နတ်ဘုံထက်ယံဓားနတ်မယ်
Vol. 89 Ch. 1243
အခန်း (၁၂၄၃) နတ်ဘုံထက်ယံဓားနတ်မယ်
ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်တွင် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ရ အလွန်ခက်ခဲသည်ဖြစ်ရာ နှေးကွေးမှုများရှိသည်က သဘာဝပင် ဖြစ်သည်။
ရန်တိထံမှ သတင်းစကားရရှိသည်နှင့် သူတို့အုပ်စု ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်ထဲသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်သည်။
ဖခင်ဖြစ်သူထံမှ သတင်းရရှိပြီးနောက် ရန်ကျောက်ကဲ ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည့်တိုင် အရေးကြီးကိစ္စများကိုတော့ မေ့မသွားခဲ့ပေ။
အချိန်ကြာလာလေ အမတခုံရုံး၏သံသယများက ပိုမိုမြင့်တက်လာပေလိမ့်မည်။ ဟန်လေဧကရီ ‘ရွမ့်မင်ယန်’ တို့အုပ်စုနှင့် အဆက်အသွယ်မရပါက သူတို့အနေဖြင့် သံသယများ ပိုမိုကြီးထါားလာနိုင်သည်။
အမတခုံရုံးက အဓိကအာရုံစိုက်ထားသည်မှာ မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ ဖြစ်သည်။ သို့သော် ရွမ့်မင်ယန်တို့အုပ်စုပျောက်ဆုံးသွားခြင်းက ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်တွင် အခြားသော ရန်သူတစ်ယောက်ရှိနေကြောင်း အချက်ပြနေသည်။
ဖြစ်နိုင်ခြေအရှိဆုံးကတော့ ရန်ကျောက်ကဲနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ပင် ဖြစ်၏။
ပုံမှန်အားဖြင့်ဆိုလျှင် အမတခုံရုံးမှလူများက ဤကိစ္စကို ဦးစားပေးလုပ်ဆောင်မည် ဖြစ်လေရာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အနေဖြင့် ရန်တိတို့အုပ်စုကို ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်သို့ ခေါ်ဆောင်လာရသည်မှာ အန္တရယ်များလွန်းလှသည်။
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက စောမင်ကျန့်ကိုသာ ရှာဖွေနေခြင်းမရှိလျှင် ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်လာကြပေလိမ့်မည်။
ရန်ကျောက်ကဲက သူ၏တည်ရှိမှုကို ဖုံးကွယ္ထားပြီး ပရမ်းပတာဗလာနယ်ထဲတွင် လှည့်လည်သွားလာနေခဲ့သည်။
အကြိမ်အနည်းငယ်ခန့် ဆက်သွယ်မှုပြုလုပ်ပြီးနောက် အဆုံးသတ်မှာတော့ ရန်တိနှင့် ပိုမိုတည်ငြိမ်သော ဆက်သွယ်မှုတစ်ခု တည်ဆောက်နိုင်ကာ တွေ့ဆုံကြရန် ပြင်ဆင်သည်။
ရန်တိကိုတွေ့သည်နှင့် ရန်ကျောက်ကဲက သူတို့အုပ်စုအား ယိုးမင်ဂမ္ဘီရစက်ဝန်းဖြင့် ဖုံးလွှမ်းထားသော အရိပ်နယ်မြေထဲသို့ ခေါ်ဆောင်သွားသည်။
“အဖေတို့အားလုံး ရောက်လာကြတာပဲ”
ရန်တိနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အပြင် နျဲ့ကျင်းရှန်နှင့် အခြားသူတစ်ယောက်လည်း အတူတကွ ရောက်ရှိလာသည်ပင်။
လိုက်ပါလာသည့်အခြားသူတစ်ယောက်က မျှော်လင့်မထားသူတစ်ယောက် ဖြစ်သည်။
သူမက အစိမ့်ရောင်ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့်မိန်းမပျိုတစ်ယောက်ဖြစ်ပြီး သူမ၏မျက်ခုံးမွှေးများက ပန်းချီရေးဆွဲထားသည့်ပမာ သွေးသွယ်ထင်ရှားလွန်းသည်။
နေရာတွင်မတ်တတ်ရပ်နေသည့်အခါ သူမက အလွန်သာမန်ဆန်လွန်းသော်လည်း ဓားရှည်တစ်လက်ပမာ ထက်ရှလွန်းလှသည်။
သူမ၏ ထက်မြက်သောအမူအရာက တောက်လောင်နေပြီး ပြင်းထန်သော စွမ်းအားရောင်ဝါက ပတ်ဝန်းကျင်သို့ပင် လွှမ်းခြုံသွားသည်။
သူမက ရန်ကျောက်ကဲအတွက် လူစိမ်းမဟုတ်ပေ။ သို့သော် ရန်ကျောက်ကဲအနေဖြင့် သူမကို ပထမဆုံး တွေ့မြင်ဖူးခြင်း ဖြစ်၏။
နတ်ဘုံထက်ယံဓားနတ်မယ် ‘ယွီယဲ့’ ။
စန့်ချင်အဆက်အနွယ်များထဲတွင် ရှောင်ကျန့်နတ်ဓားရှင် ‘လုန်ရွှယ်ကျီး’ ပြီးလျှင် သူမက အထူးချွန်ဆုံး ပါရမီရှင်တစ်ယောက် ဖြစ်သည်။
သူမက ကောင်းကင်ကိုးထပ်သခင် ‘ဟယ်မြန်’ နှင့်အဆင့်အတန်းတူညီစွာ နာမည်ကျော်ကြားသူ ဖြစ်၏။
အထက်ဘုံကမ္ဘာရှိ “နတ်ဘုရားများကိုတုန်လှုပ်စေသော ခွန်လွန်တောင်မှနဂါး ၊ သိုင်းဂိုဏ်း (၈)ဂိုဏ်းကို အလင်းပေးသည့်လူငယ်...” တို့ကဲ့သို့ သူမသည်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အတော်လေး ဂုဏ်သတင်းကြီးသူ ဖြစ်၏။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်လည်း...
“ကောင်းကင်ကိုးထပ်ဆီပျံသန်းတဲ့ တစ်ကိုယ်တော်ကြိုးကြာ ၊ နတ်ဘုရားနယ်မြေတစ်ခွင် ပြည့်လျှံစေသည့် ဂုဏ်အသရေ”
ဆိုသော စကားရပ်တစ်ခု ပျံ့နှံ့ကျော်ကြားခဲ့သည်။
ထိုစားသား၏ ပထမတတစ်ဝက်မှာ စန့်ထင်ထိပ်တန်းအရှင်သခင် ‘ဟယ်မြန်’ ကိုပြောခြင်းဖြစ်ပြီး ဒုတိယတစ်ဝက်မှာ ‘ယွီယဲ့’ ကို ရည်ညွှန်းခြင်း ဖြစ်သည်။
သူတို့နှစ်ဦးမှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ အရည်အချင်းအရှိဆုံး ထိပ်တန်းအရှင်သခင်များအဖြစ် ချီးကျူးခြင်း ခံခဲ့ရသည်။
ရန်ကျောက်ကဲ သူမနှင့်ရင်းနှီးနေရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ သူမက ရွှမ်ဟွမ်ဧကရီ ‘ကောင်းချင်းရွှမ်’ နှင့် လုန်ချွန်ဧကရာဇ် ‘လုန်ရှင်းချွမ်’ တို့၏ မြေးဖြစ်သောကြောင့်ပင်။
သူမက လုန်ဟန့်ဟွာ၏ ဝမ်းကွဲညီမတော်စပ်ပြီး ကောင်းချင်နှင့်လည်း အမျိုးတော်စပ်ပေသည်။
ရွှမ်ဟွမ်ဧကရီ ‘ကောင်းချင်းရွှမ်’ နှင့် လုန်ချွမ်ဧကရာဇ် ‘လုန်ရှင်းချွမ်’ တို့တွင် သားသမီး (၃)ယောက် ရှိလေသည်။
အကြီးဆုံးသားက ‘ကောင်းရွှယ်ပေါ် ‘ ဖြစ်သည်။
ဒုတိယသမီး၏အမည်က ‘လုန်ရွှယ်နင်’ ဖြစ်သည်။
အငယ်ဆုံးသားက ‘လုန်ရွှယ်ကျီး’ ဖြစ်လေသည်။
ယွီယဲ့၏မိခင်မှာ ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့၏ ဒုတိယသမီး ‘လုန်ရွှယ်နင်’ ဖြစ်၏။
လုန်ရွှယ်နင်နှင့် သူမ၏ခင်ပွန်းတို့က စောစီးစွာလက်ထပ်ခဲ့ကြသော်လည်း ‘ယွီယဲ့’ ကိုတော့ နောက်ကျမှ ဖွားမြင်ခဲ့ကြသည်။ ထို့ကြောင့် ယွီယွဲ့က လုန်ဟန့်ဟွာထက် အသက်ငယ်နေခြင်းပင်။
ယွီယွဲ့မွေးဖွားပြီးနောက် လုန်ရွှယ်နင်တို့ဇနီးမောင်နှံ ဆုံးပါးသွားကြသည်ဖြစ်ရာ အဘိုးအဘွားဖြစ်သော လုန်ရှင်းချွမ်နှင့် ကောင်းချင်းရွှမ်တို့က သူမကို စောင့်ရှောက်ခဲ့ကြရသည်။
သူမက အလွန်ထက်မြက်သူဖြစ်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခွင် နာမည်ဂုဏ်သတင်းကျော်ကြားခဲ့သည်။
သူမတွင် ရွှမ်ဟွမ်ဧကရီနှင့် နွယ်ပင်ဧကရီတို့၏ စရိုက်လက္ခဏာများ ပိုင်ဆိုင်ထားသည့်အတွက် လူတိုင်းက ချီးကျူးကြရသည်။
သူမ၏အဘွားဖြစ်သူ ကောင်းချင်းရွှမ်ကတော့ မြေးဖြစ်သူ၏အရည်အချင်းက သာမန်မဟုတ်ဘဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ နံပါတ် (၁) ဓားဧကရီ ၊ ရန်ကျောက်ကဲ၏အဘွားဖြစ်သူ ‘တိချင်းလျန်’ နှင့်နှိုင်းယှဉ်ထိုက်သည်ဟု ပြောဆိုသည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရန်ကျောက်ကဲ နောက်ဆုံးတစ်ကြိမ် သွားရောက်ခဲ့စဉ်က သူမက ပြင်ပဗလာနယ်ထဲတွင် အတွေ့အကြုံရှာဖွေ ခရီးထွက်နေသဖြင့် တစ်ယောက်နှင့်တစ်ယောက် မတွေ့ဆုံနိုင်ခဲ့ကြပေ။
ကောင်းချင်နှင့်အခြားသူများ၏ ပြောစကားအရ ထိုစဉ်က ယွီယဲ့မှာ သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်သာ ရှိသေးသည်။
သူမက ဟယ်မြန်နှင့် တန်းတူကျော်ကြားသူဖြစ်သော်လည်း ဟယ်မြန်ထက်အသက်ငယ်ရွယ်သလို ထိုစဉ်အချိန်က ထိပ်တန်းအရှင်သခင်တစ်ယောက်ဖြစ်နေပြီဖြစ်သော ဟယ်မြန်ထက် နိမ့်ကျသည်။
သို့သော် ယနေ့ တွေ့ဆုံချိန်တွင် ယွီယဲ့သည် ထိပ်တန်းအရှင်သခင်တစ်ယောက်ဖြစ်နေပြီး လူသားနတ်ဘုရား ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပေပြီ။
အထက်ဘုံကမ္ဘာမှ လူငယ်မျိုးဆက်များဖြစ်သော နျဲ့ကျင်းရှန် ၊ ချန်ချန်းဟွာတို့နှင်နှိုင်းယှဉ်ခံရသည့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ လူငယ်မျိုးဆက်များဖြစ်သော ယွီယဲ့နှင့် ဟယ်မြန်တို့၏ တန်ခိုးစွမ်းအားမှာ သံသယဝင်စရာ မရှိပေ။
အစိမ်းရောင်ဝတ်မိန်းမပျိုက သာမန်ကြည့်လျှင် အလွန်ရိုးရှင်းပုံရပြီး မည်သည့်ထူးခြားချက်မှ မရှိပေ။ သို့သော် စန့်ချင်အဆက်အနွယ်ဓားသိုင်းပညာကို ကျွမ်းကျင်သော ရန်ကျောက်ကဲအနေဖြင့် သူမနှင့်ပတ်သက်သော ထူးခြားချက်တစ်စုံတစ်ရာကို ယောင်ဝါးဝါး အာရုံခံမိနေသည်။
“ဂိုဏ်းတူအစ်မ’ယွီ’ , တွေ့ရတာဝမ်းသာပါတယ်”
ရန်ကျောက်ကဲက ပြုံးလျှက် လက်နှစ်ဖက်ဆုပ်ဂါရဝပြု နှုတ်ဆက်လိုက်သည်။
“ကျွန်တော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုရောက်တုန်းက ဂိုဏ်းတူအစ်မက ခရီးထွက်နေတာနဲ့ မတွေ့ခဲ့ရဘူး ၊ ဒီနေ့ အခုလိုတွေ့ဆုံရမယ်လို့ ထင်မထားမိဘူး”
ယွီယဲ့ကလည်း ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“တွေ့ရတာဝမ်းသာပါတယ် ဂိုဏ်းတူမောင်လေး’ရန်’ ၊ မင်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုရောက်လာတယ်လို့ ဦးလေးနဲ့ရှောင်ချင်က ပြောကတည်းက မတွေ့လိုက်ရလို့ တွေ့ချင်နေမိတာ”
အပြန်အလှန်နှုတ်ဆက်ပြီးသည်နှင့် သူမက ရန်ကျောက်ကဲကိုအကဲခတ်ရင်း ရေရွတ်လိုက်သည်။
“လူသားနတ်ဘုရားအဆင့်ကိုရောက်နေပြီလား ၊ အရမ်းမြန်လွန်းမနေဘူးလား”
ထိုစကားကြားတော့ ရန်တိနှင့် ရန်ကျောက်ကဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မနေနိုင်ဘဲ ပြုံးလိုက်မိကြသည်။
သို့ပေသိ လက်ရှိမှာတော့ ရန်ကျောက်ကဲက အခြားကိစ္စတစ်ခုကို စိုးရိမ်နေမိ၏။
သူက ရန်တိကို တစ်ချက်လှမ်းကြည့်ရင်း...
“အဖေ...”
ယွီယဲ့၏ တန်ခိုးစွမ်းအားအပေါ် ရန်ကျောက်ကဲ၏နားလည်မှုက ကောလဟလများကိုသာ အခြေခံထားသည်။
မည်သို့ပင်ဖြစ်စေ ဂိုဏ်းတူအစ်မ ‘ယွီ’ ၏ တန်ခိုးစွမ်းအားက ဟယ်မြန်နှင့် တူညီသည်ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။
ဟုတ်ပေ၏။
ဟယ်မြန်က လုန်ရွှယ်ကျီး၏ဓားကိုတော့ အရှုံးပေးခဲ့ရဖူးသည်။
မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်မှာတော့ ဟယ်မြန်က လူသားအထွတ်ထိပ်အဆင့်ဖြစ်ပြီး လုန်ရွှယ်ကျီးက နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီးသည့် အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်နေပေပြီ။
ယွီယဲ့နှင့် ဟယ်မြန်၏ တိုက်ခိုက်မှုများကို ရန်ကျောက်ကဲ မျက်လုံးဖြင့် တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။ သို့သော် လုန်ရွှယ်ကျီးက မည်သို့သောအဆင့်ရှိကြောင်း သူ ကောင်းကောင်း သိရှိသည်။
ထို့ကြောင့် ရန်ကျောက်ကဲက ယွီယဲ့၏ တန်ခိုးစွမ်းအားကို သံသယမဝင်သည့်အပြင် အနည်းငယ်ပင် အံ့အားသင့်ခဲ့မိသေးသည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ရန်တိနှင့်အတူ လိုက်ပါလာမည့်သူမှာ ‘လုန်ရွှယ်ကျီး’ ဖြစ်နိုင်သည်ဟု ရန်ကျောက်ကဲ တွေးထင်ထားမိသည်။
“အကြီးအကဲ ‘အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်’ ငါတို့ကိုလာပြီးမဆက်သွယ်ခင် ဂိုဏ်းတူအစ်ကို’ကောင်း’ အထက်ဘုံကမ္ဘာကို တပည့်တစ်ယောက်လျှို့ဝှက်စေလွှတ်ပြီး သတင်းတစ်ခုပါးလိုက်တယ် ၊ သူနဲ့တစ်ချိန်တည်းပဲ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်လည်း ရောက်ရှိလာခဲ့တာ”
ရန်တိက ရှင်းပြသည်။
“အဂ္ဂိရတ်ခန်းမကိုသွားတဲ့လမ်း ပွင့်သွားတဲ့အချိန်မျာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာလည်း တစ်ခုခုဖြစ်ခဲ့ပုံရတယ်”
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှ အဂ္ဂိရတ်ခန်းမကို အမြဲတမ်း အာရုံစိုက်ခဲ့သည်ပင်။
သူတို့က ထိုနေရာကို အမြဲတမ်းရှာဖွေနေခဲ့ကြသည်။
ရွှမ်ရှောက်ကျိကျွင်းမီးပြင်းဖိုကို ရယူရန်ကြိုးစားကြစဉ်က သူတို့အဆက်အနွယ်မှ သိုင်းကျင့်ကြံသူများ ထူးဆန်းစွာပျောက်ဆုံးသွားပြီးနောက် ထိုသူများကိုရှာဖွေရန်နှင့် ထိုနေရာကိုရှာဖွေရန်အတွက် အမြဲတမ်း ကြိုးစားနေခဲ့သည်။
ရန်ကျောက်ကဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ နောက်ဆုံးတစ်ခေါက်ရောက်ရှိစဉ်က စန့်ချင်အဆက်အနွယ်များက အဂ္ဂိရတ်ခန်းမနှင့်ပတ်သက်သည့် သဲလွန်စအချို့တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ကောင်းချင်က ပြောပြခဲ့ဖူးသည်။
မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ က မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ရှောက်ကျွင်းဟွမ်’ ချမှတ်ပေးခဲ့သောလမ်းကြောင်းအတိုင်း အဂ္ဂိရတ်ခန်းမသို့သွားရာလမ်းကို သေချာစွာ ဖော်ထုတ်နိုင်ခဲ့သည်။
ဤသည်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအား တစ်စုံတစ်ခု သက်ရောက်မှု ရှိခဲ့ဟန်ပင်။
ရန်တိက...
“ငါ အကြီးအကဲ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဆီက သတင်းရပြီးတဲ့နောက် ချက်ချင်းပဲ စန့်ချင်အဆက်အနွယ်ကတပည့်ကို ဂိုဏ်းတူအစ်ကို’ကောင်း’ ဆီ ဒီကိစ္စ အကြောင်းကြားဖို့ ပြောလိုက်တယ်”
သူက ဆက်ပြောသည်။
“ငါတို့လိုတာ လူ (၅)ယောက် မဟုတ်လား ၊ အခု တစ်ယောက်လိုနေတယ်လေ ၊ ဒါကြောင့် ဂိုဏ်းတူအစ်ကို’ကောင်း’ နဲ့ ဂိုဏ်းတူအစ်ကို’လုန်’ ကို အကူအညီပေးဖို့ တောင်းဆိုလိုက်တာ”
ကောင်းရွှယ်ပေါ်တို့အုပ်စုက ရန်တိကို အမြဲတမ်း ခေါင်းထဲထည့်ထားကြသည်ဖြစ်ရာ ရန်တိအနေဖြင့် သူတို့ကို တမင်သက်သက် ရှောင်လွှဲပြီး ချန်ထားခဲ့ရန် မဖြစ်နိုင်ပေ။
ရန်ကျောက်ကဲကလည်း ထိုအချက်နှင့်ပတ်သက်ပြီး ငြင်းချက်ထုတ်စရာမရှိပေ။
ဤနေရာအထိ စကားပြောနေစဉ် ရန်တိ၏မျက်နှာအမူအရာက တည်ကြည်လေးနက်လျှက် ရှိသည်။
“ဂိုဏ်းတူအစ်ကို’ကောင်း’ ပြောတာတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနဲ့ ငါတို့အုပ်စုအပြင် တခြား ဝင်ပါမယ့်သူတွေလည်း ရှိကောင်းရှိနိုင်တယ်တဲ့”
မီးလျှံနဂါးကမ္ဘာသို့ သွားရောက်ခဲ့ပြီးသည့်နောက် ရန်ကျောက်ကဲလည်း ထိုအကြောင်းကို ခန့်မှန်းထားပြီးသား ဖြစ်သည်။
“ကြည့်ရတာ ကြိုတင်ပုန်းအောင်းပြီးစောင့်နေကြတဲ့ နတ်မိစ္ဆာမျိုးနွယ်တွေ ဖြစ်ပုံရတယ် ၊ သူတို့က ဖြည်းဖြည်းချင်း ခြေလှမ်းဖို့ စီစဉ်နေတာဖြစ်နိုင်တယ်”
ရန်ကျောက်ကဲတွေးလိုက်သည်။
ဤအတိုင်းဆိုလျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ဤနေရာသို့ရောက်လာသူများမှာ တစ်ယောက်နှစ်ယောက်မျှသာ မဖြစ်နိုင်ပေ။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့၏ အဆက်အနွယ်များသာ ရှိသည်မဟုတ်ဘဲ အခြားသော စန့်ချင်အဆက်အနွယ်တန်ခိုးစွမ်းအားရှင်များလည်း ရှိနေကြသေးသည်။
သို့ဖြစ်ရာ လုန်ရွှယ်ကျီး လှုပ်ရှားချင်သည်ဆိုလျှင်တောင်မှ တစ်ယောက်တည်းလှုပ်ရှားခြင်းထက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ အခြားသူများနှင့် အတူတကွ လှုပ်ရှားရပေလိမ့်မည်။
ယွီယဲ့က ခရီးထွက်ရာမှပြန်လာပြီး ရန်တိနှင့်အတူ လိုက်ပါလာခြင်း ဖြစ်၏။
“အခြေအနေက အရမ်းရှုပ်ထွေးတယ် ၊ ဒါပေမဲ့ အခုလိုဖြစ်လာတာက ငါမျှော်လင့်ထားတဲ့အတိုင်းတော့ မဟုတ်ဘူး”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း တွေးလိုက်လေ၏။