အခန်း (၁၀၆၈)
Vol. 77 Ch. 1068
“တကယ် အထင်ကြီးစရာပဲ”
ဟူယွင်လုံ၏ဘေးတွင် ရှိနေသော အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲက တီးတိုးပြောသည်။
ထိုလက်သီးချက်သည် ရုပ်ခန္ဓာစွမ်းအား၏ အထွတ်အထိပ်ကို ဖော်ပြနေသည်။
ကောင်းကင်တစ်သောင်းမြို့တွင် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကို လက်သီးချက်ဖြင့် ဒဏ်ရာပေးနိုင်သောလူများ သိပ်မရှိပေ။
မြေပြင်ပေါ်တွင် လဲကျနေသော ကျင်းယွင်ထျန်းက တစ်ကိုယ်လုံး တုန်ခါသွားသည်။
တိမ်တိုက်နဂါးစံအိမ်တွင် ကျွမ်းကျင်သူများ ရှိနေလိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။
လုကောက သူ့ကို တစ်ချက်တည်း သတ်ပစ်နိုင်သည်။
ယခုအချိန်တွင် တိမ်တိုက်နဂါးစံအိမ်ကို တွန်းအားပေးရန်ရောက်လာသော ကျွမ်းကျင်သူနှစ်ယောက်လုံးက ရှုံးနိမ့်ပြီး ခြေလက်များ ကျိုးသွားကြသည်။
ထိုမြင်ကွင်းကြောင့် လူတိုင်းက အံ့အားသင့်သွားသည်။
“မင်းတို့က ဆရာတူညီလေးကို တိုက်ခိုက်ရဲတယ်ဆိုမှတော့ သေလိုက်ကြတော့”
ပုံရိပ်တစ်ခုသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ဖျတ်ခနဲပေါ်လာသည်။
ထိုလူက ပတ်ဝန်းကျင်ကို ချုပ်နှောင်လိုက်သည်။
သူက ကောင်းကင်နှင့်မြေကြီးကို ချုပ်နှောင်နိုင်သည်အထိ သန်မာရုံသာမက ကောင်းကင်တစ်သောင်းမြို့၏ စွမ်းအားကိုလည်း ထိန်းချုပ်နိုင်သည်။
မြို့၏ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်၊ အင်မော်တယ်ဘုရင်၏တပည့် ဖြစ်သည်။
မြို့၏ အမိန့်အာဏာကို ဆုပ်ကိုင်ထားသော လူတစ်ယောက် ဖြစ်သည်။
“ဆရာဦးလေးကျင်းဝူ ....”
ကျင်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။
“အင်မော်တယ်ဘုရင်ရဲ့တပည့် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ကျင်းဝူပဲ”
“သူပဲ”
မရေမတွက်နိုင်သော လူများက ထိတ်လန့်သွားကြသည်။
အင်မော်တယ်ဘုရင်၏တပည့်က တိမ်တိုက်နဂါးစံအိမ်အတွက် တတိယထပ်သို့ ရောက်လာလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
ထိုလူက ရွှေရောင်ဝတ်စုံနှင့် ကျောက်စိမ်းသရဖူကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာက လေးနက်နေပြီး လက်ထဲတွင် ရွှေရောင်ငါးထပ်စေတီတစ်ခုကို ကိုင်ထားသည်။ သူက ရှေ့သို့ တိုးလိုက်သောအခါတွင် လေပြင်းများ တိုက်ခတ်လာပြီး မိုးခြိမ်းသံကို ကြားရသည်။
“ဆရာဦးလေးကျင်းဝူ ....”
ဟူယွင်လုံက တုန်ခါနေပြီး တီးတိုးပြောသည်။
အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများသည် ကောင်းကင်တစ်သောင်းမြို့တွင် မကြာခဏ ပေါ်မလာတတ်ပေ။ ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ဖြစ်သော ကျင်းဝူက မြို့ထဲတွင် အလွန်အာဏာရှိသည်။
စတုတ္ထထပ်၏ တပည့်အများစုသည် ကျင်းဝူ၏လက်အောက်တွင် ရှိကြသည်။
“ဝီ”
ကျင်းဝူက မရပ်ခဲ့ပေ။ သူ့လက်ထဲတွင်ရှိသော ရွှေရောင်စေတီက လုကော၏ခေါင်းပေါ်သို့ ကျသွားသည်။
ရွှေရောင်စေတီက ပေတစ်ရာအထိ ကြီးမားလာပြီး ရွှေအလင်းကို ထုတ်လွှတ်သည်။ ရွှေအလင်းက ချည်မျှင်များအဖြစ် ပြောင်းလဲသွားပြီး လုကောကို ပိုးအိမ်တစ်ခုအဖြစ် ရစ်ပတ်သည်။ ထို့နောက် စေတီထဲသို့ ဆွဲသွင်းလိုက်သည်။
“အင်မော်တယ်ဖိနှိပ်ခြင်းစေတီ၊ အဲဒီအထဲကို ဆွဲသွင်းခံလိုက်ရတဲ့ လူတိုင်းက ပြာကျသွားလိမ့်မယ်။ ပြီးတော့ ဝိညာဉ်က ရွှေရောင်ပုလဲလုံးအဖြစ် စုစည်းသွားလိမ့်မယ်”
အဝေးတစ်နေရာတွင်ရှိသော လူတစ်ယောက်က ထိတ်လန့်စွာပြောသည်။
ကောင်းကင်တစ်သောင်းမြို့တွင် အင်မော်တယ်ဖိနှိပ်ခြင်းစေတီသည် မြို့၏ အမိန့်အာဏာနှင့် အင်မော်တယ်ဘုရင်၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်။
အင်မော်တယ်ဖိနှိပ်ခြင်းစေတီသည် သာမန်အင်မော်တယ်ရတနာ မဟုတ်ပေ။
ဟူယွင်လုံနှင့် ဘေးတွင်ရှိသော အင်မော်တယ်ဘုရင်၏တပည့်က ဖြူဖျော့သွားသည်။
အင်မော်တယ်ဖိနှိပ်ခြင်းစေတီက ဤနေရာတွင် ပေါ်လာသောကြောင့် သူတို့၏ နောက်ကွယ်တွင်ရှိသော အင်အားစုက ရှုံးနိမ့်သွားကြောင်း သိနိုင်သည်။
သူတို့ စီစဉ်ထားခဲ့သော စတုတ္ထအလွှာသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကလည်း ပျောက်ကွယ်သွားသည်။
“အင်မော်တယ်ဖိနှိပ်ခြင်းစေတီတဲ့လား”
တည်ငြိမ်နေသော လင်းရှန်က ရှေ့သို့ တစ်လှမ်းတိုးသည်။
ထိုခြေလှမ်းကြောင့် လူတိုင်းက ထိတ်လန့်သွားကြသည်။
ပေတစ်သောင်းပတ်ဝန်းကျင်ကို ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ၏ စွမ်းအားနှင့် မြို့၏ အမိန့်အာဏာကို အသုံးပြုပြီး ချုပ်နှောင်ထားသည်။
အင်မော်တယ်သခင်များကပင် လှုပ်ရှားရန် ခက်ခဲနေလိမ့်မည်။
သို့သော် လင်းရှန်က လှုပ်ရှားနိုင်ခဲ့သည်။
‘သူက အင်မော်တယ်သခင်လား’
မရေမတွက်နိုင်သော လူများက လင်းရှန်ကို ကြည့်လိုက်ကြသည်။
ကျင်းဝူ၏ မျက်နှာထားကလည်း လေးနက်နေသည်။
လင်းရှန်က ဖြည်းဖြည်းချင်း ဓားဆွဲထုတ်သည်။
သူက အလွန်နှေးသည်။
အလွန်နှေးကွေးနေသောကြောင့် တခြားလူများက ကူညီပြီး ဓားကို ဆွဲထုတ်ပေးချင်မိသည်။
သို့သော် ဓားဆွဲထုတ်လိုက်သော လုပ်ရပ်ကြောင့် ကျင်းဝူ၏ မျက်နှာထားက ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကလည်း တုန်ခါနေသည်။
“ဝီ”
လူတိုင်းက လောက၏ ငိုကြွေးသံကို ကြားလိုက်ရသည်။
ကောင်းကင်နှင့်မြေကြီးက တောင်းပန်နေသည်။
ထိုဓားသည် ကောင်းကင်နှင့်မြေကြီးကို ခြိမ်းခြောက်နိုင်ခဲ့သည်။
“ဘုန်း”
လင်းရှန်က ဓားကို ဆွဲထုတ်ပြီး ရှေ့သို့ ညွှန်ပြသည်။
ဓားဆွဲထုတ်နေသောပုံစံနှင့် ယှဉ်လိုက်လျှင် ထိုဓားချက်က အလွန်လျင်မြန်သောကြောင့် ပတ်ဝန်းကျင်တွင်ရှိနေသော လူများက သွေးအန်ချင်သွားသည်။
ဓားသည် အင်မော်တယ်ဖိနှိပ်ခြင်းစေတီနှင့် ထိတွေ့သွားသည်။ စေတီပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။
ထိုအက်ကွဲကြောင်းများကြောင့် ပတ်ဝန်းကျင်ကို ချုပ်နှောင်ထားသော စွမ်းအားက ပျောက်ကွယ်သွားသည်။
စေတီထဲသို့ ဆွဲသွင်းခံနေရသော လုကောကလည်း ဖြည်းဖြည်းချင်း ပြန်ကျလာသည်။
လင်းရှန်၏ဓားက ချုပ်နှောင်ထားသောစွမ်းအားကို ဖျက်ဆီးလိုက်သည်။ သူက ဓားဖြင့် မျက်နှာထားပျက်ယွင်းနေသော ကျင်းဝူကို ညွှန်ပြလိုက်ပြီး ပြောသည်။
“ဒီနေရာမှာ တိုက်ခိုက်တာ မကောင်းဘူး။ မြို့ပြင်ကို သွားမယ်”
ထို့နောက် သူက ခြေတစ်လှမ်းဖြင့် ကောင်းကင်ထက်သို့ ရောက်သွားသည်။
ကျင်းဝူ၏မျက်နှာထားက ပြောင်းလဲသွားသည်။ သို့သော် သူက နောက်ဆုံးတွင် လင်းရှန်၏နောက်သို့ လိုက်သွားခဲ့သည်။
လင်းရှန်က ကောင်းကင်တစ်သောင်းမြို့၏ အမိန့်အာဏာအား ကိုင်ဆွဲထားသော အင်မော်တယ်ဘုရင်၏တပည့်ကို စိန်ခေါ်တော့မည်။
တိမ်တိုက်နဂါးအိမ်၏ အပြင်ဘက်တွင် တခြားလူများ၏ မျက်နှာထားက ထူးဆန်းနေကြသည်။
‘သူတို့က ရဲတင်းလိုက်တာ’
“ဘုန်း”
ကောင်းကင်ထက်တွင် လျှပ်စီးကြောင်းနှင့် ဓားအလင်းများသည် အမှောင်ထုကို ထိုးခွဲလိုက်သည်။
လူတိုင်းက ခေါင်းမော့ကြည့်လိုက်သည်။
‘တိမ်တိုက်နဂါးစံအိမ်ရဲ့ ကျွမ်းကျင်သူက အင်မော်တယ်ဘုရင်ရဲ့တပည့်ကို အနိုင်ရသွားခဲ့ရင် ဘာဖြစ်လာမှာလဲ’
“အရင်ဆုံး သူတို့ကို ဖမ်းလိုက်”
ကျယ်လောင်သောအော်သံ ပေါ်ထွက်လာသည်။
အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူနှစ်ယောက်၏ အကူအညီကို ယူထားရသော ကျင်းယွင်ထျန်းက အံကြိတ်လိုက်ပြီး အော်ပြောသည်။
သူ့နောက်တွင်ရှိသော လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ ရှေ့တက်လာသည်။
တိမ်တိုက်နဂါးစံအိမ်သည် လူနည်းသော်လည်း ကျွမ်းကျင်သူများ ဖြစ်ကြသည်။
လင်းရှန်က ဤနေရာတွင် မရှိသော်လည်း လုကောနှင့် တခြားလူများ ကျန်နေသေးသည်။
“မင်းတို့က သေချင်နေတာပဲ”
ကောင်းချန်ကုန်းက စိတ်မရှည်သော မျက်နှာထားဖြင့် အေးစက်စွာ နှာမှုတ်လိုက်သည်။
လုကော၏ပုံရိပ်က မှုန်ဝါးနေပြီး အနက်ရောင်ဓားက ပြန်ပေါ်လာသည်။
မြို့ထဲတွင် သတ်ဖြတ်မှုကို တားမြစ်ထားသော်လည်း လူတိုင်းက စည်းကမ်းလိုက်နာမည်မဟုတ်ပေ။
ကောင်းကင်တစ်သောင်းမြို့တွင် လူအများအပြားက စည်းကမ်းချိုးဖောက်ထားသည်။
“ဝီ”
ဓားရှည်တစ်လက် ကျဆင်းလာပြီး လေထုထဲတွင် ရစ်ဝဲနေသည်။
မူဝမ်က မျက်ခုံးပင့်လိုက်ပြီး ပြောသည်။
“ကျစ်ဟူ”
ထိုဓားသည် ဟွမ်ကျစ်ဟူ၏ဓား ဖြစ်သည်။
ထိုဓားသည် အလွန်အားကောင်းသော အင်မော်တယ်ရတနာဖြစ်ပြီး ဟန်မူယဲ့က ပေးခဲ့သည်။
“ဟမ့်၊ ဘယ်သူက ငါ့အဒေါ်ကို နှောင့်ယှက်ရဲတာလဲ”
ဟွမ်ကျစ်ဟူ၏အသံ ပေါ်ထွက်လာပြီး လေထုကို လှိုင်းထသွားစေသည်။ အနက်ရောင်ချပ်ဝတ်နှင့် ဓားကျင့်ကြံသူစစ်တပ်က ပတ်ဝန်းကျင်တွင် လျင်မြန်စွာာ နေရာယူလိုက်သည်။
အနက်ရောင်ချပ်ဝတ်နှင့် အစိမ်းရောင်ဓားများ ....
လူတိုင်း၏ မျက်နှာထားက လေးနက်နေသည်။
ဓားကျင့်ကြံသူနှစ်သောင်းလုံးသည် ဟွမ်ကျစ်ဟူ၏ တိုက်ရိုက်တပည့်များ ဖြစ်ကြသည်။
သူတို့အားလုံးက အနည်းဆုံး ဝိညာဉ်ရတနာသုံးခုကို ပိုင်ဆိုင်ထားပြီး ဓားနည်းစနစ်နှင့် ဝင်္ကပါကို ရှစ်နှစ်ကြာအောင် လေ့ကျင့်ခဲ့သည်။
သူတို့က ကောင်းကင်တစ်သောင်းမြို့၏ အဆင့်အနိမ့်ဆုံးလူများ ဖြစ်ခဲ့ကြသည်။
ယခင်က သူတို့သည် ပုရွက်ဆိတ်များကဲ့သို့ အားနည်းသည်။
သို့သော် ဖီးနစ်တောအုပ်ခံတပ်က သူတို့ကို အခွင့်အရေးပေးခဲ့သည်။ ခေါင်းဆောင်ကျစ်ဟူက သူတို့ကို ဦးဆောင်ခဲ့သည်။
သူတို၏အသက်သည် သူတို့အပိုင် မဟုတ်တော့ပေ။
သူတို့၏ ဓားများကသာ သူတို့၏အသက် ဖြစ်သည်။
ဓားကျင့်ကြံသူများက တိမ်တိုက်နဂါးစံအိမ်ကို ချက်ချင်း ကာကွယ်ထားလိုက်သည်။
“ဒေါ်လေးဝမ်၊ အဆင်ပြေရဲ့လား”
ဟွမ်ကျစ်ဟူက စိုးရိမ်နေသော မျက်နှာထားဖြင့် မူဝမ်၏ဘေးသို့ ရောက်လာသည်။
“ငတုံးမလေး၊ ငါတို့က ဘာဖြစ်နိုင်မှာလဲ”
မူဝမ်က တခစ်ခစ်ရယ်လိုက်ပြီး ဟွမ်ကျစ်ဟူ၏နဖူးကို ထိသည်။
“နင့်ရဲ့မွေးစားအဖေက နင့်ပုံစံကို မြင်လိုက်ရင် ဆူတော့မှာပဲ”
ထိုစကားများကြောင့် ဟွမ်ကျစ်ဟူက မျက်နှာပျက်သွားသည်။
“ဒါက ပုန်ကန်တာပဲ ....”
တားဆီးခံလိုက်ရသော ကျင့်ကြံသူများက ထိတ်လန့်နေပြီး တီးတိုးပြောသည်။
ကောင်းကင်တစ်သောင်းမြို့တွင် တစ်ယောက်ယောက်က ပုန်ကန်ရဲလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
အင်မော်တယ်ဘုရင်၏ လက်အောက်တွင်ရှိသော တပည့်များကို စစ်တပ်ဖြင့် ဝိုင်းရံထားသည်။ ထိုအပြုအမူသည် ပုန်ကန်ခြင်း ဖြစ်သည်။
ဟူယွင်လုံနှင့် တခြားလူများက လမ်းပျောက်နေကြသည်။
လူအရေအတွက်ကို အားကိုးပြီး တိမ်တိုက်နဂါးစံအိမ်ကို ဖျက်ဆီးရန်ကြိုးစားနေသော ကျင်းယွင်ထျန်းနှင့် တခြားလူများက ကြောင်အသွားကြသည်။
ယခုအချိန်တွင် သူတို့က လူအင်အားနည်းသွားသည်။
‘ဒါကို ဘယ်လိုရင်ဆိုင်ရမလဲ’
‘နောက်ဆုတ်ရမလား’
အကယ်၍ နောက်ဆုတ်ခဲ့လျှင် ဟာသဖြစ်သွားလိမ့်မည်။
နောက်ဆုတ်ခဲ့သော လူများက အင်မော်တယ်ဘုရင်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် အပြစ်ပေးခံရလိမ့်မည်။
ချက်ချင်းဆိုသလိုပင် လူတိုင်း၏မျက်နှာထားက လေးနက်သွားသည်။ သို့သော် မည်သူမှ နောက်မဆုတ်ရဲကြပေ။
ဟွမ်ကျစ်ဟူက နှာမှုတ်လိုက်ပြီး ဓားရိုးပေါ်တွင် လက်တင်ထားသည်။
သူမက သတ်ဖြတ်ခြင်းဆန္ဒကို ဖြည်းဖြည်းချင်း စုစည်းသည်။
ကံကောင်းစွာဖြင့် သူမက အချိန်မီရောက်လာသည်။ ထိုသို့မဟုတ်လျှင် တိမ်တိုက်နဂါးစံအိမ်က ဝိုင်းရံခံရလိမ့်မည်။
အကယ်၍ ဒေါ်လေးဝမ်နှင့် တခြားလူများ ထိခိုက်သွားလျှင် သူမ၏ မွေးစားအဖေကို စိတ်ပျက်စေလိမ့်မည်။
သူမက ဓားရိုးကို ဆုပ်ကိုင်ထားပြီး မျက်လုံးများ အေးစက်လာသည်။
ဓားကျင့်ကြံသူနှစ်သောင်းက တိုက်ခိုက်ခြင်းဆန္ဒကို ထုတ်ဖော်လိုက်သည်။
သူတို့က ဟွမ်ကျစ်ဟူ၏ဓား ဖြစ်သည်။
“ဘုန်း”
ကောင်းကင်ထက်တွင် ပေါက်ကွဲသံကို ကြားရသည်။
မှိန်ဖျော့သောဓားအလင်း ဖြတ်ပြေးသွားသည်။ ထို့နောက် ရွှေရောင်စေတီက ကျိုးပဲ့သွားပြီး ပြုတ်ကျလာသည်။
အင်မော်တယ်ဖိနှိပ်ခြင်းစေတီက ပျက်စီးသွားခဲ့သည်။
အင်မော်တယ်ဘုရင်၏တပည့် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင်းဝူက တိမ်တိုက်နဂါးစံအိမ်၏ ကျွမ်းကျင်သူကို အနိုင်မရခဲ့ပေ။
ကောင်းကင်ထက်တွင် ပုံရိပ်များပေါ်လာသည်။
ဤနေရာသည် ကောင်းကင်တစ်သောင်းမြို့ ဖြစ်သည်။
ဤနေရာတွင် အင်မော်တယ်ဖိနှိပ်ခြင်းစေတီကို ဖျက်ဆီးလိုက်သောလူက အင်မော်တယ်ဘုရင်၏ ဂုဏ်သိက္ခာကို စိန်ခေါ်နေခြင်း ဖြစ်သည်။