မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲ
Vol. 17 Ch. 239
မူလမှော်စာလုံး စုတ်တံနှစ်ခုက ကျောက်စိမ်းပြားပေါ်တွင် ကခုန်နေဟန် ရသည်။ စုတ်ချက်များ တစ်ချက်ပြီး တစ်ချက် ကျဆင်းလာပြီး တစ်ခုနှင့်တစ်ခု တိုက်ခိုက် နေကြသည်။ ကြမ်းတမ်းစွာ တိုက်ခိုက် နေကြခြင်း ဖြစ်ပေမဲ့ မည်သည့် အသံမှပင် ထွက်ပေါ်ခြင်း မရှိဘဲ တိတ်ဆိတ်နေသည်။
သည်မူလ မှော်စာလုံး ယှဉ်ပြိုင်မှုသည် လူတစ်ဦး၏ စိတ်ဝိညာဉ် စွမ်းအားမည်မျှ အားကောင်းသည်နှင့် မသက်ဆိုင်ပဲ မူလမှော်စာလုံး ပညာတွင် မည်မျှ နားလည်မှု ရှိသည်ကို ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။
ဇူယွမ်က ယောင်ယောင်၏ နောက်တွင် ရပ်လိုက်ပြီးနောက် ကစားပွဲအား ကြည့်လိုက်သည်နှင့် သူ့မျက်လုံးထဲတွင် အံ့အားသင့် ဟန်များ ပေါ်လာသည်။
သူ့အနေဖြင့် စုတ်ချက်များ၏ နောက်ကွယ်တွင် ပါဝင်နေသော ဉာဏ်အလင်းများကို ခံစားမိပေသည်။ ထိုသို့ ထူးခြားသော စုတ်ချက်များကို ရေးဆွဲရန် မူလ မှော်စာလုံးကို အဆင့်မြင့်မြင့် နားလည် ထားရပေမည်။
အဆုံးတွင် ထိုစုတ်ချက်များကို အားစိုက်ကြည့်ရင်း သူ၏ မျက်ခုံးနှစ်ခု ကြားပင် နာကျင် လာခဲ့သည်။
“ဒီလူအိုကြီးက ဘယ်သူလဲ။ အစ်မကြီး ယောင်ယောင်နဲ့ မူလမှော်စာလုံး ကစားပွဲမှာ ယှဉ်နိုင်တယ် ဆိုတာ ယုံကြည်ဖို့ ခက်ခဲတယ် ...” ဇူယွမ်က ခန့်ညားစွာ ရှိနေသော မီးခိုးရောင် ဝတ်စုံနှင့် လူကြီးကို ကြည့်လိုက်သည်။ ယောင်ယောင်၏ မူလမှော်စာလုံး ကျွမ်းကျင်မှုမှာ တိုင်းတာ၍ မရသော အခြေအနေသို့ ရောက်ရှိနေပြီး ဖြစ်သည်။ ယခုတွင် ပထမဆုံး အနေနဲ့ ယောင်ယောင်၏ အမူအရာ လေးနက် နေသည်ကို မြင်ရခြင်း ဖြစ်သည်။
သို့သော်လည်း မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲ၏ မျက်နှာပေါ်တွင် ယောင်ယောင်နှင့် ခက်ခက်ခဲခဲ ရင်ဆိုင် နေရမှန်း သိသာ ပေါ်လွင်နေပေသည်။
သူတို့ နှစ်ယောက်လုံးသည် သည်ကစားပွဲကို အဆုံးသတ်ချင် နေကြသော်လည်းပဲ ရှေ့မတိုးသာ နောက်မဆုတ် သာသည့် အခြေအနေသို့ ရောက်ရှိနေသည်။
ယောင်ယောင်က ထန်ထန်၏ သားမွေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း အကြီးအကဲကို ကြည့်ကာ ပြောသည်။
“ဆရာကြီး တိုက်ခိုက်နေတာ အတော်ကြာပြီ အခုထိ တစ်ခေါက်မှ မထိုးဖောက် နိုင်သေးဘူး ဘာကြောင့် ဆက်ပြီး ခေါင်းမာ နေရတာလဲ”
မီးခိုရောင် ဝတ်စုံနှင့် အကြီးအကဲက ဒေါသတကြီးနှင့် သူ၏ မုတ်ဆိတ်များကို သပ်လိုက်ပြီး ရှက်ရွံ့မှုကို ဖုံးကွယ်ကာ ပြန်လည် ပြောဆိုလိုက်သည်။
“အရမ်းတွေ ဘဝင်မြင့် မနေနဲ့ ကောင်မလေး မင်းက အငယ်မလို့ အလျှော့ပေး ထားတာ”
ယောင်ယောင်၏ အနီရောင် နှုတ်ခမ်းမှာ မဲ့သွားပြီး “ဆရာကြီး ရှင်က အသက်ပိုကြီးတဲ့ အတွက် ကျွန်မတို့ နှစ်ယောက် အကြားက စိတ်ဝိညာဉ် ကျင့်ကြံမှုက ကွာခြားလွန်းတယ်။ ဒါပေမဲ့ မူလမှော်စာလုံး ကျွမ်းကျင်မှုနဲ့ အခြေခံမှာ ယှဉ်ပြိုင်ရင်တော့ ရှင် ကျွန်မကို မရိုက်နိုင်မှာ အတော်လေး စိုးရိမ်မိပါတယ်”
အကြီးအကဲ၏ အသံထွက်ပေါ် လာသည်။ “ကောင်းမလေး နင်က အတော် လှတာနဲ့ပဲ အဓိပ္ပာယ် မရှိတာတွေ ပြောလို့ရမယ်လို့ ထင်နေတာလား”
“ငါမူလ မှော်စာလုံးတွေ လေ့လာတော့ နင်တောင် မမွေးသေးဘူး”
ယောင်ယောင်က တည်ငြိမ်စွာ ပြောသည်။
“သင်လေ့ကျင့်နေတာ အဲဒီလောက် ကြာတာတောင်မှာ ကျွန်မကို အခုထိ မရိုက်နိုင် နေသေးဘူး။ ဒါကြောင့် ကျွန်မ ပြောနိုင်တာကတော့ ဆရာကြီးက ထပ်ပြီး လေ့လာဖို့ လိုအပ်နေသေး သလိုပဲ”
သူမ၏ အသံမှာ သိမ်မွေ့သော်လည်း သူမ၏ စကားလုံးများမှာ အကြင်နာ ကင်းမဲ့လှပေသည်။
အကြီးအကဲက ဒေါသတကြီးနဲ့ သူမကို စိုက်ကြည့်လိုက်သည်။ သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ကာ ကျောက်စိမ်းပြားပေါ်မှ စုတ်ချက်များကို ဖယ်ရှား လိုက်ပြီးနောက် “ငါအချို့ အရာတွေကို ပြန်လေ့လာပြီးရင် ပြန်လာခဲ့မယ်။ အဲဒီအချိန်က မင်းရဲ့ အကာကွယ်ကို ချိုးဖျက်ပြမယ်”
ယောင်ယောင်၏ နောက်က ဇူယွမ်က မထိန်းနိုင်ပဲ ရယ်လိုက်သည်။ သည်လူအိုကြီးက အတော်ပင် အရေထူပေသည်။
ဇူယွမ်၏ ရယ်သံကို ကြားရချိန်မှာတော့ မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲက သူ့ကို စိုက်ကြည့်လိုက်သည်။
ဇွမ်ယွမ်က ထိတ်လန့်သွားပြီး ချက်ချင်းပင် ရယ်နေရာမှ ရပ်တန့်ကာ အကြီးအကဲကို သံသယအပြည့်နှင့် လှမ်းကြည့်လိုက်သည်။ သည်လူအိုကြီးက သာမန် မဟုတ်နိုင်ပေ ...
“မင်းရဲ့ ကြွားလုံးတွေကို ငါ့ကို ရိုက်နိုင်မှ ပြောပါလား” ထိုအခိုက်တွင် ယောင်ယောင်က ပြောလိုက်သည်။
ယောင်ယောင်၏ တဲ့တိုး ပြောဆိုမှုကြောင့် မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲက “ငါဘယ်သူလဲ ဆိုတာ မင်းသိလား ကောင်မလေး။ ငါဘယ်သူလဲ မင်းသိရင် မင်းငါ့ကို ဒီလိုစကားမျိုး ပြောရဲမှာ မဟုတ်ဘူး”
“မသိဘူး။ ဂရုလည်း မစိုက်ဘူး” ယောင်ယောင်၏ လှပသော မျက်နှာပေါ်တွင် အပြုံးလေး တစ်ခု ပေါ်လာခဲ့သည်။
အကြီးအကဲက သူမကို ဓားသွားအလား စူးရှသော အကြည့်ဖြင့် အချိန် အတော်ကြာ စိုက်ကြည့် နေပြီးနောက် ခါးသက်သက် ရယ်မောလိုက်သည်။
“မင်းလို ထူးဆန်းတဲ့ သူမျိုး ဒီတစ်ခေါက် အပြင်ဘက် တပည့်တွေထဲမှာ ဘယ်လို ပါလာရတာလဲ ...”
“ဒါပေမဲ့ မင်းရဲ့ မူလစာလုံးတွေ အပေါ် ကျွမ်းကျင်မှုက အံ့အားသင့်စရာ ကောင်းလွန်းတယ်။ ကြည့်ရတာ တစ်စုံတစ်ယောက်နားက မင်း သင်ယူခဲ့တာ မလား” အကြီးအကဲက တစ်စုံတစ်ခုကို နက်ရှိုင်းစွာ သိနေဟန်ဖြင့် ပြောသည်။
ယောင်ယောင်က လေသံ ပြောင်းလဲခြင်း မရှိဘဲ “ဘာလို့လဲ။ ကန်ရွှမ်း ကလန်က ကျွန်မတို့ရဲ့ ကိုယ်ပိုင် စွမ်းရည်တွေကို ခွင့်မပြုဘူးလား” မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲက ရယ်မောလိုက်ပြီး “ငါတို့ အဲဒါကို ခွင့်ပြုပါတယ်။ ကန်ရွှမ်းကလန်က သူတို့ကို ပျက်စီးစေဖို့ ရည်ရွယ်ချက် မရှိတဲ့ လူတိုင်းကို လက်ခံပါတယ်”
သူက ပြုံးကာ ဆက်ပြောသည်။
“ကောင်မလေး ငါမင်းရဲ့ မူလမှော်စာလုံး ပါရမီကို မြင်ရတယ်။ မင်း သူတော်စင် မှော်စာလုံး တောင်ထွတ်ကို ဝင်ဖို့ စိတ်ဝင်စားလား။ မင်းသာ စိတ်ဝင်စားရင် ငါမင်းကို အခုချက်ချင်း ထောက်ခံပေးပြီး အတွင်းတောင်တပည့် တန်းဖြစ်လို့ ရတယ်”
ဇူယွမ် ရုတ်တရက် တုန်လှုပ်သွားသည်။ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားကို မကျော်ဖြတ်ပဲ အတွင်းတောင် တပည့်ဖြစ်လာဖို့ ...
သည်လူအိုကြီးက ဒီလျို အရေးကြီးတဲ့ စစ်ဆေးမှု လုပ်ထုံး လုပ်နည်းတွေကို ကျော်လွန်ပြီးတော့ ခွင့်ပြုပေး နိုင်တယ်လား။ ကြည့်ရတာ သူ၏ အဆင့်အတန်းမှာ နိမ့်ကျခြင်း မရှိလောက်ပေ။
သူတော်စင် တောင်ထွတ်မှာ ကန်ရွှမ်းကလန်၏ တောင်ထွတ် ခုနစ်ခုထဲမှ တစ်ခုမှန်း ဇူယွမ် သိပေသည်။ ထို့ပြင် ထိုတောင်ထွတ်မှာ ပြိုင်ဘက်ကင်းသည့် တောင်ထွတ်တစ်ခု ဖြစ်ပြီး ထိုတောင်ထွတ်မှ တပည့်တိုင်းသည် မူလမှော်စာလုံးကို လေ့လာ ကြပေသည်။ ပြောကြသည်မှာ ကလန်၏ ကျင့်ကြံခြင်း တစ်နေရာ ဖြစ်သော မူလတောင်သည် စိတ်ဝိညာဉ် မှော်စာလုံး တောင်ထွတ်မှ ဖန်တီးမှု တစ်ခု ဖြစ်သည်။
ယောင်ယောင်က အကြီးအကဲကို လှမ်းကြည့်လိုက်ပြီး ခေါင်းခါကာ “စိတ်မဝင်စားဘူး”
ယောင်ယောင် ထိုသို့ ပြောလာ လိမ့်မည်ဟု မမျှော်လင့်မိ သောကြောင့် မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲက ကြောင်အသွားသည်။ အတွင်းတောင် တပည့်တိုက်ရိုက် ဖြစ်နိုင်သည့် အခွင့်အရေးကို သူမက အမှန်ပင် စိတ်မဝင်စား ဖူးတဲ့လား။
အကြီးအကဲက တစ်စုံတစ်ခု ပြောမည့်ဟန်ဖြင့် အချိန်အကြာကြီး ယောင်ယောင်ကို လက်ညှိုးနှင့် ထိုးနေခဲ့ပြီး အဆုံးတွင် သူ၏ ခေါင်းကို ခါယမ်းလိုက်ပြီး ခါးသက်သက် ပြုံးကာ “ကောင်းပြီ။ မင်းရဲ့ ဆန္ဒအတိုင်းပဲ”
“အနာဂတ်မှာ သူတော်စင် မှော်စာလုံး တောင်ထွတ်ကို မင်းဝင်ချင်တဲ့ အခါကျ ငါ့ကို အသိပေးပါ။ ငါ့ရဲ့ သူတော်စင် တောင်ထွတ်မှာ မူလ မှော်စာလုံးတွေ အများကြီး ရှိတယ် ပြီးတော့ အရင်းအမြစ်တွေလည်း အလျှံအပယ် ရှိတယ်”
သူက ယောင်ယောင်၏ ပါရမီကို တွေ့မြင်ပြီးပြီ ဖြစ်သည်။ သူမ၏ မူလမှော်စာလုံး စွမ်းရည်နှင့် ပတ်သက်ပြီး သူအတော် အံ့အားသင့် ရပေသည်။ သူတွေ့ဖူးသော တပည့်များ ထဲတွင် သူမလောက် အံ့အားသင့်ဖွယ် ပါရမီ ပါသူများကို မတွေ့ဖူးပေ။
ရှေးဟောင်း မူလ မှော်စာလုံးများဟု ပြောလိုက်သည်တွင် ယောင်ယောင်၏ မျက်လုံးများ လှုပ်ရှား သွားသော်လည်း သူမက ခေါင်းသာ ခါလိုက်သည်။ ဇူယွမ်မှာ ဒုတိယမြောက် သူတော်စင် စာလုံးကို ရရှိရန်အတွက် မူလသူတော်စင် တောင်ထွတ်ကို သွားရမည် ဖြစ်သဖြင့် သူမမှာလည်း မည်သည့် အကြောင်းပြချက်နှင့်မှ အခြား နေရာသို့ သွား၍ မဖြစ်ပေ။
မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲက ရယ်မောလိုက်ပြီး သူမကို ဆက်လက်ပြီး စည်းရုံးခြင်း မပြုတော့ပေ။
“မင်းရဲ့ မူလ စုတ်ချက်တွေမှာ ပြိုင်ဘက်ကင်းတဲ့ ထူးခြားမှုတွေ ပါဝင်နေတယ်။ ငါပြန်ပြီးတော့ အဲဒါတွေကို ရင်ဆိုင်ဖို့ လေ့လာမှု လုပ်လိုက်ဦးမယ်” သူက ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ဇူယွမ်ကို ကြည့်လိုက်သည်။
“မင်းကတော့ မကြာသေးခင်က အပြင်ဘက် တောင်တွေမှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့တာပဲ”
သူက ဇူယွမ်ကို အကဲခတ်လိုက်ပြီး ဆက်ပြောသည်။
“သို့သော်လည်း တကယ်တော့ မင်းက တခြား သူတွေရဲ့ သွေးကြောတွေကို မြင်နိုင်အောင် ကူညီပေးပြီး မင်းရဲ့ စွမ်းရည်ကို ပြသခဲ့တာပဲ။ သည်အရာက စိတ်ဝိညာဉ်ရဲ့ မြင်နိုင်စွမ်း အရမ်းကို ထက်ရှနေမှာ လုပ်နိုင်တဲ့အရာ ဟုတ်တယ်မလား”
ဇူယွမ်က ပြုံးပြ လိုက်သော်လည်း မည်သည့် စကားမှမဆိုပေ။ သူ့အနေဖြင့် ပုံမှန်အားဖြင့် သူ့တွင် အနက်ဖော် သူတော်စင်စာလုံး ရှိနေခြင်းကို ထုတ်ဖော်ပြောမည် မဟုတ်ပေ။
“မင်းတို့ နှစ်ယောက်လုံးက တကယ်ကို မရိုးရှင်းဘူးပဲ”
မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲက ပြုံး၍ မှတ်ချချကာ တစ်ဖက်သို့ လှည့်ပြီး ဖြည်းညင်းစွာ ထွက်ခွာ သွားတော့သည်။
အကြီးအကဲ ထွက်ခွာ သွားသည်ကို ကြည့်ရင်း ဇူယွမ်က မေးလိုက်သည်။ “အစ်မကြီး ယောင်ယောင် သူက ဘယ်သူလဲ”
ယောင်ယောင်က ပျင်းရိစွာဖြင့် ပြန်ဖြေသည်။
“မသိဘူး။ ငါအစောပိုင်းက မူလ မှော်စာလုံးတွေကို လေ့လာနေတုန်း သူက ရုတ်တရက် ရောက်လာပြီး ငါ့ကို သင်ကြားပေးချင်တယ် ပြောတယ်။ ဒါကြောင့် ငါက သူ့ကို ငါ့ရဲ့ ဆရာဖြစ်ဖို့ ကောင်းကောင်း မလုံလောက် သေးဘူးလို့ ပြန်ပြောလိုက်တာ”
“ဒါနဲ့ပဲ သူက စိတ်ဆိုးသွားပြီး ငါ့နဲ့ မူလမှော်စာလုံး ယှဉ်ပြိုင်မယ် ပြောလာတယ်။ အခုကြည့် အဆုံးမှာ သူငါ့ကို မနိုင်သွားဘူးလေ”
ဇူယွမ်၏ ပါးစပ်မှာ ပိတ်ချီ ဖွင့်ချီဖြစ်နေသည်။ အစ်မကြီး ယောင်ယောင်က တကယ်ပင် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။
မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲက တကယ့်ကို သာမန်မဟုတ်ပေ။ ကန်ရွှမ်း ကလန်၌ မြင့်မားသော အဆင့်အတန်း ရှိပုံရသည်။ ပြီးတော့ အစ်မကြီး ယောင်ယောင်က သူ့ကို ကောင်းကောင်း လုံလောက်မှု မရှိသေးဟု တဲ့တိုး ပြောဆိုခဲ့သည် ... ထိုလူအိုကြီး စိတ်ကောင်း ရှိနေခြင်းကို ဘုရားအား ကျေးဇူးတင် ရပေမည်။ မဟုတ်လျှင် သူတို့ကို တစ်ချက်တည်းနှင့် ကျွမ်းထိုးမှောက်ခုန် ဖြစ်အောင် လုပ်သွားနိုင်သည်။
ဇူယွမ်က ခေါင်းခါယမ်း လိုက်ပြီး သည်ကိစ္စကို ဆက်လက် မစဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ သူက ပြုံးလိုက်ပြီး ပြောသည်။
“သူ့အကြောင်းကို မေ့လိုက်တော့။ သွားရအောင်။ ဒီနေ့ သင်းရနံ့တစ်ရာ စားသောက်ဆိုင်မှာ မင်းတို့ စားချင်တာစား ငါဒကာခံမယ်”
သူက ခါးရှိ သို့လှောင်အိတ်ကို ပုတ်လိုက်ပြီး အားရ ဝမ်းသာစွာ ပြောလိုက်သည်။
“ငါတို့မှာ အခု ပိုက်ဆံရှိနေပြီ”
ဝေါင်း ...
ယောင်ယောင်က မည်သည်မှ မပြောသော်လည်း ဖန်ထန်က ချက်ချင်းဟိန်းသံ ပြုလိုက်သည်။ ထိုမျိုးမစစ် သားရဲလေးက မျက်လုံးများပင် တောက်ပနေပေသည်။
ယခင်က သူတို့ သင်းရနံတစ်ရာ အိမ်တော်ရှေ့က ဖြတ်လျှောက်တိုင်းတွင် ထန်ထန်က ထိုနေရာသို့ ပြေးဝင်လေ့ ရှိသည်။ သို့သော်လည်း ထိုအချိန်တွင် ဇူယွမ်၌ တကယ်ကို ပိုက်ဆံ မရှိသောကြောင့် ထန်ထန်ကို တရွတ်တိုက် ပြန်ဆွဲခေါ် လာရမြဲ ဖြစ်သည်။
ပြီးလျှင် ထန်ထန်က ဇူယွမ်ကို သတ်ဖြတ်လိုစိတ် အပြည့်နှင့် ကြည့်နေတတ်သည်။
ဇူယွမ်မှာ ပုံမှန်အားဖြင့် ထန်ထန်ကို ဆုချီးမြှင့်ရန် မူလကတည်းက ရည်ရွယ်ထားပြီး ဖြစ်သည်။ သို့မှသာ ကျူးယွဲ့က ရုတ်တရက် စိတ်ရူးပေါက်ပြီး သူ့ကို သတ်ဖို့ ကြိုးစားလာလျှင် ဇူယွမ်က ထန်ထန်ကို ကျူးယွဲ့ထံသို့ ပစ်လိုက်ရုံသာ ...