အခန်း (၁၀၇၅)
Vol. 77 Ch. 1075
“ကျူးဟွမ်က ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့အတွက် ကောင်းကင်တစ်သောင်းမြို့မှာ တံခါးပိတ်ကျင့်ကြံနေရမယ်”
“ဆယ့်နှစ်ရဲ့သတင်းကြောင့်သာမဟုတ်ရင် ငါက ဒီကိစ္စကို သိလိုက်မှာမဟုတ်ဘူး။ တကယ့်ကို ခွင့်မလွှတ်နိုင်စရာပဲ”
အင်မော်တယ်ဘုရင်ချန်ယွမ်၏ လေသံက မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသည်။
သူ့စကားကြောင့် လူတိုင်းက စိတ်ရှုပ်သွားကြသည်။
‘ကောင်းသွမ်ယွဲ့က သစ္စာဖောက်လား’
‘ဝူဆယ့်နှစ်က အဲဒီလို ပြောလိုက်တာလား’
‘ဆရာ့ကို ဘာသတင်းတွေပို့လိုက်တာလဲ’
အင်မော်တယ်ဘုရင်ချန်ယွမ်က တခြားလူများကို တွေးတောရန် အခွင့်အရေးမပေးချင်သည့်အလား ဂရုမစိုက်စွာ ပြောသည်။
“ငါက ကျင့်ကြံမှုပြီးဆုံးဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ဆယ်နှစ်အတွင်း ပြန်လာခဲ့မယ်”
“ဆယ့်နှစ်က ကောင်းကင်တစ်သောင်းမြို့ကို ထိန်းချုပ်ထားလိမ့်မယ်”
ထို့နောက် သူက ရွှေရောင်အင်းကွက်အဖြစ် ပြန်ပြောင်းပြီး ပျောက်ကွယ်သွားသည်။
“ဒါနဲ့ ဟန်မူယဲ့က ရင်းမြစ်စွမ်းအားကို ပေးအပ်ပြီး အကျိုးဆောင်ခဲ့တယ်။ ကျန်းယန်မျှော်စင်ရဲ့ အခြေခံအုတ်မြစ်ကို ပေးလိုက်ပါ”
လေဟာနယ်ထဲတွင် မှိန်ဖျော့သောအသံကိုသာ ကြားနိုင်တော့သည်။
ထိုအသံ ပျောက်ကွယ်သွားသောအခါတွင် အင်မော်တယ်သခင်ကျူးဟွမ်က မှုန်မှိုင်းနေသောမျက်နှာထားဖြင့် ခေါင်းမော့ကြည့်သည်။
သူ့နောက်တွင်ရှိသော ဆံပင်ဖြူ၊ ရွှေရောင်သရဖူနှင့် အင်မော်တယ်သခင်ပိုင်ကျီက မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ဆရာက မြို့ကို ထိန်းချုပ်ဖို့ ဝူဆယ့်နှစ်ကို တာဝန်ပေးလိုက်တာလား”
“ဝူဆယ့်နှစ်က ဆရာရှေ့မှာ ငါတို့ကို ချောက်တွန်းခဲ့တာပဲ ဖြစ်လိမ့်မယ်”
ဘေးတွင်ရှိနေသော အင်မော်တယ်သခင်ကျစ်ယန်က အေးစက်သောမျက်နှာထားဖြင့် ပြောသည်။
တခြားလူများက ခေါင်းခါလိုက်ပြီး အင်မော်တယ်သခင်ကျူးဟွမ်ကို အကူအညီမဲ့စွာ ကြည့်သည်။
သူတို့၏ဆရာက အင်မော်တယ်ဘုရင်ဖြစ်ပြီး ကောင်းကင်တစ်သောင်းမြို့ကို ပိုင်ဆိုင်သည်။
သူပြောလိုက်သော စကားတိုင်းက အမိန့်ဖြစ်သည်။
သူတို့က မနာခံပဲ မနေရဲကြပေ။
ထို့အပြင် ကောင်းကင်တစ်သောင်းမြို့၏ ဝင်္ကပါအား ထိန်းချုပ်နိုင်သော မိစ္ဆာဖိနှိပ်ခြင်းကျိုင်းတုတ်ကို တိုက်ရိုက်ပြန်မသိမ်းပဲ အင်မော်တယ်သခင်ကျူးဟွမ်ကို တံခါးပိတ်ကျင့်ကြံရန် အပြစ်ပေးခြင်းဖြင့် ညှာတာမှုပြခဲ့သည်။
“အစ်ကိုသုံး၊ ဆရာ့အမိန့်ကို လွန်ဆန်ဖို့ မဖြစ်နိုင်ဘူး ....”
နောက်ကျောတွင် ဓားတစ်လက်သယ်ထားသော အင်မော်တယ်သခင်ရှန်းယောင်က သက်ပြင်းချသည်။
သူက အင်မော်တယ်ဘုရင်၏ ငါးယောက်မြောက်တပည့် ဖြစ်သည်။ အကယ်၍ ဝါစဉ်အတိုင်းဆိုလျှင် ကျူးဟွမ် တံခါးပိတ်ကျင့်ကြံနေသောအချိန်တွင် သူက ကောင်းကင်တစ်သောင်းမြို့ကို ထိန်းချုပ်သင့်သည်။
သို့သော် ဝူဆယ့်နှစ်က ဆရာ့ကို သတင်းပို့ပြီး အကျိုးအမြတ်ယူခဲ့သည်။
“ငါက တံခါးပိတ်ကျင့်ကြံတော့မယ်။ မင်းတို့က ကျန်တဲ့ကိစ္စတွေအတွက် ဝူဆယ့်နှစ်ကို သွားရှာနိုင်တယ်”
အင်မော်တယ်သခင်ကျူးဟွမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်လှည့်မကြည့်ပဲ ပျောက်ကွယ်သွားသည်။
လူတိုင်းက ရှုပ်ထွေးသောမျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းခါသည်။
ဤတစ်ကြိမ်တွင် အင်မော်တယ်ဘုရင်၏ တပည့်များဖြစ်သော သူတို့က မျက်နှာပျက်ခဲ့ရသည်။
“ဆရာပြန်လာတာ ကံကောင်းလို့ပဲ။ ဆရာပြန်လာရင် အရာအားလုံးကို ဖိနှိပ်နိုင်လိမ့်မယ်”
အင်မော်တယ်သခင်ဝူရှန်းက ညင်သာစွာ ပြောသည်။
“အစ်ကိုသုံးက ဆရာပြန်လာလို့ ဒေါသထွက်နေတာလေ”
ဘေးတွင်ရှိသော အင်မော်တယ်သခင်ပိုင်ကျီက ခေါင်းခါလိုက်ပြီး ပျံထွက်သွားသည်။
“ကောင်းသွမ်ယွဲ့ရဲ့ ရင်းမြစ်စွမ်းအားက အစ်ကိုသုံးရဲ့လက်ထဲမှာ ရှိနေတယ်။ ဟားဟား ....”
အင်မော်တယ်သခင်ရှန်းယောင်က ရယ်မောလိုက်ပြီး ပျောက်ကွယ်သွားသည်။
တချို့ကိစ္စများကို မပြောပဲထားလျှင် ပိုကောင်းသည်။
အစ်ကိုသုံးကလည်း သစ္စာမရှိပေ။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပျောက်ကွယ်သွားကြသည်။
ထိုအချိန်တွင် အင်မော်တယ်သခင်ကျူးဟွမ်က မြို့အပြင်ဘက်သို့ ရောက်လာသည်။ သူက မြူခိုးဖြင့် လွှမ်းခြုံထားသော ပဥ္စမအလွှာကို ကြည့်လိုက်သည်။
သူ့မျက်လုံးများက အေးစက်နေပြီး အင်မော်တယ်ဘုရင်ချန်ယွမ်ကို လေးစားမှုမရှိတော့ပေ။
“မင်းက ဘာဖြစ်လို့ ပြန်လာတာလဲ။ ဘာဖြစ်လို့ ပြန်လာရတာလဲ”
သူက အံကြိတ်ထားပြီး ဖိနှိပ်ရန် ခက်ခဲသော သေဆုံးခြင်းနှင့် တိတ်ဆိတ်ခြင်းစွမ်းအားသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ဖြတ်ပြေးသွားသည်။
....
အဖြူနှင့်အစိမ်း အင်မော်တယ်အလင်းသည် အာကာသထဲတွင် ပေါက်ကွဲထွက်လာသည်။ ထို့နောက် အစိမ်းရောင်ဝတ်စုံနှင့် ဝူကျန်း၊ ဝူဆယ့်နှစ် ပေါ်လာခဲ့သည်။
ဝူကျန်းက နေရာတွင်ရပ်နေပြီး ရှေ့တွင်ရှိသော ချောက်နက်ကို ကြည့်သည်။
ကောင်းကင်တစ်သောင်းချောက်နက်တွင် သေဆုံးခြင်းနှင့် တိတ်ဆိတ်ခြင်းစွမ်းအားက လှုပ်ရှားနေပြီး အနက်ရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ထိုအနက်ရောင်ပုံရိပ်၏ လက်ထဲတွင် ထူးခြားသော အစိမ်းရောင်အလင်းလုံးတစ်ခု ရှိသည်။
အကယ်၍ ကျူးဟွမ်နှင့် တခြားလူများက ဤနေရာတွင် ရှိနေလျှင် အံ့အားသင့်သွားကြလိမ့်မည်။
အလင်းလုံးသည် အင်မော်တယ်ဘုရင်ချန်ယွမ်ကို ပေးအပ်လိုက်သော ရင်းမြစ်စွမ်းအား ဖြစ်သည်။ သို့သော် အနက်ရောင်ပုံရိပ်က ကိုင်ထားခဲ့သည်။
“ဝီ”
အနက်ရောင်ပုံရိပ်က လက်မြှောက်ပြီး အလင်းလုံးကို လွှတ်ပေးသည်။
အလင်းလုံးနှင့်အတူ အစိမ်းရောင်တံဆိပ်ပြားတစ်ခုလည်း ရှိနေသည်။
“ငါက ဒီတံဆိပ်ပြားကို ပြန်ပေးလိုက်မယ်။ ရင်းမြစ်စွမ်းအားကလည်း ယွင်လန်ဓားအင်မော်တယ်ရဲ့ လက်ဆောင်ပါ”
အနက်ရောင်ပုံရိပ်၏အသံက သတ္တုသံထွက်နေသည်။
ရုပ်သေးရုပ် ....
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် ....
အနက်ရောင်ပုံရိပ်သည် ဟန်မူယဲ့ကို စောင့်ကြပ်နေသော နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ် ဖြစ်သည်။
ဝူကျန်းက ရင်းမြစ်စွမ်းအားနှင့် ကောင်းကင်တစ်သောင်းမြို့၏ အမိန့်အာဏာအား ကိုယ်စားပြုသော တံဆိပ်ပြားကို သိမ်းလိုက်သည်။ သူက ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး သက်ပြင်းချသည်။
“မင်းရဲ့နည်းလမ်းတွေက တကယ်ထူးခြားတာပဲ. ငါက မင်းရဲ့ပြောင်းလဲမှုကို ကိုယ်တိုင်မမြင်ခဲ့ရင် ငါ့ဆရာအစစ် ရောက်လာတယ်လို့ ထင်မိလိမ့်မယ်”
ကျူးဟွမ်နှင့် တခြားလူများ၏ရှေ့တွင် ပေါ်လာသော အင်မော်တယ်ဘုရင်ချန်ယွမ်သည် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ အသွင်ပြောင်းခြင်း ဖြစ်သည်။
ရုပ်သေးရုပ်၏ နည်းစနစ်များက အမြဲပြောင်းလဲနေသည်။
သူက ဝူကျန်း၏တံဆိပ်ပြားကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး အင်မော်တယ်ဘုရင်ချန်ယွမ်နှင့် ရင်းနှီးသော ကျူးဟွမ်နှင့် တခြားလူများကိုပင် လှည့်စားနိုင်ခဲ့သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က နေရာတွင် ရပ်နေပြီး ပြန်မပြောခဲ့ပေ။
ဝူကျန်းက ရယ်လိုက်ပြီး ခေါင်းညိတ်သည်။
“တာအိုရောင်းရင်း၊ စိတ်မပူပါနဲ့။ ကောင်းကင်တိုင်းတာခြင်းပေတံက ပဥ္စမအလွှာမှာ ရှိနေရင် ငါက ယွင်လန်ဓားအင်မော်တယ်ကို သေချာပေါက် ပေးလိုက်ပါ့မယ်”
“မြို့မှာရှိတဲ့ ယွင်လန်ဓားအင်မော်တယ်ရဲ့ လူတွေကိုလည်း အစွမ်းကုန် စောင့်ရှောက်ထားလိုက်မယ်။ သူတို့ကို ပြဿနာမဖြစ်စေရဘူး”
သူက ကောင်းကင်တစ်သောင်းမြို့သို့ လှမ်းကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းလျက် တီးတိုးပြောသည်။
“ကျူးဟွမ်က ငြိမ်ငြိမ်နေမှာမဟုတ်ဘူး”
“အင်မော်တယ်ဘုရင်ချန်ယွမ်က ဆယ်နှစ်ကြာရင် ပြန်လာမယ်လို့ ပြောခဲ့တဲ့အတွက် သူက ပဥ္စမအလွှာကို ဆယ်နှစ်အတွင်း ခိုးဝင်နိုင်အောင် ကြိုးစားလိမ့်မယ်”
“ငါတို့က အဲဒီအခွင့်အရေးကို စောင့်နေဖို့ပဲ လိုအပ်တယ်”
ထို့နောက် သူက ခေါင်းငုံ့လိုက်ပြီး တီးတိုးပြောသည်။
“ဆရာက ပြန်လာနိုင်မလား ငါသိချင်မိတယ်”
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ဝူကျန်းနှင့် အချိန်ကြာမြင့်စွာ မနေခဲ့ပေ။ လက်သီးချက်ဖြင့် လေဟာနယ်ကို ထိုးခွဲပြီး ပျောက်ကွယ်သွားသည်။
သူက ရုပ်သေးရုပ်ဖြစ်ပြီး ထိုလှည့်ကွက်များကို စိတ်မဝင်စားပေ။
ဟန်မူယဲ့ပြောလိုက်သော အရာကို လုပ်ဆောင်ရန်သာ လိုအပ်သည်။
ရုပ်သေးရုပ် ပျောက်ကွယ်သွားသောအခါ ဝူကျန်း၏ မျက်နှာထားက လေးနက်လာသည်။
“ဒီရုပ်သေးရုပ်က နတ်ဘုရားကမ္ဘာကနေ ရောက်လာတာလား”
....
သေဆုံးခြင်းနှင့် တိတ်ဆိတ်ခြင်းစွမ်းအားသည် ကောင်းကင်ချောက်နက်တွင် သွယ်ယှက်နေသည်။
ဓားရှည်ကိုင်ထားသော ယန်တင်းထျန်က လျင်မြန်စွာ ရွေ့လျားနေသည်။
သူက ကျူးဟွမ်၏ မိစ္ဆာဖိနှိပ်ခြင်းကျိုင်းတုတ်ကြောင့် ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
အရေးအကြီးဆုံးအနေဖြင့် သူ၏ လက်ထဲတွင်ရှိသော ကောင်းကင်နေမင်းဓားက မိစ္ဆာဖိနှိပ်ခြင်းကျိုင်းတုတ်ကြောင့် ထိခိုက်သွားသည်။
ထို့ကြောင့် သူက အမှန်တကယ် စိတ်ဓာတ်ကျနေသည်။
သူက ပျံသန်းနေသောအချိန်တွင် မျက်နှာထား ပြောင်းလဲသွားသည်။
“ဘယ်သူလဲ”
သူက လွင့်မျောနေသော ပေတစ်သောင်းကြီးမားသည့် ကျောက်ဆောင်ပေါ်တွင် ရပ်တန့်လိုက်သည်။ သူက မျက်ခုံးပင့်ပြီး အော်ဟစ်သည်။
သူက ဓားဖြင့် ရှေ့သို့ ညွှန်ပြသည်။
“ယွင်လန်ဓားအင်မော်တယ်က မင်းကို တွေ့ချင်နေတယ်”
သတ္တုသံနှင့်ဆင်တူသော စကားသံကို ကြားလိုက်ရသည်။
အနက်ရောင်ချပ်ဝတ်နှင့် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်သည် ကျောက်ဆောင်၏အနောက်ဘက်မှ ပေါ်ထွက်လာခဲ့သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို မြင်လိုက်ရသောအခါတွင် ယန်တင်းထျန်၏ မျက်နှာထားက ပြောင်းလဲသွားသည်။
“ယွင်လန်ဓားအင်မော်တယ်က မဟူရာချပ်ဝတ်ဂိုဏ်းကလား”
ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာတွင် မဟူရာချပ်ဝတ်ဂိုဏ်းကသာ ကမ္ဘာဦးရုပ်သေးရုပ်များကို ပိုင်ဆိုင်သည်။
ရုပ်သေးရုပ်က စကားပြောရန် ဆန္ဒမရှိပဲ လက်သီးဆုပ်၍ ထိုးချလိုက်သည်။
“ဘုန်း”
အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
ထိုလက်သီးချက်ကြောင့် ယန်တင်းထျန်၏ မျက်ဆန်များက ကျုံ့ဝင်သွားသည်။
‘အားကောင်းလိုက်တာ’
သန့်စင်သောခွန်အား ဖြစ်သည်။ ချောက်နက်၏စွမ်းအားက ရုပ်သေးရုပ်ကို မဖိနှိပ်နိုင်ပေ။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က အက်ကွဲကြောင်းထဲသို့ ဝင်သွားသည်။
ယန်တင်းထျန်က အနည်းငယ် တုံ့ဆိုင်းနေပြီး နောက်မှ လိုက်သွားသည်။
အက်ကွဲကြောင်းထဲတွင် ဖြစ်သည်။
လေဟာနယ်ကို ထိုးဖောက်လိုက်လျှင် ဗလာနယ်မြေသို့ ရောက်သွားလိမ့်မည်။
သူတို့က တွန့်ခေါက်နေသော လေဟာနယ်မှတစ်ဆင့် မိုင်ထောင်ချီအကွာအဝေးသို့ သွားနိုင်သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က လက်သီးချက်ဖြင့် လေဟာနယ်အတားအဆီးကို ဆက်တိုက် ဖျက်ဆီးနေသည်။
သူတို့က မိုင်ထောင်ချီအကွာအဝေးတွင် ပြန်ပေါ်လာကြသည်။
နှစ်ရာရီအတွင်း၌ ယန်တင်းထျန်က ကောင်းကင်တစ်သောင်းချောက်နက်၏ အောက်ခြေသို့ ရောက်လာသည်။
အနက်ရောင်တောင်တန်းတစ်ခု၏ရှေ့တွင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ရပ်တန့်လိုက်ပြီး ပျောက်ကွယ်သွားသည်။
ယန်တင်းထျန်က မော့ကြည့်လိုက်ပြီး မီးခိုးရောင်ဝတ်စုံနှင့် ရပ်နေသော ဟန်မူယဲ့ကို မြင်ရသည်။
“ဂိုဏ်းချုပ်ယန်၊ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”
ဟန်မူယဲ့က ခပ်ဟဟရယ်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
ယန်တင်းထျန်က ဟန်မူယဲ့ကို ကြည့်သည်။ သူက အံ့အားသင့်နေသည်။
“မင်း ....”
ထိုအချိန်တွင် သူက ဟန်မူယဲ့၏ ကျင့်ကြံဆင့်နှင့် အငွေ့အသက်ကို မမြင်နိုင်တော့ပေ။
‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
သူက အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်များကိုပင် ထွင်းဖောက်မြင်နိုင်သည်။
အင်မော်တယ်ဘုရင်ကိုသာ မမြင်နိုင်ခြင်း ဖြစ်သည်။
သို့သော် ဟန်မူယဲ့က အင်မော်တယ်ဘုရင် မဖြစ်နိုင်ပေ။
ဟန်မူယဲ့က အင်မော်တယ်ဘုရင် ဖြစ်နေလျှင် ဒုက္ခခံနေရန် မလိုပဲ တိုက်ရိုက် တိုက်ခိုက်လိမ့်မည်။
အင်မော်တယ်ဘုရင်ချန်ယွမ်မှလွဲ၍ ကောင်းကင်တစ်သောင်းမြို့တွင်ရှိသော လူများက အင်မော်တယ်ဘုရင်တစ်ယောက်ကို မခုခံနိုင်ကြပေ။
“ဂိုဏ်းချုပ်ယန် သိမှာပါ”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာ ပြောသည်။
“ကျွန်တော့်ရဲ့ လက်ရှိအခြေအနေက နည်းနည်း ထူးခြားနေတယ်။ ကျွန်တော့်ရဲ့ မူလခန္ဓာက သုံးနှစ်ကနေ ငါးနှစ်အတွင်း ပေါ်မလာနိုင်သေးဘူး”