နိုင်ငံတကာ ကုမ္ပဏီများအား ကိုင်တွယ်ရန် အစီအစဉ်
Vol. 66 Ch. 982
လင်းရီ သူမကို လက်မောင်းဖြင့် လှမ်းဖက်လိုက်ပြီး " ဘာလို့ ကျေးဇူးလာတင်နေတာ... လာ ပြန်သွားစားကြစို့... "
ပြဿနာ အားလုံး ရှင်းထုတ်ပြီးသောကြောင့်လားတော့မသိ။ စားရသည့် ထမင်းမှာ မြိန်လို့နေသည်။ သို့သော်လည်း လင်းရီ ၀က်ပေါက်လေးအား တစ်ဖန် နို့ဘူးတိုက်ရန် လိုအပ်သေးသောကြောင့် စိတ်ဘ၀င်မှာ အနည်းငယ်တော့ ထိခိုက်သွားသေး၏။
စားပြီးသောက်ပြီး မွန်းလွဲ သုံးနာရီလောက်ရောက်တော့ အုပ်စုမှာ ဖန်လုံအိမ်ထဲ ရောက်လာ စပ်စုကြသည်။
" ကလေး .. မင်းမဆိုးဘူးပဲ... တကယ်ကြီး ဂျင်ဆင်းနဲ့ လင်ဇီးကို စိုက်ပျိုးထားတယ်..."ရန်ကွမ်းရှ အပြုံးလေးဖြင့် ပြောလိုက်သည်။
" စိုက်ရုံတင်မကဘူး... အပင်က ဆက်ပြီး ရှင်သန်နေတဲ့ပုံပဲ... "မိုဟုန်ရှန်းလည်း လင်းရီကို စနောက်ပြောဆိုလိုက်သည်။
" သူ့ကို စိုက်ပျိုးရေး သုတေသနက ဂျင်ဆင်းနဲ့ လင်ဇီး နည်းနည်း ပေးထားတာလေ.... ကျိုးဟိုင် တစ်ခုလုံးမှာတောင် နည်းနည်းလေးပဲ ရှိတာ... သေသွားလို့ကတော့ ပြင်းပြင်းထန်ထန် အရေးယူပစ်ရမယ်..." လျန်ရူရွှယ်မှ လျှာတစ်လစ်ထုတ်၍ ပြောလိုက်၏။
" ဒီကလေး နှစ်ယောက်ကတော့ တကယ့်ကို....."ရန်ကွမ်းရှ ပြုံးလိုက်ပြီး သူ့စိတ်ထဲတွင်တော့ လင်းရီနှင့် မီလိလေးအား စုံတွဲသဖွယ် သတ်မှတ်ထားပြီးဖြစ်သည်။
လင်းရီ၏ ဖန်လုံအိမ်ကို ခေတ္တမျှ လေ့လာကြည့်ရှုပြီးနောက် ရန်ကွမ်းရှနှင့် ကျန်သူများအားလုံး အိမ်ပြန်သွားခဲ့ကြသည်။
သို့သော်လည်း သူတို့ အိမ်မပြန်မီ ထောက်ချိန်မှ လင်းရီနှင့် စကား အနည်းငယ် လက်ဆုံကျလိုက်သေး၏။ သူ့စိတ်ထဲ လင်းရီက တော်တော်လေး စိတ်၀င်စားဖို့ကောင်းသည်ဟု ခံစားနေရသည်။
သို့သော်လည်း ၀မ်ပင်းယွီကတော့ လင်းရီအား စိတ်ပုံမှန် မဟုတ်သူအဖြစ်သာ ဆက်လက်မှတ်ယူထား၏။
သူက ငယ်ရွယ်ပြီး ဒီလောက်ထိ တတ်နိုင်စွမ်းရှိနေတာတောင် ဒီလာပြီး ၀က်မွေးနေတယ်...
သူမကတော့ ဘယ်လိုပဲကြည့်ကြည့် သူ့ကို ၀က်မွေးနေတဲ့သူနဲ့ တူတယ်လို့ကို မထင်ဘူး... ယုတ္တိကျကျ ပြောကြေးဆို ကလပ်တွေ တက်ပြီး အလှလေးတွေနဲ့ ငွေဖြုန်းနေသင့်တာ မဟုတ်ဘူးလား...
လျန်ရူရွှယ်၊ ရန်ကွမ်းရှနှင့် ကျန်သူတို့အား လိုက်ပို့ပေးပြီးနောက် လင်းရီ အိမ်သို့ ပြန်လာခဲ့သည်။
သူ ခြံထဲ ၀င်၀င်လာခြင်း တံတိုင်းဘေးတွင် မတ်တပ်ရပ်နေသည့် ရောင်ပင်းကို မြင်တွေ့လိုက်ရ၏။
" လင်းလေး... လျိုတုံးမင်တို့ကို ဖမ်းဖို့ အဲ့လူတွေကို မင်း ခေါ်လိုက်တာလား...."
" အင်း... ရဲခေါ်လိုက်တာ ကျုပ်ပဲ..."
လင်းရီ သာမန်လျှံကာ တုံ့ပြန်လိုက်ပြီး စကားအပို မပြောချေ။
" အခုဆို မင်းက ရွာရဲ့ ကျေးဇူးရှင် ဖြစ်သွားပြီ... "ရောင်ပင်း ပြောလိုက်ပြီး " ငါခုလေးတင် ကြားလာခဲ့တာ ရွာထဲမှာ မင်းကို ရွာသူကြီး တင်မြောက်မယ်ဆိုပြီး ဆွေးနွေးနေကြတယ်ဆိုပဲ... မင်းကော ဘယ်လိုထင်လဲ.... "
" ဟမ်... ကျုပ်ကို ရွာသူကြီး တင်မြောက်ချင်နေတယ်...."လင်းရီ ငိုရအခက် ရယ်ရအခကမ ဖြစ်သွားခဲ့ပြီး " စန်းကော ... ခင်များ နောက်နေတာတော့ မဟုတ်ပါဘူးနော်..."
ရွာသူကြီး ရာထူးမှာ အခြားရာထူးနေရာများနှင့် နှိုင်းယှဉ်ပါက ကွဲပြားသည့် အခွင့်အာဏာ လုပ်ပိုင်ခွင့်တို့ ရှိပြီး ရွာသူရွာသားများ ရွေးကောက်တင်မြောက်သည် ဆိုသည်က အများသဘောတူ ဆန္ဒဖြစ်သောကြောင့် လင်းရီ လွယ်လွယ်ကူကူနှင့် ရွာသူကြီး တက်လုပ်၍ ရလေသည်။
" ဒါပေါ့... ငါအဲ့လို ကြားခဲ့တာပဲ... "
" တော် တော် ... ကျုပ်က သောက်ပျင်း... အဲ့သောက်လုပ်ရှုပ်တာတွေ မလုပ်ချင်လို့ ဒီရောက်လာခဲ့တာ... တကယ်လို့ ကျုပ်သာ ဟွမ်ရှီး ကျေးရွာသူကြီး ဖြစ်လာလို့ကတော့ တစ်ရွာလုံး မွဲကိန်းစိုက်သွားလိမ့်မယ်... မေ့လိုက်တော့....."
"လင်းလေး... မင်းကတော့ လက်ထဲ မရမက လာထည့်ပေးတဲ့ အကျိုးအမြတ်ကို အတင်း ငြင်းဆန်နေတော့တာပဲ..."
" အဓိကက ကျုပ်မှာ ၀န်ကိုထမ်းယူနိုင်တဲ့ ပခုံးကောင်းကောင်း မရှိလို့လေ... "လင်းရီ ပြုံးလိုက်ပြီး " ဒါပေမယ့် ရွာအရေးနဲ့ ပတ်သက်ပြီး အကူအညီ လိုလာရင်တော့ ပြောပေါ့.. ကျုပ် တတ်နိုင်တာဆို သေချာပေါက် ရပ်ကြည့်မနေပါဘူး...."
" မင်းက လူကောင်းပဲ... ဒါပေမယ့် နည်းနည်းတော့ ပွေတယ်...."ရောင်ပင်း ပြုံးလိုက်ပြီး " ဒါလဲ သာမန်ပါပဲ... ငယ်တုန်း မပွေဖူးသူ ဘယ်သူရှိလို့လဲ ဟုတ်တယ်မလား...."
" မှန်ပါ့ဗျာ...."
နှစ်ယောက်မှာ အပြင်၌ ပျော်ရွှင်စွာ ခေတ္တ စကားလက်ဆုံ ကျပြီးနောက် လင်းရီ အိမ်ထဲ ပြန်၀င်လာခဲ့သည်။
ပစ္စည်းများ သိမ်းဆည်းပြီးနောက် လင်းရီ ကျိုးဟိုင်သို့ ပြန်၍ ကုမ္ပဏီ အရေးများ ကိုင်တွယ်ရန် ဟန်ပြင်လိုက်လေသည်။
အိမ်ပြင်ဘက်တွင်တော့ စိုက်ခင်းကိုလည်း ရေလောင်းပြီးဖြစ်ကာ သူတခြား လုပ်စရာ မရှိတော့ချေ။
သို့သော်လည်း ၀က်ပေါက်လေးအား ခေါ်ဆောင်သွားရန် ကျန်ရှိနေသေး၏။
ငိုးမသား စနစ်ကြောင့်မို့ပေါ့ကွာ...
ကားသံ ယာဉ်သံမျိုးစုံတို့ဖြင့် ဆူညံစည်ကားနေသည့် ကျိုးဟိုင်မြို့ကို ပြန်ရောက်လာတော့ လင်းရီ သူ့ ဘ၀ တစ်ခုလုံးနီးပါး အချိန်ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။
လောကတစ်ခုမှ အခြားလောကတစ်ခုသို့ ကူးပြောင်းလာသည့်နှယ်ပင်။
အမှန်တွင်တော့ နှစ်နေရာမှာ ကီလိုမီတာ ဒါဇင်မျှလောက်သာ ကွာဝေးပြီး လင်းရီကတော့ ထိုခရီးကို နှစ်တစ်ရာခန့် ဖြတ်သန်းလိုက်ရသကဲ့သို့ ခံစားနေရတော့၏။
လင်းရီ ရုတ်တရက် ပြန်လာသည်ကို မြင်တော့ ကျီချင်းရန် အပြေးလေး ပွေ့ဖက်လာကြိုသည်။ သို့သော်လည်း လက်ထဲ နို့ဘူးစို့နေသည့် ၀က်ပေါက်လေးကို မြင်တော့ ကျီချင်းရန် သူမပုံရိပ်ကိုပင် ဂရုမစိုက်တော့ပဲ အူလှိုက်သည်းလှိုက် ရယ်မောနေတော့၏။
" နင်ရွာမှာ အဆင်ပြေခဲ့တယ်မလား..."
"အပင်တွေကိုလည်း ရေလောင်းပြီးသွားပြီ.. တစ်ခုခုဆို ကြည့်ပေးမယ့်သူလည်း ရှိတယ်... ခု အဲ့မှာ ဘာလုပ်စရာမှ မရှိတော့ဘူး... ငါတို့ သုံးလေးရက်လောက်နေမှ ပြန်သွားမယ်...."လင်းရီ ပြောလိုက်ပြီး " ဒါပေမယ့် သိပ်မကြာခင် ငါ ရေဒလက်နဲ့ လုံခြုံရေး ကင်မရာတစ်ချို့ တပ်ဖို့ စီစဉ်ထားတယ်... အဲ့လိုဆို အချိန်နဲ့ တပြေးညီ စောင့်ကြည့်လို့ရပြီ..."
" ဒါဆို ဒီဟာလေးကျ ဘယ်လိုလုပ်မှာ.... " ကျီချင်းရန် ၀က်ပေါက်လေးအား ညွှန်ပြရင်း မေးလိုက်သည်။
" ခုလောလောဆယ်တော့ ငါနဲ့ခေါ်ထားပြီး လက်နဲ့ နို့တိုက်လိုက်ဦးမယ်... အစာ စားတတ်ပြီဆိုတာနဲ့ အလိုအလျောက် အစာကျွေးစက်၀ယ်ပြီး ဒီကောင့်ကို တစ်ကောင်တည်း ပစ်ထားမယ်... မဟုတ်ရင် တစ်ချိန်လုံး ခေါ်သွားပြီး ကိုယ်ပိုင်ဘ၀ကိုတောင် တာ့တာပြရကိန်းပဲ...."
ကျီချင်းရန် တောင်းပန်တိုလျိုးစွာ ကြည့်လာပြီး " ငါ့အမှားပါဟယ်.. မွေးရတာ ဒီလောက်ထိ ကရိကထ များမယ် မထင်ထားဘူး..."
" အဟမ်း အဟမ်း... အဆင်ပြေပါတယ်... ဒါနဲ့မင်း ငါးမိနစ် လျော်ကြေးတော့ မမေ့သေးဘူးမလား...."
" စိတ်ချ... မမေ့ပါဘူးနော်....."
" ဟီးဟီး သွားကြစို့... "လင်းရီ နှာမီးတောက်တောက်ဖြင့် ပြောလိုက်၏။
............
နောက်တစ်နေ့ နံနက်တွင်တော့ လင်းရီ လှောင်အိမ်ကို ကားထဲ သယ်လာခဲ့လိုက်၏။ ဤကောင်လေး နို့မပြတ်သေးသရွေ့တော့ ပြိုင်ကားကြီးများအားလုံး တာ့တာပင်။
ကျီချင်းရန်ကို ရုံးသို့ လိုက်ပို့ပေးပြီးနောက် လင်းရီ လင်းယွမ်အုပ်စုသို့ ရောက်ရှိလာပြီး ချီရှန်းကျောက် ၊ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့အားလုံးကို သူ့ရုံးခန်းထဲ ဆင့်ခေါ်လိုက်သည်။
" ဘော့စ်... ကျုပ်တို့ Cymer ရဲ့ ရှယ်ယာ ၁၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီးကတည်းကရင် အမေရိကန် စီးပွားရေး ဌာနနဲ့ ဥရောပ အဖွဲ့အစည်းတွေ တော်တော်လေးကို ဂနာမငြိမ် ဖြစ်လာတယ်... သူတို့ semiconductorနယ်ပယ်မှာလည်း အရေးယူမှုတစ်ချို့တွေ လုပ်ဆောင်နေပြီ... ဒါပေမယ့် အချိန်အတိအကျနဲ့ ဘယ်လောက် အတိုင်းအတာ ပမာဏထိလဲ ဆိုတာတော့ မသေချာသေးဘူး..."ချီရှန်းကျောက် ပြောလိုက်ပြီး " အဲ့လိုဆိုရင်တောင် ကျုပ်အထင် Cymer ကို ပိုင်ဆိုင်တာက semiconductor နယ်ပယ်တစ်ခုလုံးကို ပတ်သက်ငြိစွန်းသွားစေမယ့် စနက်တံလို့ ထင်တယ်...."
လင်းရီ ခေါင်းတညိ့မ်ညိမ့်လုပ်ရင်း ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့အား ကြည့်လိုက်ကာ " မင်းတို့ အမြင်ကကော...."
ဟော်ယွမ်ယွမ် ဆံပင်ကို နောက်သို့ သပ်လိုက်ပြီး " ကျွန်မ အတွေးကလည်း အစ်ကိုချီနဲ့ တူတယ်..."
" ဟွာရှရဲ့ အရှိန်အဟုန်နဲ့ တိုးတက်လာမှုက အနောက်နိုင်ငံတွေအတွက် ခြိမ်းခြောက်မှု အလားအလာအန္တရာယ် ပိုပြီးကြီးလာတယ်လို့ ခံစားရစေလိမ့်မယ်... ဒီကြားထဲ ရှယ်ယာတွေ ရရှိလိုက်တာက စနက်တံကို မီးပွင့်စေလုနီးနီးပဲ... အနာဂတ်မှာ DSIB က ပြင်းပြင်းထန်ထန် ထိခိုက်ပြီးတော့ လုံရှင်းရဲ့ ဈေးကွက်တန်ဖိုးလည်း အောက်ထိုးကျလာမယ်လို့ ထင်တယ်.... "
လင်းရီ ဖြည်းညင်းစွာ ခေါင်းညိမ့်လိုက်ပြီး ထျန်းရန်အား ကြည့်လိုက်သည်။
" ကျွန်မရဲ့ အနာဂတ် ပြည်တွင်း ရင်းနှီးမြုပ်နှံမှုအပေါ်တော့ အလားအလာကောင်းတွေ မမြင်မိဘူး...."ထျန်းရန် သူမ အမြင်များကို အသံထွက် ပြောလာပြီး " May ဖုန်းက စတင် ဖြန့်ချီတော့မှာ ဆိုရင်တောင် အော်ပရေးရှင်း စစ်စတမ်အသစ်က ကနေဦး အခြေအနေမှာပဲ ရှိသေးတယ်... Cymer အရေးကြောင့် Androidနဲ့ IOS ဘက်က လက်တုံ့ပြန်လာတာတွေ ရှိလာမယ်လို့လည်း ခံစားနေရတယ်... ဒါပေမယ့် သူတို့တိုက်ခိုက်မှုတွေရဲ့ ပြင်းထန်မှုက ကျွန်မတို့ ဘယ်လောက်အနေအထားထိ နေရာယူလာမလဲဆိုတဲ့အပေါ် မူတည်လိမ့်မယ်.... ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက် နှစ်တွေကြာလာပြီးမှတော့ သူတို့ လက်ဝါးကြီး အုပ်ထားတာကို ဆန့်ကျင်မယ့် စစ်စတမ်အသစ်ကို ခွင့်ပြုနိုင်မှာ မဟုတ်ဘူး... ဒါတွေအားလုံး ခြုံငုံကြည့်မယ်ဆိုရင် တော်တော်လေးကို ခက်ခဲကြမ်းတမ်းတဲ့ကာလတွေ ရင်ဆိုင်ရတော့မယ်လို့ပဲ ပြောချင်တယ်...."
" စစ်စတမ်အသစ် လုပ်နေတာက ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲ..."
" ရှေ့ သုံးလထဲမှာ လင်းယွမ်အုပ်စုနဲ့ အဓိက ရင်းနှီးမြုပ်နှံသူတွေရဲ့ ရန်ပုံငွေတွေနဲ့ အော်ပရေးရှင်း စစ်စတမ်ထဲ ယွမ်ငွေ ၇ ဘီလီယမ်ကျော် ရင်းနှီးမြုပ်နှံထားပြီးပြီ... အကြမ်းဖျင်း ခန့်မှန်းထားတာတော့ ဒီရဲ့ ပမာဏက လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းသော တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်တယ်... ဒါပေမယ့် ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို စိတ်ကျေနပ်ဖို့ဆိုတာတော့ စိန်ခေါ်မှု တစ်ရပ်ပဲ... ကျွန်မတို့ May အော်ပရေးရှင်း စစ်စတမ်က လမ်းအရှည်ကြီး လျှောက်ရဦးမှာ... "
" နောက်ဆက်တွဲတွေက ငွေကြေးရန်ပုံငွေနဲ့ မသက်ဆိုင်တော့ဘူး... လိုအပ်နေတာက အချိန်ကာလ... "ဟော်ယွမ်ယွမ်မှ ထပ်ပေါင်းပြောလိုက်၏။
" မင်းပြောချင်တာကို ငါနားလည်တယ်..."လင်းရီ ပြောလိုက်ပြီး " ဂေဟစနစ်ကို တည်ဆောက်ဖို့ ပိုက်ဆံသုံးတာလောက် ပိုကောင်းတာ မရှိဘူး... Apple နဲ့ Googleက ချမ်းသာတယ်ဆိုရင်တောင် ပြည်တွင်းဈေးကွက်မှာတော့ ငါတို့လို ပိုက်ဆံ သုံးပေးချင်မှာ မဟုတ်ဘူး... အနာဂတ်ကို ပြောင်းလဲဖို့က ဒီတစ်နည်းတည်း ရှိတယ်...."
" ဒါပေမယ့် အဲ့တာတွေက အနာဂတ်မှလေ.."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး " တကယ်လို့ ဟွာရှရဲ့ semiconductorနယ်ပယ်သာ ဖိနှိပ်ခံထားရရင် မိုဘိုင်းဖုန်း စီးပွားရေးကိုပါ သက်ရောက်လာနိုင်တယ်..ကျွန်မတို့ . ခုလောလောဆယ် အဲ့ကိစ္စကို အရင် အာရုံစိုက်သင့်တယ်.... "
" ကျွန်မလည်း ထောက်ခံတယ်..."ထျန်းရန် ပြောလိုက်ပြီး " ဒါတွေ အကုန်လုံးက ဖိုတိုလီတိုဂရပ်ဖီစက်အတွက်ပဲလေ..."
" အဲ့အတွက် မပူနဲ့... ငါ နောက်ခြေလှမ်းအတွက် ကြိုစဉ်းစားထားတာ ရှိပြီးသား....."