ဘိုးဘေးဝိညာဉ်များ
Vol. 75 Ch. 980
ကောင်းကင်ထဲရှိ ဆဋ္ဌဂံသဏ္ဍာန် မျက်လုံးကြီးသည် ဖြည်းဖြည်းချင်း ပွင့်လာပြီးနောက် ပြန်ပိတ်သွားကာ မြောက်မှ တောင်သို့ ဆန့်တန်းနေသော ဒေါင်လိုက်အစင်းကြောင်းတစ်ကြောင်းသာ ချန်ရစ်ခဲ့၏။ မျက်လုံးကြီးက အိပ်ပျော်နေသကဲ့သို့ တစ်ချက်တစ်ချက်တွင် လှုပ်လာတတ်သည်။
ဘိုးဘေးဝိညာဉ်ကမ္ဘာထဲမှ ဖြာထွက်နေသော အလင်းတန်းများမှာလည်း မိန်းမလှတစ်ဦး၏ မျက်တောင်များသဖွယ် ထင်ရသည်။ အမည်းရောင်မဟုတ်ဘဲ အရောင်အသွေးစုံလင်နေရသည်က ခြွင်းချက်ပင်။
ချင်မူသာ ရှိလျှင် အံ့အားသင့်သွားလိမ့်မည်။
သူ ဤနေရာတွင် မရှိဘဲ ဘိုးဘေးဝိညာဉ်ကမ္ဘာထဲ ဝင်သွားသည်မှာ နှမြောစရာကောင်း၏။
ချင်မူ့အတွက် လက်ရှိခံစားချက်များကို ဖော်ပြရန် ခက်ခဲနေသည်။
သူ နတ်ဘုရင်လန်ဝူ၏ လက်ဝါးအလယ်တွင် ရပ်လျက် ဦးနှောက်တစ်ခုဆီမှ အလင်းလှိုင်းများနှင့်တူသော အတွေးပင်လယ်၊ အသိစိတ်အလျဉ်များအကြား မျောလွင့်နေသည်။
သူတို့နှစ်ယောက် သွားနေကြစဉ် ခွန်ကြီးတစ်ကောင်၏ ခံ့ခံ့ညားညား အော်သံကဲ့သို့ အသံတစ်သံ ကြားလိုက်ရသည်။ ၎င်းက မည်သည့်အရာကို ပြောရန် ကြိုးစားနေမှန်း မသိပေ။ ထို့နောက် တောင်တန်းများ၊ မြစ်ချောင်းများ သူတို့အား ဖြတ်ကျော်သွားသည်ကို မြင်တွေ့ရ၏။
ထို့နောက် ကြယ်တာရာကောင်းကင်နှင့် ကြယ်တာရာများအကြား သွားလာနေသော ဘီလူးကြီးများ၏ အရိပ်အယောင်များအား မြင်ရသည်။
သူ၏အရှေ့တွင် ကမ္ဘာအရွယ်အစားမျိုးစုံ မွေးဖွားလာ၏။ ကမ္ဘာများက ကြီးမားကျယ်ဝန်းပြီး တဖျတ်ဖျတ် တောက်ပနေကြသည်။
ထို့နောက် ကမ္ဘာများ ပျက်စီးနေသည်ကို တွေ့ရ၏၊ ကြောက်စရာကောင်းသော မြင်ကွင်းဖြစ်ပါသော်လည်း ရင်သပ်ရှုမောဖွယ်ရာ လှပနေသည်။
ဤအရာများသည် ဖန်ဆင်းရှင်တို့၏ ဘိုးဘေးဝိညာဉ်များ၏ မှတ်ဉာဏ်များ ဖြစ်ကြ၏။ နတ်ဘုရင်လန်ဝူနှင့် သူက ဤဖန်ဆင်းရှင်များ၏ အတွေးများနှင့် အသိစိတ်အလျဉ်များအကြား ဖြတ်သန်းသွားလာနေကြပြီး တချို့တချို့သော မှတ်ဉာဏ်ပုံရိပ်များအား မြင်တွေ့နေရခြင်း ဖြစ်ပေသည်။
ကြောက်မက်ဖွယ်ရာအသံများလည်း ကြားရသည်။ တချို့က သူ့ခေါင်းထဲတွင် တီးတိုးပြောနေကြသည်။ တချို့က တိုက်ပွဲများ ဖြစ်ပွားနေသည့်အလား တိုက်သံခိုက်သံများက သူ့နားထဲ၌ ဆူညံပွက်လောရိုက်နေကာ ကောင်းကင်အား တုန်ခါနေစေ၏။ ထို့နောက် လူပေါင်းများစွာ စုဝေးလျက် ယဇ်ပူဇော်ပွဲ ကျင်းပနေသကဲ့သို့ ထူးဆန်းသော ရွတ်ဖတ်သံများ ကြားရသည်။
တချို့အသံများတွင် ကမ္ဘာလောက၏ သဘာဝ၊ အသိအမြင်တို့ ကိန်းဝပ်နေ၏။
ဤအရာများသည်လည်း ဘိုးဘေးဝိညာဉ်တို့၏ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းများ ဖြစ်ကြသည်။ မှတ်ဉာဏ်များက ပုံရိပ်များကိုသာ ဖွဲ့တည်ပေးခြင်းမဟုတ်၊ အသံများလည်း ပါဝင်ပေသည်။
အချိန်တချို့ကြာသော် နတ်ဘုရင်လန်ဝူက ချင်မူ့ကို ခေါ်၍ ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ အလယ်သို့ ရောက်လာ၏။
ထိုနေရာတွင် ဘိုးဘေးဝိညာဉ်ကမ္ဘာ ဖန်ဆင်းရန် မဟာကမ္ဘာဦးအစ မူလကျောက်တုံးနှင့် ပေါင်းစည်းထားသော ရှေးဟောင်းဖြစ်တည်မှုများအား မြင်လိုက်ရသည်။
သူတို့သည် မိုးထိလုအောင် မြင့်မားကြီးထွားကြပြီး အနီရောင်အလင်း၏အလယ်၌ ရပ်နေကြ၏။
စုစုပေါင်း ၂၇ ယောက်ရှိသည်။ ဤလူများကား ကမ္ဘာဦးအစ၌ အခက်အခဲများကို တောင့်ခံပြီး သူတို့၏မျိုးနွယ်ကို ဦးဆောင်ကာ အန္တရာယ်များ၊ ဆူးညောင့်ခလုတ်များ ကျော်လွှားရင်း ပရမတ္တကမ္ဘာကို ဖန်ဆင်းပေးခဲ့ကြသူများ ဖြစ်၏။
မျိုးနွယ်စုတိုင်းတွင် မိမိ၏အသိအမြင်၊ မိမိ၏အသက်ကို စွန့်လွှတ်စတေးပေးတတ်သူများ ရှိစမြဲ မဟုတ်ပါလော။ ဖန်ဆင်းရှင်မျိုးနွယ်လည်း အလားတူပင်။
အခက်ခဲဆုံး၊ အန္တရာယ်အများဆုံး အချိန်တွင် ဖန်ဆင်းရှင်တစ်စုသည် သွေးမျက်ရည်များဖြင့် မဟာဧကရာဇ်ကို ခုခံကာ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ထဲ၌ ပိတ်လှောင်ထားခဲ့၏။
ထိုနည်းတူစွာပင်၊ ထိုတိုက်ပွဲပြီးနောက် သူရဲကောင်းနောက်တစ်စု ထပ်ပေါ်လာပြီး ကျန်ရှိသော မျိုးနွယ်ဝင်များ လိုက်အသတ်မခံရအောင် ဓားတောင်များ၊ မီးပင်လယ်များ ကျော်ဖြတ်ရင်း မဟာလေဟာနယ်၏ အဆုံးသို့ ဦးဆောင်ခေါ်ထုတ်သွားခဲ့သည်။
သူတို့က လေဟာနယ်တံတားနှင့် အံ့ဖွယ်အိမ်သုံးအိမ်ကို တည်ဆောက်၍ အသက်ရှင်ကျန်ခဲ့သူများအတွက် ပရမတ္တကမ္ဘာ ဖွင့်လှစ်ပေးခဲ့ကြသူများ ဖြစ်သည်။
သူတို့၏အားအင်များ ကုန်ခမ်းသွားသဖြင့် သေရတော့မည်ကို သဘောပေါက်သည့်အခါ မဟာကမ္ဘာဦးအစ မူလကျောက်တုံးဖြင့် ပေါင်းစည်းရင်း အသက်စွန့်ကာ ဘိုးဘေးဝိညာဉ်ကမ္ဘာအား ဖန်ဆင်းပေးခဲ့သူများမှာလည်း သူတို့သာ ဖြစ်သည်။ သေဆုံးသွားသည့်အချိန်တွင်ပင် မျိုးနွယ်စု၏ စောင့်ရှောက်သူများအဖြစ် ဆက်ရှိနေသေး၏။
သူတို့တွင် ထူးချွန်သော ပါရမီ၊ သူများနှင့်မတူသော အရည်အချင်း၊ အတိုင်းအဆမဲ့သော အတိုက်အခိုက်စွမ်းရည်တို့ ရှိနေမည်။ ထို့ကြောင့်သာ ခမ်းနားကြီးကျယ်သည့် လေဟာနယ်တံတားနှင့် အိမ်သုံးအိမ်ကို တည်ဆောက်ကာ ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ဟွေ့ကိုပင် အထဲ၌ ပိတ်မိစေခဲ့ခြင်း ဖြစ်သည်။
‘တကယ် လေးစားထိုက်တဲ့လူတွေပဲ’ ချင်မူ အလွန်လေးစားမိသွားသည်။
နတ်ဘုရင်လန်ဝူက သူ့ကို အောက်ချပေးပြီး အသိစိတ်အလျဉ် ဖြန့်ကျက်လိုက်ကာ အိပ်ပျော်နေသော ဖန်ဆင်းရှင်တို့အား နှိုးလိုက်၏။ ထို့နောက် အထွတ်အမြတ်ကလေးငယ်ကိစ္စအကြောင်း ပြောပြနေသည်။
ဖန်ဆင်းရှင်ခုနစ်ယောက်က နိုးလာပြီဖြစ်၍ သူတို့၏အသိစိတ်အလျဉ်များက အချင်းချင်း ထိခတ်ကာ အမြင်ချင်းဖလှယ်နေကြ၏။
ချင်မူမှာ ဟင်းလင်းပြင်၏ အလယ်တွင် ရပ်ကာ ဂနာမငြိမ်ဖြစ်နေသည်။
ဤရှေးဟောင်းအသိစိတ်အလျဉ်များ သူ့ကို သတ်ချင်လျှင် နတ်ဘုရင်လန်ဝူ ခုခံနိုင်ပါ့မည်လား သူ သံသယဝင်လာသည်။
နတ်ဘုရင်လန်ဝူ၏ စကားကို သူတို့ နားထောင်ပါမည်လော။
အင်အားကြီးမားသော အသိစိတ်အလျဉ်က ညင်ညင်သာသာ လှုပ်ခါသွားရင်း ဘိုးဘေးဝိညာဉ်ကမ္ဘာကို တုန်ခါသွားစေသည့် အသံတစ်သံအသွင် ပြောင်းသွားသည်။ တခဏအတွင်း ချင်မူမှာ သူ့အပေါ်သို့ ကျရောက်လာသော အကြည့်များအား ခံစားလိုက်ရ၏။ အကြည့်များက သူ့ကို စူးစူးစိုက်စိုက် ကြည့်နေကြရာ သူ့အတွက် လျှို့ဝှက်ချက်များ ဖုံးထားရန် မဖြစ်နိုင်ပေ။
“ငါတို့မျိုးနွယ်မဟုတ်တဲ့ အပြင်လူက ငါတို့မျိုးနွယ်ရဲ့ အထွတ်အမြတ်ကလေးငယ် ဖြစ်လာတယ်ဟုတ်လား... ဒါက တော်တော်လက်မခံနိုင်စရာပဲ.... ဒါပေမဲ့ ဟောကိန်းကလည်း အလကားလျှောက်ပြောထားတာ မဟုတ်ဘူး... ဘိုးဘေးနန်းတော်ရဲ့ ငါတို့ဘိုးဘေးတွေစကားအရ အထွတ်အမြတ်ကလေးငယ်ဟာ ဖန်ဆင်းရှင်တစ်ယောက် ဖြစ်ကိုဖြစ်ရမယ်လို့ မပါဘူး”
ထိုအင်အားကြီးမားသော အသိစိတ်အလျဉ်က အေးအေးလူလူ ပြောသည်။ “နတ်ဘုရင်နဲ့ ငါတို့လူတွေ မင်းကို ဒီလွှတ်လိုက်ပုံ ထောက်ရင် ၊ သူတို့ ယုံကြည်အားကိုးရလောက်တဲ့အထိ မင်းမှာ အထူးအရည်အချင်းတွေ ရှိနေမှာပဲ”
အင်အားကြီးမားသည့် အသိစိတ်အလျဉ်နောက်တစ်ခုက ပြောသည်။ “ဒါပေမဲ့ အထွတ်အမြတ်ကလေးငယ်က ငါတို့လူတွေရဲ့ အသိပညာကို လက်ခံရမှာမဟုတ်လား... သူ့အနေနဲ့ ငါတို့ ရန်သူတွေကို ရင်ဆိုင်နှိမ်နင်းရုံတင်မကဘူး... ငါတို့လူတွေကို ဦးဆောင်ရင်း ငါတို့ခေတ်ကို အသက်ပြန်သွင်းပေးရမယ့် တာဝန်ရှိတယ်.. မင်းမှာ အဲဒီလို ဉာဏ်ပညာမျိုး ရှိသလား ငါတို့ စမ်းကြည့်ဖို့ မေးခွန်းတချို့ မေးမယ်”
ချင်မူ ခေါင်းညိတ်ပြလိုက်၏။
လေးလေးပင်ပင် အသံရှိသော အသိစိတ်အလျဉ်တစ်ခုက ပြောသည်။ “ချင်ယဲ့ဆိုတဲ့ လူတစ်ယောက် ပရမတ္တကမ္ဘာဆီ ရောက်လာတယ်... သူနဲ့ ငါတို့မျိုးနွယ်ရဲ့ ကျေးဇူးရှင် ကောင်းကင်နတ်အရှင်ယွင်က အရင်တုန်းက ပတ်သက်မှုတွေ ရှိခဲ့ဖူးတော့ သူက ငါတို့ဆီက မြေသေးသေးလေးတစ်စိတ်လောက် တောင်းတယ်... ဒါပေမဲ့ သူ့တောင်းလိုက်တဲ့မြေက ငါတို့ပရမတ္တကမ္ဘာရဲ့ တစ်ဝက်နီးနီးပဲ... သူက အဲဒီမြေနဲ့ ရွှင်ပျော်ပျော်ကျေးရွာကို တည်ဆောက်ခဲ့တော့ ဖန်ဆင်းရှင်တွေနဲ့ ရွှင်ပျော်ပျော်ကျေးရွာကြားက ရန်ငြိုးက နှစ်ပေါင်းနှစ်ထောင်နီးနီး ကြာခဲ့ပြီ.. ချင်ယဲ့နဲ့ ရွှင်ပျော်ပျော်ကျေးရွာကို ဘယ်လိုဖယ်ရှားပြီး ပရမတ္တကမ္ဘာ ငြိမ်းချမ်းအောင် ဘယ်လိုလုပ်မယ် တွေးထားလဲ”
ချင်မူက ဖြေသည်။ “ကျွန်တော့်အနေနဲ့ ရွှင်ပျော်ပျော်ကျေးရွာကို မဖယ်ရှားဘဲ ပရမတ္တကမ္ဘာအတွက် ငြိမ်းချမ်းရေး ရယူပေးနိုင်ပါတယ်”
“ငါ အသေးစိတ် ကြားချင်တယ်”
ချင်မူက ပြောသည်။ “ကျွန်တော်က ခိုင်ဧကရာဇ်ချင်ယဲ့ရဲ့ ၁၀၇ ဆက်မြောက် မျိုးဆက်ပါ... အခု အထွတ်အမြတ်ကလေးငယ် ဖြစ်လာပြီဆိုတော့ ရွှင်ပျော်ပျော်ကျေးရွာနဲ့ ဖန်ဆင်းရှင်တွေအကြားး ငြိမ်းချမ်းရေးရအောင် ကျွန်တော် လုပ်ပေးပါ့မယ်”
ဧရာမအရိပ်ကြီးတစ်ခုပြီးတစ်ခု လှုပ်ခါသွားကြသဖြင့် ဘိုးဘေးဝိညာဉ်ကမ္ဘာမှာ ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ ကြောက်မက်ဖွယ်ရာ အသိစိတ်အလျဉ်မုန်တိုင်းများက ဘိုးဘေးဝိညာဉ်ကမ္ဘာအား သိမ်းကျုံးတိုက်ခိုက်ရင်း ချောက်ချားစရာ လှိုင်းဂယက်များ ဖြစ်ပေါ်လာစေ၏။
နတ်ဘုရင်လန်ဝူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ချင်မူ သရုပ်မှန်အား ဆောလျင်စွာ ဖွင့်ပြလိုက်သည်ကို သူမ သဘောမကျပေ။
ဘိုးဘေးဝိညာဉ်များ ကျေနပ်အားရအောင် တဖြည်းဖြည်း လုပ်ပြီးမှ ချင်မူ၏သရုပ်မှန်ကို ဖွင့်မပြလိုက်လျှင် ချင်မူ့အား သူတို့ သက်ညှာကောင်း သက်ညှာပေးလိမ့်မည်။
ချင်မူက သူနှင့် ခိုင်ဧကရာဇ်နှင့် ပတ်သက်မှုကို တန်းပြောလိုက်ခြင်းက အလျင်လိုရာကျသည်။
“မင်းက အပြင်လူ၊ ချင်ယဲ့ရဲ့ မျိုးဆက်ဆိုတော့ သူလျှိုများ ဖြစ်နေမလား”
မဟာအသိစိတ်အလျဉ် နောက်တစ်ခုက လှုပ်ခတ်သွား၏။ “မင်း ရှင်းပြပိုင်ခွင့် ရှိတယ်... ငါတို့ မကျေနပ်ရင်တော့ အထွတ်အမြတ်ကလေးငယ်မရှိလည်း အဆင်ပြေတယ်”
ချင်မူ မေးလိုက်မိသည်။ “ဘိုးဘေးဝိညာဉ်တို့၊ ကျွန်တော် မေးခွင့်ရှိရင် ဖန်ဆင်းရှင်တွေဆိုတာ ဘာလဲ... ဖန်ဆင်းရှင်မျိုးနွယ်က ဘာလဲ မေးခွင့်ရှိမလား”
ဧရာမအရိပ်ကြီးများ မှင်သက်သွားကြ၏။
ချင်မူက ပြောသည်။ “ကျွန်တော့်မှာ တိုင်းတာလို့မရတဲ့ အသိစိတ်အလျဉ်နဲ့ မဟာကမ္ဘာဦးအစ မူလကျောက်တုံးရှိတယ်... ဘယ်အရာကိုမဆို ဖန်ဆင်းနိုင်တယ်... ကျွန်တော်က ဖန်ဆင်းရှင်မဟုတ်ဘူးလား”
ဘိုးဘေးဝိညာဉ်တစ်ခု၏ အသိစိတ်အလျဉ်က လှုပ်ခတ်သွားကာ ပြောသည်။ “မင်းကိုယ်မင်း ဖန်ဆင်းရှင်တစ်ယောက်လို့ ပြောနိုင်ပါတယ်”
“အပြင်လူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဖန်ဆင်းရှင်တစ်ယောက် ဖြစ်လာပြီး ခင်များတို့ မျိုးနွယ်ဝင်ဖြစ်လာရင် ခင်ဗျားတို့က ဘာဖြစ်လို့ ခိုင်ဧကရာဇ်နဲ့ ကျန်တဲ့သူတွေကို လက်မခံနိုင်ဘဲ ရွှင်ပျော်ပျော်ကျေးရွာကို ဖျက်စီးချင်နေတာလဲ” ချင်မူ ဇဝေဇဝါဖြင့် မေးလိုက်၏။
ဘိုးဘေးဝိညာဉ်နောက်တစ်ယောက်၏ အသိစိတ်အလျဉ်က ဖြေသည်။ “ချင်ယဲ့က ရွှင်ပျော်ပျော်ကျေးရွာသားတွေနဲ့ ငါတို့ပရမတ္တကမ္ဘာရဲ့ မြေကို လာသိမ်းတယ်... ငါတို့လူတွေကို သတ်တယ်... ငါတို့ရန်ငြိုးက နက်ရှိုင်းတဲ့အတွက် ရန်ပြေငြိမ်းလို့မရဘူး”
ချင်မူ ထပ်မေးလိုက်သည်။ “ကျွန်တော် ဖန်ဆင်းရှင်တွေရဲ့ သမိုင်းကြောင်းကို မြင်ဖူးတယ်... ကမ္ဘာဦးခေတ်မှာတုန်းက ခင်ဗျားတို့တွေဟာ မျိုးနွယ်စုအမျိုးမျိုး ကွဲခဲ့ကြတယ်... တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်သတ်ဖြတ်ရုံတင်မကဘူး... တစ်မျိုးလုံးကိုပါ သုတ်သင်ခဲ့ကြဖူးတယ်... အဲဒီလုပ်ရပ်တွေက ခိုင်ဧကရာဇ်လုပ်ရပ်တွေနဲ့ ယှဉ်နိုင်လား”
ဘိုးဘေးဝိညာဉ်များ တိတ်ဆိတ်သွားပြီးနောက် တစ်ယောက်က ပြောသည်။ “တူတော့ မတူဘူး.. ပိုဆိုးတယ်”
ချင်မူက ပြောသည်။ “ဖန်ဆင်းရှင်လို့ခေါ်တဲ့သူတွေက အစတုန်းက သာမန်လူသားတွေပဲ... မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးကို ရတော့မှ ဗလာနတ္ထိကနေ တစ်ခုခု ဖန်ဆင်းနိုင်တဲ့ အစွမ်း ရလာခဲ့ကြတယ်... အဲဒီလိုနဲ့ အချိန်တွေကြာလာတဲ့အခါ ဖန်ဆင်းရှင်မျိုးနွယ်ဆိုပြီး ဖြစ်ပေါ်လာတယ်... ခိုင်ဧကရာဇ်ချင်ယဲ့က သူ့လူတွေကို အသက်ဆက်ရှင်နိုင်မယ့် နေရာတစ်နေရာ ပေးချင်တဲ့အတွက် လှည့်စားခဲ့ရုံသက်သက်ပါ... သူ့ဘက်က ပရမတ္တကမ္ဘာရဲ့ ဖန်ဆင်းရှင်တွေကို အရင်လာတိုက်ခိုက်တာတော့ မဟုတ်ဘူးမလား... နှစ်ဖက်ကြားက ရန်ငြိုးက ဖန်ဆင်းရှင်တွေ မြေပြန်သိမ်းချင်တာကြောင့် ဖြစ်လာတာပါ... အဲဒီလိုနဲ့ တိုက်ပွဲတွေက အတောမသပ်တော့တာပဲ... ရွှင်ပျော်ပျော်ကျေးရွာအနေနဲ့ ဖန်ဆင်းရှင်တွေထက် အထိအခိုက်၊ အကျအဆုံးတောင် ပိုများနိုင်ပါသေးတယ်”
ဘိုးဘေးဝိညာဉ်နောက်တစ်ယောက်က ပြော၏။ “သူတို့က ကျူးကျော်သူ၊ ငါတို့က ကျူးကျော်ခံရတဲ့သူ.. သူတို့ကို ဖယ်ရှားပြီး ငါတို့မြေငါတို့ ပြန်သိမ်းတာက ပုံမှန်ပဲ... သိပ်မကြာသေးခင်က ခေါင်းကြီးကြီးနဲ့ ကလေးကြီးတစ်ယောက် ရောက်လာပြီး ငါတို့လူတွေကို သတ်ပစ်ခဲ့တယ်... မင့်စကားက ယုတ္တိမရှိဘူး... လန်ဝူ၊ အထွတ်အမြတ်ကလေးငယ်အသစ်တစ်ယောက် ဖန်ဆင်းသင့်ပြီ”
ကြောက်မက်ဖွယ်ရာ အသိစိတ်အလျဉ်များက တုန်ခါလာကြပြီး ချင်မူ့ဆီ ပြေးဝင်လာကာ သတ်ရန် ပြင်ကြသည်။ ရုတ်တရက် ချင်မူဆီမှ အသံထွက်လာ၏။ “ရွှင်ပျော်ပျော်ကျေးရွာက မဟာလေဟာနယ်ကို အသက်ပြန်သွင်းပေးနိုင်ရင်ရော”
အသိစိတ်အလျဉ်လှိုင်းဂယက်များ ရပ်တန့်သွားကြ၏။
ချင်မူက ပြောသည်။ “ခေါင်းကြီးကြီးနဲ့ ကလေးကြီးက ကျွန်တော့်အစ်ကို၊ ချင်ဖုန်းကျင့်ပါ... သူက ယိုတုမှာ မွေးတာဆိုတော့ ယိုတုသားတော်အနေနဲ့ သေခြင်းတရားကို ထိန်းချုပ်တဲ့ နတ်ဘုရားပဲ... မဟာလေဟာနယ်နဲ့ ပရမတ္တကမ္ဘာထဲက ဝိညာဉ်တွေ တမလွန်ဘဝ ရောက်နိုင်အောင် ယိုတုကို သူ ဖန်ဆင်းပေးနိုင်တယ်... မဟာလေဟာနယ်ရဲ့ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဝိညာဉ်တွေကိုလည်း အသက်ပြန်သွင်းပြီး မကောင်းဆိုးဝါးတွေကိုလည်း ဖယ်ရှားပေးနိုင်တယ်... ပရမတ္တကမ္ဘာ မဟာလေဟာနယ် နောက်တစ်ခုဖြစ်မလာအောင်လည်း သူ ကာကွယ်ပေးနိုင်လိမ့်မယ်”
သူက တခဏ ရပ်ကာ ဆက်ပြော၏ “ပရမတ္တကမ္ဘာထဲမှာ ဖန်ဆင်းရှင်များများ သေလေလေ၊ အသိစိတ်အလျဉ်များများ ပြိုကွဲသွားပြီး ပရမတ္တကမ္ဘာလည်း မဟာလေဟာနယ် နောက်တစ်ခု ဖြစ်လာနိုင်ခြေ များလေလေ ဖြစ်မယ်... ဒါကြောင့် ဘိုးဘေးဝိညာဉ်တွေက ဘိုးဘေးဝိညာဉ်ကမ္ဘာကို ဖန်ဆင်းခဲ့တာပဲ... ဟုတ်တယ်မလား”
ဘိုးဘေးဝိညာဉ်များ တိတ်ဆိတ်ငြိမ်သက်သွား၏။
“ဒါပေမဲ့ မဟာကမ္ဘာဦးအစ မူလကျောက်တုံး လက်ခံပေးနိုင်တဲ့ အသိစိတ်အလျဉ်က အကန့်အသတ် ရှိတယ်... တစ်နေ့နေ့တော့ ပရမတ္တကမ္ဘာ လက်ခံပေးနိုင်တဲ့ အသိစိတ်အလျဉ်ပမာဏထက် ကျော်လွန်သွားလို့ ကမ္ဘာပျက်ရမှာပဲ... အဲဒီလိုဖြစ်လာရင် မဟာလေဟာနယ် နောက်တစ်ခု ဖြစ်သွားလိမ့်မယ်”
ချင်မူက ပြောသည်။ “ပရမတ္တကမ္ဘာရဲ့ ဖန်ဆင်းရှင်တွေအတွက် အကြီးမားဆုံးရန်သူ၊ ခေါင်းကြီးကြီး ကလေးကြီးက ပရမတ္တကမ္ဘာကို အသက်ရှင်နေထိုင်ဖို့ လုံခြုံတဲ့ နေရာဖြစ်အောင် ဖန်တီးပေးနိုင်တဲ့လူပဲ... ဖန်ဆင်းရှင်တွေက ရွှင်ပျော်ပျော်ကျေးရွာ တည်ထောင်နိုင်ဖို့ မြေတချို့ ပေးခဲ့တယ်... အတုံ့အပြန်အနေနဲ့ ခိုင်ဧကရာဇ်ရဲ့မျိုးဆက်က ဖန်ဆင်းရှင်တွေ ကမ္ဘာတစ်ကမ္ဘာထဲမှာ အပူအပင်ကင်းကင်းနေနိုင်အောင် လုပ်ပေးလိမ့်မယ်... ကျွန်တော်တို့ ပျော်သင့်တာမဟုတ်လား”
ဘိုးဘေးဝိညာဉ် ၂၇ ယောက်၏ အသိစိတ်အလျဉ်များ ထိခတ်သွားကြပြီး အမြင်ဖလှယ်နေကြသည်။
အချိန်အနည်းငယ်ကြာသော် ဘိုးဘေးဝိညာဉ်တစ်ယောက်က ပြောသည်။ “ငါတို့ ရွှင်ပျော်ပျော်ကျေးရွာနဲ့ စစ်ပြေငြိမ်းနိုင်မယ့် အေးချမ်းသွားတဲ့အခါ မဟာလေဟာနယ်ဆီ ကျူးကျော်လာမယ့် ရန်သူတွေ ရှိလာဦးမှာပဲ... အဲဒါကြောင့်ပဲ ငါတို့မျိုးနွယ်ဟာ မျိုးတုံးသတ်ဖြတ်ခံရလိမ့်မယ်”
ချင်မူ ပြုံးကာ ပြောလိုက်သည်။ “လက်ရှိခေတ်ရဲ့ ဖန်ဆင်းရှင်တွေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်သောင်းက ဖန်ဆင်းရှင်တွေကို နှိုင်းယှဉ်လိုက်ရင် ဘယ်လိုနေလဲ... ပိုအားနည်းသွားလား.. အားကြီးလာလား”
ဘိုးဘေးဝိညာဉ်များ မှင်သက်သွားကြ၏။
ဘိုးဘေးဝိညာဉ်တစ်ယောက်က ပြောသည်။ “လက်ရှိခေတ်ရဲ့ ဖန်ဆင်းရှင်တွေက ပိုအင်အားကြီးတယ်”
ချင်မူ ရယ်ကာ ပြောလိုက်သည်။ “တစ်ယောက်တည်း သီးသန့်နေတယ်ဆိုတာ အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်ထားတယ်လို့ ဆိုလိုတယ်.. ဖန်ဆင်းရှင်တွေ လေဟာနယ်ထဲ ရောက်လာပြီး မဟာလေဟာနယ်ကို ဖန်ဆင်းခဲ့တုန်းက သူတို့ကိုယ်သူတို့ အန္တရာယ်ကင်းပြီ ထင်ခဲ့ကြတယ်... ဒါပေမဲ့ မဟာဧကရာဇ်က မဟာလေဟာနယ်ကို ပျက်စီးစေခဲ့ပြီး ခင်ဗျားတို့ လူတွေကို အလွယ်တကူ ချေမှုန်းပစ်ခဲ့တယ်...
“ကောင်းကင်နတ်အရှင်ယွင် ရောက်လာတော့ အပြင်လောကရဲ့ အသိပညာတွေကို ယူလာခဲ့ရင်း မဟာဧကရာဇ်ကို ခင်ဗျားတို့ နှိမ်နင်းနိုင်အောင် ကူညီပေးခဲ့တယ်... ဒါပေမဲ့ ဖန်ဆင်းရှင်တွေက ပရမတ္တကမ္ဘာဆီ ထပ်ထွက်ပြေးပြီး တသီးတသန့် နေကြပြန်တယ်... အဲဒီနောက် ခိုင်ဧကရာဇ်က အပြင်လောကရဲ့ အသိပညာတွေကို သယ်ဆောင်ပြီး ရွှင်ပျော်ပျော်ကျေးရွာကို တည်ထောင်ဖို့ ဒီရောက်လာခဲ့တယ်... ခင်ဗျားတို့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ မြန်မြန်ဆန်ဆန် တိုးတက်လာတာက... ရွှင်ပျော်ပျော်ကျေးရွာနဲ့ ထိတွေ့ဆက်ဆံနေရလို့ပဲ”
သူ့အသံက နားကန်းပင် ကြားရလောက်အောင် ကျယ်လောင်နေ၏။ “ကျွန်တော့်အမြင်အရ၊ ခင်ဗျားတို့ မျိုးနွယ်က အင်အားတစ်သန်းလောက် ရှိတယ်... ခိုင်ဧကရာဇ်သာ ဒီမှာ ရှိမနေခဲ့ရင် ခင်ဗျားတို့ မျိုးမပြုတ်ခင် နှစ်ပေါင်းဘယ်လောက် တောင့်ခံနိုင်မယ်ထင်လဲ... ဒီမှာ ဆက်နေ,နေလို့ အတွင်းပိုင်းပဋိပက္ခတွေ၊ အပြင်က နှောင့်ယှက်တွေ ရှိမနေရင် ခင်ဗျားတို့မျိုးနွယ်စုဟာ တိုးတက်မှုအား နှေးပြီး တဖြည်းဖြည်း တိမ်ကောပျောက်ကွယ်သွားလိမ့်မယ်... ပရမတ္တကမ္ဘာက ခင်ဗျားတို့ နေ,နေတဲ့ အိမ်ဆိုရင် မဟာလေဟာနယ်က အပြင်လောကနဲ့ ဆက်သွယ်ပေးနိုင်မယ့် ပြတင်းပေါက်ပဲ... ဒီပြတင်းပေါက်နဲ့ဆို ဖန်ဆင်းရှင်မျိုးနွယ်အနေဲ့ ဖြည်းဖြည်းချင်း တိုးတက်လာပြီး အင်အားကြီးထွားလာလိမ့်မယ်”
ဘိုးဘေးဝိညာဉ်တို့၏ အသိစိတ်အလျဉ်များက အချင်းချင်း ထိခတ်သွားကြပြန်ပြီး အတွေးအမြင်များ အကြိတ်အနယ် ဖလှယ်နေကြ၏။
ချင်မူက ထပ်မပြောတော့ပေ။
အချိန်အနည်းငယ်ကြာသော် ဘိုးဘေးဝိညာဉ်များ ဆုံးဖြတ်ပြီးသွားသည်။
အသက်ကြီးကြီးအသံတစ်သံက မေး၏။ “အခုထိ မင်းနာမည်ကို ငါတို့ မမေးရသေးဘူး... အထွတ်အမြတ်ကလေးငယ်၊ မင်းကို ငါတို့ ဘယ်လိုခေါ်ရမလဲ”
“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ချင်မူ”
ချင်မူ ရယ်မောကာ ပြောလိုက်သည်။ “ခင်ဗျားတို့ ဒီနာမည်ကို မကြားဖူးလောက်ပေမယ့် ကောင်းကင်နတ်အရှင်ယွင်ဆီကတော့ ကျွန်တော့်ဘွဲ့နာမည် ကြားဖူးကြမယ်ထင်တယ်.... ကျွန်တော်က ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့တဲ့ အကြီးအကဲငါးယောက်ထဲက တစ်ယောက်၊ နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်မူပါ”
ထိုဘိုးဘေးဝိညာဉ်များ တိတ်ဆိတ်သွားကြ၏။ အချိန်အနည်းငယ်ကြာသော် တချို့က ထပြောသည်။ “ကောင်းကင်နတ်အရှင်ယွင် ဒီအကြောင်းပြောတာ တစ်ခါမှ မကြားဖူးဘူး”
ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ သူ့မှာ ရှက်လည်း ရှက်၊ ဒေါသလည်း ထွက်သွား၏။ သူ့ပေါင်သူ လှန်ထောင်းမိသည် မဟုတ်ပါလော။
နတ်ဘုရင်လန်ဝူသည် တစ်ချိန်လုံး မျက်နှာထားတည်တည်ဖြင့် တိတ်ဆိတ်နေခဲ့သော်လည်း ထိုအခိုက်အတန့်တွင် မအောင့်နိုင်ဘဲ ခပ်တိုးတိုး ရယ်လိုက်မိ၏။
ချင်မူ့မျက်နှာက မည်းမှောင်နေရာမှ နီရဲသွားသည်။ သူက သူမထံ ခပ်တိုးတိုး ကပ်ပြောလေသည်။ “ကောင်းကင်နတ်အရှင်မူက တော်တော်လေး နာမည်ကြီးပါတယ်ဗျ... နဂါးဟန်ခေတ်တုန်းက နဂါးဟန်လောကသခင်ခန္ဓာ၊ ချုံဧကရာဇ်ခေတ်တုန်းက ချုံဧကရာဇ်လောကသခင်ခန္ဓာ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်မှာလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာပဲ... ကျွန်တော်က သိပ်ကို အစွမ်းထက်တာပါနော်....”
နတ်ဘုရင်လန်ဝူက တခစ်ခစ် ရယ်ကာ သူ့ဆီမှ အကြည့်လွှဲသွားသည်။
“အထွတ်အမြတ်ကလေးငယ်၊ ငါတို့မျိုးနွယ်ရဲ့ နှစ်ပေါင်းများစွာ စုဝေးထားတဲ့ အသိပညာတွေကို လက်ခံဖို့ အသင့်ဖြစ်ပြီလား” အသိစိတ်အလျဉ်များသည် ဘိုးဘေးဝိညာဉ်ကမ္ဘာထဲ၌ တုန်ခါနေကြပြီး အသံတစ်သံတည်းအဖြစ် စကားပြောနေကြ၏။
ချင်မူ အံ့အားသင့်သွားပြီး အလျင်အမြန် ဣန္ဒြေဆည်ကာ အလေးအနက် ပြောလိုက်သည်။ “အသင့်ဖြစ်ပါပြီ”
ဘိုးဘေးဝိညာဉ်ကမ္ဘာတစ်ခုလုံး တုန်ခါသွားပြီး မရေမတွက်နိုင်သော အသိစိတ်အလျဉ်များသည် အလင်းစီးကြောင်းများသဖွယ် သူ့ဆီ ပြေးဝင်လာကာ သူ့အား လွှမ်းခြုံသွားတော့၏။