နတ်ဘုရင်လန်ဝူ
Vol. 75 Ch. 972
ဖန်ဆင်းရှင်မျိုးနွယ်အသီးသီး၏ ခေါင်းဆောင်တစ်ယောက်ပြီးတစ်ယောက်သည် မဟာဧကရာဇ်၏ တံဆိပ်တော်ကို စစ်ဆေးကြည့်ရှုရန် လေးဖက်ထောက်လုနီးပါး တိုးဝှေ့နေကြ၏။ မဟာဧကရာဇ်၏ ယဇ်ပလ္လင်ကိုလည်း သေသေချာချာ စစ်ဆေးကြည့်ရှုနေကြလေသည်။
အတော်လေးကြာသော် ခေါင်းဆောင်များက မတ်တပ်ရပ်ပြီး တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ ချင်မူသည် အထွတ်အမြတ်ကလေးငယ်ဟုတ်မဟုတ် ဆွေးနွေးနေကြ၏။
“ဘိုးဘေးတွေရဲ့ တတိယဟောကိန်းက အမှန်တကယ် ဖြစ်လာတာလား... ဒါပေမဲ့ ဒီကောင်လေးက ဖန်ဆင်းရှင်နဲ့ လည်း မတူဘူး... သူ့မှာ လည်စလုတ်တောင် ရှိနေတယ်လေ... မသိရင် ဟိုတေလေဂျပိုးတွေရဲ့ အရွယ်ရောက်ပြီးသား လူငယ်တစ်ယောက်အတိုင်းပဲ”
“သူ့မျက်ခုံးတွေကလည်း သူခိုးချင်နဲ့ တူနေသလားလို့နော်”
“မင်းပြောမှ သူက တကယ်ပဲ သူခိုးချင်နဲ့ တူတာပဲဟ.... ကြည့်လေလေ တူလေလေပဲ...
“ဒါပေမဲ့ သူ့မှာ တံဆိပ်တော်ရယ်၊ ယဇ်ပလ္လင်ရယ်၊ မူလကျောက်တုံးရယ် ရှိနေတယ်လေ... သူခိုးချင်က အဲဒီလောက်တော့ မကောက်ကျစ်နိုင်ပါဘူး... ဟုတ်တယ်မလား... သူ အဲဒီလောက်ကောက်ကျစ်ရင်တောင်မှ မူလကျောက်တုံးကို အသာထား၊ တံဆိပ်တော်နဲ့ ယဇ်ပလ္လင်ကို ဘယ်လိုလုပ်ရနိုင်မှာလဲ...
“သူခိုးချင်က ဉာဏ်များတယ်ကွ... သူ့ကို လျှော့တွက်ထားရင် မင်းပဲ ဖင်ချခံရမှာ... သူပြောတဲ့ မြေလေးတစ်စိတ်ဆိုတာ အဲ့ဒီလောက်ကြီး ကြီးမယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက် တွေးထားမိလို့လား”
မူလကျောက်တုံးထဲတွင် ရှုကျွင်းမှာ စိုးရိမ်ပူပန်နေပြီး ဤခေါင်းဆောင်များကို ပြောချင်လွန်း၍ ယားနေသည်။ “ဒီကောင်က တံဆိပ်တော်ကနေ မွေးဖွားလာတာမဟုတ်ဘူး... ယဇ်ပလ္လင်ပေါ်ကိုလည်း မဆင်းသက်ခဲ့ဘူးကွ... အဲ့ဒီနှစ်ခုလုံးကို လက်ဆောင်တွေ... မဟာကမ္ဘာဦးမူလအစကျောက်တုံးကလည်း ငါ့ဟာ... မင်းတို့ကောင်တွေကွာ ဉာဏ်ကောင်းကြစမ်းပါ”
ခေါင်းဆောင်အသီးသီးကား ဆက်လက်ဆွေးနွေးကြပြန်၏။ ရှားထိုက်မျိုးနွယ်စုမှ ဆံပင်ဖြူနှင့် အဘိုးအိုက ပြောသည်။ “အထွတ်အမြတ်ကလေးငယ်ကိစ္စက အရေးကြီးတယ်... သူက သူခိုးချင်လွှတ်လိုက်တဲ့ သူလျှိုမဟုတ်တာ သေချာအောင် သူ့ခန္ဓာကိုယ်ကို စစ်ဆေးရမယ်... သူ့ကို အထွတ်အမြတ်ကလေးငယ်လို့ပဲ မျက်စိမှိတ်ယုံလိုက်ရင် သူခိုးချင်က ငါတို့နောက်ကွယ်မှာ ဟားတိုက်ရယ်နေလောက်ပြီ”
ရှို့ကျုံးက ခေါင်းညိတ်ကာ ပြောသည်။ “အမှန်ပဲ ကျုပ်တို့ ဒီကိစ္စကို သတိမထားလို့မရဘူး... ကျုပ်တစ်ယောက်တည်း သူက အစစ်ဟုတ်၊ မဟုတ် အတည်မပြုပေးနိုင်လို့ အားလုံးကို ဒီ ဖိတ်ခေါ်လိုက်တာပါ... သူက အထွတ်အမြတ်ကလေးငယ်ဟုတ်လား၊ မဟုတ်လား အကဲဖြတ်ပေးနိုင်မယ့်နည်းလမ်း တစ်ယောက်ယောက်မှာ ရှိသလားခင်ဗျာ”
“ဝိညာဉ်ကလွဲလို့ ကျန်တာတွေအားလုံး အတုဖြစ်နိုင်တယ်”
ကျစ်လီမျိုးနွယ်စုမှ အမျိုးသမီးဖန်ဆင်းရှင် ခန်းနွီက ပြောသည်။ “ကျွန်မတို့မျိုးနွယ်စုရဲ့ ရတနာက ဝိညာဉ်ခုနစ်သွယ်မြက်လို့ခေါ်တယ်... အဲ့ဒါက ကျွန်မလူတွေ နှစ်သန်းပေါင်းများစွာ အချိန်ယူပြီး မြင်ယောင်ဖန်ဆင်းထားတဲ့ အထွတ်အမြတ်ရတနာတစ်ပါးပဲ... ဝိညာဉ်ကို ဝါးမြိုတာအပြင် ဝိညာဉ်ကိုလည်း အတည်ပြုပေးနိုင်တယ်... အရင်တုန်းက ချင်မိသားစုဆီက ခေါင်းကြီးကလေးကြီးကို ရင်ဆိုင်ဖို့ အဲ့ဒါသုံးခဲ့ပေမယ့် သူက တစ်၀က်စားပစ်ခဲ့တယ်လေ... ကံကောင်းထောက်မလို့ အမြစ်နဲ့ ရိုးတံတွေတော့ ကျန်ပါသေးတယ်”
သူမက ခရမ်းရောင်အမြစ်နှင့် ရိုးတံများရှိသည့် မြက်တစ်ပင်ကို ဂရုတစိုက် ထုတ်လိုက်သည်။ ထိုမြက်သည် သာမန်မြက်ပင်ထက် ရှည်လျားပြီး ခရမ်းရောင်ကန်စွန်းဥများ ပေါက်နေသည့်အလား ထင်ရ၏။ သို့သော် ရိုးတံပေါ်တွင် သွားကိုက်ရာကြီးများ တွေ့မြင်ရလေသည်။
ကျစ်လီမျိုးနွယ်စု၏ဖန်ဆင်းရှင်များမှာ နှစ်ပေါင်းများစွာ မြင်ယောင်ဖန်ဆင်းပြီးနောက်မှ ဤမြက်ပင်အား ဖန်ဆင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အတိုင်းထက်အလွန် အရေးပါသော အထွတ်အမြတ်ရတနာတစ်မျိုးဖြစ်ကာ ဝိညာဉ်များကို ဝါးမြိုပေးနိုင်၏။ သို့သော် ချင်ဖုန်းကျင့်နှင့် ရင်ဆိုင်ရတုန်းက အရေးနိမ့်ပြီး တစ်၀က်စားခံခဲ့ရသည်။
ချင်ဖုန်းကျင့်သည် ရွှင်ပျော်ပျော်ကျေးရွာထဲမှ ဝေသာလီဘီလူးကြီးပမာ ဝုန်းဒုန်းကြဲ ထွက်လာတတ်ပြီး ဖန်ဆင်းရှင်များအား သတ်ဖြတ်စားသောက်တတ်၏။ ခန်းနွီနှင့် သူမ၏မျိုးနွယ်စုမှာ ဤရတနာကို ပူဇော်ကာ သူ့ကို ရင်ဆိုင်ခဲ့သော်လည်း အဆုံးသတ်တွင် မြက်ပင်တစ်ဝက် အကိုက်ခံခဲ့ရသည်သာ အဖတ်တင်သွားသည်။
ခန်းနွီနှင့် သူမ၏မျိုးနွယ်၀င်များမှာ မြက်ပင် ကပျာကယာ ပြန်သိမ်းလိုက်ကြသော်လည်း ချင်ဖုန်းကျင့်က တစ်၀က်စားခဲ့ပြီးသွားချေပြီ။ ထို့ကြောင့် မြက်ပင်က အရသာမရှိဘူးဟု သူ ပြောခဲ့ခြင်းဖြစ်သည်။
မြက်ပင်မှာ သူ့ကြောင့် ပျက်စီးသွားပြီးနောက်ပိုင်း စွမ်းအင်များ လျော့နည်းကုန်ခမ်းသွား၏။ ခန်းနွီနှင့် သူမ၏မျိုးနွယ်ဝင်များ အတူတူစုရုံး၍ ကိုးကွယ်ပူဇော်သည့်အချိန်တွင်ပင် မြက်မှာ ထိပ်ဆုံးအခြေအနေသို့ ဘယ်တော့မှ ပြန်လည်မရောက်ရှိတော့ပေ။
ကံကောင်းထောက်မ၍ ချင်မူ့ဝိညာဉ်အသက်ကို အတည်ပြုရန်အတွက်သာဆိုလျှင် မြက်ပင်အတွက် လွယ်ကူ၏။
ခန်းနွီ မြက်ကိုမြှောက်လိုက်သည့်အခါ မြက်ပင်သည် ချင်မူ၏အရှေ့ရှိ ယဇ်ပလ္လင်ပေါ်သို့ ပျင်းရိပျင်းတွဲ မျောလွင့်သွား၏။ ၎င်း၏ခရမ်းရောင်အရှိန်အဝါက ချင်မူ့ကို ၀န်းရံလှည့်ပတ်ပြီးနောက် ချင်မူ၏ကိုယ်ထဲသို့ ၀င်ရောက်သွားသည်။
မြက်ပင်မှာ လူမမာသဖွယ် ရိုးတံနှစ်ချောင်းကို အားနည်းစွာ မြှောက်လိုက်သည်။ တစ်ချောင်းက မတ်မတ်ထောင်နေသော်လည်း တစ်ချောင်းက ပျော့တိပျော့ဖတ်ဖြင့် မတ်မတ်မထောင်နိုင်ပေ။
“ဝိညာဉ်ခုနစ်သွယ်မြက်အရ သူက အသက်နှစ်နှစ်တောင် မပြည့်သေးဘူးတဲ့”
ခန်းနွီက မြက်ပင်ကို သိမ်းကာ ပြောသည်။ “မြက်ပင်အရ သူက ကျွန်မတို့လို လူတစ်ယောက်ပါ… ကျွန်မ တစ်နှစ်၊ နှစ်နှစ်အရွယ် လူသားကလေးတွေကို မြင်ဖူးတယ်… သူတို့က ပိစိသေးကွေးလေးတွေ”
ရှုကျွင်းမှာ ဒေါသထွက်နေသဖြင့် သူ၏ခေါင်းကြီးသည် မူလကျောက်တုံး၏ ယဇ်ပလ္လင်အထက်တွင် ဆွေ့ဆွေ့ခုန်ရင်း ဆဲဆိုနေ၏။ “မင်းရဲ့ သောက်ဦးနှောက်မရှိတဲ့ သောက်မြက်က ဘာလုပ်နိုင်မှာတုန်းကွ… သူ့ရုပ်ခန္ဓာကိုမှ အတည်မပြုနိုင်တာ… ဒီကောင် အသက်သုံးဆယ် ရှိနေပြီ”
ကျူချိုးမျိုးနွယ်ခေါင်းဆောင်က တည်ကြည်လေးနက်စွာ ပြောသည်။ “ဝိညာဉ်က အစစ်ဆိုမှတော့ အတုမဖြစ်နိုင်ဘူး… ဒါပေမဲ့ ဟောကိန်းအရ ၊ အထွတ်အမြတ်ကလေးငယ်မှာ မရေမတွက်နိုင်တဲ့ ကောင်းကင်နတ်သိုင်းတွေ ရှိပြီး ဉာဏ်အမြော်အမြင်လည်း ကြီးမားတယ်တဲ့… အထွတ်အမြတ်ကလေးငယ်၊ ငါတို့ မင်းကို စမ်းသပ်ခွင့်ရှိမလား”
ချင်မူမှာ စိတ်ညစ်ညစ်ဖြင့် သဘောတူလိုက်ရသည်။ “ရပါတယ်ဗျာ”
သူ ငြင်းဆန်လျှင်လည်း ဤဖန်ဆင်းရှင်များက လက်ခံပါမည်လော။
‘ဘယ်လိုပဲဖြစ်ဖြစ်၊ ရှို့ကျုံးက အန္တရာယ်မများပါဘူးလို့ ပြောထားတာပဲ’ ချင်မူ တွေးနေမိသည်။
ရှို့ကျုံးသည် ကျန်ခေါင်းဆောင်များနှင့်အတူ စမ်းသပ်မှုများကို ဆွေးနွေးစစ်ဆေးပြီးနောက် ပြောသည်။ “နတ်ဘုရင်က ဒီကို မရောက်သေးဘူး…. သူ့အမြန်နှုန်းအရဆို မကြာခင် ရောက်တော့မှာ… သူ့မှာ တစ်ခုခု လုပ်စရာ ရှိနေတာများလား မသိဘူး… ခဏလောက် စောင့်လိုက်ကြတာ ကောင်းမယ်ထင်တယ်… သူပဲ စမ်းသပ်မှုကို ဦးဆောင်ပေးရမှာ”
ခန်းနွီနှင့် ကျန်ရှိသူများလည်း ခေါင်းညိတ်ကြသည်။
ထိုအခိုက်အတန့်တွင် ဇာမဏီငှက်အော်သံ ပဲ့တင်ထပ်လာသဖြင့် အားလုံး အပေါ်မော့ကြည့်လိုက်ကြရာ ကောင်းကင်ထက်မှ ကျဆင်းလာနေသော နတ်ပန်းပွင့်များအား မြင်လိုက်ကြရသည်။ ၎င်းတို့၏ ပွင့်ချပ်များသည် ကောင်းကင်ဘုံရှိ ရေတံခွန်မှ ကျဆင်းလာနေသည့်အလား ထင်ရ၏။
သက်တံ့ရောင် ဇာမဏီက စိတ်ကူးကြည့်မရလောက်အောင် ခမ်းနားတင့်တယ်သော ရတနာရထားလုံးတစ်စင်းကို ဆွဲလျက် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ ဤရထားလုံး ဖြတ်ကျော်သွားတိုင်း ပန်းမြစ်တစ်စင်း စီးဆင်းသွားသကဲ့သို့ ပေါ်လွင်နေသည်။
ပန်းမြစ် လွင့်ပျယ်ပျောက်ကွယ်သွားသည့်အခါ ရထားလုံးက ဆင်းသက်လာသည်။
“နတ်ဘုရင် ကြွလာပြီ”
ရှို့မျိုးနွယ်စုသို့ ရောက်လာကြသည့် မျိုးနွယ်စုခေါင်းဆောင်များနှင့် အကြီးအကဲများက ဒူးထောက်အရိုအသေပေး၍ ပြိုင်တူ ပြောကြသည်။ “ကြိုဆိုပါတယ်၊ နတ်ဘုရင်လန်ဝူ”
“ထုံးစံတွေ မလိုပါဘူး”
ရထားလုံးထဲမှ အမျိုးသမီးတစ်ယောက်၏ အသံ ထွက်လာသည်။ ချင်မူ ရထားလုံးဆီ ကြည့်လိုက်သော်လည်း အထဲရှိ အမျိုးသမီးအား မမြင်ရပေ။ သို့သော် သူမ၏ သက်တံရောင်ဇာမဏီက ကျန်ဖန်ဆင်းရှင်ခေါင်းဆောင်များ၏ ယာဉ်များလို အသိစိတ်အလျဉ် ဖြစ်ကာ မပြိုကွဲသွားပေ။
ဖန်ဆင်းရှင်ခေါင်းဆောင်တို့၏ ယာဉ်များက မြင်ယောင်ဖန်ဆင်းထားခြင်း ဖြစ်သည့်အတွက် ဆင်းသက်လာပြီးနောက်တွင် အသိစိတ်အလျဉ်အဖြစ် ပြိုကွဲပျောက်ကွယ်သွားတတ်သည်။ သို့တိုင်အောင် ဤနတ်ဘုရင်လန်ဝူ၏ ယာဉ်ကား တကယ့် သက်တံ့ရောင် ဇာမဏီအစစ်ဖြင့် အားဖြည့်ထားခြင်း ဖြစ်ဟန်တူ၏။
‘ဒီသက်တံ့ရောင် ဇာမဏီတွေက မြင်ယောင်ဖန်ဆင်းထားတဲ့ နတ်ဘုရားတွေများ ဖြစ်နိုင်မလား”
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။ “မြင်ယောင်ဖန်ဆင်းပြီးတဲ့နောက်ပိုင်း အသက်ဝင်လာတာဆိုရင် ဒီသက်တံ့ရောင်ဇာမဏီတွေက ရှေးဟောင်းနတ်ဘုရားတွေနဲ့ မခြားတော့ဘူး… ဒီနတ်ဘုရင်လန်ဝူက ဘယ်သူများလဲ… နတ်ဘုရင်ကြီးရှုကျွင်း၊ သူ့အကြောင်း ကြားဖူးလား”
“မကြားဖူးဘူး”
ရှုကျွင်းလည်း အံ့အားသင့်နေသည်။ “ဘုရင်သုံးပါးခေတ်တုန်းက ဘုရင်သုံးပါးက ရှုကျွင်း၊ ပိုယန်နဲ့ ရှင်းဖူတို့ပဲ… ငါတို့အဆင့်က မဟာဧကရာဇ်ရဲ့အောက် တစ်ဆင့်ပဲ နိမ့်တာ… ပိုယန်နဲ့ ရှင်းဖူက နောက်ဆုံးတိုက်ပွဲမှာ သေသွားကြတယ်… ဒီနတ်ဘုရင်လန်ဝူကို တစ်ခါမှ မကြားဖူးဘူး… သူက အနာဂတ်မျိုးဆက်သစ် ဖန်ဆင်းရှင်တွေ တင်မြှောက်ထားတဲ့ နတ်ဘုရင်တစ်ပါး ဖြစ်နေမလား”
ရထားလုံးထဲမှ နတ်ဘုရင်လန်ပို၏အသံ ထွက်လာသည်။ “အထွတ်အမြတ်ကလေးငယ် ပေါ်ထွက်လာတာဟာ ဝမ်းသာစရာ ကိစ္စပေပဲ... သူက ငါတို့ကို မဟာလေဟာနယ်အပြင် ခေါ်ထုတ်ပေးပြီး အောင်သရဖူ ပြန်ဆောင်းစေနိုင်မယ့်သူလို့ ဘိုးဘေးတွေ ဟောကိန်းထုတ်ထားပေမယ့်… ဒီအထွတ်အမြတ်ကလေးငယ်ရဲ့ လုပ်နိုင်စွမ်းတွေကိုတော့ သိထားမှဖြစ်လိမ့်မယ်”
ရှားထိုက်မျိုးနွယ်စု၏ ခေါင်းဆောင်က ပြောသည်။ “ကျွန်တော်တို့လည်း သူ့ကို စမ်းသပ်ဖို့ နတ်ဘုရင်ကို စောင့်နေတာပါ”
နတ်ဘုရင်လန်ဝူက ပြုံးသည်။ “ခေါင်းဆောင်တို့အားလုံး သူ့ကို စစ်ဆေးပီး ဖန်ဆင်းရှင်အဖြစ် အတည်ပြုပြီးသွားပြီမဟုတ်လား… သူ့ဆရာနဲ့ သူ့နောက်ကြောင်းရော မေးပြီးပြီလား”
ရှို့ကျုံးသည် ကပျာကယာ အရိုအသေပေးကာ တင်ပြ၏။ “အထွတ်အမြတ်ကလေးငယ်က သူ့ဆရာဟာ ရှုကျွင်းလို့ ခေါ်တဲ့ ကမ္ဘာခေတ်ဦးဘုရင်သုံးယောက်ထဲက တစ်ယောက်လို့ ပြောပါတယ်… အထွတ်အမြတ်ကလေးငယ်ရဲ့ အသိစိတ်အလျဉ်က အရွယ်ရောက်ပြီးသား ဖန်ဆင်းရှင်တစ်ယောက်ရဲ့ အသိစိတ်အလျဉ်နီးပါး သန်မာအားကောင်းတယ်.. ဒီတော့ ရှုကျွင်းကလည်း ကျွန်တော်တို့လို သန်မာအားကောင်းတဲ့ လူတစ်ယောက် ဖြစ်နိုင်ပါတယ်”
“ရှုကျွင်းတဲ့လား”
ရထားလုံးထဲမှ အံ့အားသင့်နေသော အသံတစ်သံ ထွက်လာပြီး နတ်ဘုရင်လန်ဝူက ရယ်နေသည်။ “ကမ္ဘာခေတ်ဦးဘုရင်သုံးပါးထဲက တစ်ပါး နတ်ဘုရင်ရှုကျွင်းပေါ့လေ… သူ သေသွားတာ နှစ်သန်းနဲ့ ချီ ကြာပြီမဟုတ်လား… သူက ငါ့ထက် ဝါစဉ်အကြီးဆိုတော့ သူ့အကြောင်း ငါ ကြားဖူးတယ်… အဲဒီတုန်းက ငါတို့ရှုံးနိမ့်သွားတဲ့ကိစ္စမှာလည်း သူ တော်တော်လေး ပါဝင်ပတ်သက်နေတယ်… လူသေတစ်ယောက်က ဘယ်လိုလုပ်ပြီး သူ့ဆရာ ဖြစ်နိုင်မှာလဲ… ခဏ ၊ ငါ အခု သိပြီ”
သူမ၏အသံက သာယာချိုမြန်စွာ ထွက်လာသည်။ “နတ်ဘုရင်ရှုကျွင်း၊ ကျေးဇူးပြုပြီး ခဏလောက် ကိုယ်ထင်ပြပါဦး”
ချင်မူ၏တတိယမျက်လုံးအတွင်းရှိ မဟာကမ္ဘာဦးအစ မူလကျောက်တုံးအပေါ်တွင် ရှုကျွင်းက အေးစက်စက် နှာခေါင်းရှုံ့၏။ “အငယ်ကများ အကြီးကို အထင်သေးရဲတယ်လို့”
ချင်မူ စပ်စုကြည့်လိုက်သည်။ “နတ်ဘုရင်လန်ဝူကို သွားမတွေ့ဘူးလား”
ရှုကျွင်းက ညစ်ကျယ်ကျယ် ရယ်သည်။ “ဘာအတွက်လဲ… ငါက ကမ္ဘာခေတ်ဦးနတ်ဘုရင်.. သူက အနာဂတ်မျိုးဆက်ရဲ့ ဖန်ဆင်းရှင်တွေ တင်မြှောက်ထားတဲ့ နတ်ဘုရင်တစ်ပါး… ငါ့ကို သူ ခေါ်တာလေးအတွက်နဲ့ ငါ ထွက်ကြည့်လိုက်ရင် ငါ့အဆင့်အတန်းက အပေါစားဆန်သွားမှာပေါ့.. ပြီးတော့ ငါ့မှာ ခေါင်းပဲကျန်တာလေ… ဦးနှောက်ကလည်း မရှိဘူး… ငါ အပြင်ထွက်လိုက်ရင် ဟားတိုက်ရယ်ခံရမှာပေါ့… ငါ့ကြောင့် နတ်ဘုရင်တွေ သိက္ခာကျလိမ့်မယ်…. မထွက်ဘူး”
ချင်မူ ပြုံးလိုက်မိသည်။ “နတ်ဘုရင်ကြီး… ကောင်းကင်ရတနာကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်တွေကို မိတ်ဆက်ပေးပြီး အသိစိတ်အလျဉ်ကျင့်စဉ်စနစ်ကို ပြောင်းလဲပေးခဲ့တဲ့ နတ်ဘုရင်တစ်ပါးက သေချာပေါက် အထင်ကြီးလေးစားစရာကောင်းမှာပဲနော်… ကျွန်တော် ခင်ဗျားအကြောင်း ပြောနေတာမဟုတ်ဘူး… နတ်ဘုရင်လန်ဝူအကြောင်း ပြောနေတာ”
ရှုကျွင်းမှာ ပေါက်ကွဲသွားသဖြင့် ခုန်ပေါက်နေတော့သည်။ “ငါ အပြင်ထွက်ချင်ရင်တောင် မင်းက ငါ့ကို ထွက်ခွင့်ပေးမှာမဟုတ်လို့လား… ငါ မင်းကို နောက်ကျောဓားနဲ့ ထိုးမှာ မကြောက်ဘူးလား၊ အထွတ်အမြတ်ကလေးအတုကောင်ရဲ့”
ချင်မူက ပြုံးကာ ပြန်ဖြေသည်။ “အခုထိ သဘောမပေါက်သေးဘူးလား ရှုကျွင်း… ဟောကိန်းသုံးခုထဲက အထွတ်အမြတ်ကလေးငယ်ဆိုတာ ကျွန်တော်ပဲ”
ရှုကျွင်း ကြောင်တောင်တောင် ဖြစ်သွားသည်။
ယခု သူ သေသေချာချာ တွေးကြည့်သည့်အခါ ဖန်ဆင်းရှင်တို့၏ ဟောကိန်းသုံးခုထဲ၌ ဖော်ပြထားသော အထွတ်အမြတ်ကလေးငယ်သည် အမှန်တကယ် ချင်မူပင် ဖြစ်သည်။ ချင်မူကလွဲ၍ တခြား မည်သူမျှ မဖြစ်နိုင်ပေ။
ချင်မူက မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ရရှိခဲ့ပြီး ကောင်းကင်နတ်အရှင်ယွင်ဆီမှ မဟာဧကရာဇ်တံဆိပ်တော်နှင့် ယဇ်ပလ္လင်ကို လက်ခံခဲ့ရသည်။ ကံကြမ္မာက သူ ဖန်ဆင်းရှင်တို့၏ ပရမတ္တကမ္ဘာဆီ သွား၍ သူတို့၏ အထွတ်အမြတ်ကလေးငယ် ဖြစ်လာစေရန် သူ့အတွက် သီးသန့်ဖန်ဆင်းပေးထားသည့်အလား ထင်ရ၏။
သူ ဖန်ဆင်းရှင် ဟုတ်မဟုတ်က အရေးပါသေးသည်လော။
ဟောကိန်းသုံးခုထဲတွင် အထွတ်အမြတ်ကလေးငယ်က ဖန်ဆင်းရှင်တစ်ယောက် ဖြစ်ရမည်ဟု မပြောခဲ့ပေ။ တစ်ကြောင်းလေးပင် မပြောထားခဲ့။
နတ်ဘုရင်လန်ဝူ၏အသိစိတ်အလျဉ်က နေရာတစ်ခွင်ပျံ့နှံ့နေပြီး ချင်မူ့ဦးနှောက်အတွင်းသို့ပင် ဝင်ရောက်ကာ ဟိန်းထွက်လာသည်။ “နတ်ဘုရင်ရှုကျွင်း၊ ရှိနေရက်သားနဲ့ ဘာလို့ ပေါ်မလာတာလဲ”
“ငါ ထွက်လာမယ်”
ရှုကျွင်းက ခပ်ပြတ်ပြတ် ပြောသည်။ “ငါတို့မျိုးဆက်တိုင်း မျိုးဆက်တိုင်းမှာ ပါရမီရှင်တွေ ရှိတယ်.... မျိုးဆက်ဟောင်းတွေဟာ မျိုးဆက်သစ်တွေ နောက် ကျကျန်ခဲ့တာ ငါ မယုံဘူး... ဒီနတ်ဘုရင်လန်ဝူရဲ့ အသိအမြင်နဲ့ အတွေ့အကြုံကလည်း ငါ့ထက်သာမယ်လို့ ငါ မယုံဘူး... မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကို ပြန်ရုပ်သိမ်းလိုက်”
ချင်မူလည်း သူ့စကားနားထောင်ကာ ရုပ်သိမ်းပေးလိုက်သည်။
နတ်ဘုရင်လန်ပို ဆက်မပြောနိုင်ခင် ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားမှ ခေါင်းကြီးတစ်လုံး ထွက်လာကာ ယဇ်ပလ္လင်အပေါ် ကျသွားသည်။
ရှုကျွင်းက ပျင်းရိပျင်းတွဲ ပြောလေသည်။ “နတ်ဘုရင်လန်ဝူ၊ ဘာလို့ ဒီလောက် ရေးကြီးခွင်ကျယ်တွေ လုပ်နေတာလဲ”
ရထားလုံးအရှေ့ရှိ သက်တံ့ရောင်မီးငှက်နှစ်ကောင်က တွန်ပြီးနောက် နှုတ်သီးများဖြင့် လိုက်ကာစကို ဆွဲဖယ်လိုက်သည်။ နတ်မိမယ်တစ်ဦးက ထ၍ ရထားလုံးအပြင်သို့ လမ်းလျှောက်ထွက်လာ၏။ သူမလမ်းလျှောက်နေသည့်အခါ သူမ၏ ဇာမဏီသရဖူနှင့် ကျောက်စိမ်းဝတ်ရုံကား အိစက်ညက်ညောစွာ လှုပ်ခါနေသည်။
“ကမ္ဘာခေတ်ဦးဘုရင် ရှုကျွင်းကို အရိုအသေပေးပါတယ်”
ထိုအမျိုးသမီးသည် ကြော့ရှင်းတင့်တယ်သော အသွင်အပြင်ရှိ၏။ ချင်မူမှာ တစ်ခုခုလွဲနေသလို ခံစားလိုက်ရကာ စိတ်ထဲ ဗလာကျင်းသွားတော့သည်။
‘ဒီကမ္ဘာပေါ်မှာ ကျွယ်ဝူချိန်တစ်ယောက် တကယ် ရှိနေတာပဲ’
သူ အကြီးအကျယ် အံ့အားသင့်နေမိသည်။ နတ်ဘုရင်လန်ဝူက ကျွယ်ဝူချိန်နှင့် ချွတ်စွပ်တူသည်။ သူမသည် ပြီးပြည့်စုံစွာ ချောမောလှပပြီး ထည်ဝါကြောရှင်းနေ၏။
‘မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး.. ကောင်းကင်နတ်အရှင်လင်က ရှေးဟောင်းနတ်ဧကရာဇ်လို နှာဘူးတွေကို ဖျားယောင်းဖို့ ကျွယ်ဝူချိန်ကို ဖန်ဆင်းခဲ့တာလေ... ဒီကမ္ဘာပေါ်မှာ အဲဒီလောက်လှတဲ့ အမျိုးသမီးမျိုး မရှိနိုင်ဘူး”
ချင်မူ့အကြည့်က နတ်ဘုရင်၏ ရင်သားအပေါ် မသိမသာ ရောက်သွားပြီး ပို၍ သေချာသွားတော့သည်။ ‘သူ့ကို မြင်ယောင်ဖန်ဆင်းထားတာပဲ ဖြစ်မယ်... အဲဒီရင်သားကြီးတွေက... ငါ ပြောချင်တာကကွာ မလှလွန်းနေဘူးလား’