← Chapters

ကူညီမည့်သူများရောက်လာပြီ

Vol. 89 Ch. 1242

ကူညီမည့်သူများရောက်လာပြီ

Vol. 89 Ch. 1242

အခန်း (၁၂၄၂) ကူညီမည့်သူများရောက်လာပြီ

ရန်ကျောက်ကဲ၏ အစီအစဉ်ပြုလုပ်ရန် လူ (၅)ယောက် လိုအပ်သည်။

ဤ လူ (၅)ယောက်ကို ကျပန်းရွေးချယ်၍မရဘဲ သူတို့၏ကျင့်ကြံခြင်းအဆင့်က အနည်းဆုံး အစစ်အမှန်နတ်ဘုရားအဆင့် ဖြစ်ရပေမည်။

ကျင့်ကြံခြင်းအဆင့် တန်းတူမဟုတ်လျှင်တောင်မှ အရေးမကြီးပေ။ တန်ခိုးစွမ်းအားက အစစ်အမှန်နတ်ဘုရားတစ်ပါးကဲ့သို့ အားကောင်းနေလျှင် အလုပ်ဖြစ်ပေသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကတော့ သေချာပေါက် အဆင့်တူညီသူဖြစ်သည်။ သူက ယိုစိမ့်ခြင်းမရှိ အမတမှော်ဝင်ပစ္စည်ဖြစ်သလို အစစ်အမှန်နတ်ဘုရားတစ်ပါး၏ စံနှုန်းများအားလုံးဖြင့် ကိုက်ညီသည်။

ရန်ကျောက်ကဲ ကိုယ်တိုင်က သိုင်းသူတော်စင် ဒဿမအဆင့်ဖြစ်စေ ၊ သို့မဟုတ် ရန်တိနှင့် နျဲ့ကျင်းရှန်တို့က သိုင်းသူတော်စင် ဒဿမအဆင့်ဖြစ်စေ သူတို့အနေဖြင့် အစစ်အမှန်နတ်ဘုရားအများစုနှင့် ယှဉ်ပြိုင်နိုင်သူများ ဖြစ်ကြသည်။

ထိုသို့ဆိုလျှင် အစီအရင်ပြုလုပ်ရန်အတွက် ရန်ကျောက်ကဲ ၊ ရန်တိ ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် နျဲ့ကျင်းရှန်တို့ပေါင်းလိုက်လျှင် (၄)ယောက်သာရှိသေးပြီး တစ်ယောက်လိုအပ်နေသေးသည်။

မိန်းမပျိုဧကရာဇ်ကျဲ့မင်ခုန်က တန်ခိုးစွမ်းအားအရာတွင်ရော သူတို့နှင့် ဆက်ဆံရေးကောင်းမွန်မှုတွင်ရော အသင့်တော်ဆုံးလူတစ်ယောက်ဖြစ်သည်။ ကံမကောင်းသည်မှာ သူမ၏သတင်း အစအနပင် ပျောက်ကွယ်နေပြီး နက္ခတ်ဧကရာဇ် ‘ချန်ရွှမ်ကျုန်း’ သည်ပင် သူမကို ခြေရာခံနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်လည်း ကျဲ့မင်ခုန်ကို ရှာဖွေနိုင်မည်မဟုတ်ကြောင်း ရန်ကျောက်ကဲ ခံစားမိသည်။

ယခု ရန်ကျောက်ကဲက လူသားအထွတ်ထိပ်အဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး တန်ခိုးစွမ်းအားကလည်း အံ့မခန်းကြီးမာလေရာ ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားများကိုပင် အနိုင်ယူနိုင်စွမ်းရှိသည်။ သို့သော် ဤသည်က ယခုပြဿနာ၏အဖြေမဟုတ်ပေ။

ယခုက အရည်အချင်းထက် အရည်အတွက်က ပိုမိုလိုအပ်နေခြင်း ဖြစ်၏။

အမှီအခိုကင်းသော ဝိညာဉ်စွမ်းအားကိုပိုင်ဆိုင်သည့် အမတမှော်ဝင်ပစ္စည်းဆို၍ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် တစ်ခုသာရှိသည်။ မူလကောင်းကင်ဖွင့်ဓားကို အားကိုး၍မရနိုင်သလို ‌လောလောလတ်လတ် ရရှိထားသည့် ကြေးမုံမှန်မီးအိမ်ကိုလည်း အားကိုး၍ မရနိုင်ပေ။

ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုက ထိုပစ္စည်းများထက် ပိုမိုကောင်းမွန်သော်လည်း ဝိညာဉ်သိစိတ်မရှိသဖြင့် ၎င်းကိုအစားထိုးအသုံးချရန် မျှော်လင့်၍ မရနိုင်ပေ။

သို့ဆိုလျှင် နောက်ထပ် မည်သူရှိပါသေးသနည်း။

အဂ္ဂိရတ်ခန်းမသို့သွားရောက်ရာ ခရီးစဉ်တွင် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုက ထူးခြားသောကဏ္ဍမှပါဝင်နိုင်မည်ဟု ရန်ကျောက်ကဲ ယုံကြည်သည်။

သို့သော် ထိုရတနာပစ္စည်းကို လစ်လပ်နေသည့် ပဉ္စမလူနေရာတွင် ထည့်သွင်းအသုံးပြုနိုင်သည်ဆိုဦးတော့ တကယ့် အရေးပေါ်အခြေအနေ သို့မဟုတ် နောက်ဆုံးအတားအဆီးနှင့်ရင်ဆိုင်ရပါက ကျရှုံးမှုဆီသို့ ဦးတည်သွားမည် ဖြစ်သည်။

“အဖြူရောင်ပိုးသားဧကရာဇ်ကို ဆက်သွယ်လို့ရနိုင်မလား”

ရန်ကျောက်ကဲ ကောင်းကင်ထက်သို့မော့ကြည့်ပြီး တွေးလိုက်သည်။

“အင်း... အနက်ရောင်ပိုးသားဧကရာဇ်သေပြီဆိုတော့ သူတစ်ယောက်ပဲကျန်တော့တာ ၊ အဖြူရောင်ပိုးသားဧကရာဇ် လုပ်နေစရာမလိုတော့ဘူး ၊ သူ့ကိုပဲ ပိုးသားဧကရာဇ်လို့ ခေါ်ရတော့မှာ”

အနက်ရောင်ပိုးသားဧကရာဇ် သေဆုံးသွားပြီဖြစ်ရာ အဖြူရောင်ပိုးသားဧကရာဇ်အနေဖြင့် ပိုးသားဧကရာဇ် နှစ်ခြမ်းမကွဲခင်အဆင့် တန်ခိုးစွမ်းအားမျိုး ပြန်လည်ရရှိသွားမည် ဖြစ်သည်။

သို့သော် ပြဿနာမှာ အဖြူရောင်ပိုးသားဧကရာဇ် မည်သ်ည့နေရာတွင်ရှိနေကြောင်း မည်သူမှ မသိရှိနိုင်ပေ။

မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ က ရန်ကျောက်ကဲနှင့်အခြားသူများကို တိုက်ခိုက်နေချိန် ၊ တာအိုဆရာထျန်းယိက ရွှယ်ချူးချင်ကို သတ်ဖြတ်နေချိန်များတွင် ဘာကြောင့်မှန်းမသိ အဖြူရောင်ပိုးသားဧကရာဇ်က လုံးဝ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။

နောက်ပိုင်း နက္ခတ်ဧကရာဇ် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာသောအချိန်ထိ အဖြူရောင်ပိုးသားဧကရာဇ်၏သတင်းကို တိတိကျကျ သိရှိရခြင်း မရှိခဲ့ပေ။

အရင်ကပင် ရန်ကျောက်ကဲစိတ်ထဲ သံသယများရှိခဲ့သည့်တိုင် ယခု သူ ပြင်ပဗလာနယ်ထဲသို့ ထွက်ခွာလာပြီး အနက်ရောင်ပိုးသားဧကရာဇ်နှင့် ရင်ဆိုင်တွေ့ဆုံရသည့်အခါ သူ့စိတ်ထဲမှသံသယများ အမှန်ဖြစ်ကြောင်း ခံစားခဲ့ရသည်။

အစပိုင်းတွင် အဖြူရောင်ပိုးသားဧကရာဇ်အား  အမတခုံရုံးမှလူများ ဖမ်းဆီးထားခြင်းဖြစ်နိုင်သည်ဟု ထင်ခဲ့မိသည်။

သို့သော် အနက်ရောင်ပိုးသားဧကရာဇ်နှင့် ရင်ဆိုင်ရချိန်တွင် အဖြူရောင်ပိုးသားဧကရာဇ် ဘာမှမဖြစ်ကြောင်း ရိပ်မိခဲ့သည်။ သို့ရာတွင် ဘာကြောင့်မှန်းမသိ သူက အထက်ဘုံကမ္ဘာသို့ ပြန်လာခြင်း မရှိခဲ့ပေ။

“ကံမကောင်းတာက အခုချိန်မှာ သူ့ကိုလည်း ထည့်တွက်လို့မရမှာ ငါ စိုးရိမ်မိတဘ်”

ရန်ကျောက်ကဲ သက်ပြင်းချရင်းတွေးလိုက်သည်။

နောက်ဆုံးအခြေအနေမဟုတ်ပါက အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်ကို ထည့်သွင်းစဉ်းစားရန် မလိုအပ်ပေ။

ဤအဘိုးကြီးက နှစ်ဘက်လုံး မည်သည့်ဘက်မှလိုက်ရန် ဆန္ဒမရှိပေ။ အထူးသဖြင့် ဝါဒတောင် ၊ ကျောက်စိမ်းကျောက်ဆောင်နှင့် ချီလင်ကမ်းပါးအကြားတိုက်ပွဲများတွင် သူက ကြားနေရပ်တည်သူ ဖြစ်သည်။

ဤသည်က သူ၏ ပုံမှန်အမူအကျင့် ၊ စိတ်နေသဘောထားနှင့်သက်ဆိုင်သည်။ အဂ္ဂိရတ်ခန်းမဆိုသောမက်လုံးဖြင့် သူက လွယ်လွယ်ဖြင့် ဝါဒတောင်ဘက်သို့ ရပ်တည်လာမည် မဟုတ်ပေ။

ရန်ကျောက်ကဲကလည်း သူ့ကိုဆွဲဆောင်ရန် ရည်ရွယ်ချက် မရှိပေ။

အဘယ်ကြောင့်ဆိုသော် သူ့ထက်သာသူများ ရှိနေသောကြောင့် ဖြစ်၏။

ရန်ကျောက်ကဲက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ‘ရွှမ်ဟွမ်ဧကရီ’ ၊ ‘လုန်ချွမ်ဧကရာဇ်’ တို့နှင့် ဆွေမျိုးတော်စပ်ပြီး ပိုးသားဧကရာဇ် ၊ အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်တို့တက်ပင် ပိုမိုရင်းနှီးသေးသည်။

သို့သော် ရန်ကျောက်ကဲ အနည်းငယ် တုံ့ဆိုင်းနေမိသည်။

ရန်ကျောက်ကဲက ကျန့်ဟွမ်ဓားဧကရာဇ်နှင့် တစ်ခါမှ မျက်နှာချင်းဆိုင် တွေ့ဆုံဖူးခြင်း မရှိပေ။ သို့ဖြစ်ရာ ယွဲ့ကျန့်ပေအနေဖြင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအပေါ် မည်သို့သဘောထားကြောင်း မသိရှိနိုင်ပေ။

ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ နှင့် လုန်ချွမ်ဧကရာဇ် ‘လုန်ချင်းရွှမ်’ တို့မှ တူညီသည့်သိုင်းဂိုဏ်းတစ်ခုတည်းမှ အဆက်အနွယ်များဖြစ်ကြသဖြင့် အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကြား သဘောထားကွဲလွဲမှုများက သူတို့၏ဆက်ဆံရေးကို ကြီးကြီးမားမား ထိခိုက်ခြင်း မရှိပေ။

သို့သော် အထက်ဘုံကမ္ဘာမှအတွင်းရေးတိုင်ပွဲများကို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထိပ်တန်းတန်ခိုးစွမ်းအားရှင်တစ်ယောက်က ဝင်ရောက်စွက်ဖက်မည်ဆိုပါက ကျန့်ဟွမ်ဓားဧကရာဇ်၏သဘောထား မည်သို့ရှိမည်ကို ခန့်မှန်းမရနိုင်ပေ။

သူနှင့် စန့်ချင်အဆက်အနွယ်များကြား မကျေနပ်ချက်နှင့်ရန်ငြိုးများမှာလည်း စာအုပ်အထူကြီးတစ်အုပ် ရေးသားရလောက်အောင် များပြားသည်။

“လောလောဆယ်တော့ ဆရာဦးလေး’ယွဲ့’ ကိုလည်း ဆက်သွယ်လို့မရသေးဘူး”

ရန်ကျောက်ကဲ ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း တွေးလိုက်သည်။

“အချိန်ကအရမ်းကြပ်နေပြီ ၊ လူကလည်း မရှိဘူး ၊ တကယ်လို့ မိန်းမပျိုဧကရာဇ်ကို ရှာလို့မတွေ့ဘူးဆိုရင်တော့ ဆရာဦးလေး’လုန်ရွှယ်ကျီး’ ကို အကြောင်းကြားတာ အကောင်းဆုံးဖြစ်လိမ့်မယ်”

ထိုလုပ်ရပ်ကြောင့် ယွဲ့ကျန့်ပေ ကျေနပ်ချင်မှ ကျေနပ်ပေမည်။ မည်သို့ပင်ဖြစ်စေ ပြဿနာတစ်ခုခုရှိခဲ့လျှင်လည်း‌ နောက်မှ ကြည့်ဖြေရှင်းရမည်သာ ဖြစ်၏။

ရန်ကျောက်ကဲ တွေးတောရင်း လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်ရာ ၊ ထိုလက်ဖဝါးထက်တွင် ကြေးမုံမှန်တစ်ချပ်ရှိနေကြောင်း တွေ့ရသည်။

ကြေးမုံမှန်မျက်နှာပြင်ထက်တွင် ကြက်ခြေခတ်သဏ္ဌန်အက်ကွဲကြောင်းတစ်ခုရှိနေပြီး မှန်၏မျက်နှာပြင်က လေးပိုင်းကွဲနေသည်။

ထို ကြေးမုံမှန်မျက်နှာပြင် (၄)ခုတွင် ဖယောင်းတိုင်မီးအလင်းရောင်က ရောင်ပြန်ဟန်နေပြီး အနည်းငယ် ယိမ်းထိုးလှုပ်ရှားလျှက် ရှိသည်။

“ဝိညာဉ်စွမ်းအားက အရင်ကထက်အားနည်းသွားတယ်”

အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း နားလည်ပြီးသား ဖြစ်သည်။

“ဒီအက်ကြောင်းနှစ်ခုက အထူးကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုကို အသုံးပြုထားတာပဲ ၊ ဒီ အက်ကြောင်းတွေကြောင့် စောစောကတိုက်ပွဲမှာ ကြေးမုံမှန်အလင်းတန်းက အရမ်းမှော်ဆန်ပြီး အံ့သြစရာကဏ္ဍကနေ ပါဝင်နိုင်ခဲ့တာ ၊ ဒါပေမဲ့ အခု ပျက်ဆီးသွားပြီဆိုတော့ နောက်မှပဲ ပြန်ပြင်ရတော့မှာပဲ”

သူက ကြေးမုံမှန်မီးအိမ်ကိုကြည့်လိုက်သည့်အခါ ထိုအရာ၏စွမ်းအားစုပ်ယူမှုရလဒ်က အများကြီးနည်းပါးသွားကြောင်း သတိထားလိုက်မိသည်။ ကြေးမုံမှန်ကို ခဏမျှလေ့လာပြီးနောက် သူက သိမ်းဆည်းလိုက်၏။

ထို့နောက် ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်းကို ပြန်လည်အာရုံစိုက်လိုက်သည်။

ထိပ်တန်းအရှင်သခင်တစ်ယောက်ဖြစ်လာပြီးနောက် ရန်ကျောက်ကဲတွင် အတွေးစိတ်ကူးအချို့ ရှိခဲ့သည်။ ဤကမ္ဘာလောကကြီး၏ သာမန်အသိတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သော အတွေးတစ်ခု ဖြစ်၏။

ထိုအတွေးမှာ သိုင်းသူတော်စင်တစ်ယောက်က အမတမှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ဖန်တီးရန် ဖြစ်သည်။

ဟုတ်ပေ၏။

တစ်ယောက်တည်း လုပ်၍ရနိုင်သည့်အလုပ်တော့ မဟုတ်ပေ။

အခြေခံအုတ်မြစ်က ယိုးမင်ဧကရာဇ် ယင်ထျန်းရှထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုအချက်ကြောင့်ပင် ရန်ကျောက်ကဲစိတ်ထဲ ယုံကြည်ချက်အချို့ ရှိနေခြင်း ဖြစ်၏။

ယနေ့တိုက်ပွဲအပြီးမှာတော့ သူပိုပြီး ယုံကြည်မှု ရှိလာသည်။

သူ၏တန်ခိုးစွမ်းအားကို အတည်ပြုရန် အရေးတကြီးလိုအပ်သော်လည်း အမတမှော်ဝင်ပစ္စည်းတစ်ခု ဖန်တီးရန်ကတော့ အရေးတကြီး မဟုတ်သေးပေ။

ရန်ကျောက်ကဲ၏မျက်ဝန်းများက အဝေးတစ်နေရာ အချိန်နှင့်နေရာတွင် ရှိနေသော ရောင်စုံအလင်းတန်းများဆီသို့ တစ်ဖန်ပြန်လည်ကျရောက်သွားသည်။

ထိုနေရာတွင် အနက်ရောင်ခန်းမကြီးတစ်ခု၏ပုံရိပ် ထွက်ပေါ်လျှက်ရှိသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ အတွေးထဲနစ်မျောသွားပြီး သူ့မျက်ဝန်းများက ရှားရှားပါးပါး လွင့်မျောသွားကာ အိပ်မက်ထဲ လမ်းလျှောက်နေသူပမာ ပြောင်းလဲသွားသည်။

မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်တွင် တည်ရှိစဉ်ကအတိုင်း ပြီးပြည့်စုံစွာ ထိန်းသိမ်းထားဟန်ရှိသော အဂ္ဂိရတ်ခန်းမကြီးကို ငေးကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ နက်ရှိုင်းသောအမှတ်တရများက ဒီရေအလား ထွက်ပေါ်လာသည်။

ထို့ပြင် နောက်ထပ်အကြောင်းအရာတစ်ခုကိုလည်း ရန်ကျောက်ကဲစိတ်ထဲ တွေးတောနေမိသည်။

အဂ္ဂိရတ်ခန်းမအနီးသို့ ချဉ်းကပ်မိစဉ် ခံစားရလေ့ရှိသော အေးစိမ့်သည့်ခံစားချက်အကြောင်း တွေးတောမိခြင်း ဖြစ်၏။

တစ်စုံတစ်ယောက်က သူ့ကို အေးစက်သောအကြည့်ဖြင့် စူးစိုက်ကြည့်နေခြင်း ဖြစ်သည်။

“အဲဒီမှာ တစ်ယောက်ယောက်ရှိနေတာများလား”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“ဒီလူက မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက ရှိခဲ့တဲ့သူလား ၊ ဒါမှမဟုတ် မဟာကပ်ဘေးကြီးနောက်ပိုင်းမှ အဂ္ဂိရတ်ခန်းမထဲကို ရောက်လာတာလား”

ရွှမ်ရှောက်ကျိကျွင်းမီးပြင်းဖိုအား ရယူစဉ်က အဂ္ဂိရတ်ခန်းမကြောင့် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၆)ယောက် ပျောက်ဆုံးသွားခဲ့ပြီး မည်သူမှ အဂ္ဂိရတ်ခန်းမ၏တည်နေရာကို နှစ်ပေါင်းများစွာကြာအောင် သိရှိခဲ့ကြခြင်း မရှိပေ။

သို့သော် ထိုသူများပျောက်ကွယ်မသွားခင် ထို အေးစက်သည့်စွမ်းအားရှိနေကြောင်း ထင်ရှားစွာသိခဲ့ရသည်။

“အဲဒါက လူမဟုတ်ဘူးဆိုရင်... ဘာဖြစ်နိုင်ဦးမလဲ”

ရန်ကျောက်ကဲ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။

သူ၏မျက်ဝန်းများက ပြန်လည်အာရုံစူးစိုက်သွားပြီး မျက်နှာအမူအရာကလည်း တည်ကြည်လေးနက်သွားသည်။ သူက ခပ်ဝေးဝေး ဗလာနယ်ထဲမှ အမှောင်ရိပ်ကို စူးစိုက်ကြည့်ရင်း အချိန်အတန်ကြာအောင် တိတ်ဆိတ်နေသည်။

သူက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရောင်စုံအလင်းတန်းများစီးဆင်းနေသည့် အချိန်နှင့်နေရာဆီသို့ စူးစိုက်ကြည့်ရင်း ကျင့်ကြံခြင်းစတင်လိုက်သည်။

ရန်ကျောက်ကဲက သိုင်းသူတော်စင်အဆင့်သာရှိသေးသဖြင့် ကြေးမုံမှန်အလင်းတန်းမှတစ်ဆင့် စုပ်ယူထားသော နေခြည်ဧကရာဇ်၏ အမတချီစွမ်းအားများကို ကိုယ်ပိုင်စွမ်းအားအဖြစ် သန့်စင်ကျင့်ကြံနိုင်ခြင်း မရှိပေ။

သို့သော် သူ့အတွက် ထိုအမတချီစွမ်းအားများ စုပ်ယူထားခြင်းက အသုံးဝင်နေသေးသည်။

ထိုစွမ်းအားများကို ကြေးမုံမှန်မီးအိမ်ကိုပြုပြင်ရန်နှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းအား ဆက်လက်သန့်စင်ပေးရန် အသုံးပြုနိုင်သည်။

အချိန်များက တစ်နေ့ပြီးတစ်နေ့ လျှင်မြန်စွာ ကုန်ဆုံးသွားသည်။

ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်းဖြင့် ဖန်တီးထားသောအကာအကွယ်ကို ဂရုတစိုက်ထိန်းသိမ်းထားပြီး ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်ထဲတွင် စီးမျောရင်း အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ ရှာမတွေ့အောင် ရှောင်တိမ်းနေခဲ့သည်။

အချိန်က စီးဆင်းနေသည့်ရေပမာဖြစ်ပြီး ရန်ကျောက်ကဲ စိတ်ရှည်စွာစောင့်ဆိုင်းရင်း အဆုံးသတ်မှတော့ အရုဏ်ဦးရောင်ခြည်ကို တွေ့မြင်နိုင်ခဲ့လေသည်။

အဆုံးသတ်မှာတော့ ရန်တိထံမှ သတင်းစကားတစ်ခု လက်ခံရရှိခဲ့သည်။

ရန်တိ ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် အခြားသူများ သူ့ကိုတွေ့ဆုံရန်အတွက် ရောက်ရှိလာကြတော့မည် ဖြစ်လေ၏။

All Chapters