ယှဉ်ပြိုင်ပွဲ မတိုင်မီ
Vol. 18 Ch. 242
သည်ရက်ပိုင်းအတွင်း ဇူယွမ်နှင့် ကျူးယွဲ့တို့၏ကြားက မူလကျင့်စဉ် ယှဉ်ပြိုင်မည့်ပွဲသည် အပြင်ဘက် တောင်များတွင် အာရုံစိုက်စရာ ဖြစ်နေပေသည်။ ထိုအရာက လူအများ၏ အာရုံစိုက်မှုကို ယူထားပြီး ထိုအကြောင်းအရာကိုသာ ခေါင်းစီးလုပ်၍ ပြောဆို နေကြပေသည်။
ကျူးယွဲ့က သည်လို နည်းလမ်းဖြင့် တိုက်ခိုက် လာလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားပေ။
သို့ပေမဲ့ ထိုအရာက အလွန် စေ့စပ်သော လှုပ်ရှားမှုတစ်ခု ဖြစ်ပြီး မည်သူကမှ သည်မူလကျင့်စဉ် ယှဉ်ပြိုင်ပွဲက ကျူးယွဲ့၏ ဇူယွမ်အပေါ် အနိုင်ကျင့်မှုဟု မပြောနိုင်ပေ။
သို့သော်လည်း ထိုအရာက ဇူယွမ်အတွက် ကောင်းမွန်ပုံ မရပေ။ လူတိုင်းက ဇူယွမ်တွင် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်နှင့် ပတ်သက်ပြီး မည်မျှ ပါရမီ ရှိစေကာမူ ထိုကျင့်စဉ်ကို နှစ်နှစ်မျှ လေ့ကျင့်ခဲ့သည် ကျိုးယွဲ့နှင့် မယှဉ်နိုင်လောက် ဟုသာ ထင်မြင် နေကြသည်။
ထို့ပြင် အတွင်းတောင် တပည့်တစ်ယောက် ဖြစ်နေသောသူက လွယ်ကူသော ပြိုင်ဘက် မဟုတ်ပေ။
များစွာသော အပြင်ဘက်တောင် တပည့်များသည် ထိုကိစ္စကို လွန်စွာ စိတ်မကောင်း ဖြစ်နေကြ ပေသည်။ ဇူယွမ်သာ ရှုံးနိမ့်သွားပါက သူတို့အားလုံး ရွေးချယ်စရာ မရှိဘဲ ကျူးယွဲ့၏ နေရာသို့ သွားကာ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို သင်ကြား ရပေလိမ့်မည် ...
***
အပြင်တောင်ရှိ အိမ်ငယ်လေး တစ်လုံးတွင်
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လုဖန်းမှာ ကျောက်တုံးစင်မြင့် တစ်ခုပေါ်တွင် ထိုင်လျက်ရှိပြီး သူ၏ ပတ်ဝန်းကျင်တွင် မူလချီများက ဝန်းရံလျက် ရှိသည်။ ၎င်းမူလချီများမှာ သူ၏ နှာခေါင်းဝမှ တစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ အဖြူရောင် အငွေ့များ အသွင် ပြောင်းလဲကာ ဝင်ရောက် သွားတော့သည်။
သူ၏ နောက်တွင် လေတိုးသံ တစ်ချက် ကြားလိုက် ရပြီးနောက် လုဖန်း၏ မျက်လုံးများမှာ ပွင့်လာခဲ့သည်။ ထိုနောက် သူ၏ နောက်ကျောဘက်တွင် အပြာရောင် ဝတ်စုံနှင့် လူငယ် တစ်ယောက်ကာ မတ်တတ်ရပ် နေသည်ကို တွေ့လိုက်သည်။ ထိုလူငယ်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းပြီး ရှည်လျားကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အချိန်တိုင်း တွေ့နိုင်ပေသည်။ သို့သော်လည်း ထိုအပြုံးမှာ ဓားသွားများနှင့် တူညီသည့် ခံစားချက်ကို ပေးစွမ်းသောကြောင့် မည်သူမှ သူ့ကို တိုက်ရိုက် ကြည့်ရဲ ကြလိမ့်မည် မဟုတ်ပေ။
ထို အပြာရောင် ဝတ်ရုံနှင့် လူငယ်လေးကို ယန်ရှိုးဟု ခေါ်ဆိုပြီး အပြင်ဘက်တောင် တပည့်များ ကြားတွင် သြဇာလွှမ်းမိုးသော အရှိန်အဝါရှိသူ တစ်ယောက်ဖြစ်သည်။ ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက်တွင် တတိယ နေရာ၌ ရပ်တည်နေပြီး လုဖန်းနှင့် ဂူဟွမ်ဂျီတို့ အောက်သာ နိမ့်ကျပေသည်။
ယန်ရှိုးက ပြုံးပြကာ ပြောလိုက်သည်။
“ကြားပြီးပြီလား။ ဇူယွမ်ဆိုတဲ့ ကောင်လေးက ကျူးယွဲ့နဲ့ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ယှဉ်ပြိုင်ကြ မလို့တဲ့”
လုဖန်းက တည်ငြိမ်စွာနဲ့ပဲ ပြောသည်။
“သူ့ရဲ့ စွမ်းရည်ကို အလွန်အမင်း မျှော်လင့် အားကိုးနေတာပဲ”
ယန်ရှိုးက ရယ်မောလိုက်ပြီး “ကြည့်ရတာ မင်းမှာ သူအကြောင်းနဲ့ ပတ်သက်ပြီး သဘောထား အယူအဆ အချို့ ရှိတယ်ထင်တယ်”
လုဖန်း၏ မျက်နှာ အမူအရာက တည်ငြိမ်စွာပဲ “သူ့အကြောင်းကို ငါ့မှာ သဘောထား အယူဆအချို့ ရှိရလောက်အောင် အရည်အချင်း မပြည့်မီဘူး။ ဒါပေမဲ့ သူက အရမ်းဉာဏ်နီ ဉာဏ်နက် များလွန်းတယ်။ သူက ရည်ရွယ်ချက် ရှိရှိနဲ့ ဟွမ်ဂျီအနားကို ရောက်လာခဲ့ပြီး သူမရဲ့ အဆက်အသွယ်ကို အသုံးချနိုင်ဖို့ မျှော်လင့်နေတာ”
“ပြီးတော့ မကြာသေးမီကမှ ဟွမ်ဂျီနဲ့ သူနဲ့တွေ့တာ အကြိမ်ရေ များနေပြီ”
လုဖန်း၏ အကြည့်က ကျဉ်းမြောင်းသွားပြီး အေးစက်စက် အလင်းတန်း တစ်ခုက သူမျက်လုံးတွင် ဖြတ်သန်းသွားသည်။
“သူသာ တကယ်ကို လိမ္မာပါးနပ်မှု မရှိရင်။ ငါက သူ့ကို အသိသွားပေး ရမယ်” လုဖန်းက ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။
လုဖန်း၏ စကားကြားချိန်တွင် ယန်ရှိုးက ပြုံးဖြဲဖြဲနှင့် “ဒီကလေးက တကယ့်ကို မင်းရဲ့ အာရုံကို ဖမ်းစားနိုင်တာပဲ”
လုဖန်းက အမူအရာ ကင်းမဲ့စွာနဲ့ “ဒါပေမဲ့ ကြည့်ရတာ သည်ကိစ္စမှာ ငါကိုယ်တိုင် ဝင်ပါဖို့ မလိုအပ်သေးဘူး ထင်တယ်။ ကျူးယွဲ့က အနက်ရောင်ခါးစည်း တပည့်တစ်ယောက် ဖြစ်ပေမဲ့ သူက အတွင်းတောင် တပည့် တစ်ယောက်ပဲလေ။ ပြီးတော့ ဒါက သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကိုပဲ ယှဉ်ပြိုင်ကြမှာဆိုတော့ သူက ဒီကောင်လေးကို ကောင်းကောင်း နင်းခြေ နိုင်သင့်ပါတယ်”
“ကျူးယွဲ့က တကယ်ကို အစွမ်းအစ မရှိတာပဲ။ ဒီလောက်နှစ်တွေ အများကြီး ပြီးတာတောင် သူက အခုမှ အနက်ရောင် ခါးစည်းတပည့် အဆင့်ပဲ ရှိသေးတယ်” ယန်ရှိုး၏ လေသံတွင် ကျူးယွဲ့အား အထင်သေးမှုများ အပြည့် ပါဝင်နေသည်။
လုဖန်းက လှမ်းကြည့်လိုက်ပြီး “သူ့ကို လျှော့မတွက်နဲ့။ ကျူးယွဲ့က အရမ်းကို ဉာဏ်နီဉာဏ်နက် များတယ်။ ပြီးတော့ သူ့ရဲ့ စွမ်းအားကိုလဲ ဖုံးကွယ်ထားတယ်”
သူက ခေါင်းမော့လိုက်ပြီး အပြင်ဘက်တောင်၏ တစ်နေရာကို အထင်သေးဟန်ဖြင့် အေးစက်စက် လှမ်းကြည့်လိုက်သည်။
“ကျူးယွဲ့က ဒီစိတ်ကြီး ဝင်နေတဲ့ ကလေးကို နင်းခြေပြီးကျရင် ငါက သူ့ကို ဘယ်လို ပြုမှုနေထိုင် ရမလဲ ဆိုတာ သင်ပေး သင့်တာပေါ့။ မှန်တယ်မလား”
“တောကြိုအုံကြား တိုက်ကြီးတစ်ခုက လာတဲ့ မင်းသား တစ်ပါးက ငါ့ရဲ့ မိန်းကလေးကို ခိုးယူဖို့ စဉ်းစား ရဲတယ်တဲ့လား”
လုဖန်း၏ နှုတ်ခမ်း ထောင်စွန်းမှာ တွန့်ကွေးသွားပြီး ယန်ရှိုးကို ပြောလိုက်သည်။ “ယှဉ်ပြိုင်ပွဲနေ့ ရောက်လို့ရှိရင် ငါတို့လည်း ဖျော်ဖြေပွဲကို သွားကြည့် ကြတာပေါ့”
***
နောက်ထပ် နေ့ရက်တွေမှာလည်း စမ်းချောင်း နံဘေးရှိ ကျင့်ကြံချိန်များမှာ ရပ်တန့်သွားခြင်း မရှိပေ။ ဇူယွမ်က လူတိုင်းကို သူတို့၏ သွေးကြောများ ဖွင့်နိုင်ရန် ကူညီပေးလျက် ရှိသည်။ ကွဲပြားခြားနား သွားသည် တစ်ခုမှ သူက အချိန်တိုင်းတွင် သူ၏ ကျင့်ကြံမှုတွင် နစ်မြုပ်နေခြင်း ဖြစ်သည်။
စမ်းချောင်း နံဘေးတွင် လူတိုင်းက ဇူယွမ်ကို လေးစား အားကျစွာ ကြည့်နေကြသည်။
ဇူယွမ်အနေဖြင့် သူ၏ နောက်ဆုံး စက္ကန့်အထိပင် အကောင်းဆုံး ကြိုးစားနေကြောင်း သူတို့ မြင်နိုင်ပေသည်။ သို့သော်လည်း ထိုမြင်ကွင်းက ဇူယွမ်အနေဖြင့် သူ့ကိုယ်သူ ယုံကြည်မှု မရှိသေးကြောင်း သူတို့ကို ခံစားမိစေသည်။
ထိုကြောင့် သူတို့၏ စိတ်အတွင်း၌ ဆက်လက်ပြီး ညည်းညူ မိကြပေသည်။ တကယ်တော့ သည်နေရာတွင် လေ့ကျင့်ခြင်းက အမှန်ပင် သာယာပျော်ရွှင်ဖွယ် ကောင်းပေသည်။
နောက် ရက်အနည်းငယ် အကြာတွင် သည်အခွင့်အရေးကို ဆုံးရှုံးရလိမ့်မည် ဟူသော အသိက သူတို့ကို စိတ်မချမ်းမသာ ဖြစ်စေသည်။
နောက်ထပ် လေ့ကျင့်ချိန် တစ်ခုပြီးနောက် တပည့်များက ဖြည်းညင်းစွာ လူစုခွဲ သွားကြချိန်တွင် ဂူဟွမ်ဂျီက ဇူယွမ်အနီးသို့ လျှောက်လာပြီး “ဟေ့ နင်လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ကြည့်ရတာ အဆင်မပြေ ဖြစ်နေတဲ့ ပုံပဲ”
ပြီးခဲ့သော နှစ်ရက်အတွင်း ဇူယွမ်က စတင်ပြီး တိတ်ဆိတ် လာသည်ကို သူမမြင်တွေ့ ရပေသည်။ ကြည့်ရသည်မှာ သူ့အနေဖြင့် ကျူးယွဲ့၏ ကြီးမားသော ဖိအားပေးမှု အောက်တွင် စိတ်ဖိစီး နေဟန်ရသည် ...
ဇူယွမ်၏ မျက်လုံးမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့ပြီးနောက် ပြုံးလိုက်ကာ “ကျူးယွဲ့က ငါ့ထက်အရင် သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေ့ကျင့်ခဲ့တာ အဲဒါကြောင့် ငါ့ရဲ့ ကျင့်ကြံနှုန်းကိုလည်း တိုးမြှင့်ဖို့ လိုတယ်”
“နောက်ဆုံး မိနစ်အထိ အားထုတ် ကြိုးပမ်းမယ်ပေါ့ ...” ဂူဟွမ်ဂျီ၏ နှုတ်ခမ်း ရဲလေးများမှာ ရှုံ့မဲ့သွားသည်။ သူမက ခဏမျှ တုံ့ဆိုင်း နေပြီးနောက် တိုးညင်းသော အသံဖြင့် ပြောသည်။
“ငါနင့်ကို ကူညီရမလား။ ငါ့မှာ ကျူးယွဲ့ကို အတွင်းတောင်ကို ပြန်ပြောင်းအောင် လုပ်ပေးနိုင်တဲ့ လူတစ်ယောက် ရှိတယ်”
သူမ၏ အကြီးအကဲအိုကြီးမှာ ဟုန်ယာ တောင်ထွတ်က ဆရာသခင်ပင် ဖြစ်ပြီး အလွန်အမင်း အဆင့်အတန်း မြင့်မားသူ တစ်ယောက်ဖြစ်သည်။ သူ၏ ပါးစပ်တစ်ချက် လှုပ်ရုံနှင့် အတွင်းတောင် တပည့်တစ်ယောက်ကို အပြောင်းအလဲ လုပ်ရန်မှာ မခက်ခဲပေ။
ဇူယွမ်က ဂူဟွမ်ဂျီကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်ပြီး ထိန်းမထား နိုင်ဟန်ဖြင့် အားရပါးရ ပြုံးလိုက်သည်။
“ငါက နင့်ကို အနောက်တံခါးက ဝင်တဲ့သူတွေကို မုန်းတဲ့သူလို့ ထင်ထားတာ”
ကန်ရွှမ်းကလန်ကို ရောက်စတွင် ဂူဟွမ်ဂျီက သူ့ကို အတော်လေး အမြင်မကြည် ခဲ့သည်မှာ တစ်ပါးသူအပေါ် မှီခို အားထားပြီး ရရှိလာခဲ့သည့် သူ၏ ပထမတန်း တပည့် အဆင့်အတန်းကြောင့် မဟုတ်ပါလော။
ယခုတော့ ဂုဏ်ယူရသည့် ဂူဟွမ်ဂျီက သူ့အား ထိုသို့ ကူညီမည်ဟု ကမ်းလှမ်းခြင်းက သူ့အား အလွန်အမင်း အံ့အားသင့် စေပေသည်။
ထိုစကားကြောင့် ဂူဟွမ်ဂျီ၏ လှပသော မျက်နှာလေးမှာ ရှက်ရွံ့မှုကြောင့် နီရဲသွားသည်။ ခဏကြာပြီးနောက် သူမက ဇူယွမ်ကို စိုက်ကြည့်လိုက်ပြီး “ငါက အပြင်ဘက်တောင်မှာ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ကျင့်ကြံနေတဲ့ သူတွေအတွက် စဉ်းစားပြီး လုပ်ပေးမယ် ပြောတာ။ နင့်ရဲ့ အစွမ်းအစက သည်လူတွေ အတွက် ကောင်းမွန်တယ်။ ဒါကြောင့်နင့်ကို ဒီနေရာမှာပဲ ရှိစေချင်လို့”
“ဒါပြင် နင်က ငါ့ကို သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ် ဒုတိယအဆင့် ရောက်အောင် ကူညီပေးမယ်လို့ ပြောထားတယ်လေ။ နင်သာငါ့ကို မသင်ပေးနိုင်တော့ရင် ငါက ဘာလုပ်ရမလဲ”
ဇူယွမ်က စတင်ပြီး ရယ်မောလိုက်သည် သူ့အမြင်တွင် ဂူဟွမ်ဂျီက အခု နောက်ပိုင်းတွင် အနည်းငယ်ပို၍ ကောင်းမွန် လာပေသည်။ သို့သော်လည်း သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး “မင်းရဲ့ စေတနာကို ကျေးဇူး တင်ပါတယ်။ ဒါပေမဲ့ ငါ့နည်းလမ်းနဲ့ငါ ဖြေရှင်းတာ အကောင်းဆုံးပဲ”
သူ့အနေဖြင့် ဂူဟွမ်ဂျီ၏ အဆက်အသွယ်ကို မှီခိုအားထား လိုက်လျှင် ထိုစကားများ ပျံ့နှံ့သွားပါက သူမ၏ ဂုဏ်သတင်း အပေါ်တွင် သက်ရောက်မှု ရှိပေလိမ့်မည်။
ကျူးယွဲ့ လောက်နှင့် မိန်းကလေး တစ်ယောက်၏ အဆက်အသွယ်ပေါ် မှီခို အားထားရန် မလိုအပ်ပေ။
ဂူဟွမ်ဂျီက အပြစ် တင်ဟန်ဖြင့် “နင်ဘယ်လောက် ခေါင်းမာနိုင်မလဲ ငါကြည့်ဦးမယ်”
သူမ၏ ပါးစပ်က ထိုသို့ ပြောသော်လည်း သူမ၏ နှလုံးသားထဲတွင် အနည်းငယ် သက်သာရာ ရမိပေသည်။ ဇူယွမ်သာ သူမပြောသည့် ကိစ္စကို သဘောတူပါက သူမ အနေဖြင့်လည်း အနည်းငယ် စိတ်ပျက်မိမည် ဖြစ်သည်။
သူမ၏ အမြင်တွင် ပြုံးလိုက်သည့် အချိန်၌ ကြည့်ကောင်းပြီး သိမ်မွေ့ဟန် ရသော ထိုကောင်လေးသည် သူ၏ အရိုးထဲတွင် မည်သူ့ကိုမှ အရှုံးမပေး ဒူးမထောက် လိုသော မာနသိက္ခာများ ရှိနေပေသည်။
“ကောင်းပြီ နင်ကောင်းကောင်း ကြိုးစားနေလိုက်။ သည်ရက် အနည်းငယ်နဲ့ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်မှာ နင်ဘယ်လောက် တိုးတက်နိုင်မလဲ ကြည့်ဦးမယ် ...”
သူမ၏ သေးကျဉ်သော ခါးလေးထောက်ကာ တစ်ဖက်သို့ လှည့်လိုက်သည့် ဂူဟွမ်ဂျီ၏ အနီရောင် ပုံရိပ်လေးမှာ မီးတောက်လေး တစ်ခုကို မလွတ်မြောက်အောင် ထုပ်ပိုး ထားသည့်နှယ်။
***
များစွာသော တပည့်များ၏ စောင့်စားမှု အောက်တွင် ငါးရက်တာက ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။
ငါးရက်မြောက်နေ့ မနက်ခင်းတွင် နေအလင်းရောင်က ပါးလျှသော တိမ်ထုကို ဖြတ်ကာ တောင်တန်းများ ပေါ်သို့ ဖြာကျသည်။ အပြင်ဘက်တောင် တစ်ခုလုံးသည် ညအချိန်တွင် တိတ်ဆိတ် နေရာမှ ထိုအခိုက်တွင် စတင် ဆူညံသက်ဝင် လာသည်။
မရေမတွက်နိုင်သော ပုံရိပ်များသည် ကောင်းကင်ပေါ်သို့ ပျံဝဲတက်လာပြီး တောင်ကြီး တစ်လုံးဆီသို့ ဦးတည် ပျံသန်း သွားကြသည်။
အိမ်များထဲမှ တစ်လုံးတွင် ဝတ်စုံအပြည့် ဝတ်ဆင်ထားသော ကျူးယွဲ့က တံခါးမဆီမှ ကျူးဖန် စောင့်နေသော နေရာသို့ လမ်းလျှောက် ထွက်လာခဲ့သည်။
ကျူးဖန်က ကျူးယွဲ့ကို လှမ်းကြည့်လိုက်ပြီး စိတ်အား တက်ကြွစွာဖြင့် ပြောသည်။
“အစ်ကိုကြီး နောက်ဆုံးတော့ ငါတို့ရဲ့ နစ်နာမှုတွေ မကျေနပ် ချက်တွေကို ဒီနေ့မှာ ဖြေရှင်း နိုင်တော့မယ်”
ကျူးယွဲ့၏ အမူအရာက ပြောင်းလဲခြင်း မရှိဘဲ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အပြင်ဘက် တောင်တစ်လုံးရှိ စမ်းချောင်းရှိရာသို့ လှမ်းကြည့်လိုက်သည်။ အဆုံးတွင် သူ၏ နှုတ်ခမ်း ထောင့်စွန်း၌ သရော်တော်တော် အပြုံးတစ်ခု ပြုံးလိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းလိုက်သည်။
“သွားကြစို့ ဒီနေ့ပြီးရင် သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ဆိုတဲ့ စကားလုံး သုံးလုံးကို ဇူယွမ်လုံးဝ မပြောရဲအောင် ငါလုပ်ပြမယ်”