ဖြစ်ပွားလာသည်။သူ ဤနှစ်များ၌ ခက်ခဲကြမ်းတမ်းသည့် တိုက်ပွဲပေါင်းစုံနှင့် ရင်ဆိုင်ခဲ့ဖူးသော်လည်း သေနတ်မောင်းနှင့် ရင်ဆိုင်ရသည်ကတော့ ပထမဆုံး အကြိမ်ဖြစ်၏။
စိတ်ထဲ သေမင်းက ရှေ့သို့ ကိုယ်တိုင် ကြွရောက်လာသည့်နှယ်ပင်။
ကံကောင်းစွာဖြင့် ရွာသူရွာသားများမှ လင်းရီတို့ အိမ်နောက်တစ်နေရာမှ ချောင်းကြည့်နေကြသောကြောင့် မိုဟုန်ရှန်းလက်ထဲ ကိုင်ထားသည်က မည်သည့်အရာလေးလဲဆိုတာ မသိရှိကြချေ။ မဟုတ်ပါက ၎င်းတို့လည်း တော်တော်လေး စိတ်တုန်လှုပ်သွားကြလောက်၏။
" မင်း... မင်း ... မင်းဘယ်သူလဲ... မင်းမှာ ဘာလို့ အဲ့တာ ရှိနေတာ...."
" မင်းရဲ့ သုတ သိုမှီးလိုစိတ်နဲ့ မေးခွန်းမေးတာတွေက အလေ့အကျင့်ကောင်းပဲ... ဒါပေမယ့် စိတ်ချ... မင်းအထဲရောက်တာနဲ့ တစ်ယောက်ယောက်လာပြီး အသေးစိတ်ရှင်းပြပေးလိမ့်မယ်...."
" ရဲတိုင်ချင်နေတာလား... အသုံးမ၀င်ဘူး... ဒီကို ဘယ်ရဲမှ အားယားပြီး မလာဘူး.... မင်းငါ့ကို ခြိမ်းခြောက်နိုင်မယ်များ ထင်နေတာလား.... "
" ကျွတ်... ဘယ်လိုတောင် ရိုးအပြီး အတွေ့အကြံ ခေါင်းပါးလိုက်လဲ... မင်းခုကြုံနေတာက နောက်လာမယ့် အရာနဲ့ ယှဉ်ရင် ပါးပါးလေးရယ်... "လင်းရီ ပြုံးလိုက်ပြီး " မင်းတို့ အကုန်လုံး ဒီကိစ္စကနေ လွတ်မြောက်လိမ့်မယ် မကြံနဲ့..."
ထိုစကားကြားတော့ လျိုတုံးမင်နှင့် ချောင်ကျန်းတို့၏ သွေးဆုတ် ဖြူလျော်သွားပြီး မြေပြင်သို့ ပုံလျက်သား လဲကျလုနီးနီး ဖြစ်သွားခဲ့တော့သည်။
ယခုလို အခြေအနေမျိုး၌ သူတို့ ' အာဂယောက်ျားတို့မည်သည် မိုးပြိုစေကာမူ မတုန်မလှုပ်' ဟူသည့် စိတ်ဓာတ်ဆောင်ပုဒ်အတိုင်း ကျင့်သုံးချင်ပါသော်လည်း မကြာခင် ကံဆိုးမိုးမှောင် ကျကြတော့မည်ဟုလည်း စိတ်ထဲ တစ်ဖန် လေးဖင့်နေကြပြန်သည်။
" ငါတော့.... ငါ့အထင် ငါတို့ ဒီကိစ္စ မေ့လိုက်ကြရင် ကောင်းမယ်လို့ ထင်တယ်... "ချောင်ကျန်း ရှေ့ထွက် ပြောလာခဲ့ပြီး " ငါပြန်ပြီး လမ်း စီမံကိန်းကို ပြင်ဆင်လိုက်မယ်... ငါတို့ဖောက်မယ့် လမ်းအသစ်က မင်းရဲ့ မြေနေရာနဲ့ လွတ်ကင်းစေရမယ်.... ဘယ်လိုထင်လဲ... "
လင်းရီ မျက်ခုံးပင့်လိုက်ပြီး ချောင်ကျင်းအပေါ် အာရုံစူးစိုက်ထားလိုက်သည်။
" ခုမှတော့ အားလုံး နောက်ကျသွားပြီ.."
ထိုအချိန်တွင် ရွာအ၀င်၀မှ ရဲကား အနက်များ ရောက်ရှိလာသည်ကို လူတိုင်း မြင်တွေ့လိုက်ကြရ၏။
ကားတစ်စင်းစီ၌ စာလုံးခြောက်လုံးအား ရှင်းလင်းမြင်သာစွာ ရေးသားထားလေသည်။
လက်နက်ကိုင် ရဲတပ်ဖွဲ့
ဘုန်း ဘုန်း ...
ချောင်ကျန်းအပါအ၀င် လူတိုင်း ကိုင်ဆောင်ထားသည့် လက်နက်အားလုံး မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။
" မင်း... မင်းတို့ ဒီကောင်တွေ ခေါ်လိုက်နိုင်တယ်ဆိုတာ ငါ ယုံတောင် မယုံနိုင်ဘူး..."
" အားလုံးက သေခါနီးပြီ ဆိုတော့ မသေခင် ဉာဏ်အလင်းပွင့်အောင် လုပ်ပေးမယ်... "ပြောရင်းဖြင့် လင်းရီ လျန်ရူရွှယ်၏ ပခုံးကို ပုတ်လိုက်၏။
" ဘော့စ်ရှန်းပြောတာ ငယ်တုန်းရွယ်တုန်းမှာ ကိုယ့်ဂုဏ်ကို ဖော်ကြူးပေးရတယ်... အသက်ကြီးလာရင် အဲ့စိတ်တွေ ကုန်ဆုံးသွားမှာတဲ့... ခု ငါ့ဘက်က အခွင့်အရေး ဖန်တီးပေးပြီးသွားပြီ... မင်းတို့က သေချာလေး အသုံးချသင့်တယ်...."
မိုဟုန်ရှန်း သူ့အိတ်ကပ်ထဲ လက်နှိုက်၍ အိုင်ဒီကတ်ကို ထုတ်ပြီး ချောင်ကျန်းနှင့် လျိုတုံးမင်ရှေ့ ဝှေ့ယမ်းပြလိုက်သည်။
နှစ်ယောက်သည်လည်း သေချာ အနီးကပ် တိုးကြည့်ကြ၏။ ထို့နောက် မျက်လုံးတို့ ပြူးကျယ်သွားခဲ့ပြီး သူတိူ့ အမြင်များ မှောက်သွားသလားဟုတောင် ထင်ယောင်ထင်မှားဖြစ်ကုန်၍ မျက်လုံးကို တစ်ဖန် ပွတ်သပ်ကာ သေချာ တစ်လုံးချင်း စာလုံးပေါင်းကြည့်လိုက်သည်။
" ကျည်းတပ် ဒုဗိုလ်မှူးကြီး "
ကတ်ပြားက အလိုလို ကျိန်းစပ်စေသည့် အလင်းတန်းတို့ ထုတ်လွှတ်နေသည့်နှယ် အမြင်တို့ မှောင်မိုက်လာခဲ့ပြီး ခေါင်းကလည်း တဝီဝီ မြည်ဟီးလာသည်။
ဖြောင်း ...
သူတို့ မေ့မြောတော့မည့် အချိန်တွင် လင်းရီ အသိကပ်စေရန် နှစ်ယောက်အား ဆင့်ရိုက်ပေးလိုက်၏။
" နေဦး... မင်းတို့ သတိလစ်ဖို့ အချိန်မတန်သေးဘူး..."လင်းရီ ပြောလိုက်ပြီး " အမှန်တော့ ဒါက ဘာမှကို မဟုတ်သေးတာ.. ဒီလို အသေးမွှား ရာထူးလေးက မင်းတို့ကို အဲ့လောက် အများကြီး ထိတ်လန့်စေတာကတော့ မဟုတ်သေးပါဘူး... အဓိက ပွဲတစ်ခု ကျန်နေသေးတယ်..."
လျန်ရူရွှယ်၏ သက်သေခံ ကတ်ပြားက သူမနှင့်အတူ မရှိသော်လည်း သူမ၏ အချက်အလက်များကတော့ ကျိုးဟိုင်၏ တရား၀င်၀က်ဆိုဒ်ပေါ်တွင် လွယ်လွယ်ကူကူ ရှာတွေ့နိုင်လေသည်။
လင်းရီ ၎င်းတို့ကို ရှာဖွေ၍ သူတို့နှစ်ဦးရှေ့ ဝှေ့ယမ်းပြလိုက်၏။
ချောင်ကျန်း ဖတ်ရှုကြည့်လိုက်ပြီး တစ်ဖန် မေ့မြောလုနီးနီး ဖြစ်သွားခဲ့သော်လည်း လင်းရီ သူ့အား ပါးပိတ်ရိုက်၍ သတိပြန်ကပ်စေလိုက်သည်။
" ထိန်းထားဦး ... မရသေးဘူး... ခု မပြီးသေးဘူး.... ငါတို့ ဘာမှတောင် မလုပ်ရသေးတာကို ဘာလို့ အဲ့လောက်ထိ ဝိနေကြတာ... စောနက မင်းတို့ရဲ့ စွန်းလန်းတဲ့ အရှိန်အဝါတွေ ဘယ်မှာတုန်း... ရင်ကော့ ခေါင်းမော့ထားကြစမ်း....."
ထိုအချိန်တွင်တော့ လျိုတုံးမင်၏ မျက်နှာမှာ စင်းနှီတုံးပေါ် တင်ခံထားရသည့် ကြက်ဖကြီးနှယ် မျှော်လင့်ချက်တို့ စိတ်သုဉ်းကုန်တော့သည်။ တေးသီနေသည့် ကျေးငှက်တို့အသံပင် အသုဘ တေးသွားတစ်ပုဒ်အဖြစ် ပြောင်းလဲခံစားနေရတော့၏။
ဤလူ မည်သည့်နေရာက ရောက်လို့လာသနည်း။ အဘယ်အကြောင်းကြောင့် ယခုလို အာဏာကြီးမားသူတို့နှင့် ခင်မင်ရင်းနှီးနေရသနည်း။
ကြောက်မက်ဖွယ် အကောင်းဆုံးကတော့ အခန်းထဲ လူသုံးဦး ကျန်ရှိနေဆဲဖြစ်ပြီး အကယ်၍ သူ့ရှေ့ရှိ သေနတ်ကိုင်ထားသည့် ဒုဗိုလ်ကြီးကပင် အဆိုပါ အဘိုးကြီး၏ နောက်လိုက် တစ်ယောက်ဖြစ်နေသည်ဆိုတော့ အဘိုးကြီး၏ အထောက်အထားက.....
ဘုတ်....
နှစ်ယောက်လုံး ဒူးထောက်ကျသွားခဲ့ပြီး မိုဟုန်ရှန်းနှင့် လျန်ရူရွှယ်တို့အား ကန်တော့ကာ " ကျေးဇူးပြုပြီး နောက်တစ်ကြိမ် အခွင့်အရေးပေးပါ.... ငါတို့ မှားပါတယ်... နောက်ဆို ပြင်ပါ့မယ်..."
" ဒါ ဘယ်လိုလုပ်ပြီး...."
တိတ်တဆိတ် ချောင်းကြည့်နေကြသည့် ရွာသားများကတော့ ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေမိတော့သည်။
ဒါ ...ဒါသူတို့ ရွာမှာ နှစ်တွေ အကြာကြီး မင်းမူလာခဲ့တဲ့ လူမိုက်နှစ်ဖော်မှ ဟုတ်ကောဟုတ်စ....သူတို့ ဘယ်အချိန်ကနေစပြီး အဲ့လိုတွေ ပြုမူတတ်သွားတာ....
" အခါနှောင်းသွားပြီ... နင်တို့ နှစ်ယောက်လုံးကို တစ်ယောက်ယောက် ကိုင်တွယ်လိမ့်မယ်... ခု ခေါ်သွားကြတော့... "လျန်ရူရွှယ် လက်ဝှေ့ယမ်းရင် ဆိုလိုက်၏။
မကြာမီ ချောင်ကျန်း ၊ လျိုတုံးမင်အပါအ၀င် လိုက်ပါလာကြသည့် လူအားလုံး ဖမ်းဆီခေါ်ဆောင်ခြင်း ခံလိုက်ရတော့၏။
ထို့နောက် တပ်ဖွဲ့ခေါင်းဆောင်မှ လျန်ရူရွှယ် ရန်ကွမ်းရှတို့နှင့် ခေတ္တ စကားပြောဆိုပြီး သူ့လူများနှင့်အတူ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ထိုအချိန်တွင်တော့ ပြဇာတ်လည်း တရား၀င် ပြီးဆုံးသွားခဲ့ပြီး ရွာသူရွာသားများအပေါ် နှစ်ပေါင်းများစွာ အုပ်မိုးနေသည့် တိမ်မည်းတိမ်စိုင်ကြီး နှစ်ခုလုံး လွင့်စင်ပျောက်ကွယ်သွားခဲ့လေသည်။
ဝူးရှ်.....
လျန်ရူရွှယ် အသက်ပြင်းပြင်း ရှုလိုက်ရင်း " လင်းရီ... ကျေးဇူးပဲ..."