ကောင်းကင်ဘုံက ကူညီနေသည့်အလား
Vol. 75 Ch. 973
နတ်ဘုရင်လန်ဝူ၏ မျက်ဝန်းများ လှုပ်ခတ်သွားသည်။ သူမက ရယ်လိုက်လေသည်။ “နတ်ဘုရင်ရှုကျွင်းက ရှေးကမ္ဘာဦးခေတ်တုန်းက သွေးသံချေးဇုန်စစ်ပွဲမှာ ကျဆုံးသွားခဲ့တယ်... အဲဒီအချိန်တုန်းက ကျွန်မတို့က မဟာလေဟာနယ်ဆီ ပြောင်းရွှေ့ပြီးနေပြီ.. မဟာလေဟာနယ်က ဘယ်မှာ ရှိတဲ့အကြောင်း နတ်ဘုရင်ကို ပြောပြခဲ့တဲ့သူ မရှိတာကြောင့် နတ်ဘုရင်အနေနဲ့ မလွတ်မြောက်နိုင်ခဲ့တာပါ”
ယဇ်ပလ္လင်ထက်တွင် နတ်ဘုရင်ရှုကျွင်းက မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
သို့သော် နတ်ဘုရင်လန်ပို ပြောခဲ့သည်မှာ မှန်သည်။
နောက်ပိုင်းမျိုးဆက်များက သူတို့ကို ဖန်ဆင်းရှင်များအဖြစ် ရှုမြင်ကြပြီး ဖန်ဆင်းရှင်မျိုးနွယ်အဖြစ် သတ်မှတ်ထားကြသော်လည်း ဖန်ဆင်းရှင်များအကြား မျိုးနွယ်ပေါင်းများစွာ ရှိသေးသည်။ မျိုးနွယ်များအလိုက် အင်အားနှင့် အာဏာလည်း မတူကြပေ။
လူသားများ ရှိနေသည့်နေရာတိုင်းတွင် သိုင်းလောက တည်ရှိသည်။ ဖန်ဆင်းရှင်တို့အတွက်လည်း အလားတူပင်။
ထိုအချိန်တုန်းက ကမ္ဘာဦးဘုရင်သုံးပါးက အင်အားကြီးမားသည်ဟု ဆိုရမည်။ သူတို့နှင့် အင်အားအကြီးမားဆုံး မဟာဧကရာဇ်အပြင် အခြားအင်အားစုများလည်း ရှိကြသည်။ အစုအဖွဲ့တစ်ဖွဲ့ချင်းစီက အာဏာနှင့် အကျိုးအမြတ်များအတွက် တိုက်ခိုက်နေကြရာ အလွန်ရှုပ်ထွေးသော ကာလတစ်ခု ဖြစ်ခဲ့သည်။
ကမ္ဘာဦးဘုရင်သုံးပါးက တစ်ယောက်နှင့်တစ်ယောက် မတည့်ကြသလို၊ မဟာဧကရာဇ်နှင့်လည်း သဘောထားကွဲလွဲမှုများ ရှိကြသည်။ ထို့အပြင် ရှေးဟောင်းနတ်ဘုရားများလက်အောက်၌ အညံ့ခံသွားသူများလည်း ဒုနှင့် ဒေးပင်။ ရှေးဟောင်းနတ်ဘုရားတို့၏ တိုက်ခိုက်သတ်ဖြတ်ခံရခြင်း၊ သုတ်သင်ချေမှုန်းခံရခြင်းမှာ တိုက်ဆိုင်ခြင်းမဟုတ်သော်လည်း ရှောင်လွဲ၍လည်း မရနိုင်ပေ။
ထိုစဉ်တုန်းက ကမ္ဘာဦးဘုရင်သုံးပါးအကြား ရှုကျွင်း၏ ဂုဏ်သတင်းက သိပ်မကောင်းပေ။ မဟာလေဟာနယ်က မည်သည့်နေရာတွင် ရှိသည့်အကြောင်း သူ့ကို မည်သူမျှ မပြောခဲ့သည်မှာ မှန်၏။
နတ်ဘုရင်လန်ဝူက တခဏကြာ စဉ်းစားနေပြီးနောက် ရယ်သည်။ “နတ်ဘုရင်ရှုကျွင်းက အပြင်လောကမှာ အထွတ်အမြတ်ကလေးငယ်နဲ့ တွေ့ပြီး သူ့ကိုယ်ထဲမှာ ပုန်းနေတာပဲ ဖြစ်မယ်... အဲဒါမှ သူ့ရဲ့ အသိစိတ်အလျဉ်၊ ချီနဲ့ သွေးတွေကို စုပ်ယူရင်း ပြန်ရှင်သန်နိုင်မှာမဟုတ်လား... အပြည့်အဝ ပြန်အသက်မဝင်လာသေးတော့ အခုလို အားနည်းနေတာပဲ”
ရှုကျွင်း နှာခေါင်းရှုံ့လိုက်ပြန်သည်။ ဤအမျိုးသမီးက မှန်မှန်ကန်ကန် ခန့်မှန်းနိုင်နေသည့်အတွက် သူ မပျော်တော့ပေ။
သူ အစက ရည်ရွယ်ထားခဲ့သည်မှာ ကမ္ဘာဦးနတ်ဘုရင်ဆိုသည့် အရှိန်အဝါအား သုံးကာ သူမကို နှိပ်ကွပ်ရန် ဖြစ်သည်။ သို့သော် သူမသည် စကားလေးအနည်းငယ်မျှဖြင့် သူ့နောက်ခံကို ခန့်မှန်းသွားနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နှိပ်ကွပ်ခံလိုက်ရသူမျာ သူပင် ဖြစ်သွားချေပြီ။
နတ်ဘုရင်လန်ပိုက ဆက်ပြောသည်။ “နတ်ဘုရင်ရှုကျွင်းက အဝေးကြီးက ရောက်လာတဲ့ ဧည့်သည်တစ်ယောက်ပဲ... အထွတ်အမြတ်ကလေးငယ်ကိုတောင် ခေါ်ဆောင်လာခဲ့တာဆိုတော့ ကျွန်မတို့ ပရမတ္တကမ္ဘာက ဖန်ဆင်းရှင်တွေအနေနဲ့ ပျူပျူငှာငှာ ဆက်ဆံပေးရမယ့် တာဝန်ရှိပါတယ်... ကျေးဇူးပြုပြီး နတ်ဘုရင်ရှုကျွင်းကို ငါ့ဘေးက ခုံဆီ ထိုင်ခိုင်းလိုက်ပါ”
ရှို့ကျုံးသည် ရှေ့တက်လာကာ နတ်ဘုရင်ရှုကျွင်း၏ ခေါင်းကြီးကို ပလ္လင်ပေါ်မှ မြှောက်လိုက်သည်။ ဖန်ဆင်းရှင်တချို့က ရတနာထိုင်ခုံတစ်လုံးကို သယ်လာပြီး နတ်ဘုရင်လန်ဝူ၏ ဘေး၌ ချသည်။ ထို့နောက် ရှို့ကျုံးက နတ်ဘုရင်ရှုကျွင်း၏ ခေါင်းကြီးကို ခုံအပေါ် တင်ပေးလိုက်၏။
နတ်ဘုရင်ရှုကျွင်း၏ မျက်လုံးများက ဟိုဟိုသည်သည် ပတ်ကြည့်နေသည်။ သူမှာ စကားပြောချင်သော်လည်း သိက္ခာမကျအောင် မည်သို့ပြောရမည်မှန်း မသိပေ။
ချင်မူ တွေးမိသည်။ ‘ဒီအမျိုးသမီးက တော်တော်မိုက်တာပဲဟ... နတ်ဘုရင်ရှုကျွင်းကို ကြွားလုံးထုတ်ဖို့ အချိန်တောင်မပေးဘဲ နှိပ်ကွပ်နိုင်တယ်.... လက်ကျန်ဖန်ဆင်းရှင်တွေရဲ့ ခေါင်းဆောင်၊ ခိုင်ဧကရာဇ်ကို ရှေ့မတိုး၊ နောက်မဆုတ်သာ ဖြစ်နေစေတဲ့ နတ်ဘုရင်တစ်ပါး ပီသပါပေတယ်’
ခိုင်ဧကရာဇ်နှင့် ထိပ်တိုက်ရင်ဆိုင်ပြီး ကောင်းကင်ရတနာကျင့်စဉ်စနစ်၊ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်တို့ကို လက်ခံကျင့်သုံးကာ အချိန်နှင့်တပြေးညီ တိုးတက်လာအောင် ဦးဆောင်နိုင်ခဲ့ခြင်းသည် နတ်ဘုရင်လန်ဝူ၏ အသိပညာ၊ အတွေ့အကြုံ၊ ရည်မှန်းချက်၊ နည်းလမ်းများ၊ အတွေးအမြင်များကို သက်သေပြသနေ၏။
ဘုရင်သုံးပါးခေတ်အတွင်းတွင် ဖန်ဆင်းရှင်များက စကြဝဠာကို အုပ်စိုးသော်လည်း ကမ္ဘာခေတ်ဦးမျိုးနွယ်စုများသာ ဖြစ်ကြသည်။ နတ်ဘုရင်လန်ဝူ၏ ဦးဆောက်မှုအောက် ရောက်သည့်အခါ သူတို့၏အဆင့်အတန်း၊ အနေအထားမှာ အတိတ်တုန်းကနှင့် မတူတော့ဘဲ များစွာပို၍ တိုးတက်လာခဲ့သည်။
နတ်ဘုရင်လန်ဝူက ချင်မူ့ကို လေးလေးနက်နက် စိုက်ကြည့်နေပြီး သူမအသံသည် သူ့ခေါင်းထဲ၌ ဟိန်းထွက်လာ၏။ “နင်က ဖန်ဆင်းရှင်မဟုတ်ဘူး… လူသား”
ချင်မူမှာ ကျောရိုးတစ်လျှောက် စိမ့်အေးသွားကာ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။
နတ်ဘုရင်လန်ဝူသည် သူက ဖန်ဆင်းရှင်မဟုတ်မှန်း ခန့်မှန်းနိုင်ရာ ငြင်းနေလည်း အလကားပေ။
ရှုကျွင်းကလည်း သူတို့နှစ်ယောက်သည် အပြင်လောကမှ ပရမတ္တကမ္ဘာသို့ ရောက်လာခဲ့သည်ဟု ဝန်ခံထား၏။ အပြင်လောက၌ ဖန်ဆင်းရှင်မျိုးနွယ်မှာ မျိုးတုံးပျောက်ကွယ်နေပြီမဟုတ်ပါလော။ ထို့ကြောင့် ချင်မူသည် ဖန်ဆင်းရှင်မဖြစ်နိုင်ပေ။ နတ်ဘုရင်လန်ဝူ၏ ဉာဏ်ရည်ဉာဏ်သွေးအရ အလွယ်တကူပင် ခန့်မှန်းမိလိမ့်မည်။
“မပူပါနဲ့… ဟောကိန်းသုံးခုရဲ့ အဆိုအရ အထွတ်အမြတ်ကလေးငယ်က ဖန်ဆင်းရှင်ဖြစ်ရမယ်လို့ မပါဘူး.... နင်က တကယ်လည်း အထွတ်အမြတ်ကလေးငယ် ဟုတ်ရင်ဟုတ်နေမှာပေါ့”
နတ်ဘုရင်လန်ဝူ၏ နဖူးထက်ရှိ ကျောက်စိမ်းသရဖူပန်းကုံးမှ မှိန်ဖျော့ဖျော့အလင်းရောင် ထုတ်လွှတ်လိုက်သည်။ သူမ၏အသံသည် ချင်မူ၏ခေါင်းထဲတွင် ပဲ့တင်ထပ်နေ၏။ “ဒါပေမဲ့ လူသားအထွတ်အမြတ်ကလေးငယ်အနေနဲ့ ရှေးဟောင်းဝိညာဉ်ကမ္ဘာဆီ သွားရင် ငါတို့ဘိုးဘေးဝိညာဉ်တွေ အမျက်ရှပြီး နင့်ကို သတ်နိုင်ချေများတယ်... သူတို့မသတ်ရင်တောင်မှ ငါတို့လူတွေ နင့်ရဲ့သရုပ်မှန်ကို သိသွားရင် နင့်ကို သတ်ကြလိမ့်မယ်”
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်မိသည်။
နတ်ဘုရန်လန်ဝူက ဆက်ပြောသည်။ “ဒါပေမဲ့ နင့်သရုပ်မှန်ကို ငါ မဖော်ထုတ်ဘဲ နေလို့ရတယ်… ပေါ်သွားရင်တောင်မှ ငါ့ရဲ့အာဏာနဲ့ နင့်ကို ကာကွယ်ပေးလို့ရတယ်..... ဘိုးဘေးဝိညာဉ်ကမ္ဘာထဲမှာ ငါ့ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေ ရင်ဆိုင်ရရင်လည်း ကာပေးနိုင်တယ်... ဒါပေမဲ့ အဲ့ဒီမတိုင်ခင် နင် ငါ့ရဲ့ စမ်းသပ်မှုနဲ့ ခေါင်းဆောင်တွေရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်ရမယ်”
ချင်မူ ညည်းတွားလိုက်မိသည်။
သူလည်း ဤအမျိုးသမီး၏ နှိပ်ကွပ်ခြင်းခံရချေပြီ။
နတ်ဘုရင်လန်ဝူက သူနှင့် ဆက်သွယ်ပြီးသွားသည်နှင့် အေးစက်စက်ရယ်၍ ပြော၏။ “သူက အထွတ်အမြတ်ကလေးငယ် ဖြစ်တဲ့အတွက် ငါတို့တွေကို ပရမတ္တကမ္ဘာကနေ ဘိုးဘေးနန်းတော်ဆီ ပြန်ခေါ်သွားပေးနိုင်မယ့် ထူးကဲတဲ့ အသိစိတ်အလျဉ်၊ ရုပ်ခန္ဓာ၊ သိုင်းကွက်တွေနဲ့ အသိအမြင်တွေ ရှိနေမှာပဲ... ဒါကြောင့် ငါ့ရဲ့စမ်းသပ်မှုကို အပိုင်းလေးပိုင်း ခွဲမယ်... အထွတ်အမြတ်ကလေးငယ်က အခုအထိ အသက်နှစ်နှစ်တောင် မပြည့်သေးဘူးဆိုတော့ ပထမစမ်းသပ်ချက်က အသိစိတ်အလျဉ်ပဲ.... သူ့ကို အရွယ်ရောက်ပြီးသား ဖန်ဆင်းရှင်နဲ့ ယှဉ်ပြိုင်ခိုင်းမယ်”
ရှို့ကျုံးက ချင်မူ့ဆီသို့ ပြောသည်။ “အန္တရာယ်မများပါဘူးလို့ ငါ မပြောဘူးလား”
ချင်မူမှာ စိတ်သက်သာရာရသွားကာ သူ့ကို ကျေးဇူးတင်လိုက်သည်။
နတ်ဘုရင်လန်ဝူက ပြောသည်။ “ဒုတိယစမ်းသပ်မှုကတော့ ရုပ်ခန္ဓာပဲ... အရှေ့က တစ်ခုလို အရွယ်ရောက်ပြီးသား ဖန်ဆင်းရှင်နဲ့ ယှဉ်ရမယ်.... တတိယစမ်းသပ်မှုက သိုင်းကွက်... အဲ့လို အတူတူပဲ... စတုတ္ထစမ်းသပ်မှုကတော့ အသိအမြင်... အဲ့ဒါက ငါကိုယ်တိုင်စစ်ဆေးမှာ.... ကျန်တဲ့သူတွေ ကန့်ကွက်ချင်တာရှိလား”
ရှို့ကျုံးက ချင်မူ့အား ပြုံးပြသည်။ “ကဲ မတွေ့ဘူးလား... စမ်းသပ်မှုတွေက ဘယ်လောက်ရိုးရှင်းလိုက်သလဲ... အထွတ်အမြတ်ကလေးငယ်ရဲ့ အစွမ်းအစနဲ့ဆို သိပ်ကိုလွယ်ကူနေမှာ သေချာတယ်”
ချင်မူမှာ ရင်ထဲ ခိုးလုခုလုဖြစ်နေသည်။ ရုပ်ခန္ဓာ၏စမ်းသပ်မှုသော်လည်းကောင်း၊ သိုင်းကွက်စမ်းသပ်မှုသော်လည်းကောင်း၊ အဆင်ပြေသယောင်ရသော်လည်း သူ့မှာ ဖန်ဆင်းရှင်တို့၏ ရုပ်ခန္ဓာ၊ သိုင်းကွက်များ၊ အသိစိတ်အလျဉ်သိုင်းကွက်များနှင့် မရင်းနှီးပေ။
ခေါင်းဆောင်များက အချင်းချင်း ဆွေးနွေးတိုင်ပင်ကြပြီးနောက် မကန့်ကွက်ကြပေ။
“ငါ ကန့်ကွက်တယ်” ရတနာခုံမြင့်ထက်ရှိ ရှုကျွင်း၏ခေါင်းကြီးက ခုန်၍ တဟားဟား ထရယ်သည်။ “ဒီစမ်းသပ်မှုတွေက ရိုးရှင်းလွန်းအားကြီးတယ်.... အထွတ်အမြတ်ကလေးငယ်က ငါ့တပည့်မဟုတ်လား.... ဒီလောက်ရိုးရှင်းတဲ့ စမ်းသပ်မှုတွေက သူ့အတွက် လက်ဖဝါးလေး လှန်သလို လွယ်မှာပဲ”
ချင်မူ ဒေါသထွက်သွားသည်။ ‘ဒီလူကြီးကတော့ ပြဿနာရှာနေပြီ’
နတ်ဘုရင်လန်ဝူက ရယ်သည်။ “နတ်ဘုရင်ရှုကျွင်း၊ ရှင်ကတော့ မသိလောက်ဘူး… စမ်းသပ်မှုလေးခုက ရိုးရှင်းသယောင် ထင်ရပေမယ့် တကယ်တမ်း အင်မတန် ခက်တယ်… အသိစိတ်အလျဉ်ကို စမ်းသပ်တဲ့ ပထမစမ်းသပ်မှုက မြင်ယောင်ဖန်ဆင်းခြင်းပဲ… သူက အရွယ်ရောက်ပြီးသား ဖန်ဆင်းရှင်တစ်ယောက်နဲ့တင် မဟုတ်ဘူး… ကိုးယောက်နဲ့ ယှဉ်ပြိုင်ရမှာ… ဖန်ဆင်းရှင်ကိုးယောက်ဟာ သူ မြင်ယောင်ဖန်ဆင်းနေတာကို နှောင့်ယှက်ဖို့ အသိစိတ်အလျဉ်တွေကို ပြိုင်တူ ထုတ်လွှတ်ကြလိမ့်မယ်… အဲဒီဖန်ဆင်းရှင်ကိုးယောက်ကို ဖိနှိပ်နိုင်ပြီး အောင်အောင်မြင်မြင် မြင်ယောင်ဖန်ဆင်းနိုင်ရင် သူ စမ်းသပ်မှုကို အောင်မြင်မယ်”
ရှို့ကျုံး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ကျန်ခေါင်းဆောင်များလည်း မျက်နှာအမူအရာ မပြောင်းလဲကြဘဲ မနေပေ။
ရှုကျွင်းက ညစ်ကျယ်ကျယ် ရယ်လိုက်၏။ “ဖန်ဆင်းရှင်ကိုးယောက်ရဲ့ နှောင့်ယှက်မှုက အသိစိတ်အလျဉ်တိုက်ပွဲလို့ ပြောနိုင်တယ်… အထွတ်အမြတ်ကလေးငယ်သာ သတိမထားရင် သူတို့အသိစိတ်အလျဉ်က သူ ရူးသွပ်သွားတဲ့အထိ တိုက်ခိုက်နိုင်လိမ့်မယ်… ဒါမျိုးဆိုလို့ကတော့ စမ်းသပ်မှုက စိတ်ဝင်စားစရာ ကောင်းသားပဲ… တပည့်လေး၊ ကြောက်နေလား”
“မကြောက်ပါဘူး” ချင်မူက ရိုးသားဖြူစင်သော အပြုံးဖြင့် ရှုကျွင်း၏ ခေါင်းကြီးကို ကြည့်နေသည်။
ရှုကျွင်းမှာ မလုံမလဲ ဖြစ်သွားကာ သူ့ဘာသာသူ တွေးနေမိသည်။ ‘ငါ မူလကျောက်တုံးထဲ ပြန်ရင် ဒီကောင်လေး ငါ့ကို အလွှတ်ပေးမှာမဟုတ်ဘူး… ဒါပေမဲ့ ငါ့အနေနဲ့ ပြန်ဖို့အပြင် ရွေးချယ်စရာလည်း မရှိဘူးလေ… မပြန်ရင် ငါ့ခန္ဓာကိုယ် ပြန်ဖြစ်တည်လာဖို့ ဘယ်သူက ချီ၊ သွေးနဲ့ အသိစိတ်အလျဉ်တွေ ထောက်ပံ့ပေးတော့မလဲ’
နတ်ဘုရင်လန်ဝူက ညွှန်ကြားစရာ ရှိသည်များ ညွှန်ကြားလိုက်ပြီး များစွာမကြာလိုက်ဘဲ အရွယ်ရောက်ပြီးသော ဖန်ဆင်းရှင်ကိုးယောက်အား ရွေးချယ်ပြီးသွား၏။
“အထွတ်အမြတ်ကလေးငယ် မြင်ယောင်ဖန်ဆင်းရမယ့် ပစ္စည်းက ရှို့မျိုးနွယ်စုရဲ့ အထွတ်အမြတ်ရှေးဟောင်းရတနာပဲ”
နတ်ဘုရင်လန်ဝူက ရှို့ကျုံးဆီသို့ လှမ်းကြည့်လိုက်ရာ ရှို့ကျုံးမှာ ချီတုံချတုံ ဖြစ်နေပြီးနောက် လက်မြှောက်လိုက်ရ၏။ ရတနာတစ်ပါးက ဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီး ပုလဲတစ်လုံးသည် ချင်မူ့အရှေ့တွင် လွင့်မျောနေချေသည်။
ရှို့ကျုံးက ပြောသည်။ “အထွတ်အမြတ်ကလေးငယ်၊ သေသေချာချာ ကြည့်ပါ”
သူက အသိစိတ်အလျဉ်ဖြင့် ပုလဲကို စေ့ဆော်လိုက်သဖြင့် ပုလဲသည် ရုတ်တရက် ပြန့်ကားကြီးမားလာ၏။ တခဏအတွင်း ၎င်းကား ယဇ်ပလ္လင်အထက်တွင် ကမ္ဘာတစ်စင်းအသွင် မျောလွင့်နေချေသည်။
လုံးဝန်းနေသော ထိုကမ္ဘာထဲတွင် မြေထုကြီးများ တည်ရှိ၏။ တောင်တန်းမြစ်ပြင်များမှာ ကျောက်စိမ်းသားဖြင့် ထွင်းထုတည်ဆောက်ထာသည့်အလား ထင်ရသည်။ တောင်တန်းများနှင့် မြစ်ချောင်းများ၏ လမ်းကြောင်းပုံသဏ္ဍာန်များက ခမ်းနားလှပသည့် သင်္ကေတအမှတ်အသားများအား ဖော်ဆောင်ထား၏။ မရေမတွက်နိုင်သော တောင်တန်းများကား နိမ့်ချည်၊ မြင့်ချည် သွယ်တန်းလျက် ရှိချေရာ တုနှိုင်းမဲ့အောင် ရှုပ်ထွေးဆန်းကြယ်သော အသွင်သဏ္ဍာန်များ ဖြစ်ပေါ်နေတော့သည်။
မြစ်ရေစီးကြောင်းများ၊ တောင်ကျရေတံခွန်များသည်လည်း မတူညီသော သင်္ကေတအမှတ်အသားများအား တည်ဆောက်ထားကြ၏။ သင်္ကေတအမှတ်အသားများ၏ ချိတ်ဆက်မှုများကပင် အတိုင်းထက်အင်မတန် ရှုပ်ထွေးနေသည်။
အထင်ရှားဆုံးက ပုလဲ၏ အလယ်ဗဟိုရှိ နတ်ဘုရားမြို့သည် ကျောက်စိမ်းမြို့တော်၏ ကောင်းကင်နန်းဆောင် တည်ဆောက်ပုံနှင့် တူနေခြင်းပင်။ ရှေးဟောင်းနတ်ဘုရားများနှင့် ခပ်ဆင်ဆင်တူသော နတ်ဘုရားများကိုလည်း မြင်တွေ့ရသည်။
အသေအချာ ကြည့်ပါလျှင် ဤနတ်ဘုရားတို့၏ ခန္ဓာကိုယ်ထဲတွင်လည်း အတိုင်းအဆမဲ့သော အသေးစိတ်အရာများအား မြင်ရလိမ့်မည်။
ရှုကျွင်း၏ နဖူးမှ ချွေးများကျလာသည်။ “နတ်ဘုရင်လန်ဝူ၊ ဒီကောင်မလေးကတော့… အထွတ်အမြတ်ကလေးငယ်အတွက် ခက်ခဲအောင် တမင် ကြံစည်ထားတာပဲ… ဖွီး… ချင်မူ၊ အဲဒီသူတောင်းစားလေးအတွက် ခက်ခဲအောင် လုပ်နေတာ… သူ မပြောနဲ့ ငါတောင် အဲဒီလိုအရာမျိုး ဖန်ဆင်းဖို့ ခက်မှာ…အသိိစတ်အလျဉ်ကို အမိအရ ထိန်းချုပ်နိုင်နေမှ ဖြစ်နိုင်လိမ့်မယ်… ဒီဖန်ဆင်းရှင်တွေက ငါတို့ရိုးရာကို စွန့်ပစ်ခဲ့ပြီပဲ… ဒီလောက်ရိုးရှင်းတဲ့ ပုလဲကိုတောင် ရှုပ်ထွေးအောင် လုပ်ထားတယ်”
ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံး ပွင့်လာပြီး အလင်းရောင်ဖန်သားပြင်တစ်ခုက ရှို့ကျုံး၏ အထွတ်အမြတ်ရတနာ၏ ထောင့်နေရာတိုင်းအား စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။
ထို့နောက် ချင်မူက မျက်လုံးပိတ်၍ ယဇ်ပလ္လင်ထက်တွင် မလှုပ်မယှက် ထိုင်နေသည်။ အောက်တွင် ဖန်ဆင်းရှင်တစ်သောင်းကျော်က သူ့ကို ရင်တဒိန်းဒိန်း ခုန်စွာဖြင့် ကြည့်ရင်း တိတ်ဆိတ်နေကြသည်။
ရုတ်တရက် ချင်မူ မျက်လုံးဖွင့်ကာ ပြောလိုက်၏။ “အဆင်သင့်ဖြစ်ပြီ”
နတ်ဘုရင်လန်ဝူက ပြောသည်။ “ဖန်ဆင်းရှင်ကိုးယောက်က သူတို့ရဲ့အသိစိတ်အလျဉ်တွေနဲ့ နင့်ရဲ့ အသိစိတ်အလျဉ်ကို နှောင့်ယှက်ကြလိမ့်မယ်…. သတိလွတ်မသွားစေနဲ့”
ချင်မူ ခေါင်းညိတ်လိုက်၏။
နတ်ဘုရင်လန်ဝူက ဖန်ဆင်းရှင်ကိုးယောက်အား အချက်ပြလိုက်သည်။ သူတို့၏အသိစိတ်အလျဉ်များသည် တမုဟုတ်ချင်း ပေါက်ကွဲကာ တတိယမျက်လုံးများဆီမှ ခံ့ညားထည်ဝါစွာ ထွက်ပေါ်လာကြ၏။ အသိစိတ်အလျဉ်က အသွင်သဏ္ဍာန်မဲ့သော်လည်း လေဆင်နှာမောင်းလို၊ မိုးကြိုးမုန်တိုင်းလို လှိုင်းဂယက်များက ယဇ်ပလ္လင်ထက်ရှိ ချင်မူ့ဆီသို့ ပြေးဝင်လာသည်။
ဤဖန်ဆင်းရှင်းကိုးယောက်၏ အသိစိတ်အလျဉ် ပေါ်ထွက်လာသည်နှင့် ချင်မူ၏အသိစိတ်အလျဉ်ကလည်း ထွက်ပေါ်လာသည်။ သို့သော် သူကား ပုလဲကို မြင်ယောင်ဖန်ဆင်းနေခြင်း မဟုတ်ဘဲ အသိစိတ်အလျဉ်အားလုံး စုစည်း၍ ဖန်ဆင်းရှင်ကိုးယောက်ဆီသို့ ပို့လွှတ်လိုက်၏။
ဘုန်း
အသိစိတ်အလျဉ်ဆယ်ခု ဝင်တိုက်သွားသဖြင့် ယဇ်ပလ္လင်၏ ပတ်ပတ်လည်ရှိ နေရာဟင်းလင်းပြင်မှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ ချင်မူ၏အသိစိတ်အလျဉ်သည် မဟာခြုံလွှမ်းကောင်းကင်ဘုံအသွင် ဖွဲ့တည်သွားပြီးနောက် ဖန်ဆင်းရှင်ကိုးယောက်၏ အသိစိတ်အလျဉ်များအပေါ် ဖိနှိပ်နေ၏။ တစ်စက္ကန့်အတွင်း သူတို့၏အသိစိတ်အလျဉ်များမှာ မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးဆီသို့ ပြန်လည်တွန်းထုတ်ခံလိုက်ရတော့သည်။
“ချိတ်ပိတ်လိုက်”
ချင်မူ ခပ်အုပ်အုပ်တစ်ချက် အော်လိုက်သည့်အခါ ဖန်ဆင်းရှင်ကိုးယောက်၏ ခန္ဓာကိုယ်များ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ချက်ချင်းဆိုသလို သူတို့၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဆဋ္ဌဂံသဏ္ဍာန် ဒေါင်လိုက်မျက်လုံးများ အမှုန့်ဖြစ်သွားပြီး အသိစိတ်အလျဉ်များ ထွက်မလာနိုင်အောင် ချင်မူ့အသိစိတ်အလျဉ်၏ ချိတ်ပိတ်ခြင်းခံလိုက်ရသည်။
ချင်မူက ဖန်ဆင်းရှင်ကိုးယောက်ကို ချိတ်ပိတ်ပြီးနောက် သူ၏အသိစိတ်အလျဉ်ကို ပြန်ရုတ်သိမ်းကာ မြင်ယောင်ဖန်ဆင်း၏။
“ဒါက အထွတ်အမြတ်ကလေးငယ်အစစ်ပါပဲ”
ဆံပင်ဖြူအဘိုးအိုတစ်ဖြစ်လဲ ခေါင်းဆောင်တုံးမင်က ချီးကျူးသည်။ “ရှုကျွင်းရဲ့ ကျောက်စိမ်းမြို့တော်ပုလဲကို မြင်ယောင်ဖန်ဆင်းတာမှာပဲ အားစိုက်နေရင် ဖန်ဆင်းရှင်ကိုးယောက် အသာစီးရနိုင်တယ်… ရူးသွားနိုင်တဲ့အထိတောင် တိုက်ခိုက်ခံရနိုင်တယ်… ဒါပေမဲ့ သူတို့ကို ချိတ်ပိတ်လိုက်တော့ သူ့ဘာသာ အေးအေးဆေးဆေး မြင်ယောင်ဖန်ဆင်းနိုင်သွားတာပေါ့”
ကျန်ခေါင်းဆောင်များလည်း ခေါင်းညိတ်ကြသည်။ ခန်းနွီက ပြောသည်။ “အခု သူ ကျောက်စိမ်းမြို့တော်ပုလဲကို မြင်ယောင်ဖန်ဆင်းနိုင်မလား ကြည့်ဖို့ပဲ ရှိတော့တယ်”
စကားပင် မဆုံးခင် ချင်မူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှ တောင်တန်းမြစ်ချောင်းများ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ရှုခင်း၏ မြေပြင်အနေအထားက ကျောက်စိမ်းမြို့တော်ပုလဲထဲက မြေပြင်အနေအထားသဖွယ် တဖြည်းဖြည်း ပြောင်းလဲလာ၏။
ထိုတင်မကသေး၊ ကျောက်စိမ်းမြို့တော်၏ ပုံရိပ်လည်း ဖွဲ့တည်လာသည်။ ဂိတ်တံခါးများ၊ နံရံများ၊ အိမ်များ၊ ခန်းမများနှင့် နန်းတော်များသည် ကျောက်စိမ်းမြို့တော်ပုလဲနှင့် ချွတ်စွပ်တူနေ၏။ ထို့အပြင် ရှေးဟောင်းနတ်ဘုရားများနှင့် ဆင်ဆူသော နတ်ဘုရားများကိုလည်း ချင်မူက မြင်ယောင်ဖန်ဆင်းထားသည်။ သူတို့၏တည်ဆောက်ဖွဲ့စည်းပုံများက အလွန်ရှုပ်ထွေးနက်နဲသည့်အပြင် ကျောက်စိမ်းမြို့တော်ထက်ပင် သာနေသည်။
“ကောင်းကင်ဘုံက သူ့ကို ကူညီနေတဲ့အတိုင်းပဲ”
ဖန်ဆင်းရှင်များမှာ တအံ့တဩ ပင့်သက်ရှိုက်ရင်း ချီးကျူးနေကြသည်။ “ဒါက ကျောက်စိမ်းမြို့တော်ပုလဲထက် ပိုအသေးစိတ်ပြီး ရှုပ်ထွေးတယ်…. သူက မူလကျောက်တုံးကနေ မွေးဖွားလာတဲ့ အထွတ်အမြတ်ကလေးငယ် အစစ်ပါပဲ… ကျုပ်တို့ကို ကျေးဇူးပြုပြီး လမ်းပြပေးတော်မူပါ”
ရှုကျွင်းက စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်ရင်း တွေးနေသည်။ ‘ငါသာဆို ရူးတဲ့အထိ အတိုက်ခိုက်ခံရမှာ.. မဟုတ်သေးဘူး… ငါက ဦးနှောက်မှ မရှိတာ…. ဘယ်လိုလုပ် ရူးနိုင်မှာလဲ’