← Chapters

တိတ်တဆိတ်လှုပ်ရှားနေသည့်နတ်မိစ္ဆာများ

Vol. 89 Ch. 1244

တိတ်တဆိတ်လှုပ်ရှားနေသည့်နတ်မိစ္ဆာများ

Vol. 89 Ch. 1244

အခန်း (၁၂၄၄) တိတ်တဆိတ်လှုပ်ရှားနေသည့်နတ်မိစ္ဆာများ

ကောင်းကင်ဘုံနန်းတော်မှ အဂ္ဂိရတ်ခန်းမမှာ အကောင်းအတိုင်း အပြည့်အဝထိန်းသိမ်းထားနိုင်ခြေ အလွန်မြင့်မားသည်။

သို့ဖြစ်ရာ အထဲတွင်သိမ်းဆည်းထားသော ရတနာပစ္စည်းများစွာ ရှိနေမည်မှာ သေချာသဖြင့် သဲလွန်စရျာဖွေသူများက အထူးအာရုံစိုက်ကြပေမည်။

လက်ရှိတွင် ရန်ကျောက်ကဲက ရှောက်ကျွင်းဟွမ်၏ အဆက်အနွယ်ဖြစ်လေရာ သူ့အနေဖြင့် အမြင့်မားဆုံး ဦးဆောင်နိုင်ခြေရှိသူတစ်ယောက် ဖြစ်နေဆဲပင်။

သို့သော် ရှောက်ကျွင်းဟွမ်ဖွင့်လှစ်လိုက်သည့်လမ်းက အရည်အချင်းရှိသည့် အခြားသူများကိုလည်း အကျိုးအမြတ်များစွာ ဖြစ်ပေါ်စေပေလိမ့်မည်။

အကျိုးအမြတ်ရသူများထဲတွင်အပြာရောင်ခရီးရှည်ကောင်းကင်ဘုံလည်းပါဝင်မည်ဖြစ်ပြီး နတ်မိစ္ဆာမျိုးနွယ်များသည်လည်း အတူတူပင် ဖြစ်သည်။

ရန်တိဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်ပြီးသည့်နောက် နတ်မိစ္ဆာမျိုးနွယ်များဆိုသည်က သူတို့ စန်းချင်း(၃)ပါး တာအိုစကြာဝဠာတွင်ရှိနေသည့် ကြောင်ပေါက်လေးများမဟုတ်ကြောင်း ရန်ကျောက်ကဲ သဘောပေါက်ခဲ့သည်။

မီးလျှံနဂါးကမ္ဘာမှ တန်ခိုးစွမ်းအားရှင် နတ်မိစ္ဆာမျိုးနွယ်များကို ရည်ညွှန်းပြသနေသည်။

နတ်မိစ္ဆာမျိုးနွယ်များအကြောင်းပြောရလျှင် လက်ရှိခေတ်တွင် အလွန်ပင်မရင်းနှီးကြောင်း ဆုံးဖြတ်နိုင်သည်။

နတ်မိစ္ဆာမျိုးနွယ်များ လုံးဝမရှိတော့ဘူးဆိုသည့် အခြေအနေမျိုးနှင့် လူသားများက ပိုမိုရှင်းနှီးကြသည်။ သို့သော် ဗလာနယ်တစ်ဖက်ခြိမ်းရှိ စကြာဝဠာတစ်ခုတွင် နတ်မိစ္ဆာမျိုးနွယ်များ တည်ရှိနေကြသည်။

ထို့ကြောင့် အလယ်ဆင့်နှင့် အဆင့်နိမ့်ကျင့်ကြံသူများ ၊ သာမန်လူသားများက စန်းချင်း (၃)ပါး တာအိုဝါဒ စကြာဝဠာတွင် ဟိုတစ်စ ဒီတစ်စပြန့်ကျဲနေသည့် နတ်မိစ္ဆာအနည်းငယ်ကိုသာ နတ်မိစ္ဆာမျိုးနွယ်တစ်ခုလုံးဖြစ်သည်ဟု မှတ်ယူနေကြသည်။

ဝါဒတောင်က စောမင်ကျန့်ကိုရှာဖွေနေရင်း နက္ခတ်ဧကရာဇ်ထံမှ သတင်းအချို့ကိုလည်း လက်ခံရရှိခဲ့သည်ဖြစ်ရာ ရန်ကျောက်ကဲက နတ်မိစ္ဆာမျိုးနွယ်များအကြောင်း အနည်းငယ် သိရှိခဲ့သည်ပင်။

သို့သော် သူကိုယ်တိုင် မီးလျှံနဂါးကမ္ဘာသို့ ပထမဆုံးအကြိမ် ခြေချမိချိန်မှာတော့ နတ်မိစ္ဆာများနှင့် ကိုယ်တိုင်ထိတွေ့ခဲ့ရသည်။

မဟာကပ်ဘေးကြီးမတိုင်ခင် အသင်္ချေကမ္ဘာတွင် ထိပ်တန်းအဆင့် မဟာနတ်မိစ္ဆာကြီးများ ရှိခဲ့ဖူးသည်။

သို့သော် သူတို့က အလွန်ထင်ရှားခြင်း မရှိပေ။

မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်းစာကြည့်တိုက်မှ မှတ်တမ်းများထဲတွင်သော်လည်းကောင်း ၊ မိုးကောင်းကင်ခုံရုံးမှ နတ်ဘုရားများ၏ စကားပြောဆိုမှုများမှလည်းကောင်း မဟာကပ်ဘေးကြီးမတိုင်ခင်က နတ်မိစ္ဆာအများစုမှာ သိုသိုသိပ်သိပ်နေထိုင်ရင်း အနားယူနေခဲ့ကြကြောင်း သိရှိခဲ့ရသည်။

နတ်ဘုရားများတိုက်ပွဲကာလ ရှေးခေတ်အချိန်များတွင်တော့ နတ်မိစ္ဆာမျိုးနွယ်များ ဖွံ့ဖြိုးတိုးတက်ခဲ့ကြသော အခြေအနေတစ်ခု ရှိခဲ့ဖူးသည်။ ထိုစဉ်အချိန်က နတ်မိစ္ဆာမျိုးနွယ်များ အလွန်တရာများပြားလှပြီး သူတို့ထဲမှအများစုက တာအိုဝါဒ (သို့မဟုတ်) ဗုဒ္ဓဘာသာသို့ဝင်ရောက်ကာ အချို့ကတော့ ငရဲကိုးထပ်လမ်းစဉ်သို့ ဝင်ရောက်ခဲ့ကြသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ နတ်မိစ္ဆာမျိုးနွယ်များ တဖြည်းဖြည်း ကျဆင်းလာသည်။

“အနောက်သို့ခရီးသွားမှတ်တမ်း ခေတ်ကာလကစတင်ပြီး နတ်မိစ္ဆာမျိုးနွယ်တွေ ကျဆင်းသွားခဲ့တဲ့ပုံပဲ”

ရန်ကျောက်ကဲ စိတ်ထဲမှ ရေရွတ်လိုက်၏။

မဟာကပ်ဘေးကြီးမတိုင်ခင်ကာလတွင်တော့ မိုးမြေတစ်ခွင်ပတ်ဝန်းကျင်တွင် လှည့်လည်သွားလာနေကြသည့် ထိပ်တန်းအဆင့် နတ်မိစ္ဆာများ အလွန်နည်းပါးသွားပြီ ဖြစ်သည်။

သို့သော် မဟာကပ်ဘေးကြီးအတွင်း နတ်မိစ္ဆာမျိုးနွယ်များ အသေအပျောက်နှင့် ဆုံးရှုံးမှုတစ်စုံတစ်ရာ မရှိခဲ့ပါက သူတို့အနေဖြင့် အပြည့်အဝ ပြန်လည်အားကောင်းလာမည် ဖြစ်သည်။

အမတခုံရုံးနှင့် သုခဘုံကြားတွင်တော့ သူတို့ မည်သို့ရပ်တည်သည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

နတ်မိစ္ဆာမျိုးနွယ်များက အခြားသူများကို တရားအလင်းရစေရန်အတွက် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်းနိုင်ကြသည်။

“အဓိကအချက်ကတော့ အခု နွီဝါးဧကရီရဲ့ လက်ရှိအခြေအနေပဲ...”

ရန်ကျောက်ကဲ သူ့ခန္ဓာကိုယ်ကို အသာပွတ်သပ်ရင်း တွေးလိုက်သည်။

နွီဝါးဧကရီဆိုသော ဘွဲ့အမည်ခံယူထားသော်လည်း သူမက နက်ရှိုင်းနတ်ဘုရားတစ်ပါး မဟုတ်ပေ။

ကျန်းဝူဧကရာဇ်ဘွဲ့အမည်ခံယူထားသည့်တိုင် သူက အစစ်အမှန်နတ်ဘုရားတစ်ပါးမဟုတ်ဘဲ လုံးဝမတူကွဲပြားသကဲ့သို့ပင်ဖြစ်၏။

အစစ်အမှန်နတ်ဘုရားများ၏ ဘွဲ့အမည်များတွင် ဧကရာဇ် (တိ) ဆိုသည့် စာလုံး ပါဝင်သည်။

ဥပမာအားဖြင့် -

မဟာကပ်ဘေးကြီးမတိုင်ခင်ကဆိုလျှင်...

လုန်မန်ဧကရာဇ် (လုန်မန်တာ့တိ) ၊ ကောင်းကင်မီးလျှံဧကရာဇ် (ထျန်းဟော်တာ့တိ) ၊ မိုးကြိုးဧကရာဇ် (လေ့တိ) ၊ ရေခဲဧကရာဇ် (ပင်းတိ) စသည်ဖြင့် ဖြစ်သည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ဥပမာပေးရမယ်ဆိုလျှင်...

ယိုးမင်ဧကရာဇ် (ယိုးမင်တာ့တိ) ၊ ထုန်းမင်ဧကရာဇ် (ထုန်းမင်တာ့တိ) ၊ ပိုးသားဧကရာဇ် (ကျင်ရှို့ တာ့တိ) ၊ ချင်းယွမ်ဧကရာဇ် (ချင်းယွမ်တာ့တိ) ၊ ဖယောင်းနေခြည်ဧကရာဇ် (ကျူယန်တာ့တိ) စသည်ဖြင့် ဖြစ်သည်။

သို့သော် ‘ကျန်းဝူဧကရာဇ်’ (ကျန်းဝူတာ့တိ) ဆိုသည့်ဘွဲ့အမည်ကတော့ အစစ်အမှန်နတ်ဘုရားတစ်ပါးကို ကိုယ်စားပြုခြင်း မဟုတ်ပေ။

သူ၏ အခြားသောအမည်များမှာ ရွှမ်ဝူကောင်းကင်ဧကရာဇ် ၊ ကျန်းဝူမိစ္ဆာနှိမ်နင်းဧကရာဇ် ၊ မိစ္ဆာနှိမ်နင်းကောင်းကင်အရှင် ဟူ၍ ဖြစ်သည်။

တာအိုဝါဒ၏ ဧကရာဇ် (၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ကျီဝေးဧကရာဇ် (ကျီဝေးတာ့တိ) သည်လည်း ဧကရာဇ် (တိ) ဆိုသည့်စာလုံးကို အသုံးပြုထားသော်လည်း သူက အစစ်အမှန်နတ်ဘုရားတစ်ပါးမဟုတ်ပေ။

သူ၏ ဘွဲ့နာမည်အမှန်မှာ “ကောင်းကင်ဘုံအရှင်မြောက်ပိုင်းကြယ်စင်ကျီဝေးဧကရာဇ်မင်း” ဟူ၍ ဖြစ်သည်။

တူညီသည့်သဘောတရားအတိုင်းပင် နွီဝါးဧကရီ (နွီဝါးဟွမ်) ဆိုသည့်အမည်တွင် ဧကရီ ၊ ဧကရာဇ် (ဟွမ်) ဆိုသော စာလုံးကို အသုံးပြုထားသော်လည်း သူမက ကျန့်ဟွမ်ဓားဧကရာဇ် ၊ တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့ကဲ့သို့ နက်ရှိုင်းနတ်ဘုရားတစ်ပါး မဟုတ်ပေ။

ရိုးရှင်းသော ခေါင်းစဉ်တစ်ခုအဖြစ်သာ ‘နွီဝါးဧကရီ’ (နွီဝါးဟွမ်) ဟု သုံးစွဲထားခြင်း ဖြစ်သည်။

သူမ၏ ဘွဲ့အမည်အမှန်မှာ ....

နတ်ဘုရားမ မယ်တော်အရှင် ’နွီဝါး’ ၊ နွီဝါးမယ်တော် ဟူ၍ ဖြစ်၏။

ဒဏ္ဍာရီများစွာကို ကြားသိခဲ့ရသော ရန်ကျောက်ကဲ၏ မှတ်ဉာဏ်များကို အခြေခံကြည့်မည်ဆိုလျှင် ဤနာမည်ကို အကြိမ်ပေါင်းမည်မျှ ကြားခဲ့ရဖူးကြောင်း မိုးနတ်မင်းသာလျှင် သိပေလိမ့်မည်။

သူမက ဤကမ္ဘာလောကတွင် အမှန်တကယ်တည်ရှိခဲ့‌သော ဒဏ္ဍာရီလာ တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။

သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် သူမအကြောင်းမှတ်တမ်းမှတ်ရာများက အလွန်တရာ နည်းပါးလွန်းသည်။

ကောင်းကင်ဘုံနန်းတော်ရှိ သိုင်းကျမ်းစာကြည့်တိုက်တွင် များပြားလှစွာသော စာအုပ်များကို ဖတ်ရှုပြီးသည့်တိုင် ရန်ကျောက်ကဲအနေဖြင့် သူမအကြောင်းအနည်းငယ်ကိုသာ သိခဲ့ရသည်။

ကောလဟလများဆိုလျှင်တော့ နွီဝါးဧကရီက ယွမ်စီထျန်းကျွင်း ၊ ယွမ်စီကောင်းကင်နတ်ဆိုး (ယွမ်စီထျန်းမော်) တို့ကဲ့သို့ ကမ္ဘာလောက မဖန်ဆင်းမီအချိန်တွင် မွေးဖွားခဲ့သူ ဖြစ်သည်။

ထို့နောက် လောကကိုဖန်ဆင်းပြီးသည့်နောက် ငရဲကိုးထပ်မှမိစ္ဆာများမှလွဲပြီး အခြားသော သက်ရှိသတ္တဝါများအားလုံးမှာ နွီဝါးဧကရီ၏ဖန်ဆင်းခြင်းမှ ဆင်းသက်လာသည်ဟု အဆိုရှိသည်။

ဖန်ဆင်းခြင်းအစပြုသော ကနဦး‌ ရှေးဟောင်းခေတ် အချိန်ကာလတွင် လူသားများ ၊ နတ်မိစ္ဆာများဟူ၍ ခွဲခြားသတ်မှတ်ထားခြင်း မရှိပေ။

အားလုံးကိုစုပေါင်းပြီး ရှေးခေတ်မျိုးနွယ်များစွာ သို့မဟုတ် ရှေးခေတ်မျိုးနွယ်အသင်္ချေ ဟူ၍သာ ခေါ်ဆိုကြသည်။ ထို အသင်္ချေသောမျိုးနွယ်များထဲတွင် လူသားများသည်လည်း မျိုးနွယ်စုတစ်ခုအဖြစ် ပါဝင်ကြသည်ပင်။

နဂါးမျိုးနွယ် ၊ ခြေထောက်ခြောက်ချောင်းမြွေပျံမျိုးနွယ် ၊ ဇာမဏီမျိုးနွယ် ၊ ဂဠုန်ဝေလ (ခွန်ဖိန်) မျိုးနွယ် နှင့် အခြား များပြားလှစွာသော အမျိုးအစားမတူညီသည့် မျိုးနွယ်ပေါင်းများစွာ ရှိခဲ့သည်။

ထိုက်ချင်အဆက်အနွယ်တည်ထောင်သူ ‘တောက်တယ်ထျန်းကျွင်း’ (ထိုက်စန့်လောင်ကျွင်း) ထွက်ပေါ်လာပြီး တာအိုဝါဒ တရားဓမ္မပြန့်ပွားလာသည့်အချိန်ရောက်တော့မှ လူသားမျိုးနွယ်များ ပိုမိုထွန်းကားလာပြီး ထင်ရှားပေါ်လွင်လာခြင်း ဖြစ်သည်။

ဟုတ်ပေ၏။

တာအိုဝါဒဘက်သို့ရောက်ရှိလာသူများက မျိုးနွယ်စုများစွာရှိပြီး လူသားမျိုးနွယ်တစ်ခုတည်းတော့ မဟုတ်ခဲ့ပေ။

အထူးသဖြင့် စန့်ချင်အဆက်အနွယ်များ၏ ဘိုးဘေး “လင်ပေါင်ထျန်းကျွင်း” ကတော့ မျိုးနွယ်စုတိုင်းကို သာတူညီမျှ မခွဲခြားဘဲ ပညာသင်ကြားပေးရာတွင် လူသိများထင်ရှားသည်။

သို့သော် သမိုင်းကိုပြန်ကြည့်မည်ဆိုလျှင် စန်းချင်း (၃)ပါး၏ သွန်သင်မှုများတွင် လူသားများက အကျိုးအမြတ် အများဆုံး ရရှိသွားသည်မှာ ထင်ရှားသည်။

အချိန်ကာလများစွာ ကြာမြင့်လာပြီးနောက်ပိုင်း လူသားမျိုးနွယ်များက အခြားသော ရှေးဟောင်းမျိုးနွယ်ပေါင်းများစွာကို နတ်မိစ္ဆာမျိုးနွယ်များအဖြစ် ခွဲခြားသတ်မှတ်လာကြသည်။

နတ်မိစ္ဆာဆိုသည်က လူသားများက သူတို့နှင့်မတူညီသော အခြားမျိုးနွယ်များကို ခေါ်ဆိုကြခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် နတ်မိစ္ဆာဟုခေါ််ကြသော နတ်မိစ္ဆာမျိုးနွယ်များကတော့ ခပ်ရှားရှားပင်။

မတူညီသော နတ်မိစ္ဆာမျိုးနွယ်များစွာက သူတို့ကိုယ်ပိုင်မျိုးနွယ်ကို နတ်မိစ္ဆာအဖြစ် ခွဲခြားသတ်မှတ်မည် မဟုတ်ပေ။

နွီဝါးဧကရီကတော့ နတ်မိစ္ဆာမျိုးနွယ်များရော လူသားမျိုးနွယ်များကပါ နက်နက်ရှိုင်းရှိုင်းလေးစားခြင်းကို ခံခဲ့ရသူ ဖြစ်၏။

သို့သော် တဖြည်းဖြည်း အချိန်များကုန်ဆုံးသွားပြီးနောက် နတ်ဘုရားမ မယ်တော်’နွီဝါး’ လောကတွင် ထွက်ပေါ်လာခြင်းမရှိတော့ဘဲ သူ၏ ဂုဏ်သတင်းသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ရန်ကျောက်ကဲ ယခုအချိန်ထိ သိမ်းဆည်းထားသော သတင်းအချက်အလက်များအရ နတ်ဘုရားမ မယ်တော်’နွီဝါး’ နှင့်ပတ်သက်သည့် နောက်ဆုံးမှတ်တမ်းများမှာ ရှေးခေတ် နတ်ဘုရားများတိုက်ပွဲကာလတွင် တစ်ကြိမ်ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ထိုခေတ်အချိန်အခါမှစတင်ပြီး သူမကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

သို့သော် အချိန်စီးကြောင်းက ရှည်လျားလွန်းလှသည်။

သမိုင်းနှင့်ပတ်သက်သောအချက်အလက်များစွာက ရောထွေးနေပြီး လျှို့ဝှက်ဆန်းကြယ်မှုများစွာသည်လည်း ကျန်ရစ်ခဲ့သည်။

ထို့ပြင် လက်ရှိတွင် ရရှိထားသည့် သတင်းအချက်အလက်များက အပြည့်အဝ ယုံကြည်ရသည် မဟုတ်ပေ။

နက္ခတ်ဧကရာဇ်၏ လမ်းညွှန်မှုဖြင့် မီးလျှံနဂါးကမ္ဘာသို့သွားရောက်ခဲ့ပြီးနောက် ရန်ကျောက်ကဲစိတ်ထဲတွင် ဤအကြောင်းအရာများစွာကို စဉ်းစားခဲ့မိသည်။

“နတ်မိစ္ဆာမျိုးနွယ်တွေရဲ့ အကြီးအကဲတွေကလည်း မီးလျှံထက်ယံအရှင်သခင် ဘယ်မှာလဲဆိုတာ သိချင်နေကြတယ် ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဆရာဦးလေး’ကောင်း’ ပြောသလိုဆိုရင်တော့ ဒီနတ်မိစ္ဆာတွေကလည်း လွန်ခဲ့တဲ့နှစ်ပိုင်းကတည်းက အဂ္ဂိရတ်ခန်းမနဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေကို တိတ်တဆိတ်လေ့လာနေကြပုံရတယ်”

ရန်ကျောက်ကဲ စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းသွားသည့်တိုင် သူ၏လက်ကတော့ အလကားမနေဘဲ အလုပ်လုပ်နေခဲ့သည်။

သူက လက်နှစ်ဖက်ကိုအသာယှက်လျှက် ရတနာပစ္စည်း (၅)ခုနှင့် ရောင်စုံအလင်းတန်းများကို ဖိနှိပ်လိုက်ပြီး ထိုအရာများ အတူတကွ တုန်ခါလာစေလိုက်သည်။

စည်းတံဆိပ် (၅)ခုက လှည့်ပတ်သွားပြီး ရောင်စဉ် (၇)မျိုးရှိသော အလင်းတန်းစီးကြောင်းက ဖြည်းဖြည်းချင်း အေးခဲသွားကာ သက်တံ့တံတားတစ်စင်း ဖြစ်တည်လာသည်။

“ဒါဆိုရင်တော့ အချိန်ဆွဲလို့မဖြစ်တော့ဘူး ၊ အမြန်ဆုံးလှုပ်ရှားကြတာပေါ့ ၊ မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ကျွန်‌တော်တို့ကိုပေးထားတဲ့ လက်ဦးမှုကို အလကားအဖြစ်မခံနိုင်ဘူး”

ရန်ကျောက်ကဲက ရန်တိနှင့် အခြားသူများကို ပြောလိုက်သည်။

ရန်တိ ၊ နျဲ့ကျင်းရှန် ၊ ယွီယဲ့နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် သူတို့အားလုံး ရန်ကျောက်ကဲနှင့်အတူ သက်တံ့တံတားပေါ်သို့ တက်လိုက်ကြ၏။

ထို့နောက်မှာတော့ သက်တံ့တံတားမှ အလင်းရောင်များတောက်ပလာပြီး ရန်ကျောက်ကဲတို့အုပ်စုမှာ ရုတ်တရက် မျက်လုံးများပင်ကျိန်းစပ်သွားကာ ဗလာနယ်အလွှာများကို ဖြတ်ကျော်ထွက်ခွာသွားကြလေတော့သည်။

ချက်ချင်းပင် သူတို့အားလုံး ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင် အပြင်ဘက်သို့ ရောက်ရှိသွားကြသည်။

“ဒီလိုခရီးသွားရတာ အန္တရယ်တော့ ခပ်များများပဲ ၊ ဒါပေမဲ့ အချိန်နဲ့ဒီရေက လူကိုမစောင့်ဘူးဆိုတော့ စွန့်စားရဖို့ပဲ ရှိတယ်”

ရန်ကျောက်ကဲက ခရီးထွက်လာရင်း အချိန်ကိုအဖိုးတန်စွာအသုံးချလျှက် ရန်တိနှင့်အခြားသူများအား လျှင်မြန်စွာ ပြောလိုက်သည်။

“နတ်မိစ္ဆာမျိုးနွယ်တွေအပြင် အမတခုံရုံးက မိစ္ဆာကျင့်ကြံသူတွေလည်း ဝင်စွက်ဖက်မှာ သတိထားရမယ်”

လွန်ခဲ့သောနှစ်အနည်းငယ်က အတော်အတန်ပြင်းထန်ခဲ့သော အမတခုံရုံးနှင့် သုခဘုံကြား ပဋိပက္ခများက တဖြည်းဖြည်းငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ရန်သူက ထင်ရှားသော အားနည်းချက် ပြသလာမည်ဆိုလျှင် အမတခုံရုံးမှဖြစ်စေ သုခဘုံမှဖြစ်စေ အခွင့်အရေးကိုအသုံးချကာ အသေအကျေ တိုက်ခိုက်ကြဦးမည် ဖြစ်၏။

ယခု အမတခုံရုံးက သူတို့၏အင်အားတစ်စိတ်တစ်ပိုင်းကိုအသုံးပြုပြီး မီးလျှံထက်ယံအရှင်သခင် စောမင်ကျန့်ကို လိုက်လံရှာဖွေနေလေရာ ဗုဒ္ဓဘာသာ ၊ သုခဘုံမှလူများသည်လည်း အမတခုံရုံး၏လုပ်ရပ်များကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။

သို့သော် သူတို့သည်လည်း နတ်မိစ္ဆာမျိုးနွယ်များနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကဲ့သို့ အဂ္ဂိရတ်ခန်းမနှင့်ပတ်သက်သည့် သဲလွန်စ ရရှိခဲ့ပါက ဝင်ရောက်စွက်ဖက်ကြမည် ဖြစ်သည်။

အဂ္ဂိရတ်ခန်းမ မည်မျှအဖိုးတန်ကြောင်း သံသယဝင်စရာ မလိုပေ။

“အဲဒီကိစ္စတွေအပြင် အဂ္ဂိရတ်ခန်းမနဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းတယ်လို့ ခံစားနေရတယ် ၊ ကျွန်တော်တို့တွေ သတိထားဖို့တော့လိုတယ်”

ရန်ကျောက်ကဲက တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်လေ၏။

All Chapters