နှစ်ကုန်စားသောက်ပွဲ! ဂီတပွဲအခမ်းအနားစာလိပ်ကို လက်တွေ့အသုံးချရင်? ၃
Vol. 19 Ch. 271
''ဟုတ်ကဲ့... ကျွန်တော်စီစဉ်လိုက်မယ်'' ချန်လီခေါင်းညိမ့်လိုက်သည်။
ဒါအပြင်လောကကြီးကို ရုံချန်းစီရင်စုကလည်း ဒီလိုကုမ္ပဏီမျိုးထွက်တယ်ဆိုတဲ့အကြောင်း ပြောနိုင်ခြင်းပင်။ ရင်းနှီးမြှုပ်နှံလိုသူများရှိလျှင် ရုံချန်းစီရင်စုကိုထည့်သွင်းစဉ်းစားကြလိမ့်မည်။
စီရင်စုငယ်လေးမှာ ကြော်ငြာနိုင်တာမှန်သမျှ အသုံးချရမည်။
ချင်းလင်စံအိမ်၌_


ချင်လင်က ချန်လီ၏အဖြေရသောအခါ ချက်ချင်းကျောက်မိုချင်းကိုပြောပြလိုက်သည်။
''စီရင်စုက နှစ်ကုန်စားသောက်ပွဲကျင်းပဖို့ စီရင်စုခန်းမကိုသုံးခွင့်ပေးတယ်ပေါ့'' ကျောက်မိုချင်းက အံ့သြသံနှင့်ပြောလိုက်၏_ ''တကယ်ကျင်းပရမယ်ဆိုရင် ဝန်ထမ်းတွေကို ကျွန်မအသိပေးလိုက်မယ်... စားသောက်ပွဲအတွက် စာရင်းသွင်းခိုင်းလို့လည်းရတယ်''
''အင်း!'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ ချန်လီကို စီရင်စုခန်းမငှားမယ့်အကြောင်းပြောပြီးပြီဆိုမှတော့ အခုစားသောက်ပွဲကျင်းပဖို့လုပ်ရတော့မှာပေါ့။
ကျောက်မိုချင်းလည်း စံအိမ်နှင့်အစားအသောက်ကုမ္ပဏီ၏ Wechat စီမံရေးအဖွဲ့ထဲဝင်ပြီး စာပို့လိုက်သည်_ ''စံအိမ်နဲ့အစားအသောက်ကုမ္ပဏီရဲ့နှစ်ကုန်စားသောက်ပွဲကို အတူတူကျင်းပပါမယ်... စီရင်စုခန်းမထဲမှာ စုပေါင်းပါတီပွဲလည်းရှိပါမယ်... မန်နေဂျာ... အရင်ဆုံးဝန်ထမ်းတွေကို အသိပေးလိုက်ပါ... စိတ်ဝင်စားတဲ့သူက ဖျော်ဖြေရေးအတွက် စာရင်းပေးနိုင်ပါတယ်လို့... ဆုလည်းချီးမြှင့်ပါမယ်''
ဒါက ရိုးရိုးရှင်းရှင်းအသိပေးရုံသာ။
စီမံခန့်ခွဲမှုအစီအစဉ်မှ သီးသန့်စာပို့မည်ဖြစ်ပြီး စံအိမ်နှင့်အစားအသောက်ကုမ္ပဏီတွင်လည်း ကြေညာချက်တင်ပေးမည်ဖြစ်သည်။
ချက်ချင်းပင် စံအိမ်နှင့်စက်ရုံစီမံရေးက ထိုစာကိုတွေ့သွား၏။
ချန်တပေမှာ စောင့်ကြည့်ကင်မရာခန်းထဲတွင် စောင့်ကြည့်ဗီဒီယိုများစစ်ဆေးနေသည်။ သူကဖုန်းထုတ်၍ နှစ်ကုန်စားသောက်ပွဲဖျော်ဖြေရေးအတွက် ဆုကိုကြည့်လိုက်ပြီး ရုတ်တရက်သီချင်းထဆိုလိုက်၏_ ''ဆန္ဒတွေဆုံးရှုံးသွားတဲ့အခါ မကြေကွဲဘဲမနေ... လောကဓံကြားမှာ မအေးစက်ဘဲမနေ... အပြင်းအထန်တိုက်ခိုက်မှ အနိုင်ရနိုင်မလား...''
ထိုအသံကြောင့် စောင့်ကြည့်ကင်မရာခန်းထဲမှ လုံခြုံရေးအစောင့်များက သူ့ကိုကြည့်လာသည်။
ချန်တပေက လုံခြုံရေးအစောင့်များကိုမေးလိုက်၏_ ''ဘယ်လိုလဲ? ငါသီချင်းဆိုတာ ဘယ်လိုနေလဲ?''
စောင့်ကြည့်ကင်မရာခန်းထဲတွင် လုံခြုံရေးအစောင့်များမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ကြီးကြပ်ချန်မသိဘူးလား?
ကောင်းယောင်ယောင်နှင့်အစ်မလျန်က မီးသတ်စာစောင်များထုတ်ပြီး စားသောက်ဆိုင်ထဲမှစားပွဲပေါ်တင်နေသည်။ သူတို့လည်း အသိပေးစာကိုတွေ့သွားပြီး_ ''နှစ်ကုန်စားသောက်ပွဲကျင်းပမှာလား? ဖျော်ဖြေရေးလည်းရှိတယ်တဲ့''


အစ်မလျန်က စပ်စပ်စုစုလှမ်းကြည့်လိုက်သည်။ အသိပေးစာကိုတွေ့သောအခါ သူမကချက်ချင်းမေးလိုက်၏_ ''မန်နေဂျာယောင်ယောင်... ကျွန်မသီချင်းဆိုတတ်တယ်... ကျွန်မစာရင်းပေးမယ်... KTV တွေမှာတုန်းက အမြဲတမ်းကျွန်မပဲမိုက်ကိုင်ခဲ့တာ''
သူမမှာ စံအိမ်ကလူလိုခံစားရပြီး အလွန်တက်ကြွနေသည်။ ဘာပဲဖြစ်ဖြစ် လစာကအရမ်းမြင့်တယ်လေ။
ဒီလိုပွဲမျိုးမှာ ပိုပြီးထုတ်ပြနိုင်ခဲ့ရင် နောင်မှာအလုပ်လျှောက်ဖို့ လုံးဝပိုလွယ်သွားမည်။
ချင်းလင်စံအိမ်အစားအသောက်ကုမ္ပဏီ၌_
တန့်ကွမ်းလည်း Wechat အဖွဲ့ထဲမှစာကိုတွေ့သွားသည်။
ဒီစားသောက်ပွဲက သူ့အတွက်လည်းပထမဆုံးဖြစ်၏။ သို့သော် ကုမ္ပဏီဘယ်လောက်မြန်မြန်ဆန်ဆန်တိုးတက်လာသည်ကိုတွေးကြည့်သောအခါ ဒါတွေက နောင်မှာမရှိမဖြစ်ပင်။
နောက်ပြီး သူဌေးကတော်က ဒီစာကိုပို့ထားပြီဆိုတော့ မဖြစ်မနေလုပ်ရတော့မည်။ စက်ရုံကနေ စံအိမ်ထက်မညံ့သောအစီအစဉ်တချို့ကိုတင်ဆက်ရမည်။
သူက မိန်းမငယ်လေးနှစ်ယောက်ကိုချက်ချင်းခေါ်လိုက်၏။
သူတို့က အစားအသောက်ကုမ္ပဏီမှအသစ်ခန့်ထားသော ရုံးစာရေးနှစ်ယောက်ဖြစ်ပြီး တက္ကသိုလ်ဘွဲ့ရများဖြစ်သည်။
''ဥက္ကဌတန့်... ဘာလုပ်ပေးရမလဲ?'' မိန်းကလေးတစ်ဦးကမေးလိုက်သည်။
''ရှောင်လီ... စက်ရုံတွေကိုသွားပြီး ဒီနှစ်နှစ်ကုန်စားသောက်ပွဲရှိတဲ့အကြောင်း အားလုံးကိုပြောပြလိုက်ပါ... ဖျော်ဖြေမယ့်သူတွေ တန်းပြီးဇာတ်တိုက်နိုင်တယ်... စက်ရုံက သူတို့ကိုအပိုဆုကြေးပေးမယ်... အချိန်ကျလို့ နှစ်ကုန်စားသောက်ပွဲဖျော်ဖြေရေးမှာအနိုင်ရရင် တခြားဆုတွေရှိဦးမယ်'' တန့်ကွမ်းက ရုံးစာရေးနှစ်ဦးကိုချက်ချင်းညွှန်ကြားလိုက်သည်။
ကြိုတင်ပြင်ဆင်မှုမရှိသောတိုက်ပွဲကို သူတိုက်လိမ့်မည်မဟုတ်။ အထက်လူကညွှန်ကြားသောကိစ္စကိုကြည့်ကောင်းအောင် သူလုပ်ရမည်။
''ကောင်းပါပြီ... ဥက္ကဌတန့်'' ရှောင်လီက ချက်ချင်းပြန်ဖြေလိုက်သည်။ ရုံးစာရေးများအနေနှင့် ဒီလိုကိစ္စတွေစည်းရုံးရာမှာလည်းတော်သည်။
သို့ရာတွင် စံအိမ်ရုံခန်းထဲ၌_
ကျောက်မိုချင်း အဖွဲ့ထဲစာပို့ပြီးနောက် ချင်လင်က သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး အံ့အားသင့်သွားသည်။ စနစ်ကအသိပေးသောစာဝင်လာ၏။
(ဂီတပွဲအခမ်းအနားအတွက် လိုအပ်ချက်ပြည့်စုံမှု ၁/၄!)