စမ်းသပ်မှုသုံးခု
Vol. 75 Ch. 974
ကျောက်စိမ်းမြို့တော်ပုလဲကို မဖန်ဆင်းခင် ပုံရိပ်အသွင်ကိုလည်း မြင်ယောင်ဖန်ဆင်းပြရန် လိုအပ်သည်။ ပုံရိပ်ကို မြင်ယောင်ပြီးနောက် တောင်တန်းများ၊ မြစ်ချောင်းများ၊ သစ်ပင်များ၊ သင်္ကေတအမှတ်အသားများနှင့် ရှေးဟောင်းနတ်ဘုရားတို့ကို အစစ်အမှန်သို့ ပြောင်းလဲဖန်ဆင်းနိုင်မှသာ နတ်ဘုရင်လန်ဝူ၏ စမ်းသပ်မှုကို အောင်မြင်သည်ဟု ဆိုနိုင်သည်။
ဤသည်ကား ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်ကို အမှန်တကယ် စစ်ဆေးစမ်းသပ်ခြင်း ဖြစ်ပေသည်။
ချင်မူ ဖန်ဆင်းရှင်ကိုးယောက်ကို ချိတ်မပိတ်ခဲ့၍ သူတို့ကြောင့် ပြဿနာဖြစ်လာခဲ့လျှင် ကျောက်စိမ်းမြို့တော်ကို မြင်ယောင်နိုင်မည်မဟုတ်သလို၊ အမှန်တကယ်လည်း ဖန်ဆင်းနိုင်မည်မဟုတ်ပေ။
သို့သော် ယခုတွင် ထိုသို့လုပ်ရန် အချိန်ရသွားချေပြီ။
အသိစိတ်အလျဉ်သည် ကျောက်စိမ်းမြို့တော်ပုလဲ၏ အလယ်၌ ထိုင်နေသော ချင်မူ့ဆီမှ ဖြာထွက်လာ၏။ ကိုယ်ပျောက်ပန်းချီဆရာများက ကိုယ်ပျောက်စုတ်တံများဖြင့် ပန်းချီကားတစ်ချပ်ကို ခြယ်မှုန်းနေသည့်အလား ထင်ရသည်။ သူသည် ပုလဲအတွင်းရှိ ကမ္ဘာတစ်ကမ္ဘာလုံးကို ဖန်ဆင်းနေပြီး သူဖန်ဆင်းနေသည့် ကမ္ဘာမှာ အချိန်နှင့်အမျှ ပိုမိုအသက်ဝင်လာ၏။
များစွာမကြာလိုက်ဘဲ သူက သူ၏အသိစိတ်အလျဉ်ကို ပြန်ဆင့်ခေါ်ကာ မြင်ယောင်ဖန်ဆင်းခြင်း ရပ်တန့်လိုက်သည်။ ထို့နောက် ပုလဲကို ဖြတ်၍ လျှောက်ကာ ယဇ်ပလ္လင်ထက်သို့ ပြန်သွားသည်။
ဖန်ဆင်းရှင်များက ပုလဲကို သေသေချာချာ လာရောက်ကြည့်ရှုကြသည်။ ချင်မူ ဖန်ဆင်းခဲ့သော ပုလဲက ရှို့မျိုးနွယ်စု၏ အထွတ်အမြတ်ရတနာထက် များစွာ သေးငယ်သော်လည်း ပြစ်ချက်အနည်းငယ်မှ မရှိကြောင်း တွေ့ရလေသည်။ ချင်မူ မြင်ယောင်ဖန်ဆင်းထားသော ရှေးဟောင်းနတ်ဘုရားများနှင့် ရှို့မျိုးနွယ်စု၏ အထွတ်အမြတ်ရတနာအတွင်းရှိ ရှေးဟောင်းနတ်ဘုရားများအကြား ကွာခြားမှုအနည်းအကျဉ်းသာ ရှိသည်။
ရှို့ကျုံးဆီမှ ရယ်သံ ထွက်လာသည်။ “မဆိုးဘူး… အထွတ်အမြတ်ကလေးငယ်ဆိုတဲ့အတိုင်း မြင်ယောင်ဖန်ဆင်းမှုတိုင်းက ကျုပ်တို့ကြားမှာ ထူးကဲလှပါပေတယ်… အသိစိတ်အလျဉ်အဆင့်နဲ့ နတ်ဘုရားမိစ္ဆာတွေရဲ့ ပုံစံအနေအထားက နည်းနည်းကွဲနေပေမယ့် မင်းအမှားတော့ မဟုတ်ပါဘူး… မင်းက အတွေ့အကြုံမှ မရှိသေးတာပဲ သက်ညှာပေးလို့ရပါတယ်”
ထိုအခိုက်အတန့်တွင် ပုလဲ၏ ရှေးဟောင်းနတ်ဘုရားများ လှုပ်ရှားနေကြောင်း သူ မြင်လိုက်ရသည်။ တစ်ယောက်ချင်းစီက မတူညီသော ပုံစံအနေအထားတစ်ခုစီဖြင့် လှုပ်ရှားနေကြပြီး သူတို့အပေါ်ရှိ မဟာတာအိုသင်္ကေတအမှတ်အသားများကလည်း မတူညီကြပေ။
ထို့အပြင် ရှေးဟောင်းနတ်ဘုရား ၂၅၆ ပါးက မတူညီသော တာအိုဘာသာစကား ၂၅၆ မျိုးဖြင့် ကိုယ်ပိုင်တာအိုကျမ်းစာများ ရွတ်ဖတ်နေကြသဖြင့် ခမ်းနားသော တာအိုသံသည် ပုလဲထဲမှ ထွက်ပေါ်လာ၏။ အသံကား တည်ကြည်လေးနက်ပြီး ရှင်းလင်းပြတ်သားနေချေသည်။
တာအိုသံနှင့်အတူ ပုလဲသည် ကောင်းကင်နတ်စွမ်းအားတစ်ရပ်ကို စုစည်း၍ တုန်ခါလှိုင်းများ ဖြန့်ကျက်လိုက်သကဲ့သို့ သင်္ကေတအမှတ်အသားများ၊ တောင်တန်းများ၊ မြစ်ချောင်းများက အရောင်အဝါ ထွန်းလင်းလာသည်။
ခေါင်းဆောင်များမှာ ထိတ်လန့်သွားကြပြီး အလျင်အမြန် နောက်ဆုတ်သွားကြသည်။
ချင်မူ မြင်ယောင်ဖန်ဆင်းခဲ့သော ကျောက်စိမ်းမြို့တော်ပုလဲက ဧကတစ်ထောင်ကျော် လွှမ်းခြုံထားသော အလင်းရောင်ကို ထွတ်လွှတ်ထားသည်။ သင်္ကေတအမှတ်အသားများနှင့် ဝင်္ကပါအမှတ်အသားများလည်း ဖြာထွက်လာ၏။ အဆုံးသတ်တွင် မူလပုလဲဆီမှ ဧကတစ်ထောင်ကျော် ကျယ်ဝန်းသော နောက်ထပ် ကျောက်စိမ်းမြို့တော်ပုလဲတစ်လုံးကို ဖြန့်ကျက်လိုက်လေသည်။
သို့သော် အတွင်းရှိ မူလပုလဲကသာ အစစ်ဖြစ်ပြီး အပြင်ပုလဲကား ပုံရိပ်ယောင် ဖြစ်၏။
သို့ရာတွင် ပုံရိပ်ယောင်၏ သင်္ကေတအမှတ်အသားများတွင်လည်း စွမ်းအား ပါရှိသဖြင့် တောင်တန်းမြစ်ချောင်းများ စတင်ဖွဲ့တည်လာကာ အစစ်အမှန် ဖြစ်လာသည်။ ကျောက်စိမ်းမြို့တော်သည်လည်း မားမားမတ်မတ် ရပ်လျက် တာအိုဘာသာစကားများ ရွတ်ဖတ်နေသည့် နတ်ဘုရားမိစ္ဆာအသွင်သဏ္ဍာန်မျိုးစုံဖြင့် ပေါ်ထွက်လာ၏။
ဝှမ်
ကျောက်စိမ်းမြို့တော် ပုံရိပ်ယောင်က လှုပ်ခါကာ ၎င်း၏ ပုံရိပ်ယောင်ကို ထပ်မံဖြန့်ကျက်လိုက်ရာ မူလနှစ်ခုထက် ပိုမို ကြီးမားသော တတိယကျောက်စိမ်းမြို့တော်ပုလဲတစ်လုံး ဖွဲ့တည်လာသည်။
ယဇ်ပလ္လင်၏ပတ်ဝန်းကျင်၌ ရှိသူများမှာ ပုလဲ၏ လွှမ်းခြုံခြင်းခံလိုက်ရကာ ဒုတိယပုံရိပ်ယောင်မှ ဖွဲ့တည်လာသော တတိယကောင်းကင်ဘုံထဲ ရောက်သွားကြသည်။
ဝှမ်
တတိယကောင်းကင်ဘုံက ပုံရိပ်ယောင် ထပ်မံထုတ်လွှတ်ကာ စတုတ္ထကောင်းကင်ဘုံကို ဖွဲ့တည်လိုက်သည်။ ဤသို့ဖြင့် ပဉ္စမကောင်းကင်ဘုံ၊ ဆဋ္ဌမကောင်းကင်ဘုံ။
ခြောက်ခုမြောက်ကောင်းကင်ဘုံ ဖွဲ့တည်လာပြီးနောက် ပုံရိပ်ယောင်မှာ မှေးမှိန်သွားပြီး ဆက်လက်မဖြန့်ကျက်နိုင်တော့ပေ။
ချင်မူက ယဇ်ပလ္လင်ထက်တွင် ရပ်နေပြီး မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးအား ပိတ်လိုက်သည်။ ကောင်းကင်နတ်ဘုံများ လွင့်ပျယ်ပျောက်ကွယ်သွားပြီး လက်ညှိုးထိပ်ဖျားခန့်သာ ရှိသည့် ဝိညာဉ်ပုလဲတစ်လုံးသာ သူ့လက်ဝါးထဲ၌ ကျန်ခဲ့၏။
“ရှို့ကျုံး၊ ရှင်တို့ရှို့မျိုးနွယ်စုက အထွတ်အမြတ်ရတနာကို ဒီလိုသုံးနိုင်လား” ကျစ်လီခေါင်းဆောင်၊ ခန်းနွီက မေးသည်။
ရှို့ကျုံးမှာ ကြက်သေသေနေသည်။ သူက ခေါင်းယမ်းကာ ပြန်ဖြေ၏။ '‘မသုံးနိုင်ဘူး’'
ချင်မူက သူ မြင်ယောင်ဖန်ဆင်းထားသော ကျောက်စိမ်းမြို့တော်ပုလဲကို ရှို့ကျုံးဆီ ပေးကာ ပြောသည်။ “ဆရာကြီးတို့ မြင်ယောင်ဖန်ဆင်းထားတဲ့ ရှေးဟောင်းနတ်ဘုရားတွေမှာ သင်္ကေတအမှတ်အသားတွေ လိုနေတယ်… အဲဒါကြောင့် ဒုတိယကောင်းကင်ဘုံကို မထုတ်လွှတ်နိုင်တာ… ကျွန်တော် လိုနေတဲ့ နေရာတွေ ဖြည့်ပေးပြီးသွားပြီဆိုတော့ သန်မာအားကောင်းတဲ့ အသိစိတ်အလျဉ် ရှိသရွေ့ ပုလဲကနေ ဒုတိယကောင်းကင်ဘုံ ထုတ်လွှတ်ပြီး အစစ်အမှန်ဖြစ်အောင် ပြောင်းလဲလို့ရတယ်…. ကျွန်တော့်အသိစိတ်အလျဉ်က သိပ်အားမကောင်းတော့ ကောင်းကင်ဘုံခြောက်ဘုံပဲ ထုတ်လွှတ်နိုင်တာပါ… ရှို့မျိုးနွယ်က သိပ်အင်အားကြီးတာပဲနော်… ဒီကျောက်စိမ်းမြို့တော်ပုလဲအထဲက စွမ်းအားက အံ့မခန်းပဲဗျ”
သူ့မှာ မချီးကျူးမိဘဲ မနေပေ။ “ပန်းချီ၊ ပန်းပဲ၊ အနုပညာ၊ သင်္ချာတွေမှာသာ မနှံ့စပ်ရင် ဒါကို မြင်ယောင်ဖန်ဆင်းနိုင်မှာမဟုတ်ဘူး… သိပ်အထင်ကြီးစရာကောင်းတာပဲ”
ရှို့ကျုံးသည် ချင်မူ မြင်ယောင်ဖန်ဆင်းထားသော ကျောက်စိမ်းမြို့တော်ပုလဲအား ဂရုတစိုက် ကောက်ယူလိုက်၏။ သူ့မှာ မှင်သက်နေဆဲပင်။ “ငါတို့ဖန်ဆင်းထားတဲ့ ကျောက်စိမ်းမြို့တော်ပုလဲက အဲဒီလို မလုပ်နိုင်ဘူး….”
သူက အလျင်အမြန် ဆက်ပြောသည်။ “ရှေးဟောင်းနတ်ဘုရားတွေရဲ့ သင်္ကေတအမှတ်အသားတွေနဲ့ဆို အကန့်အသတ်မရှိ ထုတ်လွှတ်နိုင်မှာလား”
ချင်မူ ခေါင်းယမ်းကာ ရှင်းပြလိုက်သည်။ “ကျွန်တော် မြင်ယောင်ဖန်ဆင်းနေတုန်းက အချိန်အကန့်အသတ်ကြောင့် ဒသမကိန်း ၁၈ နေရာအထိပဲ အမှားမရှိ တွက်ချက်နိုင်ခဲ့တယ်… ဆိုလိုတာက ကောင်းကင်ဘုံ ၁၈ ဘုံပဲ ထုတ်လွှတ်ပေးနိုင်မှာ… အဲဒီနောက်ပိုင်းအတွက်တော့ အက္ခရာသင်္ချာလိုအပ်ချက်ကြောင့် ပုံရိပ်ယောင်တွေထဲမှာ အမှားတွေ တိုးလာပြီး ဖွဲ့တည်လာတဲ့ ကောင်းကင်ဘုံတွေဟာ အားနည်းနေလိမ့်မယ်”
ရှို့ကျုံးမှာ အူကြောင်ကြောင် ဖြစ်နေသည်။ “သင်္ချာဟုတ်လား”
ချင်မူ ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ် သင်္ချာ… ဖန်ဆင်းရှင်တွေအနေနဲ့ မှန်တစ်ချပ် ရိုးရိုးရှင်းရှင်း ပစ္စည်းတစ်ခုကို မြင်ယောင်ဖန်ဆင်းရင် သင်္ချာမလိုဘူး… ဒါပေမဲ့ သင်္ကေတအမှတ်အသားလို ရှုပ်ထွေးတဲ့ အရာမျိုးအတွက်တော့ သင်္ချာလိုအပ်တယ်… သင်္ချာတစ်ခုတည်းနဲ့ ပြီးပြည့်စုံတဲ့ အသွင်သဏ္ဍာန်ကို မဖန်ဆင်းနိုင်ပေမယ့် မြင်ယောင်ဖန်ဆင်းခြင်းနဲ့ ပေါင်းလိုက်တဲ့အခါ စိတ်ကူးအတိုင်း အတိအကျ ထွက်လာအောင် ဖန်ဆင်းနိုင်သွားတာမျိုးပေါ့… အတိအကျသာ ရရင် အားကောင်းတဲ့ အသိစိတ်အလျဉ်တစ်ခုနဲ့ အကန့်အသတ်မရှိ ထုတ်လွှတ်နိုင်တယ်”
ရှို့ကျုံးမှာ နားမလည်သေးပေ။
ချင်မူလည်း မရှင်းပြတတ်တော့သဖြင့် အထီးကျန်ကျန်သာ ခေါင်းယမ်းလိုက်ရသည်။ ဤဖန်ဆင်းရှင်များကား သင်္ချာနှင့်ပတ်သက်လာလျှင် နားကန်းတစ်လုံးမျှ မသိပေ။
သူတို့သည် မည်သည့်အရာကိုမဆို မြင်ယောင်ဖန်ဆင်းနိုင်ကြသဖြင့် သင်္ချာမလိုကြရာ သင်္ချာမတတ်ကြခြင်း ဖြစ်၏။
နတ်ဘုရင်လန်ဝူက ရယ်လိုက်သည်။ “ပထမစမ်းသပ်မှု အောင်မြင်သွားပြီဆိုတော့ ဒုတိယစမ်းသပ်မှု၊ ရုပ်ခန္ဓာစမ်းသပ်မှု စကြစို့…. ဒီတစ်ခုက ရိုးရှင်းပါတယ်… ရုပ်ခန္ဓာသုံးပြီး တိုက်ခိုက်တာလေးပဲ… အသိစိတ်အလျဉ် မလိုဘူး… ရုပ်ခန္ဓာနဲ့ပဲ တိုက်ခိုက်မှာ”
နောက်ထပ်ဖန်ဆင်းရှင်ကိုးယောက် ထွက်လာသည်။ သူတို့၏ကိုယ်လုံးကိုယ်ပေါက်များကား ရှိန်စရာကောင်း၏။
ချင်မူ ထိတ်လန့်သွားသဖြင့် ရှို့ကျုံးဆီသို့ အားကိုးတကြီး ကြည့်လိုက်မိသည်။ “အန္တရာယ်မများဘူးဆို”
ရှို့ကျုံးက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေ၏။ “သူတို့က အထွတ်အမြတ်ကလေးငယ်နဲ့ မယှဉ်နိုင်ပါဘူး”
ချင်မူ ရှုကျွင်းဆီ လှမ်းကြည့်လိုက်ရာ ရှုကျွင်းက ဂုဏ်ယူစွာ ပြောနေသည်။ “ငါ မင်းကို သင်ပေးထားတဲ့ အသိစိတ်အလျဉ်လေ့ကျင့်ရေးကျင့်စဉ် သုံးလိုက်… သူတို့ကို မင်း သေချာပေါက် သမနိုင်တယ်”
ချင်မူ စိတ်တိုသွားသည်။ ဤလူကြီးသည် အဆင့်မြင့်အသိပညာသုံးခုသာ သင်ပေးခဲ့ခြင်းဖြစ်၏။ အသိစိတ်အလျဉ်လေ့ကျင်ရေးကျင့်စဉ် ဟုတ်မနေပေ။
ချင်မူမှာ သူ၏အသိစိတ်အလျဉ်ကျင့်စဉ်များအတွက် ရှုကျွင်းနှင့် အပေးအယူ လုပ်နေရရာ သူ ကျင့်ကြံထားသော အသိစိတ်အလျဉ်ကျင့်စဉ်တစ်ခုမှ မပြည့်စုံပေ။
ချင်မူ လေ့လာထားသော လေ့ကျင့်ရေးကျင့်စဉ်သည် မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်မှ လာ၏။ ၎င်းက သူ့ခန္ဓာကိုယ်ကို စကြဝဠာအသွင် ပြောင်းလဲကာ ရှေးဟောင်းနတ်ဘုရား အယောက် နှစ်ထောင်အား ဖုံးကွယ်ထားရန် သင်ပေးခဲ့သည်။
မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်က အင်အားကြီးမားသော်လည်း တခဏသာ ကျင့်ကြံရသေးသည်ဖြစ်၍ အရွယ်ရောက်ပြီးသား ဤဖန်ဆင်းရှင်များနှင့် ယှဉ်ပြိုင်နိုင်မည်လား သူ မပြောတတ်ပေ။
ချင်မူ သူ့စိတ်သူ ငြိမ်အောင် ထိန်းကာ အသက်ရှူသံကိုလည်း တည်ငြိမ်စေလိုက်သည်။ သူ၏အသိစိတ်အလျဉ်က သူ့ဦးနှောက်မှ မျက်ခုံးနှစ်ဖက်ကြားသို့ စီးဆင်းလာသည်။ ၎င်းသည် မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ဖြတ်ကျော်ကာ မဟာခြုံလွှမ်းကောင်းကင်ပြင် ဖြစ်လာ၏။
သူ၏အသိစိတ်အလျဉ်က ကမ္ဘာဦးအစ မူလကျောက်တုံးထဲ၌ ထွက်ပေါ်လာသည်။ သူက ဦးခေါင်းကို ကောင်းကင်နတ်ဘုံ၊ တျန်ထန်းကို ယွမ်တု၊ ချီပင်လယ်ကို အဆုံးသတ်မြို့ပျက်၊ ယုံချွမ်ကို ယိုတု၊ ခြေလက်များကို သင်္ကေတလေးပါး၊ ကျောရိုးကို ကောင်းကင်ဘုံ ၃၃ ဘုံအဖြစ် အသုံးပြုလိုက်သည်။
ကောင်းကင်နတ်ဘုံ အသိစိတ်အလျဉ်က ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ဆီမှ လာပြီး ယွမ်တုက အမိကမ္ဘာမြေဆီမှ ဖြစ်သည်။ ချီပင်လယ်က ကောင်းကင်နတ်ဧကရီ၏ ညီမတော်ဆီမှ လာကာ၊ ယုံချွမ်သည် မြေအောက်ဘုံအရှင်သခင်ဖြစ်၏။ ခြေလက်များက နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်၊ လိပ်နက်တို့ဆီမှ လာသည်။ ဤသို့ဖြင့် ကျောရိုး၏ ကောင်းကင်ဘုံ ၃၃ ဘုံသည် ရှေးဟောင်းနတ်ဘုရား အယောက်နှစ်ထောင်နီးပါးအား ဖွဲ့တည်ပေးလိုက်၏။
သူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ကာ ကိုယ်တွင်းစကြဝဠာတစ်ခု ဖော်ဆောင်လိုက်သည်။
ဘုန်း
ဖန်ဆင်းရှင်တစ်ယောက်သည် သူ့ကို လက်သီးဖြင့် ထိုးလိုက်သဖြင့် ဟင်းလင်းပြင်တစ်ခုလုံး ကြေမွသွားသည်။ ဖန်ဆင်းရှင်များနှင့် ပတ်သက်လာလျှင် အသန်မာဆုံးက သူတို့၏ ရုပ်ခန္ဓာများ ဖြစ်ကြ၏။ သူတို့က အသိစိတ်အလျဉ်ဖြင့် မြင်ယောင်ဖန်ဆင်းရှင်း ရုပ်ခန္ဓာများကို အဆင့်မြှင့်တင်နိုင်ကြရာ သမိုင်းတစ်လျှောက်လုံးတွင် အသန်မာဆုံးရုပ်ခန္ဓာဖြင့် မျိုးနွယ်စု ဖြစ်လာခဲ့သည်။
သိုင်းလမ်းစဉ်၏ သဘောတရားတစ်ခုမှ မပါသော ရိုးရိုးသာမန် လက်သီးချက်တစ်ချက်ာ ဖြစ်သော်လည်း ကြောက်စရာကောင်းလောက်အောင် အားကောင်းပြင်းထန်၏။
ချင်မူက သူတို့၏လက်သီးချက်များကို သူ၏လက်သီးချက်များဖြင့် ပြန်လည်ခုခံရင်း ယဇ်ပလ္လင်ထက်တွင် ရပ်နေသည်။ ဖန်ဆင်းရှင်များ၏ တောင်အရွယ် လက်သီးကြီးများနှင့် ယှဉ်လျှင် သူ့မှာ သေးငယ်လွန်းပေသည်။
ထိုအခိုက်အတန့်တွင် ကျန်ဖန်ဆင်းရှင်ရှစ်ယောက်က အရပ်ရှစ်မျက်နှာမှ သူ့ကို ညှပ်တိုက်ခိုက်သည်။
ချင်မူ ခန္ဓာကိုယ်ကို တစ်ချက်လှည့်လိုက်သည့်အခါ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ပေါက်လာသည်။ သို့သော် လက်ခြောက်ဖက်က ကိုးယောက်ကို ရင်ဆိုင်ရန် မလောက်ပေ။ သူ့အနေဖြင့် ခြောက်ယေက်ကို တားနိုင်သော်လည်း ကျန်နှစ်ယောက်ကို မတားနိုင်ရာ ကြားညှပ်တိုက်ခိုက်ခံနေရသည်။
ဖန်ဆင်းရှင်တစ်ယောက်က အပေါ်မှ တိုက်ခိုက်သည်။ သူ့လက်သီးကြီးသည် အပေါ်မှ ကျဆင်းလာပြီး ယဇ်ပလ္လင်အား ထိလုဆဲဆဲ ဖြစ်သွား၏။
အုန်းခနဲ မြည်ဟည်းသံကြီး ထွက်လာ၍ ပတ်ဝန်းကျင်ရှိ ဖန်ဆင်းရှင်များမှာ မကြည့်ရဲကြပေ။ အခင်းဖြစ်ရာနေရာတွင် သွေးများ ရဲပလောင်း ခတ်နေလိမ့်မည်။ ချင်မူမှာ ဖန်ဆင်းရှင်နှစ်ယောက်၏ ကြားညှပ်တိုက်ခိုက်မှုကြောင့် ဖရဲသီးလေးလို ရိုက်နှက်ခံရလိမ့်မည်။
သို့သော် ထိုဖန်ဆင်းရှင်နှစ်ယောက်ကတော့ ရှင်းလင်းစွာ မြင်နိုင်သည်။ သူတို့၏လက်သီးများက မထိသွားသဖြင့် တောင်အရွယ် လက်သီးကြီးများအကြားရှိ ချင်မူပိစိစလေးမှာ မပြားကပ်သွားပေ။ သူက ရုပ်ခန္ဓာဖြင့် လက်သီးချက်များကို ခုခံနေပြီး သူ့မျက်နှာအမူအရာကလည်း တစ်ချက်လေးမှ ရှုံ့တွမသွားချေ။
ချင်မူလည်း မှင်သက်နေသည်။
‘မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်က တော်တော်အားကောင်းတာပဲ… သူ့ရုပ်ခန္ဓာက ရှေးဟောင်းနတ်ဧကရာဇ်လောက်နီးနီး သန်မာတယ်’
ချင်မူက သံရှည်ဆွဲလျက် ဟစ်ကြွေးရင်း လက်သီးချက်နှစ်ချက်ဆီသို့ တန်ပြန်တိုက်ခိုက်သည်။ ထိုဖန်ဆင်းရှင်နှစ်ယောက် နောက်လွင့်ထွက်သွား၏။
ချင်မူသည် ယဇ်ပလ္လင်ထက်၌ မတ်မတ်စိုက်နေသော သံချောင်းတစ်ချောင်းပမာ ဖန်ဆင်းရှင်နှစ်ယောက်ဆီမှ ထုနှက်ချက်များအား တောင့်ခံနေ၏။ တိုက်ကွက်များကြောင့် ယဇ်ပလ္လင်မှာ မြေကြီးထဲ နစ်ဝင်နေသော်လည်း ချင်မူကတော့ မတ်မတ်ရပ်နေသည်။
ချင်မူက လက်သီးဖြင့် အပေါ်သို့ ထိုးသွင်းလိုက်သည့်အခါ လေထဲရှိ ဖန်ဆင်းရှင်မှာ သွေးအန်လျက် တိမ်တိုက်များထဲ လွင့်ထွက်သွားသည်။ သူ၏သွေးများကြောင့် တိမ်တိုက်များပင် နီစွေးကုန်သည်။
ကျန်ဖန်ဆင်းရှင်ခြောက်ယောက်က လက်သီးချက်များကို မိုးရွာသလို ရွာကျနေစေသည်။ ဂျိုးဂျိုးဂျွတ်ဂျွတ် ကျိုးဆက်သံများ တရစပ် ထွက်ပေါ်လာပြီး မကြာခင် ဧရာမခန္ဓာကိုယ်ကြီးများသည် တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြ၏။
အရွယ်ရောက်ပြီးသော ထိုဖန်ဆင်းရှင်တို့၏ လက်ပြတ်၊ ခြေပြတ်များက လေထဲတွင် မွစာကြဲနေရာ ရလဒ်အနေဖြင့် သွေးအခိုးများ ဝေနေတော့သည်။
ယဇ်ပလ္လင်ထက်တွင် ချင်မူက လက်နှင့်ခေါင်းများကို ပြန်ရုပ်သိမ်းကာ မူလခန္ဓာကိုယ်အတိုင်း ရှိစေသည်။ ထို့နောက် သူ၏အနီရောင်ခါးစည်းကြီးကို ဆုပ်ကိုင်ရင်း ထိုင်ချလိုက်သည်။
နတ်ဘုရင်လန်ပိုက လက်ခုပ်တီး၍ ဖန်ဆင်းရှင်ကိုးယောက် အနားယူစေရန် အမိန့်ပေးလိုက်သည်။ သူတို့သည် ထိခိုက်ထားသော်လည်း အသိစိတ်အလျဉ်သုံးကာ ပြန်လည်ကုသနိုင်၏။ ထို့ကြောင့် သူတို့ဒဏ်ရာများက မဆိုးရွားပေ။
ရွှင်ပျော်ပျော်ကျေးရွာ ဖန်ဆင်းရှင်များအပေါ် အသာစီးမရသည်မှာ ဤအချက်ကြောင့် ဖြစ်သည်။ သူတို့အား သတ်မရပေ။ အသိစိတ်အလျဉ် တည်ရှိနေသရွေ့ သူတို့သည် ပြန်သက်သာလာပြီး ဆက်လက်တိုက်ခိုက်နိုင်ကြ၏။
ယိုတုသားတော် ချင်ဖုန်းကျင့် ရောက်မလာခင်အထိပင်။ ချင်ဖုန်းကျင့်က သူတို့၏ဝိညာဉ်များကို အကောင်လိုက် စားပစ်ကာ သူတို့အား ဒဏ်ရာအပြင်းထန် ရစေခဲ့ဖူးသည်။ ထို့ကြောင့် သူ့အား ရန်သူတော်ကြီးအဖြစ် ရှုမြင်ထားကြခြင်း ဖြစ်ပေသည်။
“နတ်ဘုရင်၊ တတိယစမ်းသပ်မှုက ဘာလဲ” ချင်မူက တက်တက်ကြွကြွဖြင့် ပြုံးရယ်ကာ မေးလိုက်သည်။
နတ်ဘုရင်လန်ဝူက ပြန်ပြုံးပြသည်။ “တတိယစမ်းသပ်မှုက နင့်ရဲ့အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းတွေပဲ”
နောက်ထပ်ဖန်ဆင်းရှင်ကိုးယောက် ရှေ့ထွက်လာသည်။ သူတို့သည် ယဇ်ပလ္လင်၏ပတ်ပတ်လည်တွင် ထိုင်ချပြီးနောက် မျက်လုံးနှစ်လုံး ပိတ်ကာ မျက်ခုံးနှစ်ဖက်ကြားရှိ ဆဋ္ဌဂံသဏ္ဌာန်မျက်လုံးကိုသာ ဖွင့်ထား၏။
ချင်မူ မျက်မှောင်ကြုတ်၍ ရှုကျွင်းဆီသို့ ကြည့်လိုက်သည်။ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းနှင့် ပက်သက်၍ သူ နားကန်းတစ်လုံးမှ မသိပေ။
ရှုကျွင်းကလည်း သူ့ကို များများစားစားမသင်ထားခဲ့သလို၊ မဟာဧကရာဇ်အသိစိတ်အလျဉ်ထဲ၌လည်း ပြည့်စုံသော အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်း များများစားစားမရှိပေ။
ချင်မူ အံတင်းတင်းကြိတ်၍ မျက်လုံးနှစ်လုံး ပိတ်ကာ မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးသာ ဖွင့်၍ တွေးနေသည်။ “ကောင်းကင်နတ်သိုင်းတွေကို လူတွေက ဖန်ဆင်းတာပဲ... သူတို့တောင် လုပ်နိုင်ရင် ငါလည်း လုပ်နိုင်တယ်... ငါ အခုချက်ချင်း ဖန်ဆင်းပြီး ဒီဖန်ဆင်းရှင်တွေကို ဒီမှာရင်ဆိုင်မယ်”
သူက သူ့ကိုယ်သူ တိတ်ဆိတ်စွာ အားပေးနေသည်။ “ငါက လောကသခင်ခန္ဓာမဟုတ်လား.... ငါ လုပ်နိုင်တယ်”
ဖန်ဆင်းရှင်တစ်ယောက်၏ နဖူးမှ အလင်းရောင် ဖြာထွက်လာသည်။ ရွှေရောင်နဂါးတစ်ကောင်သည် အလင်းရောင်ထဲမှ လူးလွန့်ကူးခတ်လာပြီး ခြေသည်းအစွယ်များကို ထုတ်ကာ တိမ်တိုက်နှင့်မြူခိုးများအား ထိုးခွဲလိုက်၏။
ချင်မူ အနည်းငယ် လန့်သွားသည်။ ‘ဒီဖန်ဆင်းရှင်တွေက တကယ့်ကောင်းကင်နတ်သိုင်းတစ်ခုကို မြင်ယောင်ဖန်ဆင်းနိုင်တာပဲ.... အဲ့ဒါက ချီစွမ်းအင်နဲ့ သင်္ကေတအမှတ်အသားတွေ တည်ဆောက်ပြီး ကောင်းကင်နတ်သိုင်း ဖွဲ့တည်တာနဲ့ ဘယ်လိုကွဲသွားလဲမသိဘူး... ချီစွမ်းအင်နေရာမှာ အသိစိတ်အလျဉ်ကို အသုံးချလိုက်ရင် ငါ အဲ့ဒီလို လုပ်နိုင်လောက်မလား”
သူ တွေးကြည့်လိုက်သည့်အခါ အသိစိတ်အလျဉ်သည် သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ထွက်လာပြီး ရွှေရောင်နဂါးအသွင် ဖွဲ့တည်သွား၏။ မကြာခင် မြေကြီးပေါ် ပြုတ်ကျသွားလေသည်။
‘ငါ ဖက်တီးနဂါးကို မြင်ယောင်ဖန်ဆင်းမိတာလားဟ’
ချင်မူ့နဖူးကြောများ ထောင်လာသည်။ သူ နဂါးတစ်ကောင် မြင်ယောင်ဖန်ဆင်းလိုက်တိုင်း ထွက်လာသည့်အရာသည် ဖက်တီးနဂါးနှင့် ခပ်ဆင်ဆင် တူနေ၏။
ချင်မူမှာ စိတ်ကို တည်ငြိမ်အောငိ ထိန်း၍ ရှေးဟောင်းနတ်ဘုရားများကိုသာ မြင်ယောင်ဖန်ဆင်းရန် ဆုံးဖြတ်လိုက်သည်။ မကြာမီ ရှေးဟောင်းနတ်ဘုရားများက သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ထွက်လာပြီး ယဇ်ပလ္လင်ထက်တွင် ပြည့်နှက်သွား၏။
ရှုကျွင်းက တိတ်တဆိတ် ပြောနေသည်။ “ခွေးသားလေး... အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းကို အဲ့ဒီလိုသုံးရတာ မဟုတ်ဘူးကွ”