← Chapters

မြွေနှစ်ကောင်နှင့် ပန်းရနံ့

Vol. 75 Ch. 979

မြွေနှစ်ကောင်နှင့် ပန်းရနံ့

Vol. 75 Ch. 979

“နင် သူတို့ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားရင် အနက်ရှိုင်းဆုံး အသိပညာနဲ့ အကြီးမားဆုံးအာဏာကို ပိုင်ဆိုင်သွားပြီး ငါတို့ကို ဦးဆောင်နိုင်လိမ့်မယ်” နတ်ဘုရင်လန်ဝူက ဆက်ပြောသည်။

ချင်မူမှာ ရင်တဒိန်းဒိန်းခုန်နေသော်လည်း သူမစကားကို ကြားလိုက်ရသည့်အခါ ချက်ချင်းဆိုသလို စိတ်သက်သာရာရသွားသည်။

“ဒီနှစ်ရက်အတွင်း မြင်ယောင်ဖန်ဆင်းပြီး တိုက်ခိုက်နိုင်မယ့် သိုင်းကွက်တွေ ငါ နင့်ကို ဒီမှာ သင်ပေးမယ်”

နတ်ဘုရင်လန်ဝူက ဆက်ပြောသည်။ “နှစ်ရက်က အချိန်တိုပေမယ့် နင့်ရဲ့ ဉာဏ်ရည်နဲ့ဆို အခြေခံမြင်ယောင်ဖန်ဆင်းသိုင်းကွက်တွေကိုတော့ တတ်သွားမှာပါ.... နင့်ရဲ့ချီစွမ်းအင်နဲ့ မြင်ယောင်ဖန်ဆင်းနိုင်စွမ်းကို ပေါင်းစည်းနိုင်ရင်တော့ အကောင်းဆုံးပေါ့”

ချင်မူမှာ မီးခြစ်ဆံသဖွယ် ပိန်ကပ်နေသောကြောင့် သူ၏အဆီအနှစ်၊ ချီနှင့် သွေးများ အမှီမလိုက်နိုင်မည်ကို စိုးရိမ်လာ၏။ သို့ဖြစ်၍ ကမ္ဘာဦးရည်ကြည် ထုတ်ပြီး သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲသို့ တစ်စက် တောက်ထုတ်လိုက်ရင်း ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်အား ပြန်လည်ဖြည့်တင်းလိုက်သည်။

နတ်ဘုရင်လန်ဝူက ဤအခြင်းအရာကိုမြင်လျှင် မျက်မှောင်ကြုတ်ကာ မေး၏။ “နတ်ဘုရင်ရှုကျွင်းကို ရုပ်ခန္ဓာပြန်ရအောင် ကူညီပေးနေတာလား”

ချင်မူ ခေါင်းညိတ်လိုက်သည်။ “နတ်ဘုရင်ရှုကျွင်းက အသက်ကြီးပြီး ခေတ်နောက်ကျနေပြီ.... ခေါင်းမာပြီး အကြောကလည်း တင်းတယ်... သူ့ကို ကယ်နေစရာမလိုပါဘူး”

နတ်ဘုရင်လန်ဝူ ဆက်ပြောသည်။ “နင် သူ့ကို မသတ်ချင်ရင် ငါ သူ့ကို သတ်ပေးနိုင်တယ်... ငါ့အတွက် သူ့ကို သတ်ဖို့ အလွယ်လေးပဲ”

မူလကျောက်တုံးထဲတွင် ရှုကျွင်းမှာ တစ်မျိုးနွယ်သားချင်း ဂရုမစိုက်ဘဲ ရက်စက်လွန်းသည့် သူမအား စိတ်တိုလာ၏။

ချင်မူက ခေါင်းရမ်းကာ ပြန်ဖြေသည်။ “ကျွန်တော် ရှုကျွင်းကို သူ့ခေါင်းပြန်ရအောင် လုပ်ပေးမယ်လို့ ကတိပေးထားတယ်.... အဲ့ဒါကြောင့် လုပ်ပေးမှဖြစ်လိမ့်မယ်.... ကျွန်တော်က ယုံကြည်အားကိုးမရတဲ့ လူတစ်ယောက်ဆိုရင် နတ်ဘုရင်အနေနဲ့ ဘာလို့ ကျွန်တော့်အပေါ်မှာ ယုံကြည်နေမလဲ”

နတ်ဘုရင်လန်ဝူက တွေးကြည့်ပြီးနောက် ခေါင်းရမ်းလိုက်သည်။

ချင်မူ၏ အသားအရောင်မှာ သွေးရောင်ပြန်သမ်းလာပြီး သူ၏အသိစိတ်အလျဉ်မှာလည်း အတော်လေး အားပြည့်လာရာ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်နိုင်လာ၏။

နတ်ဘုရင်လန်ဝူက အသိစိတ်အလျဉ်ကို လှည့်ပတ်လိုက်ပြီး ဖြည်းညင်းစွာ မြင်ယောင်ဖန်ဆင်းလိုက်သည်။ သူမ၏အရှေ့၌ သင်္ကေတအမှတ်အသားတစ်ခု ပေါ်လာပြီး တစထက်တစ ရှင်းလင်းပြတ်သားလာ၏။

ချင်မူလည်း သူမအတိုင်း လိုက်လုပ်ရင်း မြင်ယောင်ဖန်ဆင်းကြည့်၏။

နတ်ဘုရင်လန်ဝူက အသေးစိတ် သင်ကြားပေးနေပြီး ချင်မူက လျင်မြန်စွာ သင်ယူနိုင်သည်။ ချင်မူသည် အခြေခံအသင်္ကေတအမှတ်အသားအရာ၌ ပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် အမှီလိုက်ရန် လွယ်ကူပေသည်။

သူက နတ်ဘုရင်လန်ဝူ၏ ဟာကွက်များကိုပင် ထောက်ပြပေးနိုင်၏။

ဖန်ဆင်းရှင်များသည် အသိစိတ်အလျဉ်အသုံးပြုကာ အငယ်များခေါင်းထဲသို့ သူတို့၏အသိပညာများ တိုက်ရိုက်ထည့်ပေးတတ်၏။ သို့သော် ဤနည်းလမ်းတွင် အားနည်းချက်ရှိသည်။ ထိုအားနည်းချက်က အငယ်များအနေဖြင့် အကြီးတို့၏ အမှားများကို ရှာမတွေ့နိုင်တော့ခြင်းဖြစ်သည်။

နတ်ဘုရင်လန်ဝူက ထိုနည်းလမ်းအစား အမှားအများနိုင်ဆုံးနည်းလမ်းဖြင့် ချင်မူ့ကို သင်ပေးနေသည်။ သူမ၏ ဟာကွက်များ၊ အမှားများကို ချင်မူ ထောက်ပြပြုပြင်ပေးမည်ကို လိုလားခြင်းလည်း ဖြစ်သည်။

အခြေခံသင်္ကေတအမှတ်အသားများကို လေ့လာရာတွင် ဖန်ဆင်းရှင်များသည် သုသေတနတချို့ ပြုလုပ်ထားသော်လည်း အနည်းငယ်သာ ရှိ၏။ ပရမတ္တကမ္ဘာထဲတွင် သူတို့နေထိုင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီမဟုတ်ပါလော။ မဟာလေဟာနယ်ထဲ၌ နေထိုင်ခဲ့သည့်အချိန်ထက်ပင် ပိုများလေသည်။ ထို့ကြောင့် အပြင်ကမ္ဘာနှင့် အဆက်အသွယ်ပြတ်နေရာ ရွှင်ပျော်ပျော်ကျေးရွာမှ သင်္ကေတအမှတ်အသားများကို တိုးတိုးတိတ်တိတ်သာ လေ့လာနိုင်၏။ သင်္ကေတအမှတ်အသားများနှင့် ပက်သက်လျှင် သူတို့၏အသိအမြင်မှာ ချင်မူအောက် နိမ့်ကျလေသည်။

သို့သော် အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းများနှင့် ပက်သက်လာလျှင်မူ ချင်မူ့ထက်များစွာ မြင့်မား၏။

နတ်ဘုရင်လန်ဝူက သူ့ကို သင်ပေးသည်ဆိုသော်လည်း အမှန်တွင် အပြန်အလှန် သင်ယူနေခြင်းဖြစ်သည်။

အချိန်များ ကုန်လွန်သွားသည်။ တစ်ရက်သည် မသိလိုက် မသိဘာသာဖြင့် ကုန်ဆုံးသွား၏။ ချင်မူက အခြေခံသင်္ကေတအမှတ်အသားများကို အလွယ်တကူ မြင်ယောင်ဖန်ဆင်းနိုင်နေချေပြီ။ သူ့အတွေးတစ်ချက်ဖြင့် အသိစိတ်အလျဉ်က သင်္ကေအမှတ်အသားများကို တည်ဆောက်ပေးနိုင်၏။

ထို့ပြင် အသိစိတ်အလျဉ်နှင့် ချီစွမ်းအင်ကို ပေါင်းစည်းထားသော သင်္ကေတအမှတ်အသားများက သင်္ကေတအမှတ်အသားချည်းသက်သက်ထက် အဆပေါင်းများစွာ အားကောင်းပြင်းထန်ကြောင်း တွေ့ရှိရ၏။

ငှက်တောင်စိမ်းခန်းမထဲတွင် နတ်ဘုရင်လန်ဝူက ခံ့ညားတင့်တယ်သော မြွေစိမ်းကြီးတစ်ကောင်ကို ဖန်ဆင်းလိုက်ပြီး ၎င်းအပေါ်တွင် ရပ်၍ မြွေစိမ်းကြီးအား ချင်မူ့ကို တိုက်ခိုက်စေ၏။

ချင်မူက သူ မြင်ယောင်ဖန်ဆင်းထားသည့် မြွေဖြူတစ်ကောင်အပေါ်တွင် ရပ်ပြီး အမျိုးမျိုးသော ကောင်းကင်နတ်သိုင်းများ မြင်ယောင်ဖန်ဆင်းကာ တတ်မြောက်ထားသော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ပေါင်းစည်းရင်း သူ့ကိုယ်သူ ခုခံနေသည်။

သူတို့နှစ်ယောက်လုံး အမျိုးမျိုးသော အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းများကို မြင်ယောင်ဖန်ဆင်းနေကြ၏။ သူတို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်နတ်သိုင်းများ ကောင်းကင်မှ ကျလာပြီး ကြယ်တာရာများ ကြွေကျလာသည်။ အသိစိတ်အလျဉ်တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ကောင်းကင်မီးလျှံများ ဆင်းသက်လာပြီး အရာရာအားလုံး မီးလောင်တိုက်သွင်းတတ်သည်။ အသိစိတ်အလျဉ် နောက်တစ်ချက် လှုပ်ရှားလိုက်သည့်အခါ ပထဝီမြေပြင်မှာ လှုပ်ခတ်လာတော့သည်။

သူတို့သည် ကမ္ဘာလောကများပါရှိသည့် တံခါးများကို မြင်ယောင်ဖန်ဆင်းပြီး မြွေများနှင့်အတူ ထိုတံခါးများကို ဖြတ်ရင်း ကမ္ဘာများတလျှောက် ကူးသန်းသွား၏။ တောင်တန်းများ၊ ပင်လယ်များ၊ ရေခဲတောင်များနှင့် ရေအိုင်များကို ဖြတ်သွားကာ ခန့်မှန်းမရအောင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေကြသည်။

အဆုံးသတ်တွင် မြွေကြီးနှစ်ကောင်က တစ်ကောင်ကို တစ်ကောင် ရစ်ပတ်၍ မြင့်သထက် မြင့်တက်သွားကြပြီး နီးသထက် နီးကပ်လာကြသည်။

မြင်ယောင်ဖန်ဆင်းထားသော ကောင်းကင်နတ်သိုင်းအမျိုးမျိုးက သူတို့ကို လှည့်ပတ်နေပြီး တစ်ခုကို တစ်ခု ၀င်တိုက်ဖျက်ဆီးနေကြသော ဆန်းကြယ်သောအရာများအသွင် ပြောင်းလဲနေကြသည်။

ချင်မူ ဖန်ဆင်းထားသော ကောင်းကင်နတ်သိုင်းများက အဆက်မပြတ် ပြောင်းလဲနေသည်။ သူက ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုနှင့် မြင်ယောင်ဖန်ဆင်းစွမ်းရည်ကို ကမ္ဘာခေတ်နှောင်းမဟာတာအိုတို့ဖြင့် ပေါင်းစည်းထားသဖြင့် သူ၏လှည့်ကွက်များက နတ်ဘုရင်လန်ဝူအား စိတ်ရှုပ်ထွေးစေသည်။

မြွေကြီးနှစ်ကောင်ကလည်း တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်ရင်း ပိုမိုနီးကပ်လာသဖြင့် ကောင်းကင်နတ်သိုင်းများ၏ အားလှိုင်းက ပိုမိုပြင်းထန်လာသည်။

မကြာမီ နှစ်ယောက်သား တစ်ယောက်အရှေ့သို့ တစ်ယောက်ရောက်သွားကြသည်။ တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်နေသော မြွေကြီးနှစ်ကောင်မှာ တစ်လုံးကို တစ်လုံး လှည့်ပတ်နေသော ကြယ်နှစ်စင်းပမာ ထင်ရသည်။ သိုင်းကွက်များက ပိုမိုပြင်းထန်အားကောင်းလာပြီး ပိုမိုထူးခြားလာသည်။

ရုတ်တရက် ချင်မူ့လက်ထဲတွင် ပန်းဖူးတစ်ဖူး မြင်ယောင်ဖန်ဆင်းခံရလိုက်ရ၏။ ပန်းဖူးက တောက်ပလင်းလက်နေသော အနီရောင်၊ ခရမ်းရောင် အရောင်အဝါတို့နှင့်အတူ ဖူးပွင့်လာရာ အလွန်ပင်မျက်စိပသာဒ ရှိလှပေသည်။

ပွင့်ချပ်များက တစ်လွှာပြီးတစ်လွှာ ပေါ်ထွက်လာရင်း ပွင့်အာကျလာသည်။ ဝတ်ဆံများ ပေါ်လွင်လာပြီး မွှေးပျံ့သော ပန်းရနံ့က သူတို့၏ နှာခေါင်း၀သို့ တိုး၀င်လာ၏။

နတ်ဘုရင်လန်ဝူက ဟာကွက် မြင်လိုက်ရ၍ ချင်မူ၏နဖူးဆီသို့ သူမ၏လက်ချောင်းဖြင့် ထိကာ အသိစိတ်အလျဉ်ဖြင့် သူ့ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်ရန် ပြင်လိုက်သည်။

ထိုအခိုက်အတန့်တွင် လှပသော ပန်းပွင့်က သူမ၏မျက်နှာရှေ့သို့ ရောက်လာ၏။

“ဒါက ခင်ဗျားအတွက်ပါ”

နတ်ဘုရင်လန်ဝူ မှင်သက်သွားသည်။ သူမက လက်ချောင်းနှင့် အသိစိတ်အလျဉ်ကို ဆုတ်ခွာလိုက်ပြီးနောက် ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “ဒါက ပြိုင်ပွဲနော်... ငါက နင့်ရဲ့ကျင့်စဥ်စွမ်းအင်ကို နှစ်ရက်နေရင် စမ်းသပ်ချင်ခဲ့တာ... နင်ကတော့ စိတ်အာရုံ ထွေပြားနေသေးတယ်... ငါ နင့်ကို စိတ်ပျက်မိတယ်”

သူမက ချင်မူ့လက်ထဲမှ ပန်းပွင့်ကို ယူပြီး တစ်ဖက်ပြန်လှည့်သွားကာ အနံ့ရှူလိုက်သည်။ ပန်းရနံ့သည် အလွန်ပင် စိတ်ကို အေးချမ်းစေ၏။

နတ်ဘုရင်လန်ဝူက ပြုံးလိုက်ပြီး အစိမ်းရောင်မြွေ၏ခေါင်းပေါ်မှ ခြေဗလာဖြင့် လမ်းလျှောက်ဆင်းသွားသည်။ သူမက ပြောသည်။ “နောက်တစ်ခေါက်ကျရင် ဒါမျိုးမလုပ်နဲ့... လာ မြန်မြန်လိုက်ခဲ့လေ... မဟာပူဇော်ပွဲအတွက် အချိန်ကျပြီ”

ချင်မူလည်း အဖြူရောင်မြွေ၏ခေါင်းပေါ်မှ အလျင်အမြန် ခုန်ဆင်းကာ သူမနောက် လိုက်သွားသည်။ သူတို့၏နောက်တွင် မြွေနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ရစ်ပတ်လျက် ရှိပြီး မခွဲကြသေးပေ။ နှစ်ကောင်သား လည်ချင်းလိမ်ချက် တောအုပ်အတွင်းသို့ ၀င်ရောက်သွား၏။

ချင်မူက ကမ္ဘာဦးရေကြည်ကန်သို့ ရောက်သည့်အခါ ကျောက်စိမ်းပုလင်းအနည်းငယ် ထုတ်၍ ခပ်လိုက်သည်။

နတ်ဘုရင်လန်ဝူက ဤအခြင်းအရာကို မြင်လျှင် ခေါင်းရမ်းကာ ပြောသည်။ “နင့်ပုလင်းတွေက သေးလွန်းအားကြီးတယ်.... ဘယ်လိုလုပ်ထည့်နိုင်မှာတုန်း... နင့်ဆီမှာ တောင်ကွယ်မျိုးနွယ်စုရဲ့ ဖန်ပေါင်းချောင်ကမ္ဘာပုလင်း ရှိနေတာ ငါ ခံစားရတယ်.... အဲ့ဒါကို ထုတ်သုံးလိုက်လေ”

ချင်မူက တောင်ကွယ်မျိုးနွယ်စုခေါင်းဆောင် သူ့ဆီ ပေးထားသော ဖန်ပေါင်းချောင်ကမ္ဘာပုလင်းအား ထုတ်လိုက်သည်။ ပုလင်း၏အထဲတွငသ် ရေကန်တစ်ကန်လုံးကိုသာမက ကြယ်တာရာကောင်းကင်တစ်ခုလုံးကိုပင် ထည့်သွင်းနိုင်သော နေရာအကျယ်ကြီး ရှိ၏။

နတ်ဘုရင်လန်ဝူ လက်ဝှေ့ယမ်းလိုက်သည့်အခါ ရေကန်မှာ ဆယ်ပုံတစ်ပုံကျုံ့သွားသည်။ ရေကန်၏ဆယ်ပုံတစ်ပုံက ဖန်ပေါင်းချောင်ကမ္ဘာပုလင်းထဲ ၀င်ရောက်လာလေသည်။

‘ဒီလောက်အများကြီးလား’ ချင်မူ ရင်တဒိန်းဒိန်း ခုန်လာသည်။ သူ့မှာ ပုလင်းအနည်းငယ်သာ လိုချင်ပါသော်လည်း မထင်မှတ်ထားဖွယ်ကောင်းစွာနှင့် နတ်ဘုရင်လန်ဝူက ရေကန်ထဲ၌ သိမ်းထားသည့် ပမာဏ၏ ဆယ်ပုံတစ်ပုံအား ပေးခဲ့၏။

“နင်အရင်သွားနှင့်”

နတ်ဘုရင်လန်ဝူက သူ့ကိုကြည့်၍ ပြောသည်။ “ငါ မကြာခင် လိုက်လာခဲ့ပြီး မဟာပူဇော်ပွဲ ကျင်းပပေးမယ်”

ချင်မူလည်း ခေါင်းညိတ်၍ ခန်းမအပြင်ထွက်လိုက်သည်။ သူ အဝေးသို့ ရောက်သွားသည်ကို မြင်မှ နတ်ဘုရင်လန်ဝူသည် ရေကန်ထဲသို့ ဝင်ကာ ပန်းကို ပစ်ချလိုက်သည်။ ပန်း ရေကန်ထဲ ကျသွားပြီး ဖူးပွင့်လာသည်ကို မြင်သည့်အခါ သူမက နွေးထွေးစွာ ပြုံးလိုက်သည်။ “မြင်ယောင်ဖန်ဆင်းထားတဲ့ ပန်းတစ်ပွင့်က အလွယ်တကူ နွမ်းခြောက်နိုင်ပေမယ့် ဒီနေရာမှာ စိုက်လိုက်ရင်တော့ အာဟာရဓာတ်တွေ စုပ်ယူပြီး ထာဝရ ပွင့်လန်းနေလိမ့်မယ်”

ချင်မူက ခန်းမအပြင်သို့ လမ်းလျှောက်ထွက်လာသည့်အချိန်တွင် အပြင်၌ ယဇ်ပလ္လင်များအား ပြင်ဆင်ထားပြီးသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့၏ပတ်ပတ်လည်တွင် ဖန်ဆင်းရှင်များ ရာနှင့်ချီရှိပြီး သူတို့၏မျက်ခုံးနှစ်ဖက်ကြားမှာ တောက်ပနေကြ၏။

သူတို့က ကိုးကွယ်ခြင်းစွမ်းအားကို ယဇ်ပလ္လင်အလယ်၌ စုစည်းထားကြပြီး မကြာမီ စွမ်းအားသည် အလင်းလှိုင်းနှင့် ဆင်တူသော အလင်းရည်ကြည်အဖြစ် စုဝေးလာ၏။ ယဇ်ပလ္လင်ထက်မှ အလင်းတန်းတို့က ကောင်းကင်ထက်သို့ ဖြာထွက်လာသည်။

ယဇ်ပလ္လင်တို့ကား အနည်းဆုံး သုံးထောင်၊ ငါးထောင်ခန့် ရှိမည်။ အားလုံးသည် အလင်းတန်းများအား ဟင်းလင်းပြင်ထဲသို့ ဖြန့်ကျက်ရင်း ဟင်းလင်းပြင်အား တုန်ခါနေစေ၏။

ဤအခိုက်အတန့်တွင် ရွှင်ပျော်ပျော်ကျေးရွာဆီမှ အလစ်ဝင်တိုက်လျှင် ခုခံရန် အရန်အနေဖြင့် ဖန်ဆင်းရှင်အနည်းငယ်သာ ကျန်ခဲ့သည်။ ကျန်ရှိသူများက ဤမဟာပူဇော်ပွဲကျင်းပရာသို့ ရောက်ရှိနေကြသည်။

ချင်မူမှာ ဘိုးဘေးဝိညာဉ်ကမ္ဘာအား ဤမျှတခမ်းတနား ဖွင့်ပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ နောက်လှည့်ကြည့်လိုက်သည့်အခါ ခန်းမ၏အနောက်မှ ဧရာမဆဋ္ဌဂံမျက်လုံးကြီးတစ်လုံး မြောက်တက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းကား မဟာပူဇော်ပွဲမှတဆင့် ဆင့်ခေါ်ခံလိုက်ရသော ဘိုးဘေးဝိညာဉ်ကမ္ဘာဖြစ်ချေသည်။ ဘိုးဘေးဝိညာဉ်ကမ္ဘာသည် အရွယ်အစားကြီးပြီး မြင့်မား၏။

ဤကမ္ဘာမှာ မဟာကမ္ဘာဦးအ စမူလကျောက်တုံးနှင့် သေဆုံးသွားသော ဖန်ဆင်းရှင်တို့ ပေါင်းစည်းသွားခြင်းမှ ဖန်ဆင်းခံလိုက်ရသော ကမ္ဘာဖြစ်သည်။ ဤကမ္ဘာက ဟင်းလင်းပြင်ထဲ၌ နစ်မြုပ်နေပြီး ဖန်ဆင်းရှင်တစ်ယောက် သေဆုံးသည့်အချိန်မှသာ သေဆုံးသွားသည့် ဖန်ဆင်းရှင်သည် ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ ဆင့်ခေါ်ခြင်းကို ခံစားရပြီး ၎င်းတို့၏ အသိစိတ်အလျဉ်တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်လိမ့်မည်။ သူတို့က ပရမတ္တကမ္ဘာကို တိတ်ဆိတ်စွာ စောင့်ရှောက်နေသော အစောင့်အရှောက်များအဖြစ် ထိုနေရာတွင် ထာ၀ရ တည်ရှိနေကြမည်ဖြစ်၏။

ချင်မူက စိတ်ကို တည်ငြိမ်အောင်ထိန်းကာ ကျစ်လီမျိုးနွယ်စု၏ ခေါင်းဆောင်ခန်းနွီကို လိုက်ရှာသည်။ နောက်ဆုံးတွင် ရှာတွေ့သွား၏။ သူမက သူမ၏မျိုးနွယ်စုကို ဦးဆောင်၍ ဘိုးဘေးဝိညာဉ်ကမ္ဘာကို ဟင်းလင်းပြင်ထဲမှ ဆင့်ခေါ်နေသည်။

ချင်မူမှာ အံ့အားသင့်သွားပြီး သူမဆီ ပျံသန်းသွားသည်။ သူက ဧရာမဖန်ဆင်းရှင်များ၏ ရှေ့တွင် ပျံဝဲလျက် ပြုံးလိုက်၏။ “ခေါင်းဆောင် ကျွန်တော် ကမ္ဘာဦးရေကြည်ရလာပြီ”

ခန်းနွီ၏အသိစိတ်အလျဉ် လှုပ်ခတ်သွားပြီး သူမက မောပန်းစွာ ပြောသည်။ “နင် ဘာလို့ ဒီရောက်လာတာလဲ... မဟာပူဇော်ပွဲက အောင်မြင်တော့မယ်... မြန်မြန် ပြန်သွားပြီး ဘိုးဘေးဝိညာဉ်ကမ္ဘာထဲ ၀င်လိုက်တော့”

ချင်မူက ပြုံးလိုက်သည်။ “ကျွန်တော် ခင်ဗျားကို ကမ္ဘာဦးရေကြည်တချို့ပေးမယ် ပြောထားတယ်မဟုတ်လား.... ခင်ဗျားရဲ့ အထွတ်အမြတ်ရတနာ ဝိညာဉ်ခုနစ်သွယ်မြက်က ဘယ်မှာလဲ”

ခန်းနွီက ပြန်ဖြေသည်။ “ငါ အခု အာရုံလွင့်လို့မရဘူး အထွတ်အမြတ်ကလေးငယ်.... ဘိုးဘေးဝိညာဉ်ကမ္ဘာ ဆင့်ခေါ်တာက အရေးကြီးတဲ့အရာပဲ... မြန်မြန်ပြန်သွားတော့... နတ်ဘုရင် ဒါကိုမြင်ရင် ငါ အဆူခံရလိမ့်မယ်”

ချင်မူမှာ ထပ်ပြောချင်ပါသော်လည်း အသိစိတ်အလျဉ်တစ်ခုက ရုတ်တရက် လှုပ်ရှားလာပြီး သူ့ကို ကောက်မလိုက်သည်။ မကြာမီ ချင်မူသည် ခန်းမရှေ့သို့ ပြန်ရောက်လာပြီး သူ့ဘေးတွင် နတ်ဘုရင်လန်ဝူ ရှိနေ၏။

နတ်ဘုရင်လန်ဝူက ဖန်ဆင်းရှင်ခန္ဓာကိုယ်သို့ ပြန်လည်ပြောင်းလဲထားရာည် ဧရာမကြီးမားနေပြီး အလွန်မြင့်မားသည့်နေရာတွင် ရှိနေသည့် ဘိုးဘေးဝိညာဉ်ကမ္ဘာဆီသို့ လှမ်းကြည့်နေသည်။ ကောင်းကင်ထက်ရှိ ဆဋ္ဌဂံမျက်လုံးကြီးသည် ပို၍ကြီးမားလာပြီး အထဲကမ္ဘာအား ခပ်ရေးရေး မြင်နေရချေသည်။

ဘိုးဘေးဝိညာဉ်ကမ္ဘာထဲတွင် မရေမတွက်နိုင်သော ခေါင်းများ ရွေ့လျားနေသကဲ့သို့ အလင်းလှိုင်းများ ရှိနေသေယောင်ပင်။ အလွန်ထူးဆန်းလှသည်။

နောက်ဆုံးတော့ အထက်ကောင်းကင်မှ ထစ်ချုန်းသံကြီး ထွက်ပေါ်လာ၏။ ဘိုးဘေးဝိညာဉ်ကမ္ဘာ ရပ်တန့်သွားပြီး ဧရာမဆဋ္ဌဂံ မျက်လုံးကြီးလည်း ကျယ်ပြန့်နေခြင်း ရပ်တန့်သွားသည်။

“ဟုတ်ပြီ”

နတ်ဘုရင်လန်ဝူက ချင်မူ သူမအား ကြည့်နေသည်ကို မြင်လျှင် ပြောသည်။ “နင် အခု ဝင်လို့ရပေမယ့် ရှုကျွင်းကတော့ ဝင်လို့မရဘူး... သူက အထွတ်အမြတ်ကလေးငယ် မဟုတ်တော့ ဝင်ခွင့်မရှိဘူး... နတ်ဘုရင်ရှုကျွင်း ၊ ကျေးဇူးပြုပြီး ထွက်လာခဲ့ပါ”

ချင်မူ၏တတိယမျက်လုံးထဲမှ ဖရိုဖရဲဆံပင်ရှည်ရှည်များနှင့် ရှုကျွင်း၏ ခေါင်းကြီးက ဒေါကြီးမောကြီး ထွက်ချလာသည်။ သူက စိတ်ဆိုးမာန်ဆိုး မေးတော့သည်။ “ဖန်ဆင်းရှင်မဟုတ်တဲ့ကောင်က ဝင်လို့ရပြီး ငါလို နတ်ဘုရင်က ဘာလို့ ဝင်မရတာလဲ... ဒီသဘောက ဘာကြီးလဲ”

ချင်မူက သူ့ကို နှစ်သိမ့်လိုက်သည်။ “စိတ်အေးအေးထားပါ နတ်ဘုရင်ကြီးရာ.. ကျွန်တော် အမွေရရင် ခင်ဗျားကို ပေးပါ့မယ်”

နတ်ဘုရင်လန်ဝူက ခေါင်းယမ်း၏။ “သူ့မှာ အဲဒီလိုယူပိုင်ခွင့်မရှိဘူး.. အတိတ်တုန်းက နတ်ဘုရင်ဆိုတိုင်း အခုလည်း နတ်ဘုရင်မှ မဟုတ်တာ... ဒါ့အပြင် ငါတို့ရှုံးနိမ့်ခဲ့ရတာက သူနဲ့လည်း ပတ်သက်နေတယ်... သွားစို့”

သူမက ချင်မူက လက်ဖဝါးပေါ် တင်၍ ဘိုးဘေးဝိညာဉ်ကမ္ဘာထဲသို့ ပျံသန်းသွားသည်။

ကောင်းကင်ထဲတွင် ဆဋ္ဌဂံမျက်လုံးကြီးက လည်နေပြီး သူတို့ကို စိုက်ကြည့်နေသည့်အလား ထင်ရ၏။ မကြာခင် အလင်းတန်းတစ်တန်း သူတို့အပေါ် ကျရောက်လာကာ ချင်မူနှင့် နတ်ဘုရင်လန်ဝူကား ပရမတ္တကမ္ဘာထဲမှ ပျောက်ကွယ်သွားတော့သည်။

All Chapters