← Chapters

အံ့မခန်း ပုဂ္ဂိုလ်

Vol. 66 Ch. 987

အံ့မခန်း ပုဂ္ဂိုလ်

Vol. 66 Ch. 987

“ ငါတော့ သူတို့နှစ်ယောက် ဘယ်လို ဆုံဖြစ်သွားလဲ သိသွားပြီထင်တယ်…” ချွေ့ရင် ပြောလိုက်ပြီး “ သူတို့နှစ်ယောက် တော်တော်လေး နီးစပ်တယ် ပြောရမယ်.. ချူးဟန်က ကားတွေကို နှစ်သက်တယ်… သူ့ကောင်လေးကလည်း ပြိုင်မောင်းရတာကို သဘောကျတယ်… ဒါကြောင့်မို့ နှစ်ယောက်အတူ တွဲဖြစ်သွားကြတာနဲ့ တူတယ်…”

“ အဲ့လိုဆိုရင် ချိန်ရွှမ်းကို ပိုပြီး ရွေးချယ်သင့်တာ မဟုတ်ဘူးလား… ဘာပဲပြောပြော သူက ပြိုင်ကား ဝယ်နိုင်တယ်လေ….”

“ ချူးဟန်က သိုက်တူးမမှ မဟုတ်တာ…” ချွေ့ရင် ပြောလိုက်ပြီး “ ပြီးတော့ နင့် ယောက်ျားဆိုလည်း သာမန် တက္ကသိုလ် ကျူတာပဲ မဟုတ်ဘူးလား.. တစ်လ တစ်လ ဘယ်လောက် ဝင်နေတာကျလို့… နင်လည်း သူ့ကို တုန်အောင် ချစ်နေတာပဲ မဟုတ်ဘူးလား….”

“ နင်နားမလည်ပါဘူး… ငါ့ကျားကျားက ကာယဆရာလေ….”

“ ကဲပါ … အဲ့တာတွေထား… ချူးဟန်ကို ဖုန်းဆက်ပြီး သူ့ကောင်လေးကို အရှိန်လျှော့ခိုင်းရအောင်…” ချောင်ညန် ပြောလိုက်ပြီး “ မဟုတ်ရင် ငါတို့ ညစာ စားဖြစ်မှာတောင် မဟုတ်ဘူး… တစ်ခါတည်း ရဲစခန်းမှာ ကြိုစောင့်နေရုံပဲ…”

“ နင် ပြောလည်း အလကားပဲ… တကယ်လို့ သူသာ တွေးမိမယ်ဆိုရင် အစကတည်းကရင် ဒီလိုမျိုး ပြိုင်မောင်းနေမှာတောင် မဟုတ်ဘူး….”

“ သူ မူးနေလို့ထင်တယ်… မဟုတ်ရင် ယွမ် သုံးသိန်းတန်ကားနဲ့ စူပါကားကို ပြိုင်မောင်းဖို့ ဘယ်ကနေ သတ္တိတွေ ထွက်လာခဲ့မှာ…” ချောင်ညန် ပြောလိုက်၏။

“ ဘယ်သိမှာ… နင့် ကျားကျားလိုပဲ သူ့ကောင်လေးကလည်း ကျွမ်းကျင်သူမို့လို့ နေမှာပေါ့….”

“ ဟိုးဟိုးဟိုး… နင်လည်း ကျွမ်းကျင်သူ ဖြစ်နေပြီးသားပဲ…”

တစ်ချိန်တည်းတွင် လင်းရီနှင့် ချိန်ရွှမ်းတို့ ကားနှစ်စင်းမှာ သူမတို့ မျက်စိ မြင်ကွင်းမှ ကွယ်ပျောက်သွားခဲ့လေသည်။ ထိုမြင်ကွင်းကပင် ပြင်းထန်ပြီး စိတ်လှုပ်ရှားစရာ ပြိုင်ပွဲဖြစ်ကြောင်း ထပ်ဟပ်နေတော့၏။

“ ငိုးမ သောက်ပလုတ်တုတ်…. ဒီ စတုတ္ထ အဝိုင်းလမ်းမှာ ကားပြိုင်မောင်းဝံ့နေတဲ့သူတွေ ရှိနေတယ်လားဟ…”

“ အင်ဂျင်သံ နားထောင်ကြည့်ရသလောက်တော့ ပြန်ရွှိုင်းထားတဲ့ပုံလည်း မပေါ်ဘူး… အဲ့တာကို ဘယ်လို သတ္တိနဲ့များ McLaren နဲ့ ယှဉ်ဖိုက်နေပါလိမ့်….”

“ အေး…. ငါလည်း အဲ့တာကို စဉ်းစားရခက်နေတာ…. မြင်နေရတာကြီးကကွာ သောက်ရမ်းထူးဆန်းတယ်…”

“ အရေးကြီးဆုံးက အဲ့ကောင်က ဦးဆောင်နေတာပဲ… မောင်းနေတဲ့ကောင်ကလည်း တော်တော်လေး အရည်အချင်းရှိတဲ့သူပဲ ဖြစ်ရမယ်…”

ကားထဲတွင်တော့ ချိန်ရွှမ်းနှင့် ရှဲ့ကျစ်းယွမ်တို့နှစ်ဦး စောနကကဲ့သို့ ဟီးဟီးဟားဟား အသံမထွက်နိုင်ကြတော့ချေ။

သူတို့တွေးထားသည်မှာ McLaren ၏ စွမ်းဆောင်ရည်ဖြင့် ဆိုပါက မျက်စိမှိတ်မောင်းလျှင်ပင် အစုတ်ပလုတ် အော်ဒီအား အေးဆေး ကျော်တက်သွား၍ ရ၏။ သူ နောက်မီး မမြင်သည်အထိ မောင်းထွက်သွားရန် မောင်းတင်ထားသော်လည်း လက်တွေ့တွင်တော့ ယခုအချိန်ထိတိုင်အောင် ထို အော်ဒီ၏ မီးခိုးနံ့ရှူရင်း နောက်မှ မောင်းနေရလေသည်။

သူတို့နှစ်ဦးလုံး ယခုလို ရလဒ်မျိုးကို လက်မခံနိုင်ကြချေ။

“ ငါယီးပဲ… ယီးတွေဖြစ်နေတာလားကွာ….”

ချိန်ရွှမ်း စတီယာရင်ကို ထုရင်း ကျိန်ဆဲလိုက်ပီဲး “ အဲ့ကောင်ကားက သေချာပေါက် ပြန်ပြင်ထားတာပဲ ဖြစ်ရမယ်… မဟုတ်ရင် ငါတို့ ကျော်မတက်နိုင်စရာ အကြောင်း မရှိဘူး….”

“ အစ်ကိုချိန်… ခုက အဲ့အကြောင်း ပြောရမယ့် အချိန် မဟုတ်သေးဘူး…. ငါတို့မောင်းနေတာက McLaren နော်… တကယ်လို့ အော်ဒီအစုတ်ကိုမှ ကျော်မတက်နိုင်ရင်တော့ ဘရန်းပါ သိက္ခာကျသွားလိမ့်မယ်…”

“ ငါသိတယ်…”

ထိုသို့ပြောပြီးနောက် ချိန်ရွှမ်း အရှိန်ကို တစ်ဖန် မြင့်လိုက်ပြန်သည်။ McLaren မှာ ရုတ်ချည်း မြန်ဆန်လာပြီး ကားနှစ်စင်း အကွာအဝေးကလည်း လက်တစ်ထွာစာလောက်သာ ဝေးကွာတော့၏။

“ သေစမ်း… ညီကိုချိန်… အရှိန် နည်းနည်းလျော့… ငါ ရဲတွေ တွေ့လိုက်တယ်…” ရှဲ့ကျစ်းယွမ် သတိပေးလာသည်။

“ ငိုးပဲ…. ကျော်တက်လို့ ရတော့ပါမယ်ဆိုနေ အဲ့ သောက်ပြဿနာကောင်တွေက တစ်မှောက်…”

“ သူတို့ကို ကျော်တက်ဖို့ မခက်ပါဘူး… “ ရှဲ့ကျစ်းယွမ် ပြောလိုက်ပြီး “ ဒါပေမယ့် ခုနေရာက စတုတ္တ အဝိုင်းလမ်း….ပြီးတော့ ယာဉ် အသွားအလာလည်း ရှုပ်တဲ့အချိန်ဆိုတော့ အရမ်းအမြန်ကြီး မောင်းရင် အန္တရာယ်များတယ်… ဒါမှမဟုတ်… ရဲတွေကို ရပ်ခိုင်းလိုက်ပြီးတော့မှ သူတို့ကို လှောင်ကြရင်ကော…”

“ ဒါဆို ဒီကောင်တွေကို ဒီနေ့ လွှတ်ပေးလိုက်မယ်…” ချိန်ရွှမ်း ပြောလိုက်ပြီး “ မင်းတို့ မိသားစုထဲ ဒီကိစ္စ ကိုင်တွယ်နိုင်တဲ့သူ မရှိဘူးလား…. ပြီးရင် မင်းသူတို့ကို အသိပေးပြီး ပြင်းပြင်းထန်ထန် ကိုင်တွယ်လို့ရပြီ…”

“ အသေးမွှားလေးပါ…” ရှဲ့ကျစ်းယွမ် ပြောလိုက်ပြီး “ ကားရပ်တဲ့ အချိန်ကျရင် သူ့ကို ဆက်သွယ်လိုက်မယ်…”

အော်ဒီထဲတွင်တော့ လီချူးဟန် နောက်ကြည့်မှန်မှတစ်ဆင့် ကြည့်လိုက်ပြီး “ သူတို့ မှီလာတော့မယ်….”

“ ရတယ်…. ငါလုပ်နေတာ ငါသိတယ်…” လင်းရီ ပြုံးလိုက်ပြီး “ လက်ရှိ လမ်းအခြေအနေနဲ့ဆို ဒီကောင်ကြီးနဲ့လည်း အေးဆေး ယှဉ်ဖိုက်လို့ရတယ်… အဲ့ကောင်တွေ ကျော်တက်နိုင် မတက်နိုင်က ငါ့စိတ်အခြေအနေအရပဲ…”

လီချူးဟန် ညင်သာစွာ ပြုံးလိုက်သည်။ သူမ၏ အကြည့်တို့က တည်ငြိမ်ပြီး ကြီးစိုးနိုင်လွန်းသည့် ဘေးရှိ အမျိုးသားလေးအပေါ် ငြိတွယ်နေသည်။

ထိုအချိန်တွင်ပဲ ရုတ်တရက် နှိုးဆော်အချက်ပေးသံ ထွက်ပေါ်လာပြီး နှစ်ယောက်လုံး တွန့်ခနဲ ဖြစ်သွားခဲ့၏။

“ ရန်ကျင်း လိုင်စင် နံပါတ် A8321Q … ကျေးဇူးပြု၍ ကားရပ်တန့်ပြီး ချက်ချင်း အစစ်ဆေးခံပါ….”

“ ရဲတွေပဲ…” လီချူးဟန် ပြောလိုက်သည်။

လင်းရီလည်း ဘေးမှန်မှ တစ်ဆင့် ကြည့်လိုက်ပြီး “ အဆင်ပြေတယ်….ဘာမှ ရပ်ပေးစရာ မလိုဘူး..”

ပြောပြီးနောက် လင်းရီ မမှုစွာဖြင့် အရှိန်ပင် ထပ်မြင့်လိုက်၏။

ထိုမြင်ကွင်းက မြင်တွေ့လိုက်ရသူတိုင်းကို ကြက်သေသေသွားစေသည်။

McLaren နဲ့ ရဲကားက လိုက်နေတာတောင် ဒီကောင်က ထပ်ပြီး အရှိန်တင်ရဲနေတယ်…

အဲ့ကောင် သေချင်နေတာလား…

“ အဲ့ကားက ဘာတုန်း… ငါ ရပ်ဖို့ ပြောတာတောင် အရှိန်မြင့်လိုက်သေးတယ်ဆိုတော့ ငါတို့ကို အလှပြရုံ သပ်သပ် ရှိနေတယ်များ ထင်နေတာလား… ဒါမှမဟုတ် သောက်ဂရုမစိုက်ဘူးဆိုတဲ့သဘောလား....”

ရှေ့ ခရီးသည်ထိုင်ခုံရှိ ကပ္ပတိန်၏ မျက်နှာအမူအရာမှာ အုံ့မှိုင်းလို့နေသည်။ သူ့၏ အာဏာကို လာရောက် စိန်ခေါ်နေသည်ဟု ခံစားနေရ၏။

“ ပြီးတော့ ရန်ကျင်းနံပါတ်နဲ့.. ဒီရဲ့ ဒုတိယမျိုးဆက် ဆက်ဆံသူတွေကို မောက်ကို မောက်မာလွန်းပါတယ်…”

“ ဟျောင့်… ယီးစကားမပြောနဲ့.. ဘယ် ချမ်းသာတဲ့ ဒုတိယမျိုးဆက်မှ Audi Aa မမောင်းဘူးကွ…”

ကပ္ပတိန်မှ နောက်သို့လှည့်လိုက်ပြီး နောက်ခုံရှိ သူ့ လုပ်ဖော်ကိုင်ဖက်အား ကြည့်ကာ “ ဘယ်သူ့ကားလဲဆိုတာ ရှာစမ်း.. ဒီနေ့ ဒီကောင့်ကို ဥပမာအဖြစ် ပြရမယ်… စတုတ္ထ အဝိုင်းပတ်လမ်းမှာ ဘယ်လိုတောင် ကားလာပြိုင်နေရဲတာ…. သောက် ဥပဒေမဲ့ ပရမ်းပတာကောင်တွေ….”

“ စစ်ဆေးနေပြီ…”နောက်ခုံရှိ ယာဉ်ထိန်းရဲမှ ပြောလိုက်ပြီး “ ဒီနေ့ခေတ် လူငယ်တွေကတော့ ပိုပိုပြီးကို ဥပဒေမဲ့……………..”

“ ဟမ်… ဆက်ပြောလေ… ဘာလို့ ဘာမှ ဆက်မပြောတော့တာ….”

“ လီကော…. ငါတို့ ဆက်မလိုက်ကြရင် ကောင်းမယ်နဲ့တူတယ်….”

“ ဘာဖြစ်လို့..”

“ အခြေအနေမကောင်းဘူး…”

“ အဲ့ သောက်စုတ် AA က ဘာတွေများ သောက်ရမ်း ထူးခြားနေလို့တုန်း…..”

“ အဲ့ကားက ဆေးဝါးကွပ်ကွဲရေး ဦးစီးဌာနက ဒါရိုက်တာချိန် ပိုင်တဲ့ကား….”

“ ဘာ…. အဲ့တာ ဒါရိုက်တာချိန်ရဲ့ကားလား….”

ကပ္ပတိန်သည် ချိန်ရန်၏ အဖေကို သိလည်း မသိ။ သို့သော်လည်း ဆေးဝါး ဘာညာ ဌာန၏ ဒါရိုက်တာ တစ်ယောက်နှင့် သွားရှုပ်လို့ မကောင်းမှန်းတော့ သဘာဝအလျောက် နားလည်ပေသည်။

“ ဒါ ကိစ္စကြီးပဲ…” ကပ္ပတိန်မှ ပြောလိုက်ပြီး “ ငါတို့တော့ အမှားလုပ်မိပြီ… တောက်… ဒီ ဘိုးတော်တွေကလည်း တစ်ခါတစ်လေ သောက်အပေါစားကားတွေ စီးပြီး ဒုတိယမျိုးဆက် ဆက်ခံသူတွေထက်ကို သောက်ပြဿနာတွေ ပေးလွန်းတယ်…”

“ ဘာဆက်လုပ်ကြမှာ…. ဆက်ပြီး လိုက်ကြဦးမလား….”

“ ဘာလုပ်ဖို့ ဆက်လိုက်ဦးမှာ… တကယ်လို့ ယာဉ်တိုက်မှုဖြစ်ရင် ငါတို့ လိုက်တာကြောင့်ပါဆို ဘယ်သူက ခေါင်းခံမှာ….”

“ ဒါပေမယ့် သူက အရမ်း အမြန်ကြီး မောင်းနေတာလေ…. အဲ့တာကိုမှ မကိုင်တွယ်ရင် ငါတို့ကောင်တွေ အလုပ်မလုပ်သလို ဖြစ်သွားမှာပေါ့ဟ…”

“ မလောနဲ့… ငါ အခု ခေါင်းဆောင်ကြီးဆီ ဖုန်းဆက် အကြောင်းကြားလိုက်မယ်…”

ကပ္ပတိန်မှ ဖုန်းထုတ်၍ ခေါင်းဆောင်ကြီးထံ ဆက်သွယ်ပြီး သူတို့ရှေ့ ဖြစ်ပျက်နေသည်များအား ရှင်းပြလိုက်သည်။ မိနစ်အနည်းငယ်ကြာအောင် ဟုတ်ကဲ့ ဟုတ်ကဲ့ လုပ်ပြီးနောက် ဖုန်းပြန်ချလိုက်လေသည်။

“ ကပ္ပတိန်…‌ခေါင်းဆောင်ကြီးက ဘာပြောလဲ…”

“ သူပြောတာ ဖုန်းဆက်ပြီး ဒီအကြောင်း မေးကြည့်လိုက်မယ်တဲ့… ငါတို့ကို အရင်ဆုံး စိတ်အေးအေးထားပြီး ဘာ အက်စီးဒင့်မှ မဖြစ်စေနဲ့တဲ့…”

“ ကြည့်ရတာတော့ ငါတို့ခေါင်းဆောင်ကြီးလည်း ရှုပ်ထွေးသွားတယ်နဲ့တူတယ်…”

“ မပူနဲ့…. ခေါင်းဆောင်ကြီး ဖုန်းပြန်ခေါ်လာတာကို စောင့်ကြစို့…..” ကပ္ပတိန်မှ ပြောလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ကပ္ပတိန်၏ ဖုန်းသံ မြည်လာလေသည်။

သူ ဖုန်းကိုင်ပြီးနောက် မျက်နှာအမူအရာသည်လည်း တစ်မဟုတ်ချင်း ပြောင်းလဲသွားခဲ့တော့၏။

“ ဟုတ် ဟုတ် ဟုတ်…. ကျွန်တော်တို့ နားလည်ပါပြီ….”

“ ကပ္ပတိန်… အထက်က ဘာပြောလဲတဲ့….”

“ အထက်ကပြောတာ ခု မောင်းနေတဲ့သူက ဒါရိုက်တာချိန်ရဲ့ မိသားစုဝင်မဟုတ်ဘူးတဲ့… ဒါပေမယ့် သူ့ရဲ့ အထောက်အထားက ပိုပြီးတော့တောင် ထူးခြားနေတယ်… ငါတို့ကို ဒီကိစ္စထဲ ဝင်မပတ်သက်နဲ့လို့ ပြောလိုက်တယ်…”

“ သူ ဘယ်လောက်ပဲ အံ့အားသင့်ဖို့ ကောင်းတယ်ပြောပြော ဒါရိုက်တာချိန်ထက်တော့ ပိုပြီး အံ့အားသင့်ဖို့ ကောင်းနိုင်မှာတဲ့လား…. သူက လူတွေအပေါ် ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိနေလဲဆိုတာ ပြန်ကြည့်သင့်တယ်လေ.. မဟုတ်ရင် မနက်ဖြန် ဝေ့ပေါ်နဲ့ တုန်ယင်းမှာ ထိပ်သီးပိုင်း သတင်း ဖြစ်ကုန်မှာပေါ့…”

“ ခေါင်းဆောင်ကြီး ပြောပုံအရဆိုရင် သူက အဲ့ကိစ္စလည်း ဂရုစိုက်နေတဲ့ပုံ မပေါ်ဘူး….”

“ သူက ဂရုစိုက်မနေဘူးလား…. ဒါဆို ကားထဲကလူက ဒီလိုမျိုး အလေးပေးခံရလောက်အောင် ဘယ်လောက်တောင်မှ အံ့အားသင့်ဖို့ ကောင်းနေပါလိမ့်….”

ရဲအရာရှိများအားလုံး မသိစိတ်မှ ရှေ့၌ မောင်းနေသည့်ကားထံ လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ ဒေါသထွက်နေသည့် အမူအရာသည်လည်း လေးစားမှုအသွင်သို့ မည်သည့်အချိန်ကမှန်းမသိ ပြောင်းလဲသွားကြလေသည်။

“ ငါလည်းမသိဘူး… သူပြောတာ မောင်းနေတဲ့သူက အရေးပါတဲ့ လွှမ်းမိုးမှုတွေရှိတယ်…. ဝင်မပါနဲ့လို့ပဲ ပြောသွားတာ…ငါတို့ကို လမ်းဆုံရောက်ရင် လမ်းခွဲပြီး ဆက်မလိုက်နဲ့လို့တောင် ပြောသွားသေးတယ်….”

“ ဟင်း .... ရန်ကျင်းကတကယ့်ကို ပုန်းကွယ်နေတဲ့ နဂါးနဲ့ ဝပ်နေတဲ့ ကျားတွေ ပြည့်နှက်နေပါရောလား….”

All Chapters