ဆန်းကြယ်သောအထူးပစ္စည်း!
Vol. 19 Ch. 272
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား ဂီတစာလိပ်ကိုအကြာကြီးလေ့လာစေခဲ့ရာ တုံ့ပြန်မှုမရှိခဲ့။ ဒီအသိပေးစာကြောင့် သူမယုံနိုင်အောင်ဖြစ်သွားသည်။
ရုတ်တရက် သူလိုအပ်ချက်ဖြည့်လိုက်မိလား?
သူဘာလုပ်ခဲ့လို့လဲ?
ကြည့်ရတာ ကျောက်မိုချင်းက Wechat စီမံရေးအဖွဲ့ထဲ စာပို့လိုက်၍ဖြစ်မည်။
အဲဒါနဲ့ဘယ်လိုပတ်သက်လို့လဲ?
ဒါဂီတပွဲအခမ်းအနားစာလိပ်ကို အသုံးပြုနည်းအမှန်လား? လက်တွေ့ဘဝမှာရော ကျင်းပနိုင်လား?
သေသေချာချာတွေးကြည့်လိုက်ရာ စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲမှ တေးဂီတပွဲကလည်း မြို့တော်စီးပွားရေးတိုးတက်ခြင်းအတွက် အောင်ပွဲခံခြင်းဖြစ်သည်။ နှစ်ကုန်စားသောက်ပွဲမှာလည်း အောင်ပွဲခံခြင်းဖြစ်၏။
ဒါပေမဲ့အခု လိုအပ်ချက် ၄ ခုထဲက ဘယ်တစ်ခုပြည့်သွားတာလဲ?
အလုံအလောက်အာရုံစိုက်ခံရမှုတော့ လုံးဝမဖြစ်နိုင်။
စံအိမ်တစ်ခုလုံးနဲ့အစားအသောက်ကုမ္ပဏီကသိတယ်ဆိုရင်တောင် လူက ၈၀၀ နီးပါးရှိတာ။ အာရုံစိုက်ခံရမှု သေချာပေါက်မရှိနိုင်သေး။
တေးဂီတအစီအစဉ်အနည်းဆုံး ၁၀ ခုရှိရမည်ဆိုသောအချက်က ပိုပြီးဖြစ်နိုင်ချေနည်းသည်။ ဂီတအစီအစဉ်နေနေသာသာ ပါတီတောင်မကျင်းပရသေး။


ဝန်ထမ်းတွေလုံလုံလောက်လောက်အားတက်သရောရှိတာလည်းမဖြစ်နိုင်။ ကျောက်မိုချင်းကသတင်းဖြန့်ခါစရှိသေး၍ အားတက်သရောဖြစ်ဖို့မပြောနှင့်၊ ဝန်ထမ်းအများကြီးပင်မသိလောက်သေးချေ။
ဒါဆိုရင် ဝန်ထမ်းတွေအတွက် တေးဂီတပွဲကျင်းပပေးခြင်းလိုအပ်ချက်သာရှိတော့သည်။
ကျောက်မိုချင်းစာပို့လိုက်သောအခါ စားသောက်ပွဲစတင်ပြင်ဆင်ပြီဟု ကြေညာလိုက်သလိုဖြစ်ပြီး စနစ်ကအလိုအလျောက်ထောက်ခံလိုက်တာဖြစ်မည်။
အခုသူမလုပ်တော့ဘူးလို့များကြေညာလိုက်ရင် ဒီလိုအပ်ချက်မပြည့်မီကြောင်းထပ်ရလာမလား?
ဒီလိုပျင်းစရာကောင်းတဲ့အလုပ်မျိုးတော့မလုပ်ဘူးပေါ့။
သို့သော် စားသောက်ပွဲကို တေးဂီတပွဲအဖြစ်အသုံးချနိုင်ရင် တခြားအချက်သုံးချက်ကိုဖြည့်ဆည်းနိုင်မည့်နည်းစဉ်းစားရမည်။
အရင်ဆုံး တေးဂီတအစီအစဉ် ၁၀ ခုရှိရမည်။
သူက Wechat စီမံရေးအဖွဲ့ထဲ နောက်ထပ်စာတစ်စောင်ချက်ချင်းပို့လိုက်သည်_ ''စီမံရေးက ဝန်ထမ်းတွေကို အစီအစဉ်အတွက်စာရင်းသွင်းဖို့ စည်းရုံးကြည့်သင့်တယ်... တေးဂီတအစီအစဉ် ၁၀ ခုအာမခံနိုင်ရင်အကောင်းဆုံးပဲ... ဖျော်ဖြေပြီး ထိပ်ဆုံးသုံးယောက်ထဲပါခဲ့မယ်ဆိုရင် ဟုန်ပေါင်းဆုကြေး ယွမ် ၃၀၀၀ လည်းရနိုင်တယ်''
ဒီအသိပေးချက်ကို တာဝန်ဟုလည်းယူဆနိုင်သည်။ စီမံရေးအပြင်အဆင်တွေ ဘယ်လောက်ပဲမတက်မကြွဖြစ်နေနေ တေးဂီတအစီအစဉ် ၁၀ ခုပြည့်အောင်လုပ်ရလိမ့်မည်။
သူတို့သူဌေးကိုပြန်ဝေဖန်ရဲလောက်အောင် ဘယ်သူမှမတုံးချေ။
ယွမ် ၃၀၀၀ ကတော့ အရည်အချင်းရှိသောဝန်ထမ်းများကိုစိတ်လှုပ်ရှားအောင် လုံးဝလှုံ့ဆော်လိုက်ခြင်းပင်။ တချို့အရည်အချင်းရှိဝန်ထမ်းများက ယွမ် ၃၀၀၀ ရအောင် စာရင်းပေးကောင်းပေးမည်။
ထင်ထားသည့်အတိုင်း ချင်လင်ထိုစာပို့ပြီးမကြာမီ အစားအသောက်ကုမ္ပဏီရုံးခန်းမှအထွေထွေမန်နေဂျာတန့်ကွမ်းက သူ့ဖုန်းထုတ်၍ ရှောင်လီဆိုသောစာရေးမလေးကိုဖုန်းဆက်ကာ ညွှန်ကြားလိုက်သည်_ ''ရှောင်လီ... တေးဂီတအစီအစဉ်အတွက် သီချင်းဆိုတတ်တဲ့ဝန်ထမ်းတွေ တက်တက်ကြွကြွစာရင်းလာသွင်းအောင် စည်းရုံးကြည့်ပါဦး... ဟုန်ပေါင်းဆုကြေး ယွမ် ၃၀၀၀ ရနိုင်တဲ့အခွင့်အရေးရှိကြောင်း ပြောပြလိုက်ပါ''
စံအိမ်ထဲ၌_
ကောင်းယောင်ယောင်လည်း ထိုသတင်းတွေ့လျှင် အစ်မလျန်အား_ ''အစ်မလျန်... အစ်မသီချင်းဆိုတတ်တယ်မလား? ကျွန်မစာရင်းပေးလိုက်မယ်... သီချင်းဆိုတတ်တဲ့ဘယ်သူမဆို ကျွန်မဆီမှာစာရင်းပေးမလား မေးကြည့်ပေးပါဦး... ယွမ် ၃၀၀၀ ရနိုင်တဲ့အကြောင်းပြောပြလိုက်ပါ''
''ကောင်းပါပြီ'' ယွမ် ၃၀၀၀ ဆုကြေးအကြောင်းကြားလျှင် အစ်မလျန်၏မျက်လုံးများဝင်းလက်သွားသည်။ ဒီဆုကြေးရဲ့ဝေစုကို ရကိုရရမည်။
ရုံးခန်းထဲတွင် ချင်လင်က Wechat အဖွဲ့ထဲစာပို့ပြီး သူ့ဖုန်းကိုချလိုက်သည်။
ဒီလိုဆိုရင် တေးဂီတအစီအစဉ်အနည်းဆုံး ၁၀ ခုရှိရမည်ဆိုတဲ့လိုအပ်ချက်ပြည့်စုံသွားမည်။
နောက်ကျန်တာက တေးဂီတပွဲကိုအာရုံစိုက်ခံရမှုအလုံအလောက်ရှိရမည်ဆိုတဲ့အချက်ရယ်၊ ဝန်ထမ်းတွေရဲ့စိတ်အားထက်သန်မှု အလုံအလောက်ရှိရမည်ဆိုတဲ့အချက်ရယ်။
ဝန်ထမ်းတွေအားတက်သရောရှိဖို့က လွယ်ပါတယ်။ ပါတီမှာ ကံစမ်းမဲနှိုက်တဲ့အပိုင်းထည့်လိုက်မယ်။ ဆုမဲအဖြစ် ဟွဝေးဖုန်းနဲ့လျှပ်စစ်ကားတချို့ဝယ်မယ်။ ဟုန်ပေါင်းလည်းပါမယ်။
ဟုန်ပေါင်းဆိုမှ ချန်ဟယ်၊ လင်ဖုန်း၊ ဝမ်ဝေနှင့် တခြားစီးပွားဖက်များကိုလည်း ဖိတ်ရမည်။ သူတို့ကို တခြားကုမ္ပဏီစားသောက်ပွဲတက်ဖို့ဖိတ်ကြားခံရရင် ကံစမ်းမဲနှိုက်ရန်အတွက် လက်ဆောင်အဖြစ် ဟုန်ပေါင်းတချို့ယူသွားလေ့ရှိကြသည်။


သည်လိုနှင့် ဟုန်ပေါင်းတွေပိုများလာမည်။
ဝန်ထမ်းတွေရဲ့စိတ်အားထက်သန်မှုမလုံလောက်ဘူးဆိုတာ သူမယုံ။
နှစ်ကုန်စားသောက်ပွဲအချိန်ကိုအတည်ပြုပြီး ဒီလူတွေကိုဖိတ်ကြားရန်သာလိုသည်။
ထို့ကြောင့် ချင်လင်နှင့်ကျောက်မိုချင်းက နှစ်ကုန်စားသောက်ပွဲအချိန်ကို ဆွေးနွေးကြ၏။
ကုမ္ပဏီများနှစ်ကုန်စားသောက်ပွဲအတွက် အချိန်သတ်သတ်မှတ်မှတ်မရှိပေ။ ကုမ္ပဏီ၏ကိုယ်ပိုင်အစီအစဉ်အပေါ်သာမူတည်သည်။
နောက်ဆုံး အချိန်ကို လနှစ်ပြက္ခဒိန်၏ ၂၈ ရက်နေ့ညဟုသတ်မှတ်လိုက်၏။
အကြောင်းမှာ ရုံချန်းစီရင်စုရှုမျှော်ခင်းနေရာမှာ ၂၉ ရက်၊ ၃၀ ရက်နှင့် နှစ်သစ်၏ပထမဆုံးရက်တွင် တဆက်တည်းအားလပ်ရက်များဖြစ်သောကြောင့် နှစ်သစ်၏ဒုတိယမြောက်နေ့တွင် တရားဝင်ဖွင့်ရမည်။
ရှုမျှော်ခင်းနေရာအတော်များများအတွက် အားလပ်ရက်ကာလလည်းဖြစ်၏။
စက်ရုံအတွက်မူ အားလပ်ရက်က ပိုကြာမည်ဆိုသော်လည်း နှစ်သစ်ရောက်ပြီးမှဖြစ်လိမ့်မည်။ အားလပ်ရက်များကို လနှစ်ပြက္ခဒိန်၏ ၂၉ ရက်တွင်စပိတ်မည်။
အချိန်သတ်မှတ်ပြီးနောက် ချင်လင်က ချန်ဟယ်၊ လင်ဖုန်းတို့ကို Wechat မှစာပို့ပြီး သူတို့၏ ၂၈ ရက်နေ့ နှစ်ကုန်စားသောက်ပွဲသို့ဖိတ်လိုက်သည်။
တစ်ဖက်တွင်…
လင်ဖုန်းက ချင်လင်၏ဖိတ်ကြားချက်ကိုတွေ့လျှင် ချက်ချင်းလိုလိုသူ့ဖုန်းကောက်ကိုင်ပြီး စာပြန်လိုက်သည်_ ''ဥက္ကဌချင်ရဲ့ဖိတ်ကြားခံရတာ ဂုဏ်ယူစရာပါ... ၂၈ ရက်နေ့ညကျရင် သေချာပေါက်အရောက်လာခဲ့ပါမယ်''
ချမ်းသာခြင်းနတ်ဘုရားရဲ့ဖိတ်ကြားချက်ကို သူဘာကြောင့်တွေဝေနေရမလဲ?
သို့သော် စာပြန်ပြီးနောက် လင်ဖုန်းခေါင်းခြောက်သွားသည်။ ချင်းလင်စံအိမ်ရဲ့နှစ်ကုန်စားသောက်ပွဲကိုတက်ဖို့ ဟုန်ပေါင်းယူသွားရမည်။
သို့ရာတွင် ဟုန်ပေါင်းဘယ်လောက်များများယူသွားရမလဲဆိုသည်က ပြဿနာ။ သူများထက်ပိုပြီးယူသွားနိုင်ရင် အကောင်းဆုံးပင်။ သဘောက ဥက္ကဌချင်ကိုမျက်နှာသာအပေးဆုံးက သူပါပေါ့။ ဥက္ကဌချင်က သူ့ကိုအမှတ်ရနေလိမ့်မည်။
နောက်ဆုံး သူအနည်းဆုံးဖြစ်နေမှာစိုးရိမ်မိသည်။ ဒီလိုဆို အောင့်သီးအောင့်သက်ဖြစ်ပြီး ဥက္ကဌချင်က လုံးဝအမှတ်ရနေလိမ့်မည်။ သူ့ကိုမျက်နှာသာမပေးရင် နောက်နှစ်ပစ္စည်းများများမှာတော့မည်မဟုတ်။
ဒါကလေလံတိုက်ပွဲလိုပင်။ ဘယ်သူ့ရဲ့နောက်ခံအခြေအနေကိုမှ လုံးလုံးမသိရချေ။
ဒီလိုအခြေအနေမျိုးမှာ တင်သွင်းသူများအကြား ဦးဆောင်ထားနိုင်ရင် အကောင်းဆုံးဖြစ်သည်။ မဟုတ်ရင် အလယ်အလတ်လည်းဖြစ်နိုင်သည်။ နောက်ဆုံးတော့ဖြစ်၍မရ။
သို့သော်လည်း ဟုန်ပေါင်းအများကြီးယူသွားရမှာ ရင်နာစရာ။ သူတို့က ကုမ္ပဏီကြီးမဟုတ်ပေ။
လင်ဖုန်းသာမဟုတ်။ တခြားတင်သွင်းသူများကလည်း ချင်လင်၏စာကိုရရချင်း စာပြန်ကြသည်။ ထို့နောက် လင်ဖုန်းလိုအခက်တွေ့နေကြ၏။
စီးပွားရေးက ခက်လှချည့်!
ချင်လင်က ဒါတွေမသိ။ သူများတွေ ဆံပင်ဖြူမတတ်တွေးနေရတာသိဖို့ အဝေးကြီး။
လောလောဆယ် သူ့ခေါင်းထဲရှိတာက သူ့ဝန်ထမ်းတွေရဲ့စိတ်အားထက်သန်မှုကိုလှုံ့ဆော်ဖို့ ဟုန်ပေါင်းတွေ၊ လက်ဆောင်တွေ အလုံအလောက်ရပြီဆိုတော့ အပြည့်အဝအာရုံစိုက်ခံရဖို့သာကျန်တော့သည်။