မူနှင့် ချင်၏ ပြန်လည်ဆုံစည်းမှု
Vol. 75 Ch. 976
နတ်ဘုရင်လန်ဝူမှာ အံ့အားသင့်နေသဖြင့် သူ ပြောနေသည်ကို ကြားဟန်မတူပေ။ ချင်မူက မက်မွန်သားဆံထိုးဖြင့် စုတ်ချက်တစ်ချက် ဆွဲလိုက်ကာ သူမကို နှစ်ပေါင်းထောင်ချီ စိတ်ဖိစီးနေစေခဲ့သော အဆင့်မြင့် အသိစိတ်အလျဉ်နယ်ပယ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။
ဤအရာကား အံ့ဩတုန်လှုပ်စရာကောင်းလွန်း၏။ အပြင်လူတစ်ယောက်အတွက် ချင်မူသည် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်အား ဖောက်ထွက်ရန် အချိန်တစ်နှစ် ယူခဲ့ရသော်လည်း သူမအတွက် အချိန်တစ်နှစ်ဆိုသည်မှာ မပြောပလောက်အောင် နည်းပါးပေသည်။
“ဘယ်သူ ကောင်းကင်နတ်အရှင်လင်ကို သတ်ခဲ့တာလဲ”
သူမက ငေးငေးကြောင်ကြောင်ဖြင့် မေးသည်။ “ဘယ်သူက ကောင်းကင်နတ်အရှင်လင်လဲ”
ချင်မူက ယဇ်ပလ္လင်ထက်တွင် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေပြီး တဟားဟား ရယ်နေသည်။ “မဟာဧကရာဇ်ပေါ့.... မဟာဧကရာဇ်က သတ်ခဲ့တာ.... အဲဒီလူက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်ပြီး ကောင်းကင်နတ်အရှင်လင်ကို သတ်ပစ်ခဲ့တာပဲ”
နတ်ဘုရင်လန်ဝူမှာ နားမလည်သေးပေ။ “ဘယ်သူက ကောင်းကင်နတ်ဧကရာဇ်လဲ”
ချင်မူသည် ပြောပြမတတ်အောင် စိတ်လှုပ်ရှားနေ၏။ သူက တစ်ချက်တစ်ချက် လက်သီးတင်းတင်း ဆုပ်တတ်ပြီး တစ်ချက်တစ်ချက် ဆံထိုးကို ဝှေ့ယမ်းရင်း သူမအား ပတ်၍ လျှောက်နေသည်။ “ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲတဲ့ ကောင်းကင်နတ်သိုင်းက မဟာဧကရာဇ်ရဲ့ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ကို လုံးဝဖိနှိပ်နိုင်တယ်... ဖိနှိပ်နိုင်ရုံတင်မကဘူး... ဖြိုခွဲပစ်နိုင်တယ်”
“အဆင့်မြင့်အသိစိတ်အလျဉ်နယ်ရဲ့ အသိစိတ်အလျဉ်က အချိန်နဲ့ နေရာကို ရပ်တန့်သွားစေပြီး မရွေ့လျားနိုင်တဲ့ အချိန်နဲ့ နေရာ ဖြစ်တည်လာစေတယ်... အဲဒါကြောင့် သူ့အသိစိတ်အလျဉ်နယ်ပယ်ထဲ ဝင်လာတဲ့ ဘယ်သူမဆို ရပ်တန့်သွားတာပဲ... ဒါပေမဲ့ ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းက အချိန်ဆိုတာ မတည်ရှိတဲ့ သဘောတရားအပေါ် အခြေခံတယ်.... အချိန်ရဲ့ စီးဆင်းမှုဆိုတာ တကယ်တော့ ဒြပ်ထုတွေရဲ့ အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတဲ့ ထင်ယောင်မှားမှု သက်သက်ပဲ
“သူတို့ရဲ့ ကောင်းကင်နတ်သိုင်းတွေက အစွန်းနှစ်ဖက်လို ဖြစ်နေတယ်... တစ်ယောက်က အသိစိတ်အလျဉ် သုံးပြီး ဒြပ်ထုတွေကို ဖန်တီးတယ်....တစ်ယောက်က ဒြပ်ထုတွေကို သုံးပြီး အသိစိတ်အလျဉ်ကို ဖန်တီးပေးတယ်
“မဟာဧကရာဇ်က အချိန်နဲ့နေရာထိန်းချုပ်ခြင်း မဟာတာအိုကို လေ့လာထားတဲ့ပုံပဲ... ဒါပေမဲ့ ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းက သူ့ရဲ့ အစွမ်းထက်ဆုံး ပြိုင်ဘက်ကင်း ကောင်းကင်နတ်သိုင်းဟာ ဒြပ်ထုအပြောင်းအလဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ အတုအယောင်သက်သက်ပဲလို့ သက်သေပြသွားတယ်”
“သူရဲ့ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်က ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲတဲ့ ဒြပ်ထုကောင်းကင်နတ်သိုင်းနဲ့ ထိုးဖောက်ဖြိုခွင်းခံလိုက်ရတဲ့ အတုအယောင်ကြီးတစ်ခုပဲ”
“ဒါကြောင့် ကောင်းကင်နတ်အရှင်လင် သေကို သေခဲ့ရတာ”
“ကောင်းကင်နတ်အရှင်လင် အသက်ရှင်နေသရွေ့ သူ့ကို ပြိုင်ဘက်ကင်းလို့ မသတ်မှတ်နိုင်တော့ဘူး”
“ကောင်းကင်မဟာမိတ်အဖွဲ့ထဲက ကောင်းကင်နတ်အရှင်တွေအနေနဲ့ ကောင်းကင်နတ်အရှင်လင်ကို သတ်ဖို့ အကြောင်းအရင်းတွေ ရှိပေမယ့် သူတို့အကြောင်းရင်းတွေက သူ့အကြောင်းရင်းလောက် အရေးမကြီးဘူး... ဒါကြောင့် ကောင်းကင်နတ်အရှင်လင်ကို သတ်ခဲ့တဲ့တစ်ယောက်... ကောင်းကင်နတ်မြစ်ထဲက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ကိုယ်ထဲမှာ ပိတ်မိနေတဲ့ တစ်ယောက်က မဟာဧကရာဇ်ပဲ”
နတ်ဘုရင်လန်ဝူမှာ သူ့အတွေးများကို လိုက်မမှီတော့သဖြင့် ခေါင်းယမ်းလိုက်မိသည်။
သို့သော် အသိစိတ်အလျဉ်ဖြင့် ဒြပ်ထုများကို ဖန်တီးခြင်းသည် ဖန်ဆင်းရှင်မျိုးနွယ်၏ အနှစ်သာရပင် ဖြစ်သည်။ ၎င်းက သူတို့မျိုးနွယ်၏ ကောင်းကင်နတ်သိုင်းများနှင့် ဓလေ့ကို ကိုယ်စားပြု၏။
သို့သော် ဒြပ်ထုကို သုံး၍ အသိစိတ်အလျဉ် ဖန်တီးခြင်းမှာမူ သူမအတွက် အသစ်ဖြစ်နေသည်။
ချင်မူ ကောင်းကင်ထက်သို့ မော့ကြည့်ရင်း မျက်ဝန်းများ လှုပ်ခတ်သွားသည်။ သူက အသံကို တိုးကာ ပြောသည်။ “ဒါဖြင့် မဟာဧကရာဇ်က ဘာကြောင့် ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာထဲ ဝင်ပြီး ကောင်းကင်နတ်အရှင်လင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တာလဲ... ကြည့်ရတာတော့ အဲဒီလိုမှ မလုပ်ရင် ကောင်းကင်နတ်အရှင်လင်ကို မနိုင်တော့ပုံရတယ်... သူ ကောင်းကင်နတ်ဘုံမှာ ပုန်းနေပြီး ခေါင်းဆောင်တစ်ယောက် ဖြစ်နေတာလည်း ပေါ်သွားပြီ... ကောင်းကင်နတ်အရှင်လင်ကို သတ်ပြီး ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ဖျက်စီးလိုက်ရင် ကောင်းကင်နတ်ဘုံမှာ သူ့ကို ခြိမ်းခြောက်နိုင်တဲ့သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူးမလား”
နတ်ဘုရင်လန်ဝူမှာ နှစ်နှစ်ပင် မပြည့်သေးသော ဤကောင်လေးကို ငုံ့ကြည့်ရင်း ပဟေဠိများအား အဖြေထုတ်နေသည့် သူ့ပုံစံသည် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။
“စောစောက မဟာဧကရာဇ်မှာ မငြိမ်းသေနိုင်တဲ့ အသိစိတ်အလျဉ် ရှိတယ်လို့ နတ်ဘုရင် ပြောခဲ့တယ်နော်... ဒါဆို သူက သူ စိတ်တိုင်းကျ ပုံစံမျိုးနဲ့ အသက်ရှင်နေနိုင်မှာပဲ... ပြီးတော့ ကောင်းကင်နတ်မြစ်မှာ ပိတ်မိနေတဲ့ ကောင်းကင်နတ်ဧကရာဇ် ရုပ်ခန္ဓာထဲ သူက သူအပြည့်အဝ မဟုတ်နိုင်ဘူး... တစ်စိတ်တစ်ပိုင်းပဲ ဖြစ်မယ်”
ချင်မူက တခဏကြာ စဉ်းစားနေပြီးနောက် ပြောသည်။ “သူရဲ့ တစ်စိတ်တစ်ပိုင်းက ကောင်းကင်နတ်အရှင်တစ်ယောက်အသွင်နဲ့ ကောင်းကင်နတ်ဘုံမှာ လှုပ်ရှားနေမယ်... ဒါဆို မဟာဧကရာဇ်က သူ့ကိုယ်သူ သုံးပိုင်းခွဲထားတာပဲ... မဟာလေဟာနယ်မှာ သူ့ရုပ်ခန္ဓာနဲ့ သူ့အသိစိတ်အလျဉ် တစ်စိတ်တစ်ပိုင်း ရှိတယ်.. ကောင်းကင်နတ်မြစ်မှာ သူ့ဝိညာဉ် ဒါမှမဟုတ် အသိစိတ်အလျဉ် ရှိတယ်... ကောင်းကင်နတ်ဘုံမှာလည်း သူ့ဝိညာဉ် ဒါမှမဟုတ် အသိစိတ်အလျဉ်တစ်စိတ်တစ်ပိုင်း ရှိနေတယ်... အခု ငါ သိချင်လာပြီ.. ကျွယ်ဝူချိန်က ဘာလို့ နတ်ဘုရင်နဲ့ ဆင်နေတာလဲ”
သူက နတ်ဘုရင်လန်ဝူ၏ အရှေ့တွင် ရပ်၍ သူမ၏အလှတရားအား သေသေချာချာ ကြည့်နေသည်။ သူမ၏နှုတ်ခမ်းလေးများသည် ပါးလွှာပြီး နီရဲနေ၏။ မျက်ဝန်းလေးနှင့် နှာတံလေးက အဖိုးထိုက်တန်သော ကျောက်ိစမ်းသဖွယ် လှပသည်။ ထိုမျှလှသော အမျိုးသမီးတစ်ယောက်အား ယခုလို အနီးကပ် ပထမဆုံးအကြိမ် ကြည့်ဖူးခြင်း ဖြစ်ပေသည်။
ယွင်ချွီးရှို့က သူ့ကို အမြဲသွေးဆောင်နေခဲ့သော်လည်း သူမကို စေ့စေ့ မကြည့်ဝံ့ခဲ့ပေ။ နတ်ဘုရင်လန်ဝူတွင်တော့ သူမလို ကလူမြူဆွယ်တတ်သော အကျင့်မျိုး မရှိသဖြင့် ချင်မူ သတ္တိရှိနေခြင်း ဖြစ်သည်။
“နတ်ဘုရင်လန်ဝူ၊ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွင် ဒါမှမဟုတ် မဟာဧကရာဇ်က ခင်ဗျားကို မြင်ခဲ့ဖူးသလား”
ချင်မူ ရုတ်တရက် မေးလိုက်မိသည်။ “တစ်ယောက်ယောက်က ခင်ဗျားကို သေချာပေါက် မြင်ဖူးလိမ့်မယ်...အဲဒါကြောင့် ပြစ်ချက်ကင်းတဲ့ ကျွယ်ဝူချိန်ကို ဖန်ဆင်းပြီး ကောင်းကင်နတ်ဧကရာဇ်ကို ဖျားယောင်းနိုင်ခဲ့တာ... သူတို့သုံးယောက်ထဲက ဘယ်သူက ခင်ဗျားကို မြင်ခဲ့ဖူးလဲ”
နတ်ဘုရင်လန်ဝူသည် စိတ်ဆိုးခြင်းမရှိဘဲ သူ့အား ကြည့်ခွင့်ပြုထား၏။ သူမက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “နင် စတုတ္ထစမ်းသပ်မှု၊ အသိပညာစစ်ဆေးခြင်းကို အောင်သွားပြီ”
ချင်မူက သူမကို ဆက်၍ စိုက်ကြည့်နေသည်။ “တစ်ယောက်ကတော့ ခင်ဗျားကို သေချာပေါက် မြင်ဖူးမှာပဲ.. အဲဒါမှ ခင်ဗျားနဲ့ ချွတ်စွပ်တူတဲ့ လူကို ဖန်ဆင်းနိုင်မှာ... ကျွယ်ဝူချိန်ကို ဖန်ဆင်းပြီး ကောင်းကင်နတ်ဧကရာဇ်ကို ဖျားယောင်းဖို့ ဘယ်သူ တွေးခဲ့မိတာလဲ မသိဘူး... ကျွန်တော် သိပ်သိချင်မိတယ်၊ နတ်ဘုရင်လန်ဝူ ခင်ဗျား အပြင်ထွက်ဖူးလားဗျ”
သူက ဆက်ပြောသည်။ “ကျွန်တော် ဆိုလိုတာက နဂါးဟန်ခေတ်တုန်းက မဟာလေဟာနယ်ကနေ ထွက်သွားဖူးလား”
နတ်ဘုရင်လန်ဝူသည် ပြုံး၏။ “အထွတ်အမြတ်ကလေးငယ်၊ ငါက နတ်ဘုရင်၊ နင်က အထွတ်အမြတ်ကလေးငယ်... သိပ်စပ်စုစရာမလိုပါဘူး... များများသိလေလေ၊ အန္တရာယ်များလေလေပဲတဲ့”
ချင်မူလည်း ချက်ချင်း အသိဝင်သွားပြီး မမေးတော့ပေ။ သူက အနီရောင်ခါးစည်းဝတ်ကြီးကို မ,ကာ ယဇ်ပလ္လင်ထက်တွင် လိမ်လိမ်မာမာ ထိုင်ချလိုက်သည်။
နတ်ဘုရင်လန်ဝူလည်း ယဇ်ပလ္လင်မှ ဆင်း၍ သူမခုံဆီ ပြန်သွားသည်။ သူမက ပြောလေသည်။ “အထွတ်အမြတ်ကလေးငယ်က စမ်းသပ်မှုလေးခုကို အောင်သွားပြီ... သူ့ကို အနားယူခိုင်းလိုက်ပါ... ခေါင်းဆောင်တို့၊ ရှေးဟောင်းဝိညာဉ်ကမ္ဘာအတွက် ပူဇော်ပွဲလုပ်ဖို့ ပြင်ကြမယ်.. ရက်အနည်းငယ်ကြာရင် ကျွန်မတို့ ပူဇော်ပွဲ ကျင်းပပြီး အထွတ်အမြတ်ကလေးငယ်ကို ရှေးဟောင်းဝိညာဉ်ကမ္ဘာဆီ လွှတ်ရတော့မယ်”
သူမ၏ ညွှန်ကြားမှုများအတိုင်း ရှို့ကျုံးနှင့် ခေါင်းဆောင်များ လှုပ်ရှားကြသည်။ ချင်မူလည်း ယဇ်ပလ္လင်မှ ဆင်းလာပြီး ထိုင်ခုံပေါ်ရှိ ရှုကျွင်းဆီ လှမ်းကြည့်လိုက်ရာ မကျေမနပ် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
သို့သော် ရှုကျွင်းသည် အတော်အရေထူ၏။ သူက တဟားဟား ရယ်ကာ ပြောသည်။ “ဂုဏ်ယူပါတယ် အထွတ်အမြတ်ကလေးငယ်”
ချင်မူ နှာခေါင်းရှုံ့လိုက်သည်။ ဤလူ သူ့အား မည်သို့ချောက်ချခဲ့သည်ကို တွေးလိုက်သည်နှင့် ချင်မူ စိတ်မကြည်တော့ပေ။
နတ်ဘုရင်လန်ဝူက ပြောသည်။ “အထွတ်အမြတ်ကလေးငယ်၊ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတွေမှာ နင် သိပ်မကျွမ်းကျင်သေးဘူး.... လတ်တလော ဖန်ဆင်းရှင်တွေရဲ့ ကောင်းကင်နတ်သိုင်းတွေကို အာရုံစိုက်ပြီး လေ့လာသင့်တယ်.. ရှေးဟောင်းဝိညာဉ်ကမ္ဘာထဲ ရောက်ရင် ငါတို့ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေဆီ နင်က လူသားဖြစ်တဲ့အကြောင်း ရှင်းပြရင်း နေ့ဝက်လောက် အချိန်မကုန်ချင်ဘူး.. နင် ကျွမ်းကျင်သင့်သလောက် ကျွမ်းကျင်ရင် လူသားဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဘိုးဘေးဝိညာဉ်တွေက နင့်ကို အထွတ်အမြတ်ကလေးငယ်အဖြစ် လက်ခံပါလိမ့်မယ်... နင် မကျွမ်းကျင်ရင်တော့ သူတို့ နင့်ကို လက်ခံလာအောင် ငါ့ဘက်က အလုပ်ရှုပ်ရဦးမှာပေါ့”
သူမတွင် လွှမ်းမိုးနိုင်သော အရှိန်အဝါရှိသည်။ ယွင်ချွီးရှို့နှင့် အလှချင်းတူပါသ်ောလည်း အဟန့်အထည်၊ စိတ်နေစိတ်ထားချင်းကတော့ ဆီနှင့် ရေပင်။
ချင်မူ သဘောတူကာ မေးလိုက်သည်။ “နတ်ဘုရင်၊ ရှေးဟောင်းဝိညာဉ်ကမ္ဘာမှာ ဘိုးဘေးဝိညာဉ်တွေနဲ့ တွေ့ရတဲ့ ရည်ရွယ်ချက်က ဘာလဲ”
“အမွေ”
နတ်ဘုရင်လန်ဝူက ပြန်ရန် လှည့်လိုက်ပြီး ပြော၏။ “ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အမွေကို ဆက်ခံဖို့... ငါတို့မျိုးနွယ်ဟာ ရှေးခေတ်ကနေ မျက်မှောင်ခေတ်အထိ အတိုင်းအဆမရှိတဲ့ အသိပညာတွေကို စုဆောင်းထားနိုင်ခဲ့တယ်... ငါတို့ဘိုးဘေးဝိညဉ်တွေ နင့်ကို အသိအမှတ်ပြုရင် ဒီအသိပညာတွေကို နင့်ဆီ လက်ဆင့်ကမ်းပေးပြီး စကြဝဠာမှာ အသိအမြင်အကြွယ်ဝဆုံး လူတစ်ယောက် ဖြစ်လာစေလိမ့်မယ်”
ချင်မူ ရင်တဒိန်းဒိန်း ခုန်လာတော့သည်။
ဖန်ဆင်းရှင်မျိုးနွယ် နှစ်သန်းပေါင်းများစွာ စုဆောင်းထားသော အသိပညာအမွေတဲ့လော။
သည့်လောက် ကောင်းမွန်သော အပေးအယူ ရှိပါသေးသည်လော။
ဖန်ဆင်းရှင်မျိုးနွယ်သည် မျိုးနွယ်စု မတည်ထောင်ခင်က ကမ္ဘာဦးလူရိုင်းများပမာ ကြမ်းတမ်းခက်ထန်ခဲ့သော်လည်း ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်များ လေ့လာပြီးနောက် တည်ထောင်ထားသော မျိုးနွယ်စုသည် အတိုင်းထက်အလွန် အင်အားကြီးမား၏။
ထို့အပြင် ဖန်ဆင်းရှင်တို့ကား ကြယ်တာရာများနှင့် ကမ္ဘာလောကတို့၏ ဖန်ဆင်းရှင်များ မဟုတ်ပါလော။ ထိုအချက်နှင့်တင် လေးစားထိုက်နေချေပြီ။
ရှုကျွင်းမှာတော့ အင်မတန် မနာလိုဖြစ်နေသည်။ ‘ငါသာ အထွတ်အမြတ်ကလေးငယ် ဆိုလို့ကတော့....’
နတ်ဘုရင်လန်ဝူ ထွက်ခွာသွားစဉ် အသိစိတ်အလျဉ်က ချင်မူ့ခေါင်းထဲတွင် မြည်ဟည်းလာသည်။ “ငါ လတ်တလော ရှို့မျိုးနွယ်စုရဲ့ ငှက်တောင်စိမ်းခန်းမမှာ ခဏ နေမယ်... နင် နားမလည်တာရှိရင် ငါ့ကို လာရှာနိုင်တယ်”
ချင်မူက သူမထွက်သွားသည်ကို ကြည့်ရင်း ခေါင်းညိတ်နာခံလိုက်၏။
ရှုကျွင်းဆီမှ အသံထွက်လာသည်။ “နတ်ဘုရင်လန်ဝူက တော်တော်အထင်ကြီးစရာကောင်းတယ်... ငါသာဆို အပြင်လူသားတစ်ယောက်ကို ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အထွတ်အမြတ်ကလေးငယ်အဖြစ် အသိအမှတ်ပြုနိုင်မှာမဟုတ်ဘူး... ဒါပေမဲ့ သူက မင်းကို အသိအမှတ်ပြုပေးနိုင်တဲ့အထိ စိတ်သဘောထားပြည့်ဝတယ်... သူ့စိတ်နေစိတ်ထားက ငါ လိုက်မမှီနိုင်တဲ့အရာပဲ”
“အမှန်ပဲ နတ်ဘုရင်လန်ဝူက အမြင်ကျယ်ပြီး သတ္တိရှိတယ်... ယောက်ျားတစ်ယောက် အောက် မနိမ့်ကျဘူး... ပိုလို့တောင် သန်မာနိုင်သေးတယ်”
ချင်မူမှာ ထိုအမျိုးသမီးကို ချီးကျူးမဆုံး ဖြစ်နေရာမှာ ရုတ်တရက် ရှုကျွင်းဆီ ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ရှုကျွင်းက ခြောက်ကပ်ကပ် ရယ်သည်။ “ငါ မင်းကို ကောင်းကင်နတ်သိုင်းတွေ မသင်ပေးခဲ့တဲ့ အကြောင်းရင်းတစ်ခု ရှိတယ်... မင်းက ငါ့ကို ငါ့ဦးနှောက်မှ မတည်ဆောက်ပေးတာလေ.... မင်းကို အားလုံး သင်ပေးလိုက်ရင် မင်းက ငါ့ကို သေချာပေါက် သတ်ပစ်မှာပေါ့”
ချင်မူ၏ဒေါသနှင့် မကျေမနပ်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက ရယ်လိုက်သည်။ “ခင်ဗျားကို ကျွန်တော် အပြစ်မတင်နိုင်ပါဘူးဗျာ”
ချင်မူ့အကျင့်ကား ထိုအတိုင်းသာ ဖြစ်သည်။
သူနှင့် ရှုကျွင်းသည် တစ်ယောက်ကိုတစ်ယောက် အသုံးချနိုင်မည့်အကွက်သာ ချောင်းနေကြခြင်း ဖြစ်၏။ ရှုကျွင်းက ဖန်ဆင်းရှင်တို့၏ နတ်ဘုရင်တစ်ပါး ဖြစ်သည့်အလျောက် သူ့ကို အထွတ်အမြတ်ကလေးငယ်အဖြစ် အသိအမှတ်မပြုလိုရာ ပြဿနာတချို့ မီးထွန်းရှာပေးခဲ့သည်။
ချင်မူမှာလည်း သဘောထားအနည်းငယ် သေးသိမ်ခဲ့၏။
ကျစ်လီမျိုးနွယ်စု၊ ကျူချိုးမျိုးနွယ်၊ ယန်လုံမျိုးနွယ်၊ ရှားထိုက်မျိုးနွယ်စုအပါအဝင် အခြားမျိုးနွယ်စုများမှ ဖန်ဆင်းရှင်များ ရှို့မျိုးနွယ်စု၏ ပိုင်နက်သို့ အဆက်မပြတ် ရောက်လာနေကြသည်။ သူတို့ခေါင်းဆောင်များ၏ ဦးဆောင်ကွပ်ကဲမှုအောက်တွင် ဖန်ဆင်းရှင်တို့သည် ဧရာမယဇ်ပလ္လင်ကြီးတစ်ဆူအား မြင်ယောင်ဖန်ဆင်း၍ ယဇ်ပူဇော်ရန် ပြင်ဆင်နေကြ၏။
ချင်မူနှင့် ရှုကျွင်းက ဖန်ဆင်းရှင်တို့၏ ကလေးများနှင့် အတူရှိကြသည်။ ကလေးများသည် ငယ်ရွယ်သေးသော်လည်း အသိပညာများက ထူးခြားကြ၏။ မွေးဖွားလာသည့် အခိုက်အတန့်ကတည်းက အသိစိတ်အလျဉ်အမွေ ရခဲ့သောကြောင့် ဖြစ်မည်။ သူတို့က အရွယ်ရောက်ပြီးသား ဖန်ဆင်းရှင်တစ်ယောက်ဆီမှ အခြေခံအသိပညာများ ပိုင်ဆိုင်ထားကြသည်။
ကလေးများက များစွာသိထားသော်လည်း အသိစိတ်အလျဉ် အားမကောင်းသဖြင့် အသိပညာတို့ကို အပြည့်အဝ ဖမ်းဆုပ်နိုင်အောင် လေ့ကျင့်ရန် လိုအပ်သေးသည်။
ချင်မူက ဖန်ဆင်းရှင်တို့၏ ကောင်းကင်နတ်သိုင်းအခြေခံများ သိရှိရန် ဤကလေးငယ်များနှင့် ပေါင်းသင်းကြည့်ချင်သည်။ စမ်းသပ်မှုလေးခုတွင် အရွယ်ရောက်ပြီးသား ဖန်ဆင်းရှင်များကို သူ အနိုင်ယူနိုင်ခဲ့သော်လည်း အခြေခံအဆင့်တွင် အားနည်းနေသေး၏။
ရှုကျွင်း၏ ခေါင်းကြီးက လေတွင် ပျံဝဲရင်း သူ့နောက် တကောက်ကောက် လိုက်နေသည်။ သူလည်း ကောင်းကင်နတ်သိုင်းအခြေခံများကို စိတ်ဝင်တစား လေ့လာနေသည်။
ရှုကျွင်းသည် ခေါင်းမာပြီး သူ့ကိုယ်သူ အထင်ကြီးသော်လည်း သူ၏စိတ်နေစိတ်ထားနှင့် အသိအမြင်က ပွင့်လင်းပြီး မြင့်မား၏။
ချင်မူ သူ၏အဆင့်မြင့်အသိပညာသုံးခုကို ပြုပြင်ခဲ့ကတည်းက ရှေးခေတ်၏ ကျင့်စဉ်များမှာ ခေတ်နောက်ကျသွားပြီဖြစ်ကြောင်း သူ သဘောပေါက်ခဲ့သည်။ သူတို့အနေဖြင့် အချိန်နှင့် တစ်ပြေးညီ လှုပ်ရှားနေရန် လိုအပ်မည်။ မဟုတ်လျှင် ဖန်ဆင်းရှင်မျိုးနွယ် မျိုးတုံးသွားနိုင်ပေသည်။
ကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်အတိုင်း ပြောင်းလဲခံထားရသော မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်သည် သူ့အတွက် အသုံးမတည့်သော်လည်း ဖန်ဆင်းရှင်တို့၏ကျင့်စဉ်များကို ထိုနည်းနာအတိုင်း ပြုပြင်ပြောင်းလဲသင့်သည်ဟု သူ ခံစားရသည်။ သူ့ကိုယ်ပိုင်ကျင့်စဉ်များကိုလည်း ပြောင်းလဲသင့်သည်။
ရှုကျွင်းသည် ပရမတ္တကမ္ဘာ၏ ဖန်ဆင်းရှင်များ ကမ္ဘာခေတ်ဦး၏ ဓလေ့အစဉ်အလာများကို စွန့်ပစ်၍ ပြုပြင်ပြောင်းလဲနေသည်ကို မြင်တွေ့ခဲ့တုန်းက ကျင့်စဉ်စနစ်အား ပြောင်းလဲနေသဖြင့် စိတ်ဆိုးဒေါသထွက်ခြင်း မဟုတ်ပေ။
အနေအထိုင်ခြိုးခြံသော အစဉ်အလာကို စွန့်ပစ်၍ ခမ်းခမ်းနားနား နေထိုင်သော လမ်းစဉ်ကို လျှောက်နေခြင်းကြောင့် ဒေါသထွက်ခြင်းဖြစ်သည်။ ဖန်ဆင်းရှင်များအတွက် ဥစ္စာဓနဟူသည် ပကာသာ ဖြစ်သည်ဟု သူ ခံယူထား၏။
သူ့တွင် ခေါင်းဆောင်တစ်ယောက်၏ အရည်အချင်းများ ရှိပေသည်။
“ဒီလောက် ရှုပ်ထွေးတဲ့အရာတွေကို ဘာလို့မြင်ယောင်ဖန်ဆင်းနေမှာလဲ”
၂၆ ပေခန့် အရပ်မြင့်သော ဖန်ဆင်းရှင်လူငယ်တစ်ယောက် ကျောက်သားနံရံထက်ရှိ သင်္ကေတအမှတ်အသားများထံ မျက်နှာမူ၍ မြင်ယောင်ဖန်ဆင်းရန် ကြိုးစားနေသည်ကို ရှုကျွင်း မြင်လိုက်ရသည်။ သင်္ကေတအမှတ်အသားများက ကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်၏ မီးသင်္ကေတများ ဖြစ်၏။ သူ မနေနိုင်ဘဲ မေးမိတော့သည်။ “မီးတောက်ကို တိုက်ရိုက် မြင်ယောင်လိုက်ရင် အသိစိတ်အလျဉ်က ပိုအားကောင်းလာပြီး မီးစွမ်းအားလည်း ပိုပြင်းထန်မှာလေ... အဲဒါက ပိုမလွယ်ဘူးလား”
ဖန်ဆင်းရှင်လူငယ်က ခေါင်းယမ်းကာ ပြောသည်။ “ရှုပ်ထွေးတဲ့ သင်္ကေတအမှတ်အသားတွေကို မြင်ယောင်ဖန်ဆင်းရင် အသိစိတ်အလျဉ်ရဲ့ ခွန်အား၊ ခံနိုင်ရည်နဲ့ တုံ့ပြန်နိုင်စွမ်း တိုးတက်လာတယ်... ဒါကြောင့် အသိစိတ်အလျဉ်ကို အတိအကျ ထိန်းချုပ်နိုင်သွားလိမ့်မယ်”
ရှုကျွင်းမှာ မျက်မှောင်ကြုတ်ချင်သော်လည်း သူ့တွင် မျက်ခုံးမရှိပေ။
ချင်မူက သူ့ကို ချီ၊ သွေးနှင့် အသိစိတ်အလျဉ်တချို့ ပေးလိုက်ကာ မျက်ခုံးထူထူမည်းမည်းကြီးများ ပေါက်လာစေလိုက်၏။ ထိုအခါမှ ရှုကျွင်းက မျက်မျောင်ကြုတ်ကာ ပြောသည်။ “ဒါဆို တိုက်ပွဲမှာ ရိုးရှင်းတဲ့ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတွေ သုံးတာ ပိုမကောင်းဘူးလား”
ဖန်ဆင်းရှင်လူငယ်က ခေါင်းယမ်းပြန်သည်။ “သင်္ကေတအမှတ်အသားတွေကနေ ဖန်ဆင်းထားတဲ့ မီးတောက်တွေက တိုက်ရိုက်ဖန်ဆင်းထားတဲ့ဟာတွေထက် ပိုအားကောင်းတယ်... ဒါကြောင့် ဒီလို ဖန်ဆင်းနိုင်အောင် ကြိုးစားနေကြတာပါ”
ရှုကျွင်း၏ မျက်လုံးများကား မျက်တွင်းပေါက်ထဲမှ ပြူးထွက်လာတော့သည်။ သူက ဒေါကြီးမောကြီး ပြောသည်။ “ဒါဖြင့် မင့်အသိစိတ်အလျဉ်ရဲ့ တုံ့ပြန်နိုင်စွမ်းက နှေးသွားမှာပေါ့... အသိစိတ်အလျဉ်ကောင်းကင်နတ်သုိင်းတွေမှာ အမြန်နှုန်းက အဓိကပဲ... ရန်သူကို လျှပ်စီးလို အမြန်နှုန်းနဲ့ တိုက်ခိုက်ပြီး ဖိနှိပ်နေမှ သူတို့ အချိန်မှီ မတုံ့ပြန်နိုင်တော့ဘဲ အသတ်ခံရမှာလေ... မင်းတို့က ငါတို့ရိုးရာကို စွန့်ပစ်ထားကြတာပဲ”
ချင်မူက သူ့ကို ချီ၊ သွေးနှင့် အသိစိတ်အလျဉ်တချို့ ပေးလိုက်သဖြင့် သူ့မျက်လုံးများ ထွက်မကျသွားအောင် ထိန်းပေးထားမည့် မျက်ခွံများ ထွက်လာသည်။
ဖန်ဆင်းရှင်လူငယ်မှာ နားမလည်သဖြင့် ပြုံးကာ ပြောပြသည်။ “ကျွန်တော်တို့ အဆက်မပြတ် မြင်ယောင်ဖန်ဆင်းတဲ့အချိန်မှာ သင်္ကေတအမှတ်သားတွေက ကျွန်တော်တို့အသိစိတ်အလျဉ်ထဲမှာ စွဲနေတယ်... သင်္ကေတတွေက အခြေခံပါပဲ...အများကြီးလည်း မရှိဘူး... နှစ်ရာကျောက်လောက်ပဲ ရှိတာပါ... ကျွန်တော်တို့ နေ့တိုင်း မြင်ယောင်ဖန်ဆင်းနေတော့ ထွေထွေထူးထူး မှတ်နေစရာမလိုဘဲ စွဲသွားရော... တိုက်ပွဲကျရင် ကျင့်သားရနေတော့ အမြန်နှုန်းက မနှေးပါဘူး.. ပြီးတော့ မတူညီကွဲပြားတဲ့ သင်္ကေတအမှတ်အသားတွေကို စီရင်း ကောင်းကင်နတ်သိုင်းအမျိုးမျိုး ပြန်ထုတ်လွှတ်နိုင်တယ်”
ရှုကျွင်း ငေးငိုင်သွားသည်။
တခဏကြာသော် သူက သက်ပြင်းချကာ ပြောသည်။ “ငါ လန်တူက နတ်ဘုရင်ဆိုတာ တကယ် လက်ခံပါပြီ.... ခွေးကောင်လေး၊ မင်းကို ဘယ်တော့မှာ ဦးနှောက်ထည့်ပေးမှာလဲ”
ချင်မူ စကားပြောရန် ပြင်လိုက်သော်လည်း ရှုကျွင်းသည် သက်ပြင်းချပြန်၏။ “ငါ မင်းနောက် မလိုက်တော့ဘူး... မူလကျောက်တုံးက မင်းအပိုင်ပဲ ထားလိုက်တော့.. မင်းဆီကလည်း ငါ မလုတော့ဘူး... အဲဒီအစား ဒီမှာပဲ နေပြီး အစကနေ ပြန်ကျင့်ကြံတော့မယ်... ရှေးကမ္ဘာခေတ်ဦးတုန်းက ငါဟာ လူပေါင်းထောင်ချီ လေးစားကြည်ညိုတဲ့ နတ်ဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်.. အခုလည်း ပြန်ဖြစ်အောင် ငါ လုပ်မယ်... ငါ နတ်ဘုရင်တစ်ပါး နောက်တစ်ကြိမ် ဖြစ်လာစေရမယ်”
ချင်မူမှာ စိတ်သက်သာရာရသွားကာ ပြုံးလိုက်မိသည်။ “နတ်ဘုရင်ကြီးက ဒီလောက် ရည်မှန်းချက်ကြီးမှတော့ ကျွန်တော့်ဘက်လည်း လက်ဆောင်ပေးရမှာပေါ့”
ရုတ်တရက် သူ့အကြည့်က မလှမ်းမကမ်းရှိ ဖန်ဆင်းရှင် ‘ကလေး’ အပေါ် ရောက်သွားပြီး သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထိုကလေးသည် အသက်တစ်နှစ်၊ နှစ်နှစ်သာ ရှိသေးသဖြင့် အနီရောင်ခါးစည်း ဝတ်ထား၏။
“ရှုကျွင်း၊ ခဏစောင့်ဦး”
ချင်မူ ရင်တဒိန်းဒိန်း ခုန်နေသည်။ သူက အနီရောင်ခါးစည်း ဝတ်ထားသော ဖန်ဆင်းရှင်ဆီ ခပ်သွက်သွက် လျှောက်သွား၏။ သူ လျှောက်လာသည်ကို မြင်လျှင် အနီရောင်ခါးစည်းနှင့် ဖန်ဆင်းရှင်က ကပျာကယာ တစ်ဖက်လှည့်သွားပြီး ဖင်ပြောင်လေးဖြင့် ထွက်သွားသည်။
ချင်မူက သူ့ကို အမှီလိုက်သွား၏။ နှစ်ယောက်သား လူသူကင်းရှင်းသော နေရာရောက်လျှင် ချင်မူ အေးစက်စက် ရယ်လိုက်သည်။ “ကျွန်တော် ခင်ဗျားကို မှတ်မိတယ်နော် ခိုင်ဧကရာဇ်... ကောင်းကင်နတ်အရှင်တစ်ယောက် ဖြစ်ပြီး ဒီလို ဝတ်စားထားရတယ်လို့.... အရှက်မရှိလိုက်တာ”