ယာစိုက်ပျိုးဖို့ နှုတ်ထွက်လိုက်တယ်
Vol. 66 Ch. 988
McLaren ထဲရှိနေသည့် ချိန်ရွှမ်းနှင့် ရှဲ့ကျစ်းယွမ်တို့ကတော့ အပြုံးကိုယ်စီနှင့် ဖြစ်နေကြသည်။
“ အနောက်မှာ ရဲကားရောက်နေတာတောင် ဒီကောင် ဘယ်လိုတောင် အရှိန်တင်ဝံ့နေတာ…. တကယ်လို့ တစ်ခုခုဆို ဒီကောင် ထောင် သုံးလေးနှစ်လောက်တော့ အေးဆေးပဲ….”
“ အဲ့ကောင်က ကျိုးဟိုင်ကလေ… တကယ်လို့ ရှိုးပြချင်တယ်ဆိုရင် လေးလေးနက်နက် … အဲ… ဘာလား…. ဘာလို့ ရဲကားတွေက ဆက်ပြီး မလိုက်ကြတော့တာ…. တခြားလမ်းကိုတောင် ကွေ့သွားလိုက်သေးတယ်… ဝှက်တယ်ဟဲ….”
ထိုမြင်ကွင်းကို မြင်တော့ ချိန်ရွှမ်းလည်း အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ ဘာဖြစ်နေလဲဆိုတာကို သူ နားမလည်နိုင်တော့ချေ။
“ သူတို့ မမှီလောက်တော့ဘူးထင်လို့ ဆက်မလိုက်တော့တာများလား…” ရှဲ့ကျစ်းယွမ် ပြောလိုက်သည်။
“ ဖြစ်နိုင်တယ်…. ကြည့်ရတာ လမ်းတစ်ဖက်မှာ ကြိုစောင့်နေတဲ့သူတွေ ရှိနေတယ်နဲ့တယ်….အယောင်ပြ မလိုက်တော့တဲ့ပုံစံပေါ့…..”
သူတို့နှစ်ယောက် ပြောသည်က အဓိပ္ပာယ် ရှိသည်။ သို့သော် လမ်းဟိုဘက်ခြမ်းသို့ ရောက်ပြီးသည့်တိုင်အောင် သူတို့ ရဲတစ်ယောက်တစ်လေကိုမျှ မမြင်တွေ့မိ ဖြစ်နေသည်။
“ သေစမ်း… အဲ့ကောင်တွေ ဆက်မလိုက်တော့ဘူးဆိုတာ သေချာပြီ…” ရှဲ့ကျစ်းယွမ် ပြောလိုက်ပြီး “ ညီကိုချိန်… ခု ဘယ်လို ဆက်လုပ်ကြမှာ… ငါတို့ကြား အကွာအဝေးကလည်း ကြီးသထက် ကြီးနေပြီနော်….”
“ ရဲတွေ မလိုက်တော့ ငါလိုက်တယ်ကွာ….” ချိန်ရွှမ်း ပြောလိုက်ပြီး “ ဘယ်လိုပဲဖြစ်ဖြစ် ငါမောင်းနေတာ McLaren …. ငါ ရှုံးလို့ မဖြစ်ဘူး…”
ချိန်ရွှမ်း လီဗာပေါ် ခပ်ကြမ်းကြမ်း ပြန်နင်းလိုက်ပြီး လင်းရီ၏ အော်ဒီနောက် အမှီလိုက်တော့၏။
တစ်ချိန်တည်း၌ လင်းရီလည်း ချိန်ရွှမ်းတို့ကို သတိပြုမိသွားပြီး ပြုံးလိုက်သည်။
“ အချိန်ကျပြီ…. သွားစားကြစို့…”
လင်းရီ ကားကို ရည်ရွှယ်ချက်ရှိရှိ အရှိန်လျော့လိုက်သည်။ ချိန်ရွှမ်းလည်း အချိန်ခဏအတွင်း လိုက်မီလာပြီး နှစ်ဦးကြား ငါးမီတာလောက်သာ ကွာဝေးတော့၏။
ထိုအခိုက်အတန့်တွင် လင်းရီ ဂငယ်ကွေ့ ကွေ့ပြီး လမ်းဘယ်ဘက်ခြမ်းသို့ ကူးပြောင်းလိုက်သည်။
ထိုအခိုက်အတန့်တွင်တော့ ချိန်ရွှမ်း ရှေ့၌ လာနေသည့် ၄.၂ မီတာ ရှည်လျားသည့် ကုန်တင်ကားအား မြင်တွေ့လိုက်ရပြီး ရှော့ခ်ရသွားခဲ့လေသည်။
“ မင်းမေ….”
အခြေအနေ မဟန်သည်ကို သတိထားမိတော့ ချိန်ရွှမ်း စတီယာရင်ကို စက်ဝိုင်းသဏ္ဌာန် ပတ်လိုက်ပြီး ဘရိတ်ပေါ် ဆောင့်နင်းလိုက်တော့၏။
သို့သော်လည်း အနည်းငယ်မျှသော တုံ့ဆိုင်းမှုနှင့် ပါလာသည့် အရှိန်က ဘရိတ်ပင် ဟန့်တားရန် အချိန်မမီတော့ပဲ …….
ဘန်း…..
ယွမ် ဆယ်သန်းကျော် တန်ကြေးရှိသည့် McLaren နှင့် ကုန်တင်ကားအသေးစားလေးမှာ မျက်နှာချင်းဆိုင် ဆုံတွေ့သွားခဲ့တော့သည်။
ကားရှေ့ခြမ်း တစ်ခုလုံး စုတ်ပြတ်သပ်သွားခဲ့၏။ သို့သော်လည်း အရှိန်မှာ အရမ်းကြီး မြန်မနေသောကြောင့်သာ နှစ်ဦးလုံး ဆိုးဆိုးရွားရွား မထိခိုက်သွားခြင်းပင်။
အက်စီးဒင့်ဖြစ်ပြီး စက္ကန့်အနည်းငယ်ကြာတော့ ချိန်ရွှမ်းနှင့် ရှဲ့ကျစ်းယွမ်တို့နှစ်ဦးလုံး ကြက်သေသေနေမိကြတော့၏။
သူတို့ ဤကားကို ဝယ်ထားသည်မှာ တစ်လပင် မပြည့်သေးချေ။ ယခုတော့ …. ယခုအချိန်တွင်တော့ …. ( ငိုသံဖြင့်)
“ ငါယီးပဲကွာ…..”
အနောက်တွင် ကားချင်းတိုက်မိသည့် အသံတို့ ကြားတော့ လင်းရီ ကားကို ချိန်ရွှမ်းတို့ဘေး ထိုးရပ်လာခဲ့၏။
“ မင်း ယီးလုပ်မလို့ ပြန်မောင်းလာတာလား…”
ချိန်ရွှမ်း ဒေါသတကြီးနှင့် ကြမ်းတမ်းစွာ ဆဲဆိုပစ်လိုက်သည်။
သူ့မိသားစုက ချမ်းသာသည် မှန်သော်လည်း ယွမ် ဆယ်သန်း တန်ကြေးရှိသည့် ကားတစ်စင်း ဝယ်နိုင်ဖို့ရာအတွက်တော့ လွယ်ကူမနေပေ။ သူပင် ဤကောင်ကြီးအားရရန် အချိန်အတော်ကြာသည်အထိ ပူဆာခဲ့ရ၏။ ဆန္ဒပြခဲ့ရ၏။ အချိုးတွေ ပြင်ပေးခဲ့ရ၏။ ပေးဆပ်မှု များစွာတို့ဖြင့် ရင်းနှီးထကသည့် ကားတစ်စင်းဖြစ်၏။
ယခုတော့ ကောင်းချေပြီ။ ဝယ်ထားသည်မှာ တစ်လပင် မပြည့်သေးပဲ ရှေ့ခြမ်းတစ်ခုလုံးက စုတ်ပြတ်သပ်၊ အကယ်၍ ပြန်ပြင်မည်ဆိုပါက အနည်းဆုံး ယွမ်တစ်သန်း ပလုံ သွားလိမ့်မည်။
“ မင်းရဲ့ အိုင်ကျူနဲ့များ ချူးဟန်ကို ပိုးပန်းချင်နေသေးတယ်ပေါ့…. ကိုယ့်ကိုယ်ကို ရေမိုးချိုး မှန်ထဲ ကိုယ့်သောက်ခွက်ကို ပြန်ကြည့်ပြီးမှ မင်းက တန်လို့လား သေချာစဉ်းစား….ထွီ သောက်ရူး….”
ပြောပြီးနောက် လင်းရီ ဘီးကို အေးဆေးလေး လှိမ့်သွားလိုက်၏။ ချိန်ရွှမ်းနှင့် ရှဲ့ကျစ်းယွမ်တို့အား ဒေါသကြောင့် မေ့မြောလုမတတ် ဖြစ်သွားစေသည်။
“ သူတို့ဆီ ဖုန်းဆက်ပြီး ဘယ်စားသောက်ဆိုင်လဲ မေးလိုက်….”လင်းရီ ပြောလိုက်ပြီး “ ငါတို့ ဒီထက် ဆက်မောင်းရင်လည်း မြို့ပြင်ရောက်တော့မယ်…. “
သို့နှင့် လီချူးဟန် ချောင်ညန်အား ဖုန်းဆက်လိုက်၏။ လိပ်စာ ရရှိပြီးနောက် လင်းရီ ကားကို မြေပုံအတိုင်း မောင်းလာခဲ့လိုက်လေသည်။
သူတို့နှစ်ယောက် ဟော့ပေါ့ဆိုင်ရှေ့ ရောက်တော့ ချွေ့ရင်နှင့် ချောင်ညန်တို့မှာ ရောက်နေနှင့်ပြီးဖြစ်ကြောင်း သတိပြုမိလိုက်၏။
“ ချူးဟန်…. နင်တို့ နှစ်ယောက် အဆင်ပြေပါတယ်နော်….” ချွေ့ရင် မေးမြန်းလာခဲ့သည်။
“ အွန်း….ပြေပါတယ်… ငါ ချိန်ရွှမ်း ကားအက်စီးဒင့် ဖြစ်တာတောင် မြင်ခဲ့လိုက်သေးတယ်….”
“ သူ ကားအက်စီးဒင့် ဖြစ်သွားတယ်…”
“ ဟင်း…. နင်တို့ကတော့ ငါ့ကို နှလုံးရောဂါ ရလုမတတ်ပဲ…. ဘုရားသိကြားမလို့သာပေါ့... ဘာမှမဖြစ်သွားတယ်….”
ချောင်ညန် လီချူးဟန်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး “ အော်ဒီ အေအန်ကို ဒီလိုမျိုး အတိုင်းအတာအထိ မောင်းနိုင်ဖို့ဆို နင့်ကောင်လေးကလည်း တော်တော်လေး အရည်အချင်း ရှိတဲ့သူ ဖြစ်ရမယ်… ငါမှန်းကြည့်ရသလောက်တော့ တခြားနယ်ပယ်တွေမှာလည်း သူ့ အရည်အချင်းတွေက ခုလိုမျိုးပဲ ကျွမ်းကျင်နေမယ် ထင်တယ်….”
“ နင်ဘာတွေ လာပြောနေတာလဲ….” လီချူးဟန် ရှက်ရွံ့သွားရပြန်သည်။
“ ရို ရို ရို…. ငါပြောတာ မှန်သွားတယ်နဲ့တူတယ်… သူ ရှက်နေတာများ ကြည့်စမ်း….”
ရယ်ရင်းမောရင်း လေးယောက်သား ဟော့ပေါ့ဆိုင်ထဲ ဝင်လာခဲ့ကြသည်။
ဟော့ပေါ့ဆိုင်၏ အပြင်အဆင်က အိုကေ အဆင်ပြေသည်။ သို့သော်လည်း ထိပ်တန်း ဖြစ်နေသည်မျိုးတော့မဟုတ်။ သုံးသပ်ပေးရလျှင်တော့ ကောင်းသည့်အုပ်စုထဲ ပါဝင်သည်။
ချောင်ညန်နှင့် ချွေ့ရင်တို့မှ မည်သည့် ဈေးကြီးတာကိုမျှ မမှာကြချေ။ သာမန် အမယ်များကိုသာ မှာလိုက်ကြပြီး တွေ့ဆုံပွဲအတွင်း လေထုမှာ အင်မတန်ကို လိုက်လျောညီထွေ ရှိနေသည်။
“ ချူးဟန် …. နင်တို နှစ်ယောက်က ဘယ်ကနေ ဘယ်လို စတွေ့ခဲ့ကြတာ…. “ ချွေ့ရင် မေးမြန်းလိုက်ပြီး “ သူ့စကေးတွေက အရမ်းကောင်းတာပဲ… နင် သူ့ကို ပြိုင်ပွဲကွင်းမှာ တွေ့ခဲ့တာလား….”
“ မဟုတ်ရပါဘူးဟယ်…. သူက ငါတို့ နှလုံးအထူးကု ဌာနရဲ့ ဒါရိုက်တာ ဖြစ်ခဲ့ဖူးတယ်လေ….” လီချူးဟန် ပျော့ပျောင်းညင်သာစွာ ပြောလိုက်သည်။
“ အာ….. သူက ဟွာရှန်းဆေးရုံရဲ့ ဌာန ဒါရိုက်တာလား….”
ချွေ့ရင်နှင့် ချောင်ညန်တို့နှစ်ဦးသည်လည်း နှလုံးအထူးကု ဌာနမှ ဒေါက်တာများဖြစ်ကြ၏။ သူတို့အားလုံး ဟွာရှန်းဆေးရုံ၏ ကောင်းမြတ်သည့် ဂုဏ်သတင်းတို့အား ကောင်းကောင်းကြီး သိထားကြလေသည်။
ပြည်ထောင်စု ဆေးကောလိပ်လောက် မကောင်းသော်လည်း ဆိုးရွားနေသည်မျိုးလည်း မဟုတ်ချေ။
ထိုသို့သော နေရာဌာန၌ ဒါရိုက်တာ ရာထူး ရသည်က အသေးအမွှားလေးမဟုတ်။ လူတိုင်းက မရရှိနိုင်သည့် ရာထူးမျိုးဖြစ်၏။
လီချူးဟန် ခေါင်းညိမ့်လိုက်သည်။ “ သူက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်လို့ ပြောရင်လည်း မမှားဘူး…”
ထိုအခိုက်အတန့်တွင်တော့ နှစ်ယောက်မှာ လင်းရီအပေါ် တစ်ဖန် အကဲဖြတ်လာကြပြီး လင်းရီအား ဖောက်ထွင်းမမြင်နိုင်သကဲ့သို့ ဖြစ်လာကြ၏။
သူတို့နှစ်ဦး အလုပ်လုပ်နေသည့် ဆေးရုံက ဟွာရှန်း ဆေးရုံလောက် ဂုဏ်သတင်း မကြီးမားချေ။ သို့သော်လည်း နှစ်ပေါင်းမနည်းမနော အလုပ်ကြိုးစားလာသည့်တိုင်အောင် လက်ထောက် သမားတော်ခေါင်းဆောင်ဆိုသည့် ရာထူးနှင့်သာ ကျေနပ်နေရသည်။
တစ်ဖက်တွင်တော့ လီချူးဟန်၏ ကောင်လေးဖြစ်သူမှာ အသက်ကလည်း ငယ်ရွယ်လွန်းနေပြီး ထိုမျှအရွယ်နှင့် ဌာန၏ ဒါရိုက်တာ ဖြစ်လာသည်ဆိုတော့…..
“ နင် အမေရိကားကနေ ပြန်လာတာလား….” ချောင်ညန် သိလိုစိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်ပြီး “ ဟွာရှန်း ဆေးရုံမှာ ဌာန ဒါရိုက်တာ ဖြစ်လာတယ်ဆိုတော့ နင့်ရဲ့ အရည်အချင်းတွေက ကျိန်းသေပေါက်ကို ထူးခြားနေမှာပဲ…. ယုတ္တိကျကျပြောကြေးဆို ငါ နင့်နာမည်ကို ကြားဖူးနေသင့်တာ…”
“ သူနှုတ်ထွက်သွားခဲ့တာ ကြာပြီလေ….ဒါပေမယ့် နင်တို့ ဆေးရုံအုပ်ကြီးကတော့ သူ့ကို သိလောက်တယ်….”
သူမ သူငယ်ချင်း နှစ်ဦးမှ လင်းရီ အပေါ် သံသယ ရှိလာနေသည်ကို မြင်တော့ လီချူးဟန် ချက်ကျလက်ကျဖြင့် လင်းရီကိုယ်စား ငြင်းဆန်ပေးလိုက်သည်။
ဤသည်က လင်းရီအတွက် သူမ၏ ခုခံ ကာကွယ်ပေးမှု ဖြစ်၏။
“ ငါတို့ရဲ့ အုပ်ကြီးလား….” ချောင်ညန် ရေရွတ်လိုက်ပြီး “ ချူးဟန်…. နင်ကတော့ နိမ့်နိမ့်ချချကို မရှိတော့ဘူးပဲ… ရာထူး အဆင့်ဆင့်စီလိုက်ရင် ဌာနဒါရိုက်တာနဲ့ ဆေးရုံအုပ်ကြီးဆိုတာ ကွာဟမှုက လုံးဝမသေးဘူးနော်….”
“ ငါ လျှောက်ပြောနေတာ မဟုတ်ဘူး… တကယ်ပါဆို…”
“ နင် ငါ့ကို အရူးလာလုပ်နေတာပဲ….” ချောင်ညန် ပြောလိုက်ပြီး “ ငါ ပြောမယ်… ငါတို့ အုပ်ကြီးက ငါ့ ကျားကျားရဲ့ ဒုတိယ ဒေါ်လေး… ငါ ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ ဟုတ်မဟုတ် အတည်ပြုလို့ရတယ်….”
“ အဲ့တာဆို ခေါ်ပြီး မေးကြည့်ကြည့်ပေါ့.,…”
“ အဲ့တာတွေနောက်ထားလိုက်….” လင်းရီ ပြုံးလိုက်ပြီး “ အတိတ်က ကိစ္စတွေကို ဘာလို့ ပြန်ပြီး စမြုံ့ပြန်နေမှာ…. အဲ့တာတွေက ကြာခဲ့ပါပြီ….”
“ ကြည့်စမ်း…. နင့်ကောင်လေးကတော့ တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ….” ချောင်ညန် ရယ်သွမ်းလိုက်ပြီး “ ဒါပေမယ့် နင်ကတော့ တဖြည်းဖြည်းနဲ့ ထိန်းမနိုင် သိမ်းမရ ဖြစ်လာနေပြီ….”
“ မဟုတ်ဘူး… လင်းရီက တကယ်ကြီး အံ့အားသင့်ဖို့ ကောင်းတာ…. သူက ခက်ခဲတဲ့ ခွဲစိတ်မှုတွေ အများကြီးကို အောင်မြင်ခဲ့တဲ့သူ…. “ လီချူးဟန် ပြောလိုက်ပြီး “ အဲ့ထဲက မှတ်ကျောက်တင်ရလောက်တဲ့ဟာကို ပြပါဆို… အောက်တိုဘာတုန်းက အဓိက သွေးလွတ်ကြော နေရာလွဲနေတဲ့ SMA ဝေဒနာရှင်ကို ခွဲစိတ်ပေးရတဲ့ ကိစ္စပဲ….အဲ့ ခွဲစိတ်မှုကိုလည်း သူကပဲ ခေါင်းဆောင် ဆရာဝန်လုပ်ပြီး အောင်မြင်သွားခဲ့တာလေ….”
“ နင် အတည်ကြီး ပြောနေတာလား…..”
ထိုသတင်းကို ကြားတော့ နှစ်ယောက်လုံး မျက်လုံးပြူးကျယ်သွားခဲ့ပြီး အချိန်အတော်ကြာအောင် ကြက်သေသေသွားခဲ့တော့သည်။
အဆိုပါ ခွဲစိတ်မှုက အင်မတန်ကို ခက်ခဲပြီး.... ဆိုတော့မှ ခေါင်းဆောင် ခွဲစိတ်ဆရာဝန်သည်လည်း လင်းရီဖြစ်ကြောင်း သူမတို့ အမှတ်ရသွားလေသည်။ ထိုသူနှင့် လာဆုံရလိမ့်မည်လို့တော့ သူမတို့ ထင်မှတ်မထားကြချေ။
“ သူက အဲ့လောက် တော်နေတာ တကယ်လို့ ဟွာရှန်း ဆေးရုံမှာပဲ နေမယ်ဆို သေချာပေါက် ရာထူးတိုးလာမယ် မဟုတ်ဘူးလား…. ဘာလို့လဲ အလုပ်ထွက်လိုက်တာ…”
“ ဆေးရုံ အလုပ်က အရမ်းပင်ပန်းရတယ်… ဒါကြောင့်မို့ တခြား အလုပ်တစ်ခုကို ပြောင်းလိုက်တာ….” လင်းရီပြောလိုက်၏။
“ စီးပွားရေး လောကထဲ ဝင်ရင်ဝင် .. မဟုတ်ရင် တခြား ကြီးကျယ်တဲ့ အလုပ်တစ်ခုကို စတင်မလို့ မလား…”
“ မိန်းကလေးတို့ တွေးနေသလောက်လည်း ကြီးကျယ်မနေပါဘူး… ကျုပ်က ဒီတိုင်း ဖန်လုံအိမ်လေး တစ်အိမ်ဝယ်ပြီး အခု အပင်စိုက်နေတာပါ….”
“ အာ…… အပင်စိုက်နေတယ်….”
ထိပ်တန်း ခွဲစိတ်ဆရာဝန်ကနေ တောင်သူ…. အလှည့်အပြောင်းက ကြီးမားလွန်းလှ၍ သူမတို့၏ နှလုံးသားလေးပင် အပြင်းအထန် တုန်လှုပ်နေခဲ့ကာ လက်ခံနိုင်ရန် ခက်ခဲနေတော့သည်။
“ နေဦး… ခု ပြောမှပဲ အမှတ်ရတယ်…. “ လင်းရီ အလျင်စလိုဖြင့် ထရပ်လိုက်သည်။
“ ဘာလဲဖြစ်တာ….”
“ ကားနောက်ဖုံးထဲမှာ ဝက်ပေါက်လေး ရှိတာကို မေ့ဿွားတာ… အဲ့ကောင်ကို နို့တိုက်ရဦးမှာ…. ခုဆို အော်ငိုနေပြီလားတောင် မသိပါဘူး….”