ပင်လယ် တစ်ဖက်ဆီမှ နတ်ဘုရားများ၏ တောင်
Vol. 1 Ch. 24
အခန်း (၂၄) ပင်လယ် တစ်ဖက်ဆီမှ နတ်ဘုရားများ၏ တောင်
တည်းခိုရိပ်သာမှာ လူအလွန် ထူထပ်သည့် နေရာတစ်ခု ဖြစ်လေသည်။ ထိုနေရာမှာ လောကကြီး တစ်ခုလုံးရှိ လိုချင်ဆန္ဒများ၊ လောဘ ရမ္မက်များဖြင့် ပြည့်နေလေသည်။
တည်းခိုရိပ်သာသို့ ရောက်ရှိလာကြသည့် လူများမှာ ဆန်းလျန်အတွက် လူမှု ဆက်ဆံရေးပိုင်း ဆိုင်ရာ သင်ယူနိုင်သည့် အကောင်းဆုံး သင်တန်းကျောင်းကြီး ကဲ့သို့ပင် ဖြစ်နေတော့သည်။ ဆန်းသခင် ကြီးကလည်း ထို ရည်ရွယ်ချက်ဖြင့်ပင် ဆန်းလျန်ကို တည်းခိုရိပ်သာကို ဦးစီးရန် ပို့လိုက်ခြင်း ဖြစ်လေသည်။
ည သန်းခေါင်ယံ အချိန် …
လမင်းက ထိန်ထိန် သာနေလေသည် …
ဇာမဏီ သစ်ပင်တစ်ပင် ….
ဇာမဏီ သစ်ပင်ပေါ်တွင် မည်သည့် ဇာမဏီငှက်မှ မရှိပါ။ လရောင်ကသာ ဖြာကျ နေလေသည်။
လခြမ်းကွေးလေးက ကောင်းကင်ထက်တွင် တွဲလဲ ခိုနေလေသည်။ လပြည့်ဝန်းက ဇာမဏီ သစ်ပင်၏ သစ်ကိုင်းများ ထက်ဆီတွင် ရှိနေလေသည်။
လပြည့်နေ့ မဟုတ်ပါ …
ထိုအရာမှာ လူတစ်ယောက်၏ ဦးခေါင်းသာ ဖြစ်လေသည်။
လရောင်အောက်တွင် လပြည့်ဝန်းနှင့် တူသည့် လူတစ်ယောက်၏ ပြောင်လက်နေသည့် ဦးခေါင်း ဖြစ်လေသည်။
သူ့ဘေးနားတွင် လူငယ်လေးတစ်ယောက် ရပ်နေသည်။
လေအဝေ့တွင် သူ၏ ပိန်ပါးသွယ်လျသော ခန္ဓာကိုယ်မှာ အနည်းငယ် ယိမ်းယိုင် သွားသယောင် ထင်ရသည်။ သို့သော် သူ့ခြေထောက်များကတော့ မြေပြင်ထက်တွင် မြဲမြံစွာ ရပ်တည်နေဆဲ ဖြစ်လေသည်။
လေထဲတွင် ဝါးပင် စိမ်းစိမ်းများက ယိမ်းထိုး လှုပ်ရှားနေသည်။
ဆန်းလျန် အသက်ကို ရှူထုတ်လိုက်တော့ အဖြူရောင် အငွေ့များ ထွက်လာလေလည်။ ထို အငွေ့များမှာ ရှည်လျားပြီး သိပ်သည်းမှုရှိသည်။
"ဒီချိကုန်း ကျင့်စဉ်ကို ဆန်းကျူ ကျင့်စဉ်ကျမ်းလို့လည်း ခေါ်တယ်။ ကျန်းဟူမှာ နက်နဲ အသိမ်မွေ့ဆုံး ပညာရပ်ပဲ။မသေမျိုးဖြစ်တဲ့ နတ်မျိုးနတ်နွယ် ဖြစ်ဖို့ နည်းလမ်း ရှာဖွေနေတဲ့ အချိန်တုန်းက ငါ့ရဲ့ဆရာက အဲဒီပညာကို လေ့ကျင့်ခဲ့တယ်"
ဆန်းလျန် အသက် ရှူထုတ်ပြီးသည်နှင့် လင်ချုန်းရှောင်က ပြောလိုက်သည်။
ယခင်က အစိမ်းရောင်ဝတ် လူနှင့်အတူ ဤကျမ်းပိုဒ် ရွတ်ဆိုသံကို ကြားကတည်းက ဆန်းလျန်က နားလည်ထားပြီး ဖြစ်လေသည်။
ဆန်းကျူကျမ်းမှ "ကျူ" ဆိုသည့် စာလုံးမှာ "ခြေထောက်" ဆိုသည့် အဓိပ္ပာယ် မဟုတ်ပါ။ "အတွင်းအား ပြည့်ဝခြင်း" ဟု အဓိပ္ပာယ် ရလေသည်။
"ပြိုင်ဘက်ကတော့ သူ ဖြစ်ချင်တဲ့အတိုင်း ရက်ရက်စက်စက် တိုက်ခိုက်မှာပဲ။ဒါပေမယ့် ငါတို့ လိုအပ်တာက လုံလောက်တဲ့ အတွင်းအား ရရှိအောင် အသက်ကို အဝရှူဖို့ပဲ လိုတယ်"
ချိကုန်း ကျမ်းပိုဒ်ကို ရွတ်ဆိုဖို့မှာ အလွန်ပင် လွယ်ကူလေသည်။ နားလည်ရန် လွယ်ကူသလောက် လက်တွေ့ လေ့ကျင့်သည့်အခါ အလွန်ခက်လေသည်။ ပထမအဆင့် အောင်မြင်ဖို့အတွက် လူတစ်ယောက်မှာ လောကီ ကိစ္စများနှင့် ကင်းလွတ်နေဖို့ လိုသည်။ ထိုသို့ လေ့ကျင့်မှသာ လူတစ်ယောက်၏ မွေးရာပါဖြစ်သော အတွင်းအားကို ခံစား၍ရမည် ဖြစ်လေသည်။
ပြောသည်မှာ လွယ်သော်လည်း စိတ်အာရုံ စူးစိုက်မှုမှ တစ်ဆင့် စိတ်ဝိညာဉ် အေးချမ်းမှုကို ရရှိသည့် အဆင့်ထိ ကျင့်ကြံနိုင်သည့်သူ ဤလောကတွင် မရှိသလောက်ပင်။ လောကီ ကိစ္စရပ်များမှ ကင်းလွတ်ဖို့ ဆိုသည်မှာ လူတစ်ယောက် အတွက် အဘယ်မှာ လွယ်ကူ ပါမည်နည်း။
နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် တရားအလင်း ရထားသည့် ဘုန်းတော်ကြီး တစ်ပါးပင်လျှင် လိုအပ်သည့် အချိန်တွင် စိတ်ဝိညာဉ် အေးချမ်းမှု အခြေအနေသို့ ချက်ချင်း မဝင်ရောက်နိုင်ပေ။
သို့သော် ဆန်းလျန် အတွက်တော့ ခက်ခဲသည့် အရာမဟုတ်ပေ။
သူက လမ်းညွှန်မှုအတိုင်း လေ့ကျင့်ပြီး သူ၏အသက် ရှူသွင်း ရှူထုတ်ခြင်းကို ပြုပြင် လိုက်သည်။ လေပြေနှင့် လရောင်ကြားတွင် ရောက်ရှိနေသော သူ၏စိတ်ထဲတွင် လေးလံနေသည့် အရာ ဘာမှမရှိပေ။
လင်ချုန်းရှောင်က ဆန်းလျန်မှာ အလားအလာ များစွာရှိသည့် လူငယ်တစ်ယောက် ဖြစ်ကြောင်း သိနေသည့်တိုင် အဆမတန် အံ့သြခြင်း ဖြစ်ရသည်မှာတော့ အမှန်ပင် ဖြစ်လေသည်။
တကယ်တော့ အံ့သြစရာမရှိပါ။ ဤသို့ ဖြစ်ရသည်မှာ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” ကျမ်းစာအုပ်ကြောင့် ဖြစ်လေသည်။
စိတ်အာရုံ စူးစိုက်မှု အဆင့်မှ စိတ်ဝိညာဉ် အေးငြိမ်းသည့် အဆင့်သို့ ရောက်လာ ခဲ့လေသည်။ အတွင်းအားများက သူ့ကိုယ်ထဲတွင် လှည့်ပတ်နေပြီး အထွတ်အထိပ် ဆုံချက် နေရာများကို ပြုပြင် ပေးသည်။ ထိုအဆင့်မှာ သူ၏ ခြေလက်များ လှုပ်ရှား သကဲ့သို့ပင် အလွန် လွယ်ကူနေလေသည်။
ဆန်းလျန်မှာ ကြံ့ခိုင်သည့် လူတစ်ယောက် မဟုတ်ပါ။ သူ၏ အထွတ်အထိပ် နေရာများတွင် သွေးများက ပိတ်ဆို့ နေလေသည်။ သို့သော် သူက အတွင်းအားကို ကောင်းကောင်း ထိန်းချုပ်လိုက်ပြီး ပထမဆုံးအကြိမ် လေ့ကျင့်ခြင်းတွင်ပင် နှလုံး အထွတ်အထိပ် နေရာဖြစ်သည့် ရှောင်ယင်း နေရာကို ဖွင့်ထုတ် လိုက်နိုင်လေသည်။
စိတ်ဝိညာဉ် အေးငြိမ်းသည့် အဆင့်သို့ ဆန်းလျန် ရောက်သွားသည်ကို လင်ချုန်းရှောင် မသိ လိုက်ပေ။ ဆန်းလျန် အသက်ကို ရှည်ကြာစွာ ရှူထုတ် လိုက်သည်ကို ကြည့်နေရင်း ဆန်းလျန်မှာ သိုင်းပညာ သင်ယူရန်အတွက် ထူးခြား ရှားပါးသည့် ပါရမီရှိကြောင်း သူ သိလိုက်လေသည်။
"ခင်ဗျားရဲ့ ဂိုဏ်းနာမည်ကို ကျွန်တော် အခုထိ မသိရသေးဘူး"
ဆန်းလျန်က မေးလိုက်လေသည်။
"မင်းက မေးပြီဆိုတော့ ငါ့ရဲ့ ဆရာအကြောင်း မင်းကို ပြောပြမယ်။ သူက ပညာရှိတစ်ယောက် ဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် နန်းတွင်း အဆင့်မြင့် စာမေးပွဲမှာ သူမအောင်ခဲ့ဘူး။ သူက စိတ်မကောင်း ဖြစ်ပြီး တာအို ကျင့်စဉ်ကနေ မသေမျိုးဖြစ်အောင် လေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလို နတ်ဘုရား ဖြစ်ဖို့အတွက် ကျင့်စဉ်တွေ ကျင့်ဖို့ လောက လူ့အဖွဲ့အစည်းကို စွန့်ခွာမှ ရမယ်။သာမာန် လူတွေက ဘယ် လေ့ကျင့် နိုင်မှာလဲ။တစ်နှစ်လောက်ကြာတော့ နတ်ဘုရားတွေဟာ ပင်လယ်တစ်ဖက်မှာ နေတယ်ဆိုတဲ့ သတင်းကို ဆရာ ကြားခဲ့ရတယ်။သူက တစ်ယောက်တည်း ထွက်ခွာသွားခဲ့တယ်။ အဲဒီလိုနဲ့ ဆရာ ပင်လယ်ပြင်မှာ မုန်တိုင်း မိခဲ့တယ်။
ဒါပေမယ့် ဆရာက မသေခဲ့ဘူး။သစ်သားတုံးကို ကိုင်ပြီး ကမ်းခြေတစ်ခုကို မျောသွားခဲ့တယ်။
အရမ်း ကျယ်ပြန့်လွန်းတဲ့ ကျွန်းကြီး တစ်ကျွန်းရဲ့ ကမ်းခြေပဲ။
အဲဒီကျွန်းရဲ့ အလယ် တည့်တည့်မှာ မြူခိုးတွေ ဝန်းရံနေတဲ့ တောင်တစ်တောင် ရှိတယ်။
ဆရာက အဲဒီတောင်ကြီးရဲ့ ခမ်းနားမှုကို သဘောကျပြီး ကမ်းခြေကနေ တစ်နေကုန် လမ်းလျှောက်ပြီး သွားခဲ့တယ်။သူ တောင်ခြေကို ရောက်တော့ ကောင်းကင်ထိ မြင့်တဲ့ ကျောက်နံရံကြီး တစ်ခုကို တွေ့လိုက်ရတယ်။အဲဒီ ကျောက်နံရံကြီး ပေါ်မှာ "ချင်းရွှမ်" ဆိုတဲ့ စာလုံးနှစ်လုံး ရေးထား တယ်။
ကျောက်နံရံကြီးရဲ့ မျက်နှာပြင်က ချောမွေ့နေလို့ အဲဒီစာလုံး နှစ်လုံးကို ဘယ်လိုများ ရေးထွင်း ထားလဲ ဆရာက မသိနိုင်ခဲ့ဘူး။
စာလုံးတစ်လုံးရဲ့ အရှည်က ပေတစ်ရာလောက် ရှိပြီး အကျယ်က ခုနစ်ပေလောက် ရှိမယ်။ စာလုံးက သဘာဝအတိုင်း ဖြစ်ပေါ် နေသလိုမျိုးပဲ။စာလုံးတွေကို ရေးထွင်းထားတာ မဟုတ်ဘူး ၊
ဆရာက ဒီလောက်အံ့သြစရာ၊ လေးစားစရာ စာလုံးတွေကို ရေးထားတဲ့သူဟာ မသေမျိုးတွေ ဖြစ်တဲ့ နတ်တွေ လုပ်တာသာ မဟုတ်ရင် ဘယ်သူ ရှိဦးမှာလဲလို့ တွေးလိုက်တယ်။
ဆရာက တောင်ကြောတစ်လျှောက် လမ်းလျှောက်သွားခဲ့တယ်။တောင်က အရမ်းကြီးပြီး တောကလည်း နက်တော့ သူလမ်းပျောက်သွားပြီး စားမိစားရာ အသီးတွေ လျှောက်စားပြီး ဗိုက်ဖြည့် ရတယ်။ဒါပေမယ့် ကံကောင်းတာက ဆရာက အန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေ။ အဆိပ်ရှိတဲ့ မြွေတွေနဲ့ မတွေ့ခဲ့ရဘူး"
"နောက်ဆုံးမှာတော့ သူက နတ်မင်းတစ်ပါးနဲ့ တွေ့ခဲ့ပြီး လျှို့ဝှက် ကျင့်စဉ်စာအုပ် ရခဲ့တာလား"
ဆန်းလျန်ပြုံးပြီး မေးလိုက်သည်။
ဇာတ်လမ်းက မှန်းဆလို့ မရနိုင်ပေ။ ဖြစ်နိုင်သည်များမှာ ဆန်းလျန်စိတ်ထဲသို့ မကြာခဏ ဝင်ရောက်လာသည်။
"အဲဒီလောက် မရိုးရှင်းဘူး။ဆရာက ပုလွေသံ တစ်သံ ကြားလိုက်ရတယ်။နောက်ဆုံးတော့ လူတစ်ယောက်တော့ တွေ့ရပြီဆိုပြီး ဝမ်းသာသွားတယ်။ ဆရာ တောထဲမှာ လမ်းပျောက်နေတာ အကြာ ကြီးပဲလေ။သူတွေ့ခဲ့တဲ့ ကျောက်နံရံကြီး ဆီကို ပြန်မသွား တတ်တော့ဘူး။
ဆရာက နတ်ဘုရားတွေနဲ့ တွေ့ဖို့လည်း မမျှော်လင့်တော့ပါဘူး။ သူက တောထဲမှာ မျက်စိ လည်နေတာကနေ လွတ်မြောက် ချင်နေပြီ။
ညဘက်ရောက်တော့ လရောင်က ဖြာကျနေတယ်။ ဒါပေမယ့် တောထဲမှာဆိုတော့ အရမ်းအေးတယ်။ဆရာ့လို သိုင်းပညာ တော်တဲ့သူတောင်မှ အဲဒီ အအေးဒဏ်ကို မခံနိုင်ခဲ့ဘူး။
ဆရာက ပုလွေသံကြားတော့ အသံလာတဲ့ နေရာကို မှန်းပြီး လမ်းလျှောက် လာခဲ့တယ်။
ပုလွေသံစဉ်က ထူးဆန်းတယ်။အဲဒီလို သံစဉ်မျိုး အရင်က တစ်ခါမှ မကြားဖူးဘူး။ သံစဉ်က တိုးလျပြီး စိတ်ကို ပြေလျော့စေတယ်။အရမ်းလည်း သိမ်မွေ့နူးညံ့တယ်။
ဆရာက ပုလွေသံနောက်ကို ဘယ်လောက်ကြာအောင် လိုက်နေခဲ့လည်း မသိဘူး။
သူ အံ့သြလာတယ်။သူတစ်ခါမှ ဒီလောက် အဝေးကြီး လမ်းမလျှောက်ဖူးဘူး။ သူလျှောက် လာတာ တစ်မိုင် ကျော်ကျော်လောက် ရှိနေပြီ။ဂီတသံက အရင်အတိုင်း မပြောင်းမလဲ ရှိနေတုန်းပဲ။ နီးလည်း မသွားသလို ဝေးလည်း မသွားဘူး။
ဆရာက ခြေတစ်လှမ်း ရွှေ့တိုင်း ဂီတသံကလည်း ခြေတစ်လှမ်း လိုက်ရွှေ့ နေသလိုမျိုးပဲ။
ဆရာက ရနံ့တစ်ခု ရလိုက်တယ်။မက်မွန်ပန်း ရနံ့ပဲ။ဒါနဲ့ သူလည်း ရှေ့ကို နည်းနည်း ဆက်သွား လိုက်တယ်။သူ့ ဘေးနှစ်ဖက်လုံးက သစ်ပင်တွေက မက်မွန်ပန်းပင်တွေ ဖြစ်နေတယ် ၊
သူရှေ့ကို ဆက်သွားလိုက်တော့ အစိမ်းရောင် ကျောက်တုံးလေးတွေနဲ့ ခင်းထားတဲ့ လမ်းကျဉ်းလေး တစ်ခုကို တွေ့ရတယ်။
ပုလွေသံက ပိုပြီး စူးရှလာတယ်။လေထဲမှာ ဆော့ကစားရင်း အရမ်းကို ပျော်ရွှင် နေသလိုမျိုး ခံစား လိုက်ရတယ်။
ဆရာက လမ်းကျဉ်းလေးအတိုင်း လျှောက်သွားလိုက်တယ်။လရောင်က ကျောက်တုံး အစိမ်းလေးတွေ ပေါ်ကို ဖြာကျနေတာကို ကြည့်ရတာ ကြည်လင်နေတဲ့ စမ်းချောင်းလေးနဲ့တောင် တူနေတယ်။
ပန်းရနံ့လေးတွေ ကလည်း လူကို လန်းဆန်း သွားစေတယ်။ ဆရာ့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ အားလုံး ယူပစ်လိုက်သလို ပျောက်သွားတယ်။
ဆရာက မက်မွန်ပင် အကြီးကြီး တစ်ပင်ကို မြင်လိုက်ရတယ်။အဲဒီ အပင်ကြီးက လမ်းကျဉ်းလေးရဲ့ အလယ်တည့်တည့်မှာ ပေါက်နေတာ။ ဘယ်လောက်သက်တမ်း ရှိပြီလဲဆိုတာ မသိနိုင်ဘူး။သစ်ကိုင်းတွေမှာ အရွက်တွေ မရှိတော့ဘူး။ ညဘက် ကောင်းကင်မှာ ကြယ်လေးတွေ ဟိုတစ်စ ဒီတစ်စ ရှိနေသလို သစ်ရွက်မရှိတဲ့ သစ်ကိုင်းထက်မှာ မက်မွန်ပန်းလေးတွေ ဟိုတစ်စ ဒီတစ်စ ပွင့်နေတယ်။
ဆရာက မက်မွန်ပင်ကြီးရဲ့ ပင်စည်နားကို တိုးကပ် သွားလိုက်တယ်။ပင်စည်ပေါ်မှာ ကဗျာတစ်ပုဒ် ရေးထားတာ တွေ့ ရတယ်"
"အဲဒီကဗျာက ဘာတဲ့လဲ"
ဆန်းလျန်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။ သူကြားနေရသည့် အကြောင်းအရာမှာ ရှန်းရှဝတ္ထု တစ်ပုဒ်ထက်ပင် စိတ်ဝင်စားစရာ ကောင်းနေလေသည်။
ထူးဆန်းသည့် ပုလွေသံ …
တောနက်ကြီး အတွင်းရှိ မက်မွန်ပင်ကြီးနှင့် …
မက်မွန်ပင်ကြီး ပေါ်တွင် ရေးထွင်းထားသည့် ကဗျာတစ်ပုဒ် …
"ကဗျာက အရမ်းကို နက်နဲတယ်"
လင်ချုန်းရှောင်၏ မျက်ဝန်းထဲတွင် လရောင်က တောက်ပနေသည်။
သူက ကဗျာကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။
"ကျုံးနန်တောင်က ချုန်းယန် …
လောကကြီးက ဆရာသခင်ကို ရူးနေပြီလို့ ထင်ကြလိမ့်မယ် …
လွတ်လပ်ပေါ့ပါး ဂရုမထားဘဲ သူနေထိုင်ခဲ့လို့ …
သေခြင်း တရားကနေ လွတ်မြောက် စေခဲ့တယ် …
တိမ်နဲ့ရေကို အဖော်ပြုလို့ …
မရှိမှု တရားနဲ့ မိတ်ဆွေဖွဲ့မယ် …
လောကအကြောင်း အမှန်တရားကို သိမြင်တဲ့အခါ …
ရမ္မက် ဆန္ဒတွေရဲ့ ရှုပ်ထွေးမှုဆိုတာ မရှိတော့ပါ …"
" တိမ်နဲ့ရေကို အဖော်ပြုလို့ … မရှိမှုတရားနဲ့ မိတ်ဆွေဖွဲ့မယ် …" ဆိုသည့် စာကြောင်းကို ကြားရသည့်အခါ ဆန်းလျန်မှာ အံ့သြတုန်လှုပ် သွားရလေသည်။ ကဗျာ၏ သိမ်မွေ့ နက်နဲမှုကြောင့် မဟုတ်။ အရင်ကပင် ထိုကဗျာ စာကြောင်းကို ရင်းနှီး နေသောကြောင့် ဖြစ်လေသည်။
ပျင်းစရာ ကောင်းလွန်းသည့် နှစ်တစ်နှစ်ကို သူသတိရမိသည်။ သူက ကဗျာဆရာ ဝမ်ချုန်းယန်၏ ကဗျာများကို လျှောက်ဖတ် နေမိသည့်အချိန်၊ ကဗျာစာကြောင်း တစ်ကြောင်းက သူ့ရင်ကို ထိစေခဲ့သည်။
ဝမ်းချုန်းယန်၏ ကွမ်ကျန်း ကျောင်းတော်ကြီးမှာ ဤလောကတွင် တကယ် ရှိလိမ့်မည် ဆိုသည်ကိုတော့ သူမျှော်လင့် ထားခဲ့မိခြင်း မရှိပေ။