မာန်ကျင့်ကြံသူရဲ့ကပ်ဘေး
Vol. 45 Ch. 614
“မင်း”
နှစ်ထပ်အိမ်မှ အမျိုးသမီးငယ်က မျက်လုံးများကို မယုံကြည်နိုင်စွာ ဖွင့်ကြည့်လိုက်သည်။ သူမ မတ်တပ်ထရပ်ကာ အဆောက်အဦးအပြင်ဘက်သို့ ပေါ်လာသည်။ သူမ စုမင်ကို စိုက်ကြည့်ရင်း မျက်လုံးထဲရှိ တုန်လှုပ်ချောက်ချားမှုကို ဖုံးကွယ်၍မရပေ။ သူမကို လုံးဝကျဆုံးစေခဲ့သူကတော့ ချန်စုဟုခေါ်သောကောင်လေးပင်။
လွန်ခဲ့တဲ့လအနည်းငယ်ကတောင် ထိုကောင်လေးကို ကျောက်ချုံးသေဆုံးခြင်းနဲ့ ဆက်နွှယ်မှုရှိမရှိ စစ်ဆေးခဲ့သော်လည်း မသင်ကာစရာမတွေ့ခဲ့ပေ။ ကနဦးကျင့်ကြံမှုကို ကိုယ်စားပြုသည့် စွမ်းအားရှိသော ကောင်လေး ယခုပင်…
သို့ပေမဲ့ ထိုဖြစ်ရပ်က အစစ်အမှန်ဖြစ် ကြောင်းကို သူမ မယုံနိုင်သေးပေ။ သူမစိတ်ထဲ သူ့မကို တံဆိပ်ပိတ်ထားသော အသံပိုင်ရှင်က ဘယ်သူဖြစ်နိုင်မလဲဟု သူမ တွေးနေခဲ့သည်။ မိစ္ဆာအိုကြီး သို့မဟုတ် ဂိုဏ်းထဲတွင် သူမနှင့်ရင်းနှီးသောလူတစ်ဦးနှင့် သူမကိုတိုက်ခိုက်နေစဉ်တွင် ၎င်း၏ကိုယ်ပိုင်အသံကို ရည်ရွယ်ချက်ရှိရှိပြောင်းလဲပစ်သည်ဟု ထင်နေခဲ့သည်။
သူမက လူများစွာအကြောင်းကို တွေးခဲ့ဖူးသော်လည်း ဤချန်စုကို လုံးဝလျစ်လျူရှုခဲ့သည်။ ထိုလူက သူမ မမျှော်လင့်ခဲ့သော လူတစ်ယောက် ဖြစ်ခဲ့သည်။
ထိုအချိန်တွင် သူမက သူ့ကို ဗြောင်ကျကျ ကြည့်နေသည်။ ဤလူက အသက်ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်ရှိပုံပေါက်သည်။သို့သော် သူ့မျက်နှာ၊ သူ့အပြောအဆိုနှင့် အပြုအမူများက ရှေးခေတ်အကြည့်များနှင့် ငြိမ်သက်နေပုံမှာ သာမန်လူမဟုတ်တာ သေချာလေ၏။
“မင်းဘယ်သူလဲ..”
အမျိုးသမီးငယ်၏ အသက်ရှူသံ မြန်လာသည်။ အချိန်အတော်ကြာပြီးနောက် သူမ၏ ထိတ်လန့်တုန်လှုပ်ခြင်းမှ ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူမက စုမင်ကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
“ချန်စု..”
စုမင်က ဖြည်းညှင်းစွာ ဖြေသည်။
“မင်းက ကျောက်ချုံးကိုသတ်လိုက်တာပဲ”
အမျိုးသမီး၏ အမူအရာမှာ ပို၍ပင် ရှုပ်ထွေးလာသည်။
စုမင်က သူမကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ ဝန်ခံခြင်းမရှိသော်လည်း ငြင်းဆိုခြင်းမရှိပေ။
တိတ်တိတ်ဆိတ်ဆိတ်နေခြင်းကြောင့် အမျိုးသမီးငယ်လည်း တိတ်ဆိတ်သွားကာ နေရာတစ်ခုလုံး ပို၍ တိတ်ဆိတ်သွားခဲ့သည်။ လေထုထဲတွင် လေညှင်းသံဖျများသာ ပဲ့တင်ထပ်နေလေသည်။သိပ်မကြာခင်မှာပင် အမျိုးသမီးက အောင့်သက်သက်ပြုံးလိုက်ကာ စုမင်အား လေးစားစွာ ဦးညွှတ်လိုက်လေသည်။
“နှုတ်ဆက်ပါတယ် အကြီးအကဲ...”
“မင်းနာမည်ဘယ်လိုခေါ်လဲ”
စုမင်က အေးအေးဆေးဆေး မေးသည်။
“ပေါင်ချိုး...”
မိန်းမပျိုလေးက စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူ့မေးခွန်းကို ဖြေပြီးသည်နှင့် သူမ၏အသွင်အပြင်သည် ယခင်က သူမအသုံးပြုခဲ့သည့် အဘွားကြီး၏အသွင်အပြင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ဤသူပြောသောစကားတိုင်းက သူမ၏စိတ်ဝိညာဉ်၏ နက်နဲရာအရပ်မှ အကြွင်းမဲ့နာခံမှုခံစားချက်ကို ဖြစ်ပေါ်စေပြီး သူမအား အမှန်အတိုင်းပြောပြရမည်ဟု ခံစားချက်ရှိသည်။ ထိုချန်စုမှလွဲ၍ မနေ့ညက သူမကို တိုက်ခိုက်နိုင်သည့် တခြားမည်သူမှမရှိကြောင်း နားလည်လာလေသည်။
“ပေါင်ချိုး ငါ မင်းကို တစ်သက်လုံး ကျွန်ပြုမှာ မဟုတ်ဘူး...”
စုမင အဘွားကြီးကို ကြည့်ကာ သူမ၏ အသွင်အပြင် ပြောင်းလဲခြင်းအတွက် ခံစားချက် အရိပ်အမြွက်မျှ မပြခဲ့ပေ။ သူ့ရှေ့ရှိလူက အဘွားကြီးလား ချောမောလှပသောမိန်းမငယ်တစ်ယောက်ပဲဖြစ်ဖြစ် သူ့အတွက် အရေးမကြီးပေ။ သူ့အတွက်ကတော့ အားလုံးအတူတူပင်။
“ဒီနေရာက လောကကြီးရဲ့ စွမ်းအားက ထူထဲတယ်..ဒါ့ကြောင့် ငါ ပြန်ကောင်းလာဖို့ ဒီနေရာကို အသုံးချချင်တယ်..သိပ်ကြာမှာမဟုတ်ဘူး..ငါထွက်သွားပြီးတာနဲ့ မင်းရဲ့လွတ်လပ်မှုကို ငါပြန်ပေးမယ်”
စကားပြောပြီးနောက် စုမင် အဘွားကြီးကို စိတ်မ၀င်စားတော့ဘဲ အဆောက်အဦးဆီသို့ လျှောက်သွားလိုက်သည်။
“ကျုပ်က နတ်ဆိုးဝိညာဥ်တောင်ခြေမှာ အလုပ်ကြမ်းလုပ်နေတယ်..ဒါပေမဲ့ မင်းရဲ့နေရာမှာ အချိန်အကြာကြီးနေချင်တယ်.. ဒီအတွက် စီစဉ်ပေးပါဦး”
ပေါင်ချိုးက ခဏမျှ နှုတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်သည်။ ထိုအရာက သူမအတွက် အင်မတန် လွယ်ကူသော အလုပ်တစ်ခုပင်။ သူမက ချန်စုကို သူမ၏ အလုပ်သမားအဖြစ် လိုချင်သည်ဟုသာ ပြောရန် လိုအပ်ပြီး မည်သူမျှ သံသယရှိမည်မဟုတ်ပေ။
စုမင် အဆောက်အဦ၏ မြေညီထပ်တွင် ရပ်ကာ ကြာပန်းအပြင် ၎င်းပေါ်တွင် ထိုင်နေသည့် အမျိုးသမီးရုပ်တုကို ကြည့်လိုက်သည်။ ၎င်းကို ဆက်ကြည့်နေစဉ်တွင် သူမြင်လိုက်ရသော မြင်ကွင်းများသည် သူ့ခေါင်းထဲတွင် ပေါ်လာသည်။ အဆုံးတွင် ခေါင်းယမ်းကာ ပထမထပ်သို့ ဦးတည်သွားခဲ့သည်။ ဤအခန်းက အမျိုးသမီးတစ်ဦး၏အခန်းဖြစ်ပြီး မွှေးရနံ့သင်းသင်းဖြင့် ပြည့်နေပါသည်။ စုမင်က ထိုနေရာတွင် ထိုင်ပြီး တရားထိုင်ရင်း သူ့ကိုယ်သူ နှစ်မြှုပ်ကာ မျက်လုံးများကို မှိတ်ထားသည်။
သူက သူ၏ကျင့်ကြံမှုအခြေခံကို ဖြန့်ကျက်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်ရှိ လောကကြီး၏သိပ်သည်းသောစွမ်းအားများသည် လျင်မြန်စွာစုစည်းလာကာ ၎င်းကို တဖြည်းဖြည်းစုပ်ယူလာသည်။ တစ်ချိန်တည်းမှာပင် သူ၏ဒဏ်ရာများကို ကုစားရန် အသုံးပြုခဲ့ပြီး သူ၏ ကျင့်ကြံမှု အခြေ အနေကို အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိရန် လမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းခဲ့သည်။
ရက်တွေကြာလာသည်နှင့်အမျှ နတ်ဆိုးဝိညာဉ်တောင်ခြေတွင် အလုပ်လုပ်နေသော စုမင်နှင့်ပတ်သက်သည့်အရာအားလုံးက ပေါင်ချိုးကြောင့် အာရုံစူးစိုက်မှုတစ်စုံတစ်ရာမရရှိခဲ့ပေ။ စုံစမ်းရေးခန်းမ၏အကြီးအကဲပေါင်ချိုးက အလုပ်သမားတစ်ဦးကို တောင်းဆိုခဲ့ကြောင်း လူများကသာ သိကြပြီး၊ ဤအသေးအဖွဲကိစ္စမျိုးကို မည်သူမျှ အလွန်အာရုံစိုက်မည်မဟုတ်ပေ။
ပေါင်ချိုးက သူ့နှလုံးသားထဲတွင် ရံဖန်ရံခါ လေးလေးနက်နက် သက်ပြင်းချနေလေသည်။
အချိန် တရွေ့ရွေ့ ရွေ့လျားလာသည်နှင့်အမျှ ဆောင်းရာသီလည်း တဖြည်းဖြည်း ကုန်ဆုံးလာသည်။ နတ်ဆိုးဝိညာဉ်ဂိုဏ်၏အပြင်စည်းနှင့်အတွင်းစည်းတပည့်များအတွက်ကျင်းပသော ပြိုင်ဆိုင်မှု နှစ်ခုလုံး ပြီးဆုံးခဲ့သည်မှာ ကြာခဲ့ပြီ။
တပည့်များက လာမည့်နှစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။
စုမင်က သူ၏ ရှားပါးသော စိတ်ချမ်းသာမှုကို ခက်ခက်ခဲခဲရှာဖွေတွေ့ရှိခဲ့သည်။ မည်သူမျှ သူ့ကို အနှောက်အယှက် မပေးပေ။ ကျင့်ကြံရန်သာ အာရုံစိုက်စရာလိုခဲ့သည်။ ထို့အပြင်၊ သူ့ကို ကာကွယ်ရန် အထူးတာဝန်ပေးထားသည့် အပြင်မှ တစ်စုံတစ်ယောက်လည်း ရှိနေပြီး သူ့ကို ကူညီရန် ဆေးဖက်ဝင်အပင်များနှင့် ဆေးအမြု တေများ များစွာရှိသည်။ သူတောင်းဆိုသရွေ့ ပေါင်ချိုးက အရာအားလုံးကို ပေးအပ်လိုက်ရသောကြောင့် သူမ၏နှလုံးသားက အဆက်မပြတ် နာကျင်နေလေသည်။
လများစွာကြာလာပြီးနောက် မိုးရာသီရောက်လာသော် ပေါင်ချိုးက သူမ၏ နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေခဲ့သော စုမင်အကြောင်း တစ်ခုခုကို သဘောပေါက်လာသည်။
လွန်ခဲ့သည့်တစ်နှစ်ခွဲခန့်က စုမင်၏ ကျင့်ကြံမှုအခြေခံမှ စွမ်းအားလှိုင်းများကို အာရုံမခံစားနိုင်ပေ။ လွန်ခဲ့သည့်တစ်နှစ်ခွဲခန့်က သူမက စူမင်၏အန္တရာယ်ကို မခံစားရကြောင်း ရှင်းရှင်းလင်းလင်း သတိရမိသည်။ သူက ကြည်လင်သော ရေဇလုံတစ်ခုကဲ့သို့ပင်။
သို့သော် ဤခြောက်လကြာလာသည်နှင့်အမျှ စုမင်က ယခင်ကနှင့် နှိုင်းယှဉ်လျှင် များစွာခြားနားသည်ဟု သူမကို စတင်ခံစားလာရသည်။ သူမက မာန်စိတ်ဝိညာဉ်အလယ်လတ်အဆင့်နှင့်ညီမျှသောစွမ်းအားရှိလေသည်။ စုမင်က အေးအေးဆေးဆေး တရားထိုင်နေသေးသော်လည်း စုမင်မျက်လုံးဖွင့်လိုက်တာနဲ့ သူမ၏ကျောရိုးထိစိမ့်အောင် တုန်ယင်လာလေသည်။ သေခြင်းတရားက သူမကို ဝန်းရံထားသကဲ့သို့ ခံစားရမည်ဖြစ်ပြီး၊ သူမ၏ ဝိညာဉ်၌ ချိပ်တံဆိပ်မရှိလျှင် စုမင်တစ်ချက်တွေးလိုက်ရုံဖြင့် သူမ သေဆုံးသွားမည်ဖြစ်သည်။
ဤခံစားချက်က စုမင် နိုးလာသောအခါတွင်ပင် သူ့အလိုလို ပေါ်လာလိမ့်မည်။ ပေါင်ချိုး၏နှလုံးသားကို တုန်လှုပ်သွားစေသည့် ခံစားချက်က သူမကို ဝန်းရံထားသည့် မြူဆိုင်းတစ်ခုကဲ့သို့ဖြစ်ပြီး ၎င်းကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။
စုမင်၏ကျင့်ကြံမှု အခြေ အနေ လုံးလုံး ပြန်ကောင်းလာပြီးသည်နှင့် ပေါင်ချိုးက စုမင်၏အဆင့် သို့မဟုတ် နယ်ပယ်ကို သိရန် ကြိုးစားနေသည်မှာပထမဆုံးအကြိမ်မဟုတ်တော့ပေ။စုမင်က အင်မော်တယ်၊ မာန်ကျင့်ကြံသူ ၊ အင်မော်တယ်အဖြစ်ပြောင်းလဲရန်ကြိုးစားနေသူ ဖြစ်မလားတောင် ခန့်မှန်းထားလေသည်။ အင်မော်တယ်ဖြစ်စေသောနည်းလမ်းများကို ကျင့်ကြံရန် သူ့သွေးကိုပြောင်းခဲ့သည်... အချိန်ကြာလာသည်နှင့်အမျှ သူမက စုမင်ကို လေးလေးနက်နက်လေးစားလာလေသည်။ သူမ၏ လေးစားမှုပမာဏက နတ်ဆိုးဝိညာဉ်ဂိုဏ်းအကြီးအကဲအပေါ် လေးစားသည်နှင့် တူညီသည်။
လွန်ခဲ့သည့် ခြောက်လကျော်က စုမင် သူ့တောင်းဆိုချက်မှလွဲ၍ ဘာစကားမှ မပြောပေ။သူ၏ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာစေရန် စိတ်နှင့် ဝိညာဉ်အားလုံးကို ထားခဲ့သည်။ ဤနေရာက နတ်ဆိုးဝိညာဉ်ဂိုဏ်းမှ လောကကြီး၏ စွမ်းအားအားလုံးကို စုပ်ယူနေသော ဧရာမလေဟာနယ်တစ်ခု ဖြစ်နေလေသည်။ ဤနေရာက လောကကြီး၏ စွမ်းအားက အမြဲတစေ ရူးသွပ်သော အရှိန်အဟုန်ဖြင့် လည်ပတ်နေလေသည်။
စုမင်က အခြားနေရာ၌သာ ရှိနေခဲ့ပါက ဤမျှကြာအောင် မနေနိုင်ပေ။ အကြောင်းမှာ နတ်ဆိုးဝိညာဉ်ဂိုဏ်းမှ အခြား တန်ခိုးကြီးကျင့်ကြံသူများက သူ့ကို ရှာဖွေနေပေလိမ့်မည်။ သို့ပေမယ့် သူ ထို နေရာမှာရှိနေစဉ် စိတ်ပူစရာမလိုပေ။ တစ်ယောက်ယောက်က လာလာမေးလျှင်တောင် ပေါင်ချိုးက အခန်းပိတ်ကျင့်ကြံနေသည်ဟုပြောရုံဖြင့် ဒီလူအားလုံးကို တားဆီးနိုင်ပြီး သူတို့၏ သံသယအားလုံးကို ဖျောက်ဖျက်ပစ်နိုင်မည်။
လွန်ခဲ့သည့် ခြောက်လအတွင်း စုမင်၏ကျင့်ကြံမှုအခြေခံက မယုံနိုင်လောက်အောင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ပေါင်ချိုးထံမှ ရရှိသော ဆေးပင်များ၏ အကူအညီဖြင့် ဆယ်ပုံရှစ်ပုံအထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။
သူ၏ကျင့်ကြံမှုစွမ်းအား အများအပြားကို ပြန်လည်ရရှိလာသဖြင့် မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သောကျင့်ကြံသူကို တိုက်ခိုက်ရန် စွမ်းအားရှိနေပြီဖြစ်သည်။ တကယ်တော့ သူ့စွမ်းအား ဆယ်ပုံ ရှစ်ပုံကို ပြန်ရှာတွေ့သည့်အခါ လွန်ခဲ့တဲ့နှစ်တွေကတည်းက တိထျန်းကို စတင်တိုက်ခိုက်တုန်းက သူ့အခြေအနေ၏ အထွတ်အထိပ်ကို ရောက်နေကြောင်းသိလိုက်ရသည်။
ထိုအချိန်တွင် သူ၏အတိတ်က အမြင့်ဆုံးမှာ သူ၏လက်ရှိကျင့်ကြံမှု၏ ဆယ်ပုံရှစ်ပုံမျှသာဖြစ်သည်။ ဤရှင်းလင်းသော စွမ်းအားများ တိုးလာခြင်းကြောင့် စုမင်၏ စိတ်ဓာတ်များကို ပို၍ပင် မြှင့်တင်ပေးသည်။
ပေါင်ချိုးကိုလည်း အလွန်သဘောကျသည်။ ထိုအမျိုးသမီးက သူ့အမိန့်တိုင်းကို နာခံပြီး သူသီးသန့်ကျင့်ကြံနေစဉ် ဘယ်တုန်းကမှ အနှောက်အယှက်မပေးခဲ့ပေ။ သူကျင့်ကြံတိုင်း ပေါင်ချိုးက မြေညီထပ်မှာနေရန် အမြဲတမ်းရွေးချယ်ခဲ့သည်။
အစေညကတည်းက ပေါင်ချိုးနှင့်စုမင်
မတူကြောင်း စုမင် ပြောနိုင်ခဲ့သည်။ ဤအမျိုးသမီးက အင်မော်တယ်ဖြစ်ရန် သွေးမျိုးဆက်ကိုပြောင်းလဲခဲ့သောကျင့်ကြံသူမဟုတ်ပေ။ နဂိုကတည်းက အင်မော်တယ်တစ်ယောက်ဖြစ်သည်။
‘နောက်ထပ် နှစ်နှစ်လောက်ကြာမှ ငါအခြေအနေရဲ့ အထွတ်အထိပ်ကို ရောက်နိုင်တော့မှာ.. ပြီးတော့ အဲဒီအထွတ်အထိပ်ကို ရောက်ဖို့ တစ်ခါမှ မကြုံဖူးတဲ့ အခြေအနေတစ်ခု ဖြစ်လာလိမ့်မယ်… အဲဒီ့တော့ ငါရနိုင်မယ့် စွမ်းအားနဲ့ မာန်စိတ်ဝိညာဉ်နယ်ပယ်ကိုရောက်ရှိပြီး မာန်ဘုရားရုပ်ထု ရလိမ့်မယ်.... ငါ့အတွက် မာန်စိတ်ဝိညာဉ်နောက်ဆုံးနယ်ပယ်ကို တန်းတန်းမတ်မတ်သွားနိုင်ဖို့များတယ်.. တကယ်တော့. ငါမာန်စိတ်ဝိညာဉ်နယ်ပယ်မှာ ကြီးကျယ်ခမ်းနားတဲ့ ပြီးမြောက်မှုကိုတောင် လုပ်နိုင်တာပဲ...”
“အဲဒီအချိန်မှာ ငါက အသက်လမ်းစဉ်ကိုလျှောက်လှမ်းဖို့ ရည်မှန်းပြီး ဒီလောကကြီးမှာ အသက်လမ်းစဉ်ကျင့်ကြံသူဖြစ်လာမှာပဲ.. “
စုမင်က အသက်ပြင်းပြင်းရှူလိုက်သည်။ လွန်ခဲ့သည့်ခြောက်လအတွင်း သူက ဆေးအမြုအတေ အများအပြားကို စားသုံးခဲ့ပြီး ၎င်းတို့အားလုံးက ပေါင်ချိုးထံမှ ရရှိခြင်းဖြစ်သည်။
ထိုအချိန်တွင် သူက မျက်စိမှိတ်ပြီး တရားထိုင်ခါနီးတွင် သူ့အကြည့်က လှေကားပေါ်မှ ရုတ်တရက် ရောက်သွားသည်။ ခဏကြာသော်သူ့နားထဲ ခြေသံများ ရောက်လာသည်။ပေါင်ချိုးက မိန်းမငယ်လေးအဖြစ်ပြောင်းပြီး သူ့ရှေ့မှာ ပေါ်လာခဲ့သည်။ သူမက သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာကာ သူ့ရှေ့တွင် ဆေးအမြုတေပုလင်းနှစ်လုံးကို ချထားလိုက်သည်။
ပေါင်ချိုးက တစ်ခုခုပြောချင်သကဲ့သို့ ချီတုံချတုံဖြစ်နေချိန်မှာ စုမင်က မျက်လုံးများကိုမှိတ်ထားလိုက်သည်။ ပေါင်ချိုးက တိတ်တဆိတ် လှည့်သွားလိုက်သည်။ သူမ ထွက်သွားခါနီးတွင် စုမင်က စကားပြောလိုက်သည်။
“ဘာဖြစ်တာလဲ..ငါ့ကိုပြောပြပါ..”
ပေါင်ချိုးက သူ့ဘက်သို့ လှမ်းကြည့်လိုက်သည်။
“ ငါ့အတွက် ဆေးအမြု တေလေးတွေ သိမ်းထားချင်တယ်...”
စုမင်က မျက်လုံးဖွင့်ပြီး ပေါင်ချိုးဆီသို့ လှမ်းကြည့်လိုက်သည်။
“မာန်မျိုးနွယ်စုတွေရဲ့ကပ်ဘေးမရောက်ခင် သုံးလလောက်လိုသေးတယ်.. ဂိုဏ်းသားတွေအားလုံးက အန္တရာယ်တွေ့နေတော့ သူတို့က ငါ့ကို မကူညီနိုင်ကြဘူး..ဒါကို ကျော်ဖြတ်ဖို့ ကိုယ့်ကိုကိုယ် အားကိုးရတယ်... ငါအောင်မြင်ရင် မာန်မျိုးနွယ်စုနယ်မြေမှာ နောက်ထပ်အနှစ်ငါးဆယ်လောက်နေနိုင်ပေမယ့် ငါကျရှုံးရင်... ငါ့ရဲ့တည်ရှိမှုဟာ ပျောက်ကွယ်သွားလိမ့်မယ်”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆေးအမြုတေတွေကို စုဆောင်းပြီး ကျင့်ကြံခဲ့တယ်.. မူလက ငါ့နေရာမှာ သေမဲ့ ကိုယ်ပွားကို သန့်စင်ပြီး ဖန်တီးချင်ခဲ့တာ... ဒါပေမဲ့ အခု ဒီကိုယ်ပွား ကို ဖန်တီးနိုင်တော့မှာ မဟုတ်ဘူး..ငါ့ရဲ့ကျင့်ကြံမှုကို တည်ငြိမ်ဖို့ နောက်ဆုံးသုံးလကို အသုံးချဖို့လိုတယ်...”
“အဲဒီအချိန်တုန်းက နတ်ဆိုးဝိညာဉ်ဂိုဏ်းက ကပ်ဘေးကို တွန်းလှန်ဖို့ ငါတို့ဆီ ကြယ်တာယာနတ်သမီးကိုစေလွှတ်ခဲ့တယ်၊ ဒါပေမဲ့ကြယ်တာယာနတ်သမီး အနားမှာ ရှိနေရင်တောင်မှ ငါတို့ လုံးဝ ဘေးကင်းမယ်လို့ မဆိုလိုပါဘူး.. အန္တရာယ်က မယုံနိုင်လောက်အောင် ကြီးမားတယ်.. ဒါကြောင့် ငါ့ကို ဒီလိုလုပ်ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ် အကြီးအကဲ...”
“မာန်မျိုးနွယ်စုရဲ့ကပ်ဘေးကြီး??.. ကြယ်တာယာနတ်သမီးလား...”
ပေါင်ချိူးက ခဏတာ အံ့အားသင့်သွားသည်။ သူ့ကို တစ်ချက်ကြည့်လိုက်သည်နှင့် ထူးဆန်းသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
“မင်းက မာန်ဝိညာဉ်ကျင့်ကြံသူပဲ..”
ပေါင်ချိုး ၏ နှလုံးခုန်သံက ဒုန်းစိုင်းနေလေသည်။ သူမ စုမင်ကိုကြည့်လိုက်သောအခါ သူမ၏နှလုံးသားက တုန်လှုပ်ချောက်ချားသွားသည် ။ သူမက သူ၏ဇာစ်မြစ်ကို အမြဲသိချင်နေခဲ့ပြီး ယခု သူမတွင် သူ့နောက်ခံအကြောင်း အနည်းဆုံး သဲလွန်စတစ်ခုရှိနေပြီဖြစ်သည်။
“ဒါကို မင်းမသိလောက်ဘူး.. ဒါပေမဲ့ မာန်မျိုးနွယ်စုနယ်မြေက ဆင်းသက်လာတဲ့ အင်မော်တယ်တွေအားလုံးက သူတို့ရဲ့ သွေးမျိုးဆက်ကို ပြောင်းလဲခဲ့တဲ့အတွက် ဘေးဥပဒ်တစ်ခုနဲ့ ရင်ဆိုင်ရတယ်.. အဲဒီဘေးဒုက္ခက မာန်မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့မှော်စီးယာဉ်ကနေ လာတာပဲ..”
“မူလက ဒီနေရာမှာ ကန့်သတ်ချက်ထက်ကျော်လွန်တဲ့ စွမ်းအားကိုပြတဲ့သူတွေက မာန်မျိုးနွယ်စုတွေရဲ့ကြောက်စရာကောင်းတဲ့မှော်စီးယာဉ်ကြီးကို ပေါ်လာစေတယ်.. ဒါပေမဲ့ အကြီးအကဲကျီအန်ရဲ့ မြင့်မြတ်တဲ့စွမ်းရည်နဲ့ မှော်စီးယာဉ် ထွက်ပေါ်လာမှု ဥပဒေသတွေကို ပြောင်းလဲခဲ့တယ်.. အနှစ်ငါးဆယ်မှတစ်ကြိမ်ပေါ်လာဖို့..အဲ့ဒီပေါ်လာတဲ့နေ့မှာ အင်မော်တယ်တွေရဲ့တည်ရှိမှုကိုပြတဲ့သူတွေက အမြစ်ပြတ်ချေမှုန်းခံရလိမ့်မယ်...”
“ငါတို့ရဲ့နတ်ဆိုးဝိညာဉ်ဂိုဏ်းမှ အကြီးအကဲကျီအန်းက ဒီနေရာကို ဆင်းသက်လာသူအားလုံးကို စွမ်းအားတွေထုတ်ပြပြီး မှော်စီးယာဉ်ကို ယူဆောင်လာဖို့ အမိန့်ပေးခဲ့တယ်..ဒါက ငါတို့အတွက် ရက်စက်ကြမ်းကြုတ်တဲ့ စမ်းသပ်မှုတစ်ခုပဲ....”