ခါးစည်းဝတ်နှင့် ကောင်းကင်နတ်အရှင်
Vol. 75 Ch. 977
အနီရောင်ခါးစည်းဝတ်ထားသော ဖန်ဆင်းရှင်က လှည့်လာကာ ပြုံးပြသည်။ “မဟာကောင်းကင်နတ်အရှင်မူကြီးကရော ဘာလို့ ကလေးအဝတ် ဝတ်ထားတာလဲ... မင်း ဝတ်ထားတာလည်း အနီရောင်ခါးစည်းကြီးပဲ မဟုတ်လား”
ထိုဖန်ဆင်းရှင်သည် နဂါးဟန်ခေတ်၏ ပထမနှစ်တွင် ချင်မူ ဆုံတွေ့ခဲ့ရသော ‘ချင်ခိုင်’၊ ခိုင်ဧကရာဇ်ချင်ယဲ့၊ ခိုင်ဧကရာဇ်ခေတ်ကို ဖွင့်လှစ်ပေးခဲ့သည့် မဟာဧကရာဇ်၊ ကောင်းကင်မဟာမိတ်အဖွဲ့၏ ကောင်းကင်နတ်အရှင်ချင် ဖြစ်၏။
ယခင်တုန်းက ကောင်းကင်နတ်အရှင်ချင်ကား ခေါင်းမာမည့် အချိုးနှင့် အရပ်မြင့်မြင့်၊ ခပ်ချောချော လူငယ်တစ်ယောက် ဖြစ်ခဲ့သည်။
ယခုတွင် ခေါင်းမာသော အချိုးနှင့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်ချေပြီ။
ချင်မူ ‘ခါးစည်းဝတ်ထားသော ဖန်ဆင်းရှင်’ကို ချက်ချင်း မှတ်မိလိုက်သည့် အကြောင်းရင်းမှာ သူ၏အချိုး၊ အဟန့်အထည်၊ အရှိန်အဝါကြောင့်ပင်။ အသွင်အပြင်ကြောင့် မဟုတ်ပေ။
မှန်သည်၊ မွေးကင်းစကလေးပမာ တစ်ကိုယ်လုံး အမွှေးအပြောင် ရိတ်ထားပြီး အနီရောင်ခါးစည်းကြီး ပတ်ထားသော စိမ်းဖန့်ဖန့် နှုတ်ခမ်းမွှေးတချို့နှင့် လူတစ်ယောက်က ချင်မူ့မျက်လုံးထဲတွင် ထင်းမနေဘဲ နေပါမည်လော။
ကျန်ဖန်ဆင်းရှင်များက ဧရာမကြီးမားလှသဖြင့် ပုပုသေးသေး ‘ကလေးပေါက်စ’များ၏ အသွင်အပြင်ကို သတိထားမိမည်မဟုတ်ပေ။ ချင်မူ့အတွက်တော့ လွယ်ကူသည်။
ချင်မူ စိတ်အားတက်ကြွလာသည်။ သူက ခိုင်ဧကရာဇ်အား ဖက်ရန် ပြင်လိုက်သော်လည်း ခိုင်ဧကရာဇ်မှာ အဝတ်အစား လုံလုံခြုံခြုံ မရှိ၍ ဖက်ရအဆင်မပြေပေ။
“ကျွန်တော့်အဝတ်တွေက ကလေးအဝတ်တွေဆိုပေမယ့် အနည်းဆုံးတော့ ဖင်တော့ ဖုံးပါသေးတယ်”
ချင်မူ ရယ်လိုက်သည်။ “အနီရောင်ခါးစည်းကိုလည်း ဝတ်ထားတာ မှန်တယ်... ခိုင်ဧကရာဇ်၊ ခင်ဗျားဟာကတော့ ဖင်တောင် မဖုံးဘူးဗျာ”
သူတို့နှစ်ယောက် တစ်ယောက်ဆီ တစ်ယောက် လျှောက်နေကြသည်။
ခိုင်ဧကရာဇ်က ခါးစည်းကို ချွတ်လိုက်ရာ မိဖွေးဖမွေးတိုင်းပမာ ဖြစ်သွား၏။ အမှန်တွင် သူ့အသားရေနှင့် အရောင်တူသော အဝတ်များကို ဝတ်ထားသောကြောင့် ဖင်တုံးလုံးနှင့် တူနေခြင်း ဖြစ်ပေသည်။
သူ့အဝတ်အစားများက ပုတ်သင်ညိုပမာ အရောင်ပြောင်းစပြုလာပြီး မကြာခင် ခရမ်းပြာရောင်ဝတ်ရုံ ဖြစ်သွားသည်။
“ကောင်းကင်ငှက်မွှေးမျိုးနွယ်စုရဲ့ အဝတ်အစားတွေလား” ချင်မူ အံ့အားသင့်သွား၏။
ခိုင်ဧကရာဇ်က ဖြေသည်။ “မင်းလည်း သူတို့ကို သိတယ်လား… ငါ ခိုင်ဧကရာဇ် ဖြစ်လာတော့ သူတို့ ငါ့အတွက် အဝတ်ချုပ်ပေးထားတာလေ”
ချင်မူ့ခါးစည်းအောက်ရှိ အဝတ်အစားများမှာလည်း ကောင်းကင်ငှက်မွှေးမျိုးနွယ်စု ဖန်တီးထားသည့် အဝတ်စား ဖြစ်သည်။ ယွီကျောက်ချင်းကိုယ်တိုင် ချုပ်ပေးထားသဖြင့် အလွန်ချပ်ချပ်ရပ်ရပ် ရှိ၏။
လက်ရှိအချိန်တွင် ကောင်းကင်ငှက်မွှေးကမ္ဘာအား ကောင်းကင်နတ်ဘုံ၏ လက်အောက်ရှိ မိစ္ဆာနတ်ဆိုးမျိုးနွယ်တစ်စု စိုးမိုးသိမ်းပိုက်ထားသဖြင့် ကောင်းကင်ငှက်မွှေးမျိုးနွယ်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် လာရောက်ခိုလှုံနေရသည်။ ယွီကျောက်ချင်းအနေဖြင့် ကောင်းကင်ငှက်မွှေးကမ္ဘာကို ပြန်လည်သိမ်းပိုက်ချင်သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ထိုသို့လုပ်နိုင်မည့် အင်အားမရှိပေ။
ချင်မူ ခိုင်ဧကရာဇ်အနားသို့ သွားပြီး ပါးစပ်ဟလိုက်သော်လည်း မည်သို့ပြောရမည်မှန်း မသိပေ။
သူ၏ ဤဘိုးဘေးကြီးကို တွေ့ချင်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ သူ့တွင် မေးခွန်ပေါင်းထောင်ချီ ရှိသည်။ ပြောပြစရာများလည်း ထောင်ချီရှိသည်။
ဤဘိုးဘေးကြီးနှင့် ပတ်သက်၍ သူ၏ခံစားချက်များမှာ ရှုပ်ထွေးနေသည်။ သူက ခိုင်ဧကရာဇ်၏ မျိုးဆက်မှန်း သိခဲ့ရသည့်အချိန်တုန်းက ခိုင်ဧကရာဇ်အပေါ် လေးစားခဲ့သည်။ ခိုင်ဧကရာဇ်သည် အရာအားလုံးကို လက်လျှော့၍ ရွှင်ပျော်ပျော်ကျေးရွာတွင် သွားရောက်ပုန်းအောင်းနေကြောင်း ကြားသိရသည့်အခါ ခိုင်ဧကရာဇ်အပေါ် သူ စိတ်ပျက်ခဲ့မိ၏။ နဂါးဟန်ခေတ်၏ ပထမနှစ်တွင် ဆုံတွေ့ရသည့်အချိန်တွင် သူ၏အသိအမှတ်ပြုမှုအား လိုချင်ခဲ့သည်။
နောက်ပိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး ဖြစ်ပေါ်လာသည့်အခါ ခိုင်ဧကရာဇ်က ကောင်းကင်ဆရာသခင်လေးပါးနှင့် ကောင်းကင်နတ်မင်းလေးပါးကို ဆုတ်ခွာခိုင်းခဲ့ရာ ချင်မူ အကြီးအကျယ် စိတ်ပျက်မိခဲ့သည်။
ကောင်းကင်နတ်ဘုံသို့ ရောက်သည့်အခါ ခိုင်ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို နားလည်သွားပြန်သည်။
ယခု ခိုင်ဧကရာဇ်နှင့် ပြန်တွေ့ပြန်သည့်အခါ သူ့ရင်ထဲ၌ ခံစားချက်ပေါင်းများစွာ ဖြစ်ပေါ်လာ၏။ ပြောချင်သော စကားလုံးများမှာ သူ့အတွက် အရေးမပါတော့သည့်အလားပင်။
ခိုင်ဧကရာဇ်အပေါ် မည်မျှလေးစားခဲ့ပါစေ၊ မည်မျှမကျေမနပ် ဖြစ်ခဲ့ပါစေ၊ မည်မျှအထင်ကြီးခဲ့ပါစေ၊ မည်မျှစိတ်ပျက်ခဲ့ပါစေ… ခိုင်ဧကရာဇ်ကြောင့် သူ မည်မျှ နာကျင်ခဲ့ရပါစေ၊ မည်မျှ ဒုက္ခရောက်ခဲ့ရပါစေ… ယခုတွင် မည်သည့်အရာမှ အရေးမပါတော့ပေ။
ချင်မူ့မျက်ဝန်းများသည် နူးညံ့နေပြီး သူ့အမူအရာသည်လည်း ရိုးရှင်းပွင့်လင်းလာသည်။ သူက ပြုံး၍ မေးလေသည်။ “ကျွန်တော်တို့ မတွေ့ရတာ နှစ်ပေါင်းတစ်သန်း ကြာခဲ့ပြီနော်… ဒီအတောအတွင်း ဘယ်လိုလဲ”
ခိုင်ဧကရာဇ်က ချင်မူ့မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသည့်အချိန်တွင် ရင်ထဲလှုပ်ခတ်သွားသကဲ့သို့ အကြည့်ရှောင်လွှဲသွား၏။ “အဆင်ပြေပါတယ်… တစ်ခါတစ်ခါ ခက်တယ်… တစ်ခါတစ်ခါ ကျေနပ်စရာကောင်းတယ်.. တစ်ခါတစ်ခါ နာကျင်ရတယ်… အထူးသဖြင့် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို ချရတဲ့ အချိန်မျိုးတွေမှာပေါ့… ဒါပေမဲ့ အပြင်လောကက သတင်းတွေ ကြားရတော့ ဝမ်းမြောက်အားရမိပါတယ်”
ချင်မူ သူ့အား နားလည်သည်။ ခက်ခဲသော အချိန်ကာလများသည် ခိုင်ဧကရာဇ်ခေတ်၏ အစောပိုင်းကာလများ ဖြစ်၏။ ကျေနပ်စရာကောင်းသော ကာလမှာ သူတို့အင်အားကြီးထွားလာပြီး ပြည်သူပြည်သားတို့၏ ဘဝများ တိုးတက်ကောင်းမွန်လာစေရန် နယ်မြေအသစ်များ ဖွင့်လှစ်နိုင်ခဲ့သည့်အချိန် ဖြစ်သည်။
နာကျင်ရပြီး ခက်ခဲသော ဆုံးဖြတ်ချက်သည် ရွှင်ပျော်ပျော်ကျေးရွာသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ပြီး သူ ကာကွယ်ပေးမည်ဟု ကတိပေးခဲ့သော ပြည်သူပြည်သားများ၏ ဘဝများအား လက်လျှော့စွန့်ပစ်ခဲ့သည်ကို ဆိုလို၏။
အပြင်လောကမှ သတင်းများကြောင့် ဝမ်းမြောက်ကျေနပ်မိသည်ဆိုသည်မှာ ချင်မူ့သတင်းများ သူ့ဆီ ရောက်လာသည့်အချိန်တွင် ဖြစ်သည်။
ခိုင်ဧကရာဇ်သည် မဟာမြို့ပျက်ကို ထိန်းချုပ်ရင်း လူမသိသူမသိ တည်ရှိနေသော နတ်ဘုရားမှန်း ချင်မူ သိထားသည်။ ရွှင်ပျော်ပျော်ကျေးရွာတွင် ရှိနေသော်လည်း အပြင်လောကနှင့်ပတ်သက်ပြီး သူ များစွာ ဂရုစိုက်ပေသည်။
ခိုင်ဧကရာဇ်၏အသံသည် အသံဩဇာအပြည့်ဖြင့် ဩရှပြီး လေးနက်၏။ သူ့အသံ၏ အားအင်က နားထောင်သူ၏ နှလုံးကိုပါ သက်ရောက်နိုင်သည်။ “နျိုစန်းသွောနဲ့အတူ နဂါးဟန်ခေတ်ရဲ့ ပထမနှစ်ဆီ အချိန်ကူးပြောင်းရောက်ရှိလာခဲ့တဲ့ ကောင်းကင်နတ်အရှင်မူက ငါ့မျိုးဆက် ဖြစ်နေမယ် မထင်ထားခဲ့ဘူး”
သူက သဘောကျစွာ ရယ်သည်။ “ငါ မင်းကို နောင်တော်မူလို့ ခေါ်လိုက်လို့ မင်း ရှက်သွားတာ မှတ်မိပါသေးတယ်… မင်းက မျက်နှာကြီးရှစ်ခေါက်ချိုးနဲ့ အဲဒီလိုမခေါ်ဖို့ ငါ့ကို ပြောခဲ့တာလေ”
ချင်မူလည်း ရယ်လိုက်မိသည်။ “ခင်ဗျားက ကျွန်တော့်ကို မောက်မာပြီး ဘဝင်မြင့်နေတယ် ထင်ခဲ့တာမလား… အဲဒီလိုခေါ်လိုက်လို့ မိသားစုရဲ့ ဝါစဉ်တွေ ရှုပ်သွားမှာတော့ မသိဘူးမလား”
ခိုင်ဧကရာဇ် တိတ်ဆိတ်သွားသည်။ “ငါက မင်းကို ရွှင်ပျော်ပျော်ကျေးရွာဆီ ခေါ်သွားပေးမလို့ ဒီကို ရောက်လာတာ... ငါ ရောက်နေတာကို တခြားသူတွေ သတိမထားမိလောက်ပေမယ့် နတ်ဘုရင်လန်ဝူကတော့ မကြာခင် သတိထားမိလိမ်မ့ယ်… နောက်မကျသေးခင် ငါနဲ့ ပြန်လိုက်ခဲ့”
ချင်မူက တွေဝေနေသော မျက်ဝန်းများဖြင့် သူ့ဆီသို့ ကြည့်ကာ ခေါင်းယမ်းပြသည်။
ခိုင်ဧကရာဇ်သည် မျက်မှောင်ကြုတ်၍ စိတ်ရှည်ရှည် နားချ၏။ “မင်းရဲ့မိဘတွေ မင်းကို စိတ်ပူနေတယ်…. သူတို့က မင်းကို ကယ်ပေးဖို့ ငါ့ဆီ လာတောင်းဆိုထားတာ… မင်း ပြန်လိုက်လာမှ သူတို့ စိတ်အေးလိမ့်မယ်”
ချင်မူ ခေါင်းယမ်းလိုက်ပြန်သည်။
ခိုင်ဧကရာဇ်၏ မျက်ခုံးများ ပင့်သက်သွား၏။ “မင်းကွာ အရင်တုန်းကအတိုင်း ခေါင်းမာပြီး မောက်မာနေတုန်းပဲ… ရှေ့နောက်စဉ်းစားပြီး လုပ်မယ်လည်း မရှိဘူး… အမြဲရွပိုးထိုးပြီး မရင့်ကျက်သေးဘူး”
“ခင်ဗျားလည်း မပြောင်းလဲပါဘူး”
ချင်မူ ရယ်လိုက်သည်။ “အရင်တုန်းကအတိုင်း သတိကြီးနေတုန်းပဲ… ခင်ဗျားက အနိုင်ရမယ်ဆိုတာ သေချာမှပဲ လှုပ်ရှားတတ်တယ်… ဒါပေမဲ့ ခင်ဗျားရဲ့ ရန်သူတွေက ခင်ဗျားကို သေချာအောင် လုပ်နေဖို့ အခွင့်အရေးပေးမှာ မဟုတ်ဘူး”
နှစ်ယောက်သား အကြည့်ချင်းဆုံသွားပြီး လွန်ခဲ့သော နှစ်တစ်သန်းတုန်းကအတိုင်း တစ်ယောက်ကိုတစ်ယောက် အမြင်ကပ်နေသလို ခံစားလိုက်ရသဖြင့် အနေရအထိုင်ရ ခက်သွားကြသည်။
နှစ်ယောက်စလုံးအကြည့်ချင်းလွှဲလိုက်ကြသည်။
ဤသည်မှာ ရန်သူများအကြားက ရန်ငြိုးမျိုးမဟုတ်ပေ။ မိသားစုနှင့် မိတ်ဆွေများအကြား စိတ်ဆိုးခြင်းမျိုး ဆိုရမည်။
သူတို့သည် မိသားစုမဟုတ်ပါလော။ သို့သော် ခိုင်မာသော တာအိုနှလုံးသားများလည်း ပိုင်ဆိုင်ထားပြီး ဉာဏ်ထက်သူများပီပီ မိမိ၏အတွေးအမြင်များကို ပြောင်းလဲတတ်သူများမဟုတ်ပေ။
နှစ်ယောက်စလုံးက လူတစ်မျိုးတည်း ဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် မတည့်ပေ။ တစ်ဖက်လူက ခေါင်းမာလွန်း၍ မာလွန်းသည် ထိုခေါင်းကို စိစိညက်ညက် ကြေသွားအောင် ထိုးနှက်ပစ်လိုစိတ်များ တဖွားဖွား ထွက်ပေါ်လာတတ်သည်။
နဂါးဟန်ခေတ်၏ ပထမနှစ်တုန်းက နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတွင် နှစ်ယောက်သား တကျက်ကျက် ရန်ဖြစ်နေခြင်းမှာ ဤအကြောင်းရင်းကြောင့်ပင် ဖြစ်သည်။
“ငါတို့ပြိုင်ပွဲက နဂါးသွဲ့ရေကန်မှာကတည်းက စတင်ခဲ့တာပဲ”
ခိုင်ဧကရာဇ်က သက်ပြင်းချကာ ပြောသည်။ “အကြောတင်းတဲ့ မင့်ခေါင်းကို ငါ ရိုက်ခွဲပစ်ချင်တယ်… နှစ်တစ်သန်း ကြာခဲ့ပြီဆိုတော့ ငါလည်း အများကြီး တိုးတက်လာခဲ့ပြီ… မင်းက ငါ့ပြိုင်ဘက် မဟုတ်တော့ဘူး.. မင်းက အခုမှ အသက် ၃၅ ၊ ၃၆ လောက်ပဲ ရှိသေးတယ်မလား… ငါကတော့ နှစ်ပေါင်းလေးသောင်းလောက် ရှိပြီ.. အတွေ့အကြုံများသလို ၊ အရင်ထက်လည်း ပိုအစွမ်းထက်နေပြီ”
ချင်မူက လက်ဆန့်ထုတ်ရင်း သူ့ဆီ ကြည့်ကာ ပြောလိုက်၏။ “အဆင့်တူမှာ ခင်ဗျားကို ကျွန်တော် အနိုင်ယူနိုင်တယ်”
ခိုင်ဧကရာဇ်က လက်သီးတင်းတင်းဆုပ်၍ သူ့လက်ကို ကြည့်သည်။
တခဏကြာသော် သူသည် လက်သီးဆုပ်ကို ဖြေကာ ပြုံးလိုက်၏။ “ငါ မင်းနဲ့ ပြိုင်ပြီး ရန်မဖြစ်တော့ပါဘူး… မင်းက ငါ့ရဲ့ ၁၀၇ ဆက်မြောက် မျိုးဆက်မဟုတ်လား… မင်းကြောင့် စိတ်ဆိုးနေရင် ဘယ်ဖြစ်ပါ့မလဲ… မင်း ဒီမှာ နေရင် အန္တရာယ်များတယ်.. နတ်ဘုရင်လန်ဝူက အမျိုးသမီးတစ်ယောက် ဆိုပေမယ့် အင်မတန် အင်အားကြီးတယ်… မင်းရဲ့ သရုပ်မှန်ကို သူ သိသွားရင် အဲဒါနဲ့ ငါ့ကို လာခြိမ်းခြောက်လိမ့်မယ်”
သူ့အပြုံးက တစတစ ပျောက်ကွယ်သွားသည်။ “အဲဒီနေ့ ရောက်လာရင် ငါက ခြိမ်းခြောက်ခံနေမှာ မဟုတ်ဘူး… သူ မင်းကို သတ်မှာကိုပဲ ကြည့်နေမှာ”
ချင်မူက နောက်လက်တစ်ဖက် ဆန့်ထုတ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ရင်း ပြောသည်။ “ခင်ဗျားကို ကျွန်တော် အရင်အနိုင်ယူနိုင်လောက်မယ် ထင်တယ်”
ခိုင်ဧကရာဇ်၏ နဖူးသွေးကြောများ ထောင်လာပြီး သူက လက်သီးတင်းတင်း ဆုပ်လိုက်ပြန်၏။
ချင်မူ လက်ပြန်ရုတ်၍ သူ့ကို ရန်မစတော့ဘဲ ပြုံးလိုက်သည်။ “ကျွန်တော်က အခု ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အထွတ်အမြတ်ကလေးငယ် ဖြစ်နေပြီ… ကျွန်တော့်ဘေးကင်းလုံခြုံမှုအတွက် စိတ်ပူနေစရာမလိုပါဘူး… ပြန်လို့ရပါတယ်”
ခိုင်ဧကရာဇ်က လှည့်ပြန်ပြီး စိတ်ဆိုးမာန်ဆိုး ပြော၏။ “ငါ မင်းကို ကိုင်ပေါက်ပြီး ရိုက်သတ်ပစ်ချင်လိုက်တာ”
ချင်မူ တဟားဟား ရယ်လိုက်သည်။ “ကျွန်တော်က ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲက အတော်များများနဲ့ တိုက်ခိုက်ဖူးတယ်… ခင်ဗျားနဲ့ တိုက်ခိုက်လို့လည်း အဆင်ပြေပါတယ်”
ခိုင်ဧကရာဇ် လေပေါ် ခုန်တက်လိုက်သည်။
ငှက်တောင်စိမ်းခန်းမ၏အပြင်တွင် နတ်ဘုရင်လန်ပို၏ အမူအရာ ပြောင်းလဲသွားပြီး သူမ၏ပုံရိပ် ပျောက်ကွယ်သွားသည်။ မကြာခင် သူမသည် ပရမတ္တကမ္ဘာ၏ ကောင်းကင်ထက်၌ ပြန်ပေါ်လာကာ အရှေ့သို့ တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်၏။
အရှေ့တွင် သက်လတ်ပိုင်း ဧကရာဇ်တစ်ပါးက ကောင်းကင်ထဲတွင် ရပ်နေသည်။ သူ၏ရင်ဘတ်သည် ဖားဖိုကြီးလို နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူက သူမဆီ လှည့်ကြည့်၏။
“ချင်ယဲ့”
နတ်ဘုရင်လန်ပိုက အေးစက်စက် ရယ်သည်။ “သစ္စာဖောက်…. နင် ရှာတွေ့သွားတာအောင် နင် မပြေးသေးဘူးပေါ့”
“နတ်ဘုရင်၊ ကျုပ် စိတ်မကြည်ဘူး… ကျုပ် ဒီမှာ တိုက်ခိုက်ချင်တယ်… ကျေးဇူးပြုပြီး ကျုပ်ဆန္ဒကို ဖြည့်ဆည်းပေးပါ”
“သူခိုးချင်၊ ငါ နင့်ကို ကြောက်တယ်ထင်လား”
…
ချင်မူက ရှုကျွင်း၏ ခေါင်းကြီးဘေးသို့ လျှောက်သွားပြီး သူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို ဖွင့်လိုက်သည်။ အလင်းတန်းတစ်တန်း ထွက်လာကာ ရှုကျွင်းအပေါ် ဖြာကျသွားပြီး မဟာကမ္ဘာဦးအစ မူလကျောက်တုံးဆီသို့ ပြန်ဆွဲခေါ်သွား၏။ သူက ပြောသည်။ “ကျွန်တော် အသိစိတ်အလျဉ်၊ အဆီအနှစ်နဲ့ သွေးတွေ သုံးပြီး ခင်ဗျားဦးခေါင်းကို အားဖြည့်ပေးရင် ခင်ဗျား ခန္ဓာကိုယ်ကိုတော့ ကိုယ့်ဘာသာကိုယ် ပြန်တည်ဆောက်နိုင်မှာလား”
“နည်းနည်းတော့ ခက်ပေမယ့် မဖြစ်နိုင်တာ မဟုတ်ဘူး… ငါ့ခေါင်းထဲက သွေးကြောတွေကို ပိတ်ပြီး အလိုအလျောက် လှည့်ပတ်နိုင်မယ့်စနစ်တစ်ခု တည်ဆောက်ရမယ်… ပြီးမှ အသိစိတ်အလျဉ်ကို ဖြည်းဖြည်းချင်း စုစည်းရမှာ… ဒါဆို ငါ့ရုပ်ခန္ဓာကို မြင်ယောင်ဖန်ဆင်းနိုင်ပြီ”
ရှုကျွင်း၏အသိစိတ်အလျဉ်က သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။ “မင်း နှုတ်ခမ်းမွှေးနဲ့ ဖန်ဆင်းရှင်ကလေးတစ်ယောက်နောက် လိုက်သွားသလားလို့ … သူက ဘယ်သူလဲ”
ချင်မူက မဖြေဘဲ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ရင်း အသိစိတ်အလျဉ်၊ အဆီအနှစ်နှင့် သွေးတို့အား သူ့ဆီ ပို့လွှတ်ပေးနေသည်။
ရှုကျွင်းလည်း မေးခွန်းမထုတ်တော့ဘဲ အသိစိတ်အလျဉ်၊ အဆီအနှစ်နှင့် သွေးတို့ကို အလျင်အမြန် စုပ်ယူသည်။ ထို့နောက် မူလကျောက်တုံးထဲရှိ ယဇ်ပလ္လင်မှတစ်ဆင့် သူ့ခေါင်းအား သူ့ဘာသာ တည်ဆောက်၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်မှ ဒုန်းခနဲ မြည်ဟည်းသံကြီး ထွက်လာသည်။ ချင်မူ မော့ကြည့်လိုက်သည့်အခါ ထိုနေရာရှိ နေရာဟင်းလင်းပြင်မှာ အတိုင်းထက်အလွန် တောက်ပပြီး ပူလောင်လာသည်။ ဧကရာဇ်နှစ်ပါး ပြိုင်ဘက်ကင်းခွန်အားတို့ဖြင့် တိုက်ခိုက်နေသကဲ့သို့ ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးနှစ်လှိုင်း ရောက်ရှိလာ၏။
‘ခိုင်ဧကရာဇ်နဲ့ နတ်ဘုရင်လန်ဝူများလား’
ချင်မူ ရင်ထဲ လှုပ်ခတ်သွားသည်။ ခိုင်ဧကရာဇ်၏ အစွမ်းအစများအရဆိုလျှင် နတ်ဘုရင်လန်ဝူအနေဖြင့် သူ့အား အမှီလိုက်နိုင်မည်မဟုတ်ပေ။ ထွက်သွားမည့်အစား အဘယ်ကြောင့် တိုက်ခိုက်နေသနည်း။
‘သူ ငါ့ကို တကယ် စိတ်တိုသွားတာလား’
ချင်မူ ခေါင်းယမ်းလိုက်၏။ ‘တခြားနေရာမှာဆို သူ ငါ့ကို သေချာပေါက် ရိုက်မှာ.. ဒါပေမဲ့ အခုလို သူ ပေါက်ကွဲနေတာလဲ ကောင်းပါတယ်’
ပရမတ္တကမ္ဘာထဲရှိ ဖန်ဆင်းရှင်များ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ ရှို့ကျုံး၊ ခန်းနွီနှင့် ကျန်ခေါင်းဆောင်များက နတ်ဘုရင်လန်ဝူကို ကူညီပြီး ‘သူခိုးချင်’ကို သုတ်သင်ရန် အကြီးအကဲများကို ဦးဆောင်၍ လေပေါ် ပျံတက်လာကြသည်။
ကောင်းကင်တစ်ပြင်လုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေ၏။ ချင်မူမှာ အပေါ်တက်ပြီး စပ်စုချင်သော်လည်း ရှုကျွင်းဆီသို့ အသိစိတ်အလျဉ်၊ အဆီအနှစ်နှင့် သွေးများ ထောက်ပံ့ပေးနေရသဖြင့် မသွားနိုင်ပေ။
‘ခိုင်ဧကရာဇ်ရဲ့ ဓားသိုင်းမှာ ကောင်းကင်ဘုံ ၃၃ ဘုံ ရှိလို့ နံပါတ်တစ် ဓားသိုင်းပညာရှင်လို့ သူ့ကို ခေါ်ကြတယ်… ဒါပေမဲ့ ငါ့မှာ နံပါတ်တစ် ဓားကွက် ရှိတယ်… ငါ သူနဲ့ တကယ် တိုက်ခိုက်ကြည့်ချင်လိုက်တာ’ ချင်မူ ပြောမပြတတ်အောင် စိတ်လှုပ်ရှားလာတော့သည်။
ကောင်းကင်ထဲရှိ တိုက်ပွဲသည် နှစ်နာရီ၊ သုံးနာရီခန့် ကြာလိုက်ပြီးနောက် အလင်းတန်းများ မြေပြင်ပေါ် ဆင်းသက်လာကြ၏။ အလင်းတန်းတစ်တန်းက လေထဲတွင် ဝေ့ဝဲလှည့်ပတ်ကာ ငှက်တောင်စိမ်းခန်းမထဲ ဆင်းသက်သွားသည်။
‘တိုက်ပွဲအခြေအနေ ဘယ်လိုဖြစ်သွားပြီလဲ’
ချင်မူ အခြေအနေ မေးရန် ခန်းမဆီ သွားတော့မည့်အချိန် ခန်းနွီက သူ့ကို မြင်၍ မေးသည်။ “နေမကောင်းဘူးလား… ဘာလို့ ဒီလောက်ပိန်နေတာလဲ”
ချင်မူ ရှင်းပြတော့မည့်အချိန် ခန်းနွီက သူမမျိုးနွယ်စု၏ အထွတ်အမြတ်ရတနာ၊ ဝိညာဉ်ခုနစ်သွယ်မြက်ကို ကပျာကယာ ထုတ်ကာ ပြောသည်။ “ဒါက ဆေးကုပေးပြီး အသက်ပြန်သွင်းပေးနိုင်တယ်… အရိုးကိုသာ ကိုက်လိုက်… နင် သက်သာလာလိမ့်မယ်… ဝိညာဉ်ခုနစ်သွယ်မြက်၊ အထွတ်အမြတ်ကလေးငယ်ကို ကုသပေးလိုက်ပါ”
ချင်မူက အလျင်အမြန် ပြော၏။ “ကျွန်တော်က နတ်ဘုရင်ရှုကျွင်း ရုပ်ခန္ဓာ ပြန်ရအောင် အသိစိတ်အလျဉ်၊ အဆီအနှစ်နဲ့ သွေးတွေ အားဖြည့်ပေးနေလို့ပါ.. နေမကောင်းတာမဟုတ်ပါဘူး.. ကျွန်တော့် အဆီအနှစ်တွေ၊ သွေးတွေကို အလျင်အမြန် ပြန်ဖြည့်ပေးနိုင်တဲ့ ကမ္ဘာဦးဝိညာဉ်ရည်ကြည်လည်း ဒီမှာ ရှိပါတယ်”
မြက်ပင်သည် ရိုးတံကို ကပျာကယာ ပြန်ရုတ်ပြီး လိမ်သွား၏။ ၎င်း၏အရွက်များ လှုပ်ခတ်သွားသည်။
ခန်းနွီက မေးသည်။ “ကမ္ဘာဦးဝိညာဉ်ရေကြည်ဟုတ်လား… အဲဒါ ဘာလဲ”
ချင်မူ ကျောက်စိမ်းပုလင်းတစ်ပုလင်း ထုတ်၍ ဖွင့်လိုက်သည်။ ခန်းနွီက အနံ့ခံကာ ချီးကျူးလေသည်။ “ကမ္ဘာဦးဝိညာဉ်ရေကြည်ဆိုတာ ဒါပေါ့… နင်က တော်တော် ဗဟုသုတကြွယ်ဝတာပဲနော်”
ချင်မူမှာ မှင်သက်သွားကာ သွေးတိုးစမ်းကြည့်လိုက်၏။ “မြင်ဖူးတယ်လား”
“ဒါက အထွတ်အမြတ်ပစ္စည်းတွေအပေါ် လောင်းတဲ့ ရေလေ… အရင်တုန်းက ငါတို့မှာ အများကြီး ရှိတယ်… အခုတော့ သိပ်မရှိတော့ဘူး… နတ်ဘုရင်က သိမ်းထားတယ်”