သူမက ငါ့အပိုင်
Vol. 66 Ch. 985
" မဟုတ်တာတွေ လျှောက်မပြောစမ်းနဲ့...."ချွေ့ရင် ပြောလိုက်ပြီး " နင် အခု သန်တုန်း မြန်တုန်း ကျန်းမာရေး ကောင်းတုန်းမို့သာ ဒီစကားမျိုး ပြောထွက်နေတာ... ဒါပေမယ့် နင် အသက်အရမ်းကြီးလာလို့ ဆေးတိုက်မယ့်လူတောင် မရှိတော့တဲ့ အချိန်ကျရင် နင် နောင်တရမယ်ဆိုလည်း နောက်ကျသွားလိမ့်မယ်နော်...."
"စကားမစပ် စောနက နင့်ဆီ တစ်ယောက် ဖုန်းနံပါတ် လာတောင်းသွားသေးတယ်မလား.... ငါ့အထင် သူလည်း မဆိုးရှာပါဘူး... နင် မစဉ်းစားချင်ဘူးလား....."
" နင်မပြောရင် ငါတောင် မေ့တော့မလို့..."ချွေ့ရင် ပြောလိုက်ပြီး " သူ့ရဲ့ မိသားစုက တော်တော်လေးလည်း ချမ်းသာတယ်... ဒါရိုက်တာချိန် ဟောပြောတုန်းက အကြံပြုသွားတဲ့ ဆေးကုမ္ပဏီဆိုတာ သူတို့ ကုမ္ပဏီပဲလေ... သူတို့က ဟွာရှ ထိပ်တန်း တိုင်ကွန်း အယောက် တစ်ရာထဲ ပါတယ်...."
" အင်း... သူ့နာမည် ချိန်ရွှမ်းမလား....အသက်လည်း ငါတို့နဲ့ ရွယ်တူနီးပါးလောက်ပါပဲ.."ချောင်ညန် ပြောလာခဲ့ပြီး " တစ်ခု နှမြောဖို့ကောင်းတာက ရုပ်ရည် သိပ်မရှိတာပဲ.... သူ့ မိသားစု နောက်ခံက တော်တော်လေး ကောင်းတယ်ဆိုပေမယ့် ရုပ်ရည်ချင်းကျတော့ တို့ရဲ့ ချူးဟန်နဲ့ သိပ်ပြီး လိုက်ဖက်မနေဘူး...."
" ကြည့်ကောင်းတော့ရော ဘာလဲ လုပ်မှာ.... ပိုက်ဆံရှိ ပြီးရောပေါ့ဟယ်.... ဒီနေ့ခေတ်ကြီးမှာ ရုပ်၀တ္ထုပစ္စည်းတွေကိုလည်း လျစ်လျူရှုထားလို့ရနေတာမှ မဟုတ်တာ...."ချွေ့ရင် ပြောလိုက်ပြီး " နောက်ပြီးတော့ သူ့ဘက်ကနေ အရင် ချဉ်းကပ်လာတာနော်... တကယ်လို့ နင့်ဘက်ကသာ မသိမသာ အခွင့်အရေး ပေးလိုက်ရင် ရှောရှောရှူရှု ရှေ့ဆက်ရုံပဲ... နင်လည်း အနာဂတ်ကျရင် အဲ့ ခွဲစိတ်ခန်းဓားကို အသားမာတည်အောင် ကိုင်စရာ မလိုတော့ဘူး... သားလေးတစ်ယောက်လောက် မွေးထားပေးပြီး အေးဆေး ဇိမ်နဲ့ နှပ်နေရုံပဲ...."
" ဟူး... အဲ့အကြောင်း မပြောစမ်းပါနဲ့... ငါ ရှေ့လ၀က်တုန်းက တစ်နေ့ကို အနည်းဆုံး ခွဲစိတ်ခန်း နှစ်ကြိမ် ၀င်ရတယ်... ကြာရင် ဟော်မုန်းတွေ ဖောက်ပြန်ပြီး စောစီး သွေးဆုံးမလားတောင် မပြောတတ်..... "ချောင်ညန်မှ ညဉ်းညူလိုက်၏။
" မြင်လား... ဒါကြောင့်မို့ အခွင့်အရေးရတုန်း နင် မြန်မြန် ယူလိုက်သင့်တယ်.... နိုင်ငံခြားကလို လက်မထပ်ပဲ အတူနေ... ကလေးမယူတာတွေကို အားမကျနဲ့... လူကောင်းသူကောင်းရှာပြီး မြန်မြန် အိမ်ထောင်ပြုတော့ .... ငါတို့ဘက်က ရက်ရက်ရောရော လက်ဖွဲ့ပေးဖို့ အသင့်ပဲ...."
" အမှန်ပဲ.... နင် ငါ့ပွဲတုန်းက ယွမ် တစ်သောင်းကျော် လက်ဖွဲ့ထားတာ ငါ့ဘက်က ပြန်လက်ဖွဲ့ပေးဖို့လည်း အခွင့်အရေးပေးဦးမှပေါ့...."
လီချူးဟန် သူမ ငယ်သူငယ်ချင်း နှစ်ဦး၏ ရည်ရွယ်ချက်ကောင်းတို့အား ငြင်းဆန်ခါနီးတွင် လင်းရီ၏ ပုံရိပ်က သူမ စိတ်ထဲ ရုတ်တရက် ထွက်ပေါ်လာသည်။
" ကောင်းပြီလေ... ငါ မှတ်ထားလိုက်မယ်....."
" ဟဲ့ ဟဲ့ မပြန်သေးနဲ့ဦးလေ.... အဲ့ကောင်လေးက နင့်နောက်မှာ... "ချောင်ညန် လီချူးဟန်နောက်သို့ လက်ညိုးထိုးပြလိုက်၏။
လီချူးဟန်နှင့် ချွေ့ရင်တို့ မသိစိတ်အလျောက် နောက်လှည့်ကြည့်သည်တွင် ချိန်ရွှမ်း ရွှင်ပြသည့် မျက်နှာ အမူအရာဖြင့် သူမထံ လမ်းလျှောက်ပြီး ရောက်လာနေကြောင်း မြင်တွေ့လိုက်ရ၏။
" အိုး ပြောတုန်းဆိုတုန်း ရောက်ချလာတယ်...."ချွေ့ရင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ချူးဟန်... ငါတော့ နင့်ရဲ့ နွေဦးက တစ်ဖန်ပြန်ရောက်လာပြီလို့ ခံစားနေရတယ်...ဟိုက နင့်ဆီ တစ်ခေါက်ပြီးတစ်ခေါက် လာနေတာနော်... နင် အညှာအတာ မဲ့တော့မလို့လား.... "
" လျှောက်မပြောနဲ့... ငါ သူ့အပေါ် ဘာခံစားချက်မှကို မရှိတာ....."
" သူ့အဖေက ဘီလီယမ်နာကြီးလေ... နင်က အဲ့တာကို သူ့အပေါ် ခံစားချက်တွေ မရှိဘူးပေါ့..."ချွေ့ရင် အံ့အားတကြီး ပြောလာခဲ့ပြီး " ဘာလို့တုန်း.... သူ ရုပ်မချောလို့ဆိုပြီးတော့ ငါ့ကို လာမပြောနဲ့...."
" ငါတော့ သူ့ရုပ်ရည်က အဆင်ပြေတယ် ထင်တာပဲ... ဒီ၀တ်စုံနဲ့ဆို ခန့်တယ်....."ချောင်ညန် ပြောလိုက်သည်။
" ဂျေးများမနေစမ်းပါနဲ့အေ.... သူနင်နဲ့ ညစာ စားချင်တယ် ပြောလာခဲ့ရင် အခွင့်အရေး ပေးလိုက် ... ဟုတ်ပြီလား....."သူမ တိုးတိုးလေး ပြောပြီး တံတောင်တွတ်လိုက်၏။
" ဒါရိုက်တာလီ.... ပွဲကလည်း ပြီးသွားပြီဆိုတော့ ဒီည ညစာ အတူစားကြရင် မကောင်းဘူးလား..."ချိန်ရွှမ်း ချိုသာစွာ ပြုံး၍ မေးလာသည်။
ချောင်ညန်နှင့် ချွေ့ရင်တို့ကတော့ သူ့ကို ကြည့်ရင်း လီချူးဟန်ကိုယ်စား စိတ်လှုပ်ရှားပေးနေကြ၏။ သူမတို့ ဒီည ထမင်းစားပြီး အရက်တွေ ဘာတွေသောက်၊ မူးယစ်ပြီး ဘာညာဘာညာ ဖြစ်သွားမည်ဆိုပါက အကောင်းဆုံးပင်။
ထို့ကြောင့် တစ်ကိုယ်တည်း အရိုးထုတ်ချင်နေသည့် သူမတို့သူငယ်ချင်းအား အောင်သွယ်တော်လုပ်ပေးရန် စိတ်ပိုင်းဖြတ်လိုက်ကြ၏။
" စိတ်မရှိပါနဲ့... ကျွန်မ ဒီနေ့ သူငယ်ချင်း နှစ်ယောက်နဲ့ အတူစားဖို့ ချိန်းပြီးသွားပြီ... "
" ငါ ဒီည မရဘူးနော် ချူးဟန်... ငါ့ ကျားကျားနဲ့ အတူ ရုပ်ရှင်ကြည့်ဖို့ ပြောထားတာ...."ချောင်ညန် ပြောလိုက်သည်။
" ငါလည်း မရတော့ဘူး... ယောက္ခမကြီးက သူ့သားနဲ့ ငါ့ကို ထမင်းလာစားဖို့ ပြောထားတာ...."ချွေ့ရင် ပြောလိုက်သည်။
လီချူးဟန် သူမတို့ နှစ်ဦးအား စူးရဲစွာ ကြည့်လိုက်ပြီး " နင်တို့ ခုလေးတင် ငါနဲ့အတူ စားဖို့ သဘောတူထားကြတာ မဟုတ်ဘူးလား.... ဘာလို့ ကောက်ကာငင်ကာကြီး စိတ်တွေပြောင်းကုန်ကြတာ...."
" စိတ်ဆိုတာ အမျိုးမျိုး ပြောင်းလဲနေတာပဲကို ပုံသေတွက်လို့ ဘယ်ရမှာလဲ.. မဟုတ်ဘူးလား...."ချွေ့ရင် အပြုံးလေးဖြင့် ပြောလိုက်ပြီး ချိန်ရွှမ်းအား ဟန်ပါပါကြည့်လိုက်သည်။
" ဒီလိုဆိုရင်ကော... အကုန်လုံးက ဒီနယ်ပယ်ထဲက မိတ်ဆွေတွေကိုပဲ အတူထမင်းစားကြတော့ ပိုမကောင်းသွားဘူးလား... လူများတော့လည်း ပိုပြီး အသက်၀င်တာပေါ့...."ချိန်ရွှမ်း အကြံပြုလိုက်၏။
" သိပ်ကောင်းတဲ့ အကြံလို့တော့ မထင်ဘူး... ကျွန်မတို့နှစ်ယောက်က တတိယဘီး ဖြစ်နေပါလိမ့်မယ်....."
" ထွေထူးကိစ္စကြီး မဟုတ်ပါဘူး... မိန်းကလေးတို့ နှစ်ယောက်ကလည်း ထိပ်တန်း ခွဲစိတ်ဆရာ၀န်တွေကိုပဲ တကယ်လို့ ဒီနေ့ည အတူထိုင်ပြီး စကားပြောဖြစ်ရင် အနာဂတ်ကျ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာတွေ များတာပေါ့..."
" နင့်ဘက်က အဆင်ပြေတယ်ဆိုရင် ငါတို့လည်း အဆင်ပြေတယ်..."ချောင်ညန်ပြောပြီးနောက် လီချူးဟန်ကို ကြည့်လိုက်ပြီး " သွားစို့... ရှက်မနေနဲ့...."
" တော်ပြီ... နင်တို့ပဲ သွားကြ... ငါမလိုက်တော့ဘူးဟာ....." လီချူးဟန် ပြောလိုက်ပြီး " ဆွေးနွေးပွဲက မှတ်စုတွေကို ပြန်ပြီး ကောက်နုတ် တင်ပြရဦးမှာ... ငါ့လက်ထဲမှာ လုပ်စရာတွေမှ တစ်ပုံကြီးပဲ...."
ချွေ့ရင် လီချူးဟန်ကို ဘေးတစ်နေရာသို့ ဆွဲခေါ်သွားပြီး တီးတိုးလေသံဖြင့် " ဟဲ့.... သူ ဖိတ်ခေါ်ချင်နေတာက နင့်ကိုလေ.... ငါတို့က ဒီတိုင်း အရန်သဘောလောက် ရှိတာ... တကယ်လို့ နင်မှ မလိုက်ခဲ့ဘူးဆိုရင် ငါတို့က သွားပြီး ဘာလုပ်ရမှာလဲ...."
လီချူးဟန် သူမ ခေါင်းကို ညင်သာစွာ ခါရမ်းလိုက်ပြီး " နင်တို့ အဲ့ဒီ အတွေးတွေ မေ့လိုက်တော့... သူက ငါ့ type မဟုတ်ဘူး.... ငါတို့ နှစ်ယောက်ကြား သံယောစဉ် တွယ်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး....."
" နင်ကိုက အရမ်း ခေါင်းမာလွန်းနေတာ... သူက ဘာတွေများ ချို့ယွင်းနေလို့... နင့်ကို ပိုးပန်းချင်ရင် သူ့အတွက် အလွယ်လေး ဖြစ်နေရမှာလေ...."
လီချူးဟန် ပြုံးလျက်သာ ခေါင်းခါရမ်းလိုက်သည်။ လင်းရီ၏ ပုံရိပ်က သူမစိတ်ထဲ ပြန်လည် ထွက်ပေါ်လာကာ တစ်ဖန် ပြုံးမိလိုက်ပြန်သည်။
"နင် ဘယ်လိုပဲ ပြောပြော ငါတို့ နှစ်ယောက်ကြား ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး.... အဲ့စကား သေချာမှတ်ထားလိုက်...."
ထိုသို့ ပြောပြီးနောက် လီချူးဟန် ချိန်ရွှမ်းကို ကြည့်လိုက်ပြီး " ကျွန်မ တကယ်ကို တောင်းပန်ပါတယ်... ဒီည လုပ်စရာလေးတွေရှိလို့ အရင်သွားပါတော့မယ်...."
" စောနတုန်းက အဆင်ပြေတယ် မဟုတ်ဘူးလား ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားခဲ့တာ.... "ချိန်ရွှမ်း ကိုးရို့ကားယား အမူအရာဖြင့် ပြောလိုက်ပြီး " ကျုပ်က ဒီတိုင်း ထမင်းစားရင်း ရင်းနှီးချင်ရုံလောက်ပါပဲ... တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး....."
လီချူးဟန်သည် စကားကို တုတ်ထိုးအိုးပေါက် ပြောဆိုတတ်သူဖြစ်သည်။ လိမ်ညာမုသားသုံး၍ စကားအလှဆိုရခြင်းက သူမအတွက်တော့ အခက်ခဲဆုံး အလုပ်တစ်ခု ဖြစ်လေသည်။
သူမ စကားပြောရန်အတွက် နှုတ်ဟလိုက်သည့် အချိန်တွင်ပဲ နောက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
" သူမက ငါနဲ့ ညစာ အတူစားဖို့ ချိန်းပြီးသား... ဒီတော့ မင်းမှာ အခွင့်အရေး မရှိတော့ဘူး...."
ထိုစကားသံက လီချူးဟန်နှင့် ပုံမှန်မဟုတ်စွာ စိတ်ထဲ ရင်းရင်းနှီးနှီး ဖြစ်နေပြီး သူမ နောက်ကို လှည့်ကြည့်လိုက်တော့ စိတ်ပုံရိပ်ထဲ ကြီးစိုးထားသူ လင်းရီမှာ အနောက်တွင် ရပ်နေကြောင်း မြင်တွေ့လိုက်ရသည်။ သူမ၏ အမူအရာမှာ တည်ငြိမ်နေသည့် အသွင်မှ ရှော့ခ်ရသည့် အသွင်သို့ ကူးပြောင်းသွားခဲ့တော့၏။
ထို့နောက် သူမပြုံးလိုက်သည်။ အစွန်းအထင်း အညစ်အကြေးတို့ ကင်းစင်နေသည့် ပြစ်မျိုးမဲ့မထင် အပြုံးလေးဖြစ်၏။
လင်းရီ သူမကို လက်မောင်းဖြင့် ပွေ့ဖက်လိုက်ပြီး " သူမက ငါ့အပိုင် .... မင်း ကိုယ့်လမ်းနဲ့ကိုယ်နေတာ ကောင်းမယ်...."
" ဒါရိုက်တာလီ ..... ဒါက....."ချိန်ရွှမ်း လင်းရီ ပြောသည်ကို မယုံကြည်သောကြောင့် လီချူးဟန်ထံ အကဲစမ်း၍ မေးလိုက်သည်။
" သူ...သူက ကျွန်မ ကောင်လေးပဲ...."လီချူးဟန် 'ကောင်လေး' ဆိုသည့်နေရာ၌ အသံ မသိမသာ တုန်ယင်သွားခဲ့၏။ အင်မတန် ရှက်ရွံ့တတ်သူ သူမအဖို့ လင်းရီ၏ ကောင်မလေးဖြစ်ကြောင်း ၀န်ခံရသည်က တော်တော်လေး ခက်ခဲသယောင် ရှိလှသည်။
ချောင်ညန်နှင့် ချွေ့ရင်တို့ မျက်၀န်းများ ပြူးကျယ်သည်အထိ ရှော့ခ်ရသွားခဲ့ကြ၏။
လီချူးဟန်ကိုယ်တိုင် ထိုစကားလုံးမျိုး ပြောလာသည်ဆိုတော့ ၎င်းတို့နှစ်ဦး၏ ရင်းနှီးမှုက သာမန် အပေါ်ယံမျှတော့ မဟုတ်လောက်ချေ။ ထို့ပြင် ဤအမျိုးသားကလည်း ချောမောလွန်းနေကာ သူ၏ ရုပ်ရည်က အနုပညာ ကြယ်ပွင့်တစ်ယောက်အောက် မလျော့ပေ။
သို့သော်လည်း ကြွယ်၀မှုပိုင်းတွင်တော့ ချိန်ရွှမ်းထက် မသာလွန်နိုင်လောက်ချေ။
"ကြည့်စမ်း ချူးဟန် .. နင်က တစ်ခုခုတော့ တစ်ခုခုပဲ... ငါတို့ မသိအောင် ကောင်လေး ချောချောလေးနဲ့ ခိုးဒိတ်နေတယ်ပေါ့..... အဲ့တာကို မသိပဲ နင့်အနာဂတ်အတွက် ရင်လေးနေတာကို ပြန်စဉ်းစားကြည့်ရင်........."ချောင်ညန် အပြုံးလေးဖြင့် စကားရပ်တန့်လိုက်သည်။
လီချူးဟန် ရှက်ရွံ့ကြီးစွာဖြင့် ခေါင်းငုံ့နေပြီး ချောင်ညန်မေးလာသည်အား သွယ်ဝိုက်၍ အဖြေပေးလိုက်၏။
ချိန်ရွှမ်း ကိုးရို့ကားယား ဖြစ်စွာ ခေါင်းညိမ့်ပြုံးပြလိုက်ပြီး တစ်ဖက်သို့ လှည့်ထွက်သွားခဲ့သည်။ သို့သော်လည်း သူ၏ မျက်နှာ အမူအရာမှာတော့ ကြည့်ကောင်းမနေချေ။
" သွားစို့... ထမင်းစားဖို့ အချိန်တောင်ကျတော့မယ်... တစ်နေရာ သွားကြရအောင်.....မိန်းကလေးတို့လည်း လိုက်ချင်သပဆို လိုက်ခဲ့ကြလေ...."လင်းရီ ပြောလိုက်သည်။
" ဒါဆို တို့နှစ်ယောက်လည်း အားနာမနေတော့ဘူးနော်... အရင်တစ်ခေါက် ချူးဟန် ဒီလာတုန်းက ငါကပဲ ဒကာခံခဲ့တာ... ဒီခါတော့ နင်တို့အလှည့်ပဲ...."ချွေ့ရင် ကျီစယ် ပြောဆိုလိုက်သည်။
" ကျုပ်က ရန်ကျင်း သိပ်မရောက်ဖြစ်တော့ မိန်းကလေးတို့ နှစ်ယောက်ပဲ ဆိုင်ရွေးလိုက်ပါ...."လင်းရီ စိတ်ထဲမထားပဲ ပြုံးလိုက်သည်။
" လူများတယ်ဆိုတော့ ဟော့ပေါ့စားရင်ကော... ငါတော့ ဟော့ပေါ့ဆိုင် အသစ် တွေ့ထားတယ်... ရီဗျူးတွေလည်း မဆိုးဘူး.... စမ်းကြည့်ကြမလား....."ချွေ့ရင် ပြောလိုက်၏။
" သွားစို့...."
လေးယောက်သား ရန်တက္ကသိုလ် ဟောခန်းမထဲမှ ထွက်၍ ချိန်ရန်၏ Audi An နား ရောက်လာခဲ့ကြသည်။
" နင် ဒီအထိ မောင်းလာခဲ့တာလား...."လီချူးဟန် မေးလိုက်၏။
" ဒါ သူများကား... ငါ ခဏ ငှားလာတာ....."