အခန်း (၁၀၆၆)
Vol. 77 Ch. 1066
“အင်မော်တယ်ဘုရင်ရဲ့တပည့် ကျင်းယွင်ထျန်းက တိမ်တိုက်နဂါးစံအိမ်ကို ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့တယ်”
“ပြီးတော့ စတုတ္ထအလွှာရဲ့ ကျန်းယန်မျှော်စင်ကလည်း တိမ်တိုက်နဂါးစံအိမ်ကို ဖြေရှင်းချက်တောင်းနေတယ်။ သူတို့အကြီးအကဲရဲ့ သေဆုံးမှုက အစ်ကိုကြီးနဲ့ ပတ်သတ်နေတယ်တဲ့”
ကျင်းယွင်ထျန်းသည် အင်မော်တယ်ဘုရင်၏ တပည့်ဖြစ်ပြီး ရွှေအင်မော်တယ်အဆင့်တွင် ရှိသည်။
ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ မိစ္ဆာဘုရင်ယွင်ထျန်းသည် သူ၏ကိုယ်ပွားဖြစ်ပြီး ဟူယွင်လုံတို့၏ အကြံအစည်နှင့် ဟန်မူယဲ့၏ဓားချက်ကြောင့် သေဆုံးသွားသည်။
ကျန်းယန်မျှော်စင်ကို အင်မော်တယ်သခင်များက စောင့်ကြပ်ထားသည်။
ဟန်မူယဲ့ ကျန်းယန်မျှော်စင်မှ အင်မော်တယ်သခင်ယွမ်ရှဲ၏ ကိုယ်ပွားကို အပျက်အစီးနယ်မြေတွင် သတ်ဖြတ်ခဲ့သည်။
နောက်ပိုင်းတွင် အင်မော်တယ်သခင်ယွမ်ရှဲက ဟန်မူယဲ့နောက်သို့ လိုက်သွားပြီး သေဆုံးသွားပုံရသည်။
သို့သော် ကျန်းယန်မျှော်စင်တွင် တခြားအင်မော်တယ်သခင်များ ရှိနေသေးသည်။ ထို့ကြောင့် ဟန်မူယဲ့မရှိသော တိမ်တိုက်နဂါးစံအိမ်က ကျန်းယန်မျှော်စင်ကို မခုခံနိုင်ပေ။
ထိုဖြစ်ရပ်ကြောင့် ကျောက်ချန်က ဟွမ်ကျစ်ဟူတို့ကို လျင်မြန်စွာ ရှာဖွေခဲ့သည်။
“အခု မရီးတို့ကို ကောင်းကင်တစ်သောင်းချောက်နက်ကနေ ခေါ်ထုတ်သွားရမယ်။ ဒါမှမဟုတ်ရင် ....”
ကျောက်ချန်၏စကား အဆုံးမသတ်ခင် ဟွမ်ကျစ်ဟူက ခေါင်းခါလိုက်ပြီး ပြောသည်။
“ဒါကမဖြစ်နိုင်ဘူး။ ကျွမ်းကျင်သူတွေမရှိရင် ကျွန်မတို့ ထွက်သွားနိုင်မှာမဟုတ်ဘူး”
ဟွမ်ကျစ်ဟူနှင့် တခြားလူများက လျင်မြန်စွာ တိုးတက်လာသော်လည်း အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများနှင့် မယှဉ်နိုင်သေးပေ။
အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်သည် သူတို့ကို ကောင်းကင်တစ်သောင်းချောက်နက်တွင် တိတ်ဆိတ်စွာ သတ်ဖြတ်ပစ်နိုင်သည်။
ကျောက်ချန်က ဟွမ်ကျစ်ဟူကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
“အဲဒါဆိုရင် အင်မော်တယ်ဘုရင်ရဲ့ အကာအကွယ်အတွက် ဆေးညွှန်းကို ပေးရလိမ့်မယ်”
တိမ်တိုက်နဂါးစံအိမ်တွင် နောက်ခံမရှိသောကြောင့် တခြားလူများက ခန္ဓာတည်ငြိမ်ခြင်းဆေးလုံးကို တက်မက်ရဲခြင်း ဖြစ်သည်။
ကျောက်ချန်က စီးပွားရေးလုပ်ငန်းတွင် အချိန်ကြာမြင့်စွာ ရှိနေသောကြောင့် အကြည့်တစ်ချက်ဖြင့် အကောင်းအဆိုးကို သိနိုင်သည်။
“အင်မော်တယ်ဘုရင် ချန်ယွမ်လား”
ဟွမ်ကျစ်ဟူ၏ မျက်လုံးများက တောက်ပသွားသည်။
ကောင်းကင်တစ်သောင်းမြို့တွင် အသန်မာဆုံးလူသည် အင်မော်တယ်ဘုရင်ချန်ယွမ် ဖြစ်သည်။
ဆေးညွှန်းကို အင်မော်တယ်ဘုရင်ဆီသို့ ပေးလိုက်လျှင် အခြေအနေကို ဖြေရှင်းနိုင်ရုံသာမက အင်မော်တယ်ဘုရင်၏ခွန်အားဖြင့် ဟန်မူယဲ့ကို ရှာဖွေနိုင်လိမ့်မည်။
“မရဘူး”
ဟွမ်ကျစ်ဟူက ခေါင်းခါသည်။
‘မရဘူးလား’
ကျောက်ချန်က အံ့အားသင့်သွားသည်။
“အင်မော်တယ်ဘုရင်က တပည့်တွေရဲ့ရန်ပွဲကို ဂရုမစိုက်ဘူး။ ကောင်းကင်တစ်သောင်းမြို့ရဲ့ အင်အားစုတွေကိုလည်း ဂရုမစိုက်ဘူး”
“ကျွန်မတို့က အရာအားလုံးကို ပေးလိုက်မယ်ဆိုရင်တောင် သူ့အမြင်မှာ အသုံးမဝင်တဲ့လူတွေ ဖြစ်နေအုံးမှာပဲ”
ဟွမ်ကျစ်ဟူက ညင်သာစွာပြောသည်။
အင်မော်တယ်ဘုရင်တစ်ပါးကို တခြားလူများက မသိနိုင်ပေ။
ကျောက်ချန်က တွေးကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
အင်မော်တယ်ဘုရင်နှင့် ဆက်သွယ်ရန် မလွယ်ပေ။
“ဦးလေးကျောက်၊ အကြီးအကဲယန်တင်းထျန်ကို ဆက်သွယ်ပေးပါ”
ဟွမ်ကျစ်ဟူက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
‘ယန်တင်းထျန်လား’
သူတို့က ကောင်းကင်တစ်သောင်းမြို့သို့ လာနေသောလမ်းတွင် ယန်တင်းထျန်နှင့် တွေ့ခဲ့သည်။ အကယ်၍ အကူအညီလိုလျှင် ဆက်သွယ်နိုင်သည်ဟု ယန်တင်းထျန်က ပြောခဲ့သည်။
ယခုအချိန်တွင် ယန်တင်းထျန်က စတုတ္ထအလွှာကို လွှမ်းမိုးထားသည်။ ကောင်းကင်နီကမ္ဘာမှ မီးတောက်နီဓားဂိုဏ်း၏ ဓားကျင့်ကြံသူများက လုံလောက်စွာ သန်မာသည်။ ထို့အပြင် ယန်တင်းထျန်နှင့်အတူ အင်မော်တယ်သခင်နှစ်ယောက်လည်း ပါလာသေးသည်။
အင်အားစုများ၏ ခန့်မှန်းချက်အရ ယန်တင်းထျန်သည် ရည်ရွယ်ချက်တစ်ခု ရှိနေလိမ့်မည်။
“ကောင်းပြီ။ ငါက ယန်တင်းထျန်ကို သွားရှာလိုက်မယ်”
ကျောက်ချန်က အသက်ရှူသွင်းပြီး စစ်စခန်းမှ ထွက်သွားသည်။
“ဘုန်း”
စခန်းတွင် ဓားအလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။
“ဝူ ....”
ခရာသံကို ကြားရသည်။
စစ်တပ်က စုစည်းလာခဲ့သည်။
ရွှေမီးတောက်က အပျက်အစီးနယ်မြေမှ ပြန်မလာသေးပေ။ ယွင်သွမ့်က ဖီးနစ်တောအုပ်မြို့ကို ထိန်းချုပ်ရန် လိုအပ်သည်။
တစ်ရက်အကြာတွင် ဓားကျင့်ကြံသူနှစ်သောင်းသည် ဟွမ်ကျစ်ဟူနှင့်အတူ တတိယအလွှာသို့ တက်သွားခဲ့သည်။
“ဘုန်း”
ကွမ်ယွမ်လမ်း၏ တိမ်တိုက်နဂါးစံအိမ်တွင် ဟူယွင်လုံက အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်၏ လက်သီးချက်ကြောင့် နောက်ဆုတ်ပေးလိုက်ရသည်။
သူ့မျက်နှာက ဖြူဖျော့နေပြီး သွေးတစ်လုပ်ကို အန်ထုတ်သည်။ သူ၏ အရှိန်အဝါက လျော့ကျနေသည်။
“ဟူယွင်လုံ၊ မင်းက သူတို့ကို မကာကွယ်နိုင်ပါဘူး”
အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီး၏နောက်တွင် ရွှေရောင်ဝတ်စုံနှင့် ကျင်းယွင်ထျန်းက အံကြိတ်ထားပြီး ကြမ်းတမ်းစွာ ပြောသည်။
“မင်းက ငါ့ကိုယ်ပွားကိုသတ်ပြီး ငါ့အစီအစဉ်ကို ဖျက်ဆီးခဲ့တယ်။ မင်းတို့အားလုံး ပြန်ပြီး ပေးဆပ်ရမယ်”
သူက ဟူယွင်လုံ၏နောက်တွင်ရှိသော တိမ်တိုက်နဂါးစံအိမ်ကို ညွှန်ပြသည်။
တိမ်တိုက်နဂါးစံအိမ်၏ရှေ့တွင် လုကော၊ လင်းရှန်နှင့် တခြားလူများက ဓားကိုင်ထားပြီး အသင့်စောင့်နေကြသည်။
ဟူယွင်လုံ၏မျက်နှာထားက ပြောင်းလဲသွားသော်လည်း နောက်မဆုတ်ပေ။
အကယ်၍ နောက်ဆုတ်ခဲ့လျှင် ယခင်အားထုတ်မှုများအားလုံးက အလကားဖြစ်သွားလိမ့်မည်။
အပျက်အစီးနယ်မြေမှ ဟန်မူယဲ့ယူပေးခဲ့သော အကျိုးအမြတ်များကို ထည့်မတွက်လျှင်ပင် ကျင်းယွင်ထျန်း၏ကိုယ်ပွားနှင့် အင်မော်တယ်သခင်ယွမ်ရှဲ၏ သေဆုံးမှုသည် သူတို့အားလုံးနှင့် သက်ဆိုင်နေသည်။
ဟန်မူယဲ့က အသက်ရှင်လျက် ပြန်ရောက်လာလျှင် စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်များကို ရလိမ့်မည်။
ထို့အပြင် ရွှေအင်မော်တယ်ချွမ်လင်းက ရင်းမြစ်စွမ်းအားကို ပြန်ယူလာပြီး ဂိုဏ်းသို့ ပေးအပ်ခဲ့သည်။
ထိုအကျိုးဆောင်မှုကြောင့် ဂိုဏ်းက ဟန်မူယဲ့၏လူများ သေဆုံးသွားခြင်းကို ထိုင်ကြည့်နေမည်မဟုတ်ပေ။
“ကျင်းယွင်ထျန်း၊ မင်းက အကြီးအကဲကျင်းဝူကို မှီခိုမနေဘူးဆိုရင် ဘာမှမဟုတ်ဘူး”
ဟူယွင်လုံ၏နောက်တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က နှာမှုတ်လိုက်သည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျင်းယွင်ထျန်းက ရယ်မောလျက် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သွေးအငွေ့အသက်ကို ထုတ်လွှတ်သည်။
“မင်းပြောတာမှန်တယ်။ ငါက အကြီးအကဲကျင်းဝူရဲ့ သဘောထားကြောင့် ရောက်လာခဲ့တာပဲ”
“ငါက တိမ်တိုက်နဂါးစံအိမ်ရဲ့ လူတွေနဲ့ ဆေးညွှန်းကို ယူသွားမယ်”
အကြီးအကဲကျင်းဝူ ....
ဟူယွင်လုံနှင့် တခြားလူများက ထိတ်လန့်သွားကြသည်။
အကြီးအကဲကျင်းဝူသည် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။
ထိုလူမျိုးက ဆေးညွှန်းကိုလုယူရန် လှုပ်ရှားခဲ့သည်။
“ဟူယွင်လုံ၊ ဘေးဖယ်နေစမ်း”
ကျင်းယွင်ထျန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး ပေါ့ပါးစွာပြောသည်။
ဟူယွင်လုံ၏ပခုံးများက အနည်းငယ် လှုပ်ခါသွားသော်လည်း နောက်မဆုတ်ခဲ့ပေ။
“တိမ်တိုက်နဂါးစံအိမ်က ငါ့ရဲ့ စီးပွားရေးလည်း ဟုတ်တယ်”
သူက အသက်ပြင်းပြင်းရှူသွင်းပြီး သွေးချီများကို လှုပ်ရှားစေသည်။ မှုန်ဝါးနေသော ပုံရိပ်တစ်ခုသည် သူ့နောက်တွင် ပေါ်လာသည်။
သူက ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ အကျိုးအမြတ်များဖြင့် ကျင့်ကြံခြင်းတိုးတက်လာခဲ့သည်။
ယနေ့တွင် သူက တိုက်ပွဲအတွက် အသင့်ပြင်ထားသည်။ အကယ်၍ ဒဏ်ရာရသွားမည်ဆိုလျှင်ပင် နှလုံးသားတည်ငြိမ်နေသ၍ ထိုက်တန်သည်။
“အင်မော်တယ်သခင်ရဲ့ ဂိုဏ်းတပည့်တစ်ယောက်က ပိုင်ဆိုင်မှုတွေကို အတင်းအကျပ်သိမ်းယူမှာလား ကြည့်ရတာပေါ့”
ဟူယွင်လုံက ဆုံးဖြတ်ထားပုံပေါ်သည်။
ကျင်းယွင်ထျန်းက သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်သည်။
“သခင်လေးယွင်ထျန်း”
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ဦးက ရှေ့တက်လာပြီး ကျင်းယွင်ထျန်းကို တီးတိုးပြောသည်။
ကျင်းယွင်ထျန်းက မျက်ခုံးပင့်လိုက်ပြီး ခပ်ဟဟရယ်သည်။
“ဟားဟား”
ကျင်းယွင်ထျန်းက ဟူယွင်လုံကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“မင်းပြောတာမှန်တယ်။ အင်မော်တယ်သခင်ရဲ့ တပည့်တစ်ယောက်က ပိုင်ဆိုင်မှုတွေကို အတင်းအကျပ် သိမ်းမယူသင့်ဘူး”
သူက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တိမ်တိုက်နဂါးစံအိမ်ကို ကြည့်သည်။
“ညကောင်းကင်မျှော်စင်ရဲ့ ဇောင်ယန်နဲ့ စုကျယ်က ကောင်းကင်တစ်သောင်းမြို့ရဲ့ တည်ငြိမ်မှုကို နှောင့်ယှက်ခဲ့တယ်။ သူတို့ကိုသတ်ဖို့ လူလွှတ်လိုက်ရင် မတားဘူးမဟုတ်လား”
ညကောင်းကင်မျှော်စင် ....
လုကောနှင့် တခြားလူများ၏မျက်နှာထားက ပြောင်းလဲသွားသည်။
“အစ်ကိုဟန်က ဘယ်တော့ပြန်လာမှာလဲမသိဘူး”
တိမ်တိုက်နဂါးစံအိမ်၏ စတုတ္ထထပ်တွင် မူဝမ်က ပြတင်းပေါက်မှတစ်ဆင့် ကြည့်နေပြီး ညင်သာစွာသက်ပြင်းချလျက် ခေါင်းခါသည်။
သူမ၏နောက်တွင် ယွင်ကျင်းနှင့် ပိုင်စုကျန်းက ခေါင်းခါလိုက်ကြသည်။
လွန်ခဲ့သောနှစ်များတွင် ညကောင်းကင်မျှော်စင်သည် တိမ်တိုက်နဂါးစံအိမ်၏ တာဝန်များကို လက်ခံခဲ့သည်။ သူတို့က ဆေးပင်များကို စုဆောင်းပြီး ဆေးလုံးနှင့် ဓားများကို ပို့ဆောင်ပေးကြသည်။
ညကောင်းကင်မျှော်စင်က အတော်လေး အကျိုးအမြတ်ရခဲ့ပြီး အားကောင်းလာသည်။
သူတို့၏ စီးပွားရေးကို အဓိကအားဖြင့် ဇောင်ယန်နှင့် စုကျယ်က ဦးဆောင်ခဲ့သည်။
ညကောင်းကင်မျှော်စင်ကို အင်မော်တယ်သခင်က ထောက်ပံ့ပေးထားသည်။
ယနေ့တွင် ကျင်းယွင်ထျန်းက ညကောင်းကင်မျှော်စင်၏ ဂုဏ်သတင်းကို ဖျက်ဆီးရန် အမှန်တကယ် မလုပ်ချင်ပေ။ သူက ညကောင်းကင်မျှော်စင်ကို အသုံးချပြီး မူဝမ်နှင့် တခြားလူများကို ထွက်လာအောင် တွန်းအားပေးချင်သည်။
အကယ်၍ မူဝမ်တို့က ဇောင်ယန်နှင့် စုကျယ်တို့ကို စွန့်ပစ်လိုက်လျှင် အနာဂတ်တွင် မည်သူက သူတို့နှင့် စီးပွားရေးလုပ်ရဲမည်နည်း။
ညကောင်းကင်မျှော်စင်၏နောက်ကွယ်တွင် အင်မော်တယ်သခင်များ ရှိနေသည်ဟု ပြောသော်လည်း အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများက တတိယအလွှာတွင် မရှိကြတော့ပေ။ သူတို့အားလုံးက စတုတ္ထအလွှာတွင် ရှိနေကြသည်။
စုကျယ်နှင့် ဇောင်ယန်အား သတ်ဖြတ်လိုက်သော လူများကို အင်မော်တယ်သခင်က တိုက်ခိုက်မည်မဟုတ်ပေ။
သူတို့ကိုသတ်ဖြတ်ရန် တာဝန်ထုတ်ပေးလိုက်သောလူက အင်မော်တယ်ဘုရင်၏ တပည့်တစ်ယောက် ဖြစ်သည်။
ဟူယွင်လုံနှင့် ဘေးတွင်ရှိနေသော လူအိုကြီးက အကူအညီမဲ့နေသော မျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့က တိမ်တိုက်နဂါးစံအိမ်ကို ကာကွယ်ပေးနိုင်သော်လည်း ဇောင်ယန်နှင့် စုကျယ်ကို ကာကွယ်ပေးရန် မဖြစ်နိုင်ပေ။
ကျင်းယွင်ထျန်း၏နောက်ကွယ်တွင် သူတို့ရန်မစနိုင်သော ကျင်းဝူ ရှိနေသည်။
ကျင်းယွင်ထျန်းကို တားဆီးထားခြင်းသည် သူတို့၏ အကန့်အသတ် ဖြစ်သည်။
“တကယ်လို့ ငါသာဆိုရင် သူတို့အားလုံးကို သတ်ပစ်လိုက်ပြီ”
လင်းရှန်၏နောက်တွင်ရှိနေသော ရှောက်ထျန်းရီက ဓားရိုးပေါ်တွင် လက်တင်ထားပြီး ညင်သာစွာပြောသည်။
“ဟုတ်တယ်။ ငါလည်း အဲဒီလိုပဲထင်တယ်”
လုကော၏ နှုတ်ခမ်းများက တွန့်သွားသည်။
“မဟုတ်ဘူး။ ဂိုဏ်းတူအစ်ကိုကြီးက ပြန်ရောက်မလာသေးဘူး။ နှိမ့်ချနေတာ ပိုကောင်းတယ်”
လျှိုဟုန်က ခေါင်းခါလိုက်ပြီး သူတို့ကို တားသည်။
“နည်းနည်းလောက် စောင့်ကြည့်ရအောင်။ ငါတို့က သူတို့အားလုံးကို တစ်ချက်တည်း သတ်မပစ်နိုင်ဘူးလေ”
လင်းရှန်က သတ်ဖြတ်လိုစိတ်များဖြင့် တီးတိုးပြောသည်။
သူတို့က ခေါင်းညိတ်လိုက်ကြသည်။
တိမ်တိုက်နဂါးစံအိမ်က တိတ်ဆိတ်နေကြောင်း မြင်လိုက်ရသောအခါတွင် ကျင်းယွင်ထျန်းက ရယ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
“ညကောင်းကင်မျှော်စင်ရဲ့ ဇောင်ယန်နဲ့ စုကျယ်ကိုသတ်ဖြတ်ဖို့ တာဝန်ထုတ်ချင်တယ်။ ဘယ်သူလုပ်မလဲ”
‘တာဝန်လား’
စောင့်ကြည့်နေသော ကျင့်ကြံသူများက စိတ်လှုပ်ရှားနေပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ကျင့်ကြံသူတချို့က ရှေ့ထွက်လာသည်။
စတုတ္ထအလွှာတွင်နေထိုင်သော အင်မော်တယ်ဘုရင်၏ ဂိုဏ်းတပည့်တစ်ယောက်က တာဝန်ထုတ်နေသည်။ သူတို့က အဘယ်ကြောင့် လက်မခံရမည်နည်း။
ညကောင်းကင်မျှော်စင်၏ လူနှစ်ယောက်က သေဆုံးသွားရတော့မည်။
ချက်ချင်းဆိုသလိုပင် မတူညီသော ကျင့်ကြံဆင့်များနှင့် ကျင့်ကြံသူတစ်ရာက ရှေ့တက်လာကြသည်။
ကျင်းယွင်ထျန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်တွင်ရှိသော ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများကို အချက်ပြသည်။ သူတို့က ထိုလူများကို ဦးဆောင်ပြီး ညကောင်းကင်မျှော်စင်သို့ သွားလိမ့်မည်။
“ကျွန်မတို့ တိမ်တိုက်နဂါးစံအိမ်ရဲ့ အရေးကိစ္စမှာ တခြားလူတွေကို ဝင်မပါစေချင်ဘူး”
စတုတ္ထထပ်မှ မူဝမ်၏အသံ ထွက်ပေါ်လာသည်။
အဖြူရောင်ဝတ်စုံနှင့် မူဝမ်က တိမ်တိုက်တစ်ခုသဖွယ် ညင်သာစွာ ဆင်းသက်လာခဲ့သည်။
“နတ်မိမယ်မူ ....”
ဟူယွင်လုံ၏အသံက ပြောင်းလဲသွားသည်။ သူက စကားပြောတော့မည့်အချိန်တွင် မူဝမ်က လက်မြှောက်ပြီး သူ့ကို တားဆီးလိုက်သည်။