ပါတီပွဲ
Vol. 66 Ch. 989
" ဟင်.... နို့တိုက်ရမယ်....."
သူမတို့၏ အမူအရာမှာ ချက်ချင်း အေးခဲသွားခဲ့တော့သည်။
အပင်တွေစိုက်ပြီး ၀က်မွေးတာတော့ ထွေထူး ပြဿနာ မရှိပါဘူး....
ဒါပေမယ့် ပြဿနာက ၀က်ပေါက်လေးကို ရန်ကျင်းအထိ သယ်လာနေတယ်....
ပြီးတော့ နို့စို့အရွယ်လေး...
သူက ၀က်မွေးနေတာလား.... ဒါမှမဟုတ် ကလေးမွေးနေတာလား.....
" ငါ နင်နဲ့လိုက်ခဲ့မယ်...."လီချူးဟန် သူမရဲ့ တူကို ချလိုက်ပြီး " နင့်ကို နည်းနည်းပါးပါး ကူညီပေးလို့ ရတာပေါ့....."
" ရတယ်.... သူတို့နဲ့ နေခဲ့လိုက်.... ဘာမှ အပန်းကြီးတာလည်း မဟုတ်ဘူး....."
" အားလုံး အတူသွားကြည့်ကြရင်ကော .... ငါ ၀က်ပေါက်လေးတွေ မမြင်ရတာ ဘယ်နှနှစ် ရှိပြီမှန်းတောင် မသိတော့ဘူး.....တော်တော်လေး စိတ်၀င်စားဖို့ ကောင်းလောက်တယ်....."
" အမ်.... အဲ့တာဆိုလည်း အားလုံး အတူသွားကြတာပေါ့......"
လင်းရီ စားပွဲထိုးကို လက်ပြလိုက်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်၏။ သဘောက သူတို့ ပြန်လာမည်ပင်။
စားပွဲထိုးလည်း လက်ပြ၍ ပြန်နှုတ်ဆက်လာခဲ့၏။ ပိုက်ဆံ ကြိုရှင်းပြီး ဖြစ်သောကြောင့် စားပြီး ထွက်ပြေးသည့် အဖြစ်မျိုးကို သူ လုံး၀ မစိုးရွံ့ချေ။
စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ကားနောက်ဖုံးအား ဖွင့်လိုက်သည်။ လင်းရီ ထင်မှတ်ထားသည့် အတိုင်း ၀က်ပေါက်လေးမှာ တအွင့်အွင့် မြည်သံပေး၍ နို့တောင်းနေချေပြီ။
" ဒါ အလှမွေး၀က်မှ မဟုတ်တာ.... "ချောင်ညန် ပြောလိုက်ပြီး " ရွာတွေမှာ မွေးတဲ့ ပိန်းတိန်းတိန်း ၀က်တွေနဲ့ ပိုတူတယ်....."
" အင်း... မျိုးကောင်းမျိုးသန့်လေ...၁၅ ရက်သားပဲရှိသေးတာ ခုထိ နို့ မပြတ်သေးဘူး.... အဲ့တာကြောင့် ကျုပ်နဲ့ အတူ ခေါ်လာခဲ့လိုက်တာ....."
ချွေ့ရင် "........"
ချောင်ညန် "......."
ပြောမည်ဆိုပါက လီချူးဟန်သည်လည်း ကျေးတောရွာသူပင်။ သူမ ရွာနှင့် အလှမ်းဝေးသည်မှာ နှစ်ပေါင်း မရေမတွက်နိုင် ဖြစ်နေသော်လည်း ၀က်ပေါက်လေးများနှင့်တော့ ရင်းနှီးကျွမ်း၀င်ထားပြီး ဖြစ်၏။ ထို့ကြောင့် သူမ လျင်မြန်စွာဖြင့် အသားကျသွားပြီး ၀က်ပေါက်လေးကိုပင် ချော့မြူနေလိုက်သေးသည်။
ထိုစဉ် ချွေ့ရင်နှင့် ချောင်ညန်တို့ကတော့ အဝေးတစ်နေရာ၌ နေ၍ အသာ ရပ်ကြည့်နေသည်။
မည်သို့ပင်ဆိုစေ လူမြင်ကွင်း၌ ၀က်အား နို့တိုက်နေသည်ကိုတော့ အနည်းငယ် မျက်စိရှက်မိ၏။
" ညန်ညန်... ချူးဟန်ရဲ့ ကောင်လေးက နည်းနည်းလေး ပုံမှန်မဟုတ်ဘူးလို့ နင်မထင်ဘူးလား....."
ချွေ့ရင် မေးလိုက်ပြီး " သူ့ဘာသူ အပင်တွေ စိုက်ချင်တာက အဆင်ပြေတယ်.... ဒါပေမယ့် တကယ်ကြီး ၀က်ပေါက်လေးကိုပါ ဒီအထိ သယ်လာနေတယ်.... တစ်ယောက်ယောက်ကို ကြည့်ခိုင်းထားပေးလို့ကော မရဘူးတဲ့လား....."
" ရုပ်လေး ချောနေလို့သာပေါ့ မဟုတ်ရင် ငါလည်း သူ့ကို စိတ်ဝေဒနာရှင်လိုမျိုး ဆက်ဆံမိလောက်တယ်....."ချောင်ညန် ပြောလိုက်ပြီး " ဒီလို လူစားမျိုးက ဟွာရှန်းဆေးရုံရဲ့ ဌာန ဒါရိုက်တာ ဖြစ်လာတယ်ဆိုတာ ငါဖြင့် ယုံတောင် မယုံနိုင်ဘူး....."
" ငါတို့ ဖုန်းဆက်ပြီး လှမ်းမေးကြည့်ကြရင်ကော... သူတို့ကလည်း ခပ်လှမ်းလှမ်းမှာကိုပဲ ငါတို့ ပြောတာတွေ ကြားနိုင်မှာ မဟုတ်ပါဘူး...."
" အွန်း... အဲ့အကြံ မဆိုးဘူး...."
ချောင်ညန် ဖုန်းထုတ်၍ သူမ ဒုတိယ ဒေါ်လေး၏ ဖုန်းနံပါတ်အား နှိပ်လိုက်သည်။
" ငါလည်း ညဉ်းဆီ ဖုန်းဆက်လိုက်တော့မလို့..."ချောင်ညန်၏ ဒုတ်ယဒေါ်လေးမှ ပြောလိုက်ပြီး " နင့်ရဲ့ စာတမ်းက မှားတဲ့ နေရာတွေ ရှိတယ်.... ပြန်ပြီး လာပြင်ရေးလှည့်.... နင့် သတင်းကို နားစွင့်နေတဲ့သူတွေ အများကြီးနော်.... ဘာအမှားမှ လုပ်မိလို့မရဘူး....."
" ဟုတ်ပါပြီ ဒေါ်လေးရဲ့...."ချောင်ညန် ပြောလိုက်ပြီး " ဒေါ်လေး ခု အလုပ်များ မနေဘူးဆိုရင် ညန်ညန် တစ်ခုလောက် မေးချင်လို့....."
" ဘာလဲ....."
" ဒေါ်လေး လင်းရီလို့ ခေါ်တဲ့ တစ်ယောက်ကို သိလား....."
" လင်းရီလား...."တစ်ဖက်သူမှ ရေရွတ်လိုက်ပြီး " ငါ တစ်ယောက်ပဲ သိတယ်.... ဟွာရှန်း ဆေးရုံ နှလုံး အထူးကု ဌာနကလေ.... အရမ်းလည်း ခန့်တယ်... ငါတောင် နင့်အစ်မကို သူနဲ့ မိတ်ဆက်ပေးမလို့....."
" ဒေါ်လေး တကယ်ကြီး သူနဲ့ သိနေတယ်ပေါ့....."
" သိတယ်... ဒါပေမယ့် သူက ငါ့ကို မသိဘူး...."ချောင်ညန်၏ ဒုတိယ ဒေါ်လေးမှ ပြောလိုက်ပြီး " အဲ့တာတွေထားပါ... နင် ဘာလုပ်မလို့ လာမေးနေတာ......"
" သူက ညန်ညန့် အခန်းဖော် သူငယ်ချင်းရဲ့ ကောင်းလေး ဖြစ်နေတယ်..... ခု ထမင်း အတူစားနေကြတာ....."
" တကယ်..."ချောင်ညန်၏ ဒေါ်လေးမှ ရုတ်တရက် ထအော်လိုက်ပြီး " နင့် အခန်းဖော်ရဲ့ ကောင်လေး.... ခု ထမင်းအတူ စားနေကြတယ် ဟုတ်လား....."
" ဒေါ်လေးကလည်း ... အဲ့လောက်ထိ အထိတ်တလန့် ဖြစ်နေစရာ မလိုပါဘူး.... ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လေးက အုပ်ကြီးလေ... ကိုယ့်အဆင့်အတန်းကို သတိထားဦးမှပေါ့...."
" သူ ဘယ်သူလဲ နင် မြဲမြဲမှတ်ထား... သူနဲ့ ယှဉ်ရင် နင့်ဒေါ်လေးက ဘာကောင်မှကို မဟုတ်တာ...."ချောင်ညန်၏ ဒေါ်လေးမှ ပြောလိုက်ပြီး " အဲ့လူက အရမ်း အံ့ဩဖို့ကောင်းတယ်.... ဟွာရှထဲ ကြိုက်တဲ့ ဆေးရုံကိုသွား... ဒါရိုက်တာ တက်လုပ်လို့ရတဲ့ ပုံရိပ် သူ့ဆီမှာ ရှိတယ်...."
" သူက အဲ့လောက်ကြီးများတောင်ပေါ့....."
" သူက ငယ်တယ်ဆိုပေမယ့် နှလုံးခွဲစိတ်မှု နယ်ပယ်မှာတော့ ဟွာရှ တစ်နိုင်ငံလုံး ဒါမှမဟုတ် တစ်ကမ္ဘာလုံးမှာပါ သူ့နဲ့ ဘက်တူတဲ့သူ မရှိဘူး....သူ့အရည်အချင်းက အရမ်းကြောက်ဖို့ ကောင်းတယ်.... နင် အခု ထမင်းအတူစားနေတယ်ဆိုတော့ ငါတို့ ဆေးရုံမှာ လက်ချာလာပေးဖို့ စကားပြောကြည့်ပါလားဟင်..... "
" နား.... နားလည်ပါပြီ..."
ချောင်ညန် အသံတုန်ယင်စွာ ပြောလိုက်သည်။ ချူးဟန် ကောင်လေး၏ အဆင့်အတန်းက သူမ အဒေါ် ရင်ဘက်ထဲတွင် ထိုမျှ မြင့်မားနေလိမ့်မည်လို့ သူမ ထင်မထားခဲ့ချေ။
ဖုန်းချပြီးနောက် ချွေ့ရင်မှ သူမ အင်္ကျီလက်အား ဆွဲလာပြီး " ဟဲ့... နင် ဘာဖြစ်နေတာ... အဲ့ဒီ စွဲလမ်းနေတဲ့ စိတ္တဇ အကြည့်တွေက ဘာတုန်း... နင့်မှာ လင်ကြီး ငုတ်တုတ် ရှိနေတယ်လေ... "
" ရင်ရင်.... တို့တွေတော့ တော်တော်လေးကို အမြင်ကျဉ်းခဲ့ကြတာပဲ.... "ချောင်ညန် ပြောလိုက်ပြီး " ငါ့ရဲ့ ဒုတိယ အဒေါ်ပြောတာ နှလုံး ခွဲစိတ်မှုနယ်ပယ်မှာ သူက လုံး၀ ပြိုင်ဘက်ကင်းတယ်တဲ့... သူသာ စိတ်ပါရင် ဟွာရှတွင်းက ကြိုက်တဲ့ ဆေးရုံမှာ ဒါရိုက်တာ သွားလုပ်လို့ ရတယ်ဆိုပဲ.... ငါတို့ သူ့အကြောင်း မကြားဖူးဘူးဆိုတာ သူက အထင်ကြီးဖို့ မကောင်းတာ မဟုတ်ဘူး.... ငါတို့ကိုက ကြားဖို့ အဆင့်မှီမနေတာ....."
" သောက်ပလုတ်တုတ်.... ဒါဆို ငါတို့ နတ်ဘုရားနဲ့ ဟော့ပေါ့အတူ စားခဲ့တာပေါ့နော်....."
" နတ်ဘုရား မဟုတ်ဘူး.... ကျောက်စိမ်းဧကရာဇ်မင်းဟဲ့.... ကျောက်စိမ်း ဧကရာဇ် .... "
( နတ်မဟုတ်ဘူး ... သိကြားဟဲ့ သိကြား......)
ချွေ့ရင် မလှမ်းမကမ်း နို့ဘူးတိုက်နေသည့် လင်းရီကို ကြည့်လိုက်ပြီး " ငါ ရုတ်တရက်ကြီး သူ့နားသွားပြီး နို့ဘူးတိုက်နေတာကို ကူညီပေးချင်လာသလိုပဲ....."
" ဒါဆိုလည်း သွားကြစို့... ငါတို့ နောင်သုံးနှစ်နေလို့ ဒါရိုက်တာ ဖြစ်လာ မလာက အဲ့လူရဲ့ နှုတ်ထွက်စကားပေါ် မူတည်နေပြီ....."
သို့သော်လည်း သူမတို့ နှစ်ဦး ရောက်လာခဲ့ချိန်တွင်တော့ ၀က်ပေါက်လေးမှာ နို့စို့လို့ ပြီးသွားခဲ့ချေပြီ။ ၀က်ပေါက်လေးအား နို့တိုက်ပြီးနောက် လေးယောက်သား အထဲပြန်၀င်၍ စားသောက်လိုက်ကြ၏။ နောက်ဆက်တွဲ တွေ့ဆုံပွဲမှာတော့ ပို၍ပင် လှုပ်ရှားသက်၀င်နေသည်။ သူမတို့ လင်းရီ၏ အထောက်အထားအပေါ် သံသယ မဖြစ်မိကြတော့ချေ။
ထိုသူက မြင့်မားသည့် ရာထူးကို ဆုပ်ကိုင်ထားသော်လည်း အနားယူရန် စိုးစဉ်းငယ်မျှ တွန့်ဆုတ်နေခဲ့ခြင်းမရှိ။ ဤသည်က အသိအမှတ်ပြုရလောက်သည့် ရဲရင့်မှုကြီးပင် ဖြစ်သည်။
ကလင် ကလင် ကလင် .....
သူတို့ စားရင်း သောက်ရင်း စကားကောင်းနေစဉ် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ချိန်ရန်ထံမှပင်။
" အစ်ကိုရီ... နင်ခု ဘယ်လဲရောက်နေတာ....."
" အပြင်မှာ ညစာစားနေတယ်.... ငါဒီည မင်းကို လာခေါ်မှာပါကွ....."
လင်းရီ အနှိပ်ခန်း လိုက်ပို့ရန် ချိန်းဆိုထားကြောင်း မမေ့လျော့သေးချေ။ ထို့ကြောင့် သူ လီချူးဟန်ကိုပါ ခေါ်၍ အနားယူရန် စဉ်းစားထားလေသည်။
" ဒီည ရေချိုးခန်း သွားလို့ မရတော့ဘူး... အဲ့ဒီ အစား ပိုကောင်းတဲ့ နေရာတစ်ခုကို ခေါ်သွားပေးမယ်... ညီမတော့ အရမ်းတွေ စိတ်လှုပ်ရှားနေပြီ....."
" ဘယ်နေရာလဲ....."
" ရန်ကျင်းက အကောင်းဆုံးဘား .... OT မှာ.....ဒီည ခမ်းနားတဲ့ ပါတီပွဲကြီး ရှိတယ်ဆိုပဲ.....သွားပြီး ကဲကြရအောင်လေနော်....."
" ခဏလေးစောင့်ဦး... ငါ သူမ သွားချင်လား မသွားချင်လား မေးလိုက်ဦးမယ်......"
ပြောပြီးနောက် လင်းရီ ဖုန်းကို မိုက်ပိတ်၍ လီချူးဟန်ဘက်လှည့်ကာ " ချိန်ရန်ပြောတာ ဒီည ဘားသွားကြမယ်တဲ့... မင်းသဘောကကော....."
" ငါတော့ နင်သွားတဲ့ နေရာ လိုက်မှာပဲ....."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး " ငါ နောက်မှ ဖုန်းပြန်ဆက်လိုက်မယ်... ညစာစားပြီးရင် မင်းဆီတန်းလာခဲ့မယ်...."
" အိုကေ....."
" ချူးဟန်.... နင် တခြား လုပ်စရာတွေ ရှိလို့လား....."
" လင်းရီကို အသိတစ်ယောက်က ဘားသွားဖို့ ခေါ်လာတာလေ... နင်တို့ကော လိုက်ခဲ့ဦးမလား......"
" ငါတို့ ဘယ်နိုက်ကလပ်မှ မသွားနိုင်တော့ဘူး.... ငါ့ရဲ့ လက်မောင်းအိုကြီးနဲ့ ဆွေးတော့မယ့် ခြေထောက်တွေက အရင်လို မလှုပ်ရှားနိုင်တော့ပါဘူးဟယ်....."
" ကောင်းပြီလေ....."
လင်းရီနှင့် လီချူးဟန်တို့ တခြား သွားစရာ နေရာ ရှိသေးသည်ကို သိတော့ ညစာစားပွဲမှာ အလွန်လျင်မြန်စွာဖြင့် အဆုံးသတ်သို့ ရောက်ရှိလာခဲ့သည်။
ဆိုင်ထဲမှ ထွက်လာခဲ့ပြီးနောက် ချွေ့ရင်နှင့် ချောင်ညန်တို့မှ လက်ပြနှုတ်ဆက်ပြီး ကားထဲ ၀င်သွားခဲ့ကြလေသည်။
လင်းရီ ချိန်ရန်ထံ ဖုန်းဆက်လိုက်ပြီး နာရီ၀က်အတွင်း OT ဘား ၀င်ပေါက်၀၌ ဆုံရန် အချိန်းအချက် ပြုလိုက်သည်။
ထို့နောက် GPS ထဲကအတိုင်း OT ဘား ၀င်ပေါက်၀သို့ မောင်းနှင်လာခဲ့၏။
လင်းရီ နိုက်ကလပ်များသို့ သွားလေ့သွားထ မရှိသော်လည်း OT ဘားအကြောင်းတော့ တော်တော်လေး တီးမိခေါက်မိ ရှိထားသည်။
အာရှတွင်း အကြီးမားဆုံး ဘားတစ်ခု ဖြစ်သည်နှင့် လျော်ညီစွာ အရှေ့ဘက် မျက်နှာစာ အပြင်အဆင်သည်လည်း ၎င်း၏ သင်းမွှေးလှသော ဂုဏ်သတင်းအတိုင်းဖြစ်၏။ စင်းလုံးချော တင့်တယ်မှုတို့နှင့် စက်မှု ဗိသုအနုပညာကို အသွင်ယူထားပြီး အနုစိတ် ဂရုစိုက်ထားကာ ဝေဖန်အပြစ်ပြောရန် တစ်နေရာမှ ရှိမနေချေ။
အဆင့်အတန်းနှင့် စံချိန်စံနှုန်းအရပါ အခြားသော အဆောက်အဦးများအားလည်း ဖိနှိပ်ထားပြီးဖြစ်သည်။
" ကားတွေ တော်တော်လေး များတယ်နော်.... ကြည့်ရတာ ဒီနေ့ည ပွဲရှိတယ်နဲ့ တူတယ် ဟုတ်တယ်မလား...." လီချူးဟန် မေးလာသည်။
လင်းရီ လှမ်းကြည့်လိုက်တော့ ဘားအပြင်ဘက်၌ မာစီးဒီး၊ အော်ဒီ ၊ ဘီအမ်ဒဘလျူ အစရှိသည့် နာမည်ကြီးကားများ ပေါချင်းသောချင်း ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။
လမ်ဘိုဂီနီ ၊ ပေါ်စ်ချယ်၊ ဖာရာရီ အစရှိသည်တို့လည်း ရပ်ရန် နေရာပင် မလောက်ငှချေ။ Bugatti, Koenigsegg, Aston Martin,နှင့် McLaren သို့သော ကားများကလည်း အစင်းနှစ်ဆယ်လောက် ရှိနေလေသည်။
၀င်ပေါက်၀ ကားပါကင်ကို မဆိုထားနှင့် လမ်းဘေး၀ဲယာ၌ပင် ကားများ တန်းစီနေသည်ကပင် မီတာ တစ်ရာကျော်အထိဖြစ်၏။ ခန့်ညားချောမောပြီး ပျိုရွယ်သည့် အမျိုးသား ၊ အမျိုးသမီး များစွာတို့ကလည်း ၀င်ချည်ထွက်ချည်ပြုနေကာ ဓာတ်ပုံရိုက်ရန် စိတ်အားထက်သန်ကြသူ တော်တော်များများကလည်း အနီးနား ထိုင်၍ ဓာတ်ပုံရိုက်နေကြသည်။ ပွဲလမ်းသလင် ဝေးဝေးရှောင်သည့် လင်းရီအတွက်တော့ ခမ်းနားကြီးကျယ်သည့် မြင်ကွင်းတစ်ခုဖြစ်၏။
" ဒီည ဘာပွဲလုပ်မှာမို့လို့ လူတွေ အဲ့လောက်တောင် စည်ကားနေတာ.... "လင်းရီ သူ့တစ်ကိုယ်ကြားရုံစာမျှ ရေရွတ်လိုက်သည်။