ဆန်းကြယ်သောအထူးပစ္စည်း! ၃
Vol. 19 Ch. 274
နောက်ဆုံး…
လနှစ်ပြက္ခဒိန်၏ ၂၈ ရက် နေ့လယ် ၃ နာရီ၌ စံအိမ်နှင့်အစားအသောက်ကုမ္ပဏီတွင် သန့်ရှင်းရေးအတွက် သူတို့ဝန်ထမ်းများကိုလူစုနေကြသည်။ ထို့နောက် အသုတ်လိုက်ခွဲ၍ စီရင်စုခန်းမဆီဦးတည်သွားကြ၏။
ဆရာလင်းမှာ စားသောက်ဆိုင်စားဖိုမှူးနှင့် အစားအသောက်ကုမ္ပဏီစားသောက်ဆိုင်ဝန်ထမ်းများကို စီရင်စုခန်းမဘေးရှိစားသောက်ဆိုင်လေးသို့ခေါ်သွားနှင့်သည်။
စီရင်စုခန်းမတွင် စားဖိုဆောင်မရှိသဖြင့် စီရင်စုခန်းမဘေးမှစားသောက်ဆိုင်ကိုသာငှားလိုက်ရသည်။ အချိန်ကျရင် အစားအသောက်များကို စီရင်စုခန်းမထဲပို့ပေးမည်။
စီရင်စုခန်းမမှာ ရုံချန်းစီရင်စုမြို့လယ်ခေါင်ရင်ပြင်၏ဘေးကပ်ရပ်တွင်ရှိသည်။ ထိုနေရာမှာ လူအစည်ဆုံးပင်။
အထူးသဖြင့် အပြင်ထွက်အလုပ်လုပ်ပြီး ပြန်လာကြသူများနှင့် ၂၈ ရက်နေ့တွင် ပိုပြီးစည်ကားနေ၏။
သို့သော်မကြာမီ အားလုံးမှာ စီရင်စုခန်းမထဲစုဝေးလာသောလူများကြောင့် အာရုံစိုက်မိကြသည်။
လူ ၈၀၀ နီးပါးက ဘာလုပ်မလို့လဲ? ကြက်ပျံမကျစည်ကားနေသောကြောင့် အာရုံမစိုက်မိဘဲနေဖို့မလွယ်။ နောက်ပြီး ရုံချန်းစီရင်စုရုပ်သံဌာန၏ကားကိုလည်းတွေ့လိုက်ရသည်။
ရုံချန်းစီရင်စုရုပ်သံဌာနကလူအားလုံးလာပြီးမှတ်တမ်းတင်ရတယ်ဆိုတော့ ဒီနေရာမှာတစ်ခုခုလုပ်တော့မည်။


တစ်ယောက်ပြီးတစ်ယောက် စိတ်ဝင်စားသွားပြီး စပ်စပ်စုစုချည်းကပ်လာကြ၏။
''ချင်းလင်စံအိမ်က နှစ်ကုန်စားသောက်ပွဲလုပ်တာဖြစ်မယ်... စည်းရုံးနေတဲ့သူက ကောင်းယောင်ယောင်နဲ့တူတယ်''
''ချင်းလင်စံအိမ်ယူနီဖောင်းနဲ့လူတစ်ယောက်ကိုလည်း တွေ့လိုက်တယ်''
''ချင်းလင်စံအိမ်မှာ လူတွေအများကြီးရှိတာလား?''
''ချင်းလင်စံအိမ်သူဌေးမှာ ချင်းလင်ဆော့လည်းရှိတယ်လေ... အဲဒီဆော့က အရမ်းနာမည်ကြီးတာ... အိမ်မှာ နည်းနည်းဝယ်ထားတယ်... အရသာအရမ်းကောင်းပဲ''
''လူတွေများလွန်းနေတယ်မလား? ပြီးတော့ ရုံချန်းစီရင်စုရုပ်သံဌာနက လူတွေအားလုံးရောက်နေတယ်''
''အနုပညာအဖွဲ့ကလူကိုလည်း တွေ့လိုက်သလိုပဲ''
ဝန်ထမ်း ၈၀၀ နီးပါးရှိသောကုမ္ပဏီမှာ ရုံချန်းစီရင်စုထဲတွင် အလွန်ရှားကြောင်းဝန်ခံရပေမည်။
အရင်က အားလုံး၏အာရုံမှာ ချင်းလင်စံအိမ်အပေါ်၌သာရှိသည်။ ချင်းလင်ဆော့က အလွန်နာမည်ကြီးကြောင်းသိသော်လည်း သိပ်အာရုံမထားမိ။ အခုကြည့်ရတာ ချင်းလင်ဆော့ကိုလျှော့တွက်လို့မဖြစ်တော့။
ထိုအခိုက်တွင် ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီဝန်ထမ်းများလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့ကလူစုမိသည်နှင့် ဒီညစားသောက်ပွဲမှာ ဘယ်လိုအရသာရှိတဲ့အစားအသောက်တွေဖြစ်မလဲ စကားစမြည်ပြောနေကြ၏။
လုပ်ဖော်ကိုင်ဖက်တွေ ဒီလောက်အများကြီးစုဝေးမိသည်မှာ ပထမဆုံးပင်။ ဝန်ထမ်းအားလုံးက ဂုဏ်ယူသလိုလိုခံစားနေရသည်။ သူတို့လစာများအကြောင်းစကားစပ်မိလျှင် ပြုံးရွှင်နေကြ၏။
အထူးသဖြင့် စက်ရုံဝန်ထမ်းဟောင်းများဖြစ်သည်။ အားလုံးလိုလိုက ဒီလယွမ် ၁၀၀၀၀ ကျော်ရကြ၏။ ဒါရုံချန်းစီရင်စုထဲမှရဖူးသမျှထဲတွင် အမြင့်ဆုံးလစာဖြစ်သည်။ အရင်ကဒီပမာဏကို စိတ်ကူးတောင်မယဉ်ရဲပေ။
တခြားသူများကအားကျသလို သူတို့လည်းရှေ့လျှောက်လစာပိုများများရနိုင်ဖို့မျှော်လင့်မိကြသည်။
အပျော်ဆုံးမှာ ဆရာမာလို ဝိုင်လုပ်ငန်းကဆရာကြီးများပင်။ အခုဝိုင်လုပ်ငန်းမှာ ပြာပုံထဲကထွက်လာပြီး ဒီလိုစည်ကားနေလေပြီ။
စီရင်စုခန်းမဝင်ပေါက်တွင် ကောင်းယောင်ယောင်မှာ လော်စပီကာတစ်လုံးနှင့် ရောက်ရှိနေသောဝန်ထမ်းများကိုအော်လိုက်သည်_ ''အားလုံးပဲ... တန်းစီပြီး စီရင်စုခန်းမထဲကို အစီအစဉ်တကျဝင်လို့ရပါပြီ... တံဆိပ်ကြည့်ဖို့မမေ့ပါနဲ့... စံအိမ်နဲ့အစားအသောက်ကုမ္ပဏီနေရာခွဲထားပါတယ်''
ကောင်းယောင်ယောင်၏အစီအစဉ်အတိုင်း ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီမှလူများမှာ ခန်းမထဲဝင်ရန် တန်းစီလိုက်ကြသည်။
အထဲတွင် ခုံများကြပ်သိပ်နေ၏။ စားပွဲခင်းဖြန့်ခင်းထားပြီး ပန်းကန်လုံးနှင့်တူများတင်ထားသည်။ ရှေ့ပိုင်းတွင် အလွန်ကြီးသောစတိတ်စင်ရှိ၏။ အပြင်အဆင်များက အလွန်အသက်ဝင်ပြီး ပွဲလမ်းသဘင်ဆန်နေသည်။ ကောင်းယောင်ယောင်တို့ အလွန်အားစိုက်ထားကြောင်းမြင်သာသည်။


စတိတ်စင်အပေါ်တွင် နောက်ထပ်ဖန်သားပြင်နှင့် ဗီဒီယိုပြထားသည်။
ဝင်လာသူတိုင်းက ဗီဒီယိုကိုစိတ်ဝင်စားသွားကြ၏။ ဗီဒီယိုတွင် ယနေ့ညကံစမ်းမဲစာရင်းကိုပြထားခြင်းကြောင့်ပင်။
''ကံစမ်းမဲဆုတွေအများကြီးပါလား?'' ဝန်ထမ်းတစ်ဦးက မနေနိုင်ဘဲရေရွတ်လိုက်သည်။
''အမ်မာရဲ့လျှပ်စစ် AIMA... အဲဒါ ကားထက် ယွမ် ၃၀၀၀ ပိုများသေးတယ်... ဆုမဲ ၃၀ ပေါက်နိုင်တာလား?''
''အဲဒါ ဟွဝေးရဲ့ Huawei Mate 40 RS... ယွမ် ၁၀၀၀၀ ကျော်တယ်... တကယ် ၁၀ ဆုရှိတယ်ပေါ့''
''ဟုန်ပေါင်းလည်းပါတယ်... ယွမ် ၂၅၀၀ က ၅ ဆု... ယွမ် ၁၅၀၀ က ၁၀ ဆု... ယွမ် ၅၀၀ က ဆု ၂၀ တဲ့''
''ဒါဆိုရင် အိတ်က...''
ဝန်ထမ်းအားလုံးက ဗီဒီယိုပေါ်မှကံစမ်းမဲစာရင်းကိုကြည့်ရင်း စိတ်လှုပ်ရှားသွားကြသည်။ သူတို့အတွက်ဆုတွေက လုံးဝရက်ရက်ရောရောပင်။
နောက်ပြီး ဆုမဲအများကြီးပါသည်။ ပေါက်နိုင်ခြေ အလွန်များပုံရသည်။
အားလုံးက ဖန်သားပြင်ပေါ်တွင်ပြထားသော ဟွဝေးဖုန်းကိုငေးကြည့်နေကြ၏။
ဒီဆုကြီး ၁၀ ဆုက ဆွဲဆောင်နိုင်လွန်းသည်။ ဆုမဲမနှိုက်ခင်တော့ အားလုံးကသူတို့ပေါက်မည်ဟုထင်နေကြသည်။
တခဏအတွင်း ဆုမဲ၏ဆွဲဆောင်မှုကြောင့် ဝန်ထမ်းအားလုံး၏စိတ်အားထက်သန်မှုမှာ အမြင့်ဆုံးထိုးတက်သွားသည်။ အားလုံးက မျှော်လင့်ချက်အပြည့်နှင့်ဖြစ်၍ ခန်းမတစ်ခုလုံးတွင် သိပ်သည်းမှုအငွေ့အသက်များလွှမ်းခြုံသွား၏။
နောက်ခံ၌_
ထိုအချိန်တွင် ချင်လင်လည်း စနစ်မှအသိပေးစာရ၍ ပြုံးလိုက်မိသည်။
(တေးဂီတပူဇော်ပွဲလိုအပ်ချက်ပြည့်စုံမှု ၃/၄)
အခုတော့ အနည်းဆုံးတေးဂီတအစီအစဉ် ၁၀ ခုရှိရမည်ဟူသော နောက်ဆုံးလိုအပ်ချက်သာ ကျန်တော့သည်။ စာလိပ်ကိုသုံးပြီး ကျပန်းအထူးအသုံးအဆောင်ပစ္စည်းကိုရယူနိုင်တော့မည်။
ပြီးရင် ဒီကိစ္စပြီးပြီ။
စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအသစ်ထဲတွင် အထူးပစ္စည်းများစွာရှိသည်။ ဥပမာဆိုရသော် အထူးမြေကြီး၊ သီးနှံကြီးထွားမှုကောင်းစေသောမြေသြဇာ၊ ဒဿမကျောက်စိမ်း၊ နတ်ဘုရားမကျောက်စိမ်း၊ ဒဿနကျောက်၊ လမျက်ရည်မြက် စသည့်အားလုံးမှာ အထူးအသုံးအဆောင်ပစ္စည်းများဖြစ်သည်။
နောက်ပြီး ထိုအထူးအသုံးအဆောင်များတွင် ဆန်းကြယ်သောလုပ်ဆောင်ချက်တချို့ပါသည်။
အခုတော့ ဂီတပွဲအခမ်းအနားစာလိပ်ကိုသုံးပြီး ဘယ်လိုအထူးပစ္စည်းမျိုးကျပန်းရလာမလဲ သူသိချင်နေပြီ။