ဒြပ်ထည်အဆင့်
Vol. 18 Ch. 245
ကြက်သွေးနီရောင် ဆေးလုံးက ကျူးယွဲ့၏ အစာအိမ် အတွင်းသို့ ရောက်သွားသည်နှင့် ထိုထဲမှ အပူလှိုင်းများက ပေါက်ကွဲ ထွက်လာပြီး ချော်ရည်များပမာ သူ၏ သွေးကြောများ အတွင်းသို့ စီးဆင်းသွားသည်။
ထိုဆေးလုံးကို အဆင့် ချိုးဖောက်မှု ဆေးလုံးဟု ခေါ်ပြီး လူတစ်ယောက်၏ မူလကျင့်စဉ် စွမ်းအားကို အချိန်အတို အတွင်း မြှင့်တင်ပေး နိုင်ပေသည်။ ထိုအရာက ဆိုးရွားသော တန်ပြန် ဘေးထွက်ဆိုးကျိုး ရှိပေမဲ့ ကျူးယွဲ့မှာ ဇူယွမ်ကို အနိုင်ရရှိရန် အတွက် မည်သည်ကိုမှ ဂရုမစိုက်တော့ပေ။
သူသာ သည်နေရာတွင် ဇူယွမ်ကို ရှုံးနိမ့်သွားပါက အရာအားလုံးကို ရှုံးနိမ့်ရမည်ကို သိပေသည်။
ထိုကြောင့် သူ လုံးဝ ရှုံးနိမ့်၍ မရပေ။
ကျူးယွဲ့၏ မျက်ဝန်းများမှာ ကြက်သွေးနီရောင်သို့ ပြောင်းလဲသွားပြီး ဆိုးယုတ်ခြင်း အလင်းတန်းများက ထိုအထဲတွင် ပါဝင်နေသည်။ ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်မှ အနီဖျော့ဖျော့ မြူခိုးများက ခန္ဓာကိုယ် တစ်ဝိုက်တွင် ထွက်ပေါ်လာပြီး သူ၏ အမြန်နှုန်းမှာလည်း ပျံဝဲတိုးတက် လာခဲ့သည်။
အသက်ရှိုက်စာ အချို့ကြာပြီး နောက်တွင် သူက နောက်တစ်ကြိမ် ပြန်လည်ပြီး ဦးဆောင်နိုင်သွားပြီ ဖြစ်သည်။
အဆင့် ချိုးဖောက်သော ဆေးလုံး အကူအညီနှင့် ကျူးယွဲ့၏ အမြန်နှုန်းမှာ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်တွင် သွေးကြော အခု(၆ဝ)ကျော် ဖွင့်ထားသူနှင့် နှိုင်းယှဉ်နိုင်ပြီ ဖြစ်သည်။
ဆူညံသံများ ထွက်ပေါ်လာသည် ...
ဆူညံသံများက အစိမ်းရောင် တောင်ကြီး၏ ပတ်ဝန်းကျင်တွင် ထပ်မံ ထွက်ပေါ် လာပြန်သည်။ လူတိုင်းက ကျူးယွဲ့၏ ပေါက်ကွဲသကဲ့သို့ တိုးတက်လာသော အမြန်နှုန်းကို အံ့အားသင့် သွားကြသည်။ ကျူးယွဲ့ အနေဖြင့် သူ၏ အစွမ်းကို ဤမျှ နက်ရှိုင်းစွာ ဖုံးကွယ် ထားမည်ဟု မည်သူမှ မမျှော်လင့်ကြပေ။
“သည်တစ်ခါတော့ တကယ် မျှော်လင့်ချက်မဲ့ပြီ ...” လူအုပ်ကြီးက ခေါင်းခါယမ်း လိုက်ကြသည်။ ကျူးယွဲ့၏ တိုးထွက်လာသော အမြန်နှုန်းက သည်တစ်ကြိမ်တွင် အလွန် တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ ကောင်းကင် အပြည့် တည်ရှိနေသော လေဓားသွားများပင် သူ့ကို တစ်စက္ကန့်မျှ ရပ်တန့်နိုင်စွမ်း မရှိတော့ပေ။
သည်အဆင့်က ဒုတိယ အဆင့်ကို ရောက်ရှိမှ ရရှိနိုင်သော အမြန်နှုန်း ဖြစ်သည်။
ဟန်ချိုဆွေ့၏ ပါးစပ်မှာ ကြီးမားစွာ ပွင့်ဟနေပြီး ရုတ်တရက် ရေရွတ် လိုက်မိသည်။
“ကျူးယွဲ့ရဲ့ ကျွမ်းကျင်မှုက ဒီအဆင့်ထိ ရောက်နေပြီလား”
ဂူဟွမ်ဂျီက သံသယဖြစ်စွာဖြင့် မျက်မှောင်ကြုတ်လျက် ရှိသည်။ သူမက ကျူးယွဲ့က သူ၏ အစွမ်းအစကို ဖုံးကွယ် ထားသည်ဟု ခံစားမိသော်လည်း သူတကယ် ဖုံးကွယ်ထားသည့် စွမ်းရည်က ဤမျှလောက် အထိလား။ လက်ရှိ ကျူးယွဲ့၏ အဆင့်က ဒုတိယအဆင့်နှင့် အလွန်ကို နီးစပ်နေပြီ ဖြစ်သည်။
သည်အခြေအနေက ဇူယွမ်အတွက် အလွန် ဆိုးဝါးလွန်း ပေသည်။
“ဘာလို့ ကျူးယွဲ့က ရုတ်တရက် တိုးတက် သွားရတာလဲ” ရှန့်ဝမ်ကျင်က အော်ဟစ်လိုက်သည်။ သူ့မျက်လုံးထဲတွင် စိုးရိမ် ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ ဇူယွမ်က ကျူးယွဲ့ထက် သာလွန်နေဟန် ရှိသော်လည်း အဘယ်ကြောင့် ရုတ်တရက် ကျူးယွဲ့၏ အမြန်နှုန်းက ထိုးတက်သွား ရသနည်း။
ထိုအပြင် သည်လိုအချိန်၌ အရှိန်တက် သွားခြင်းက မျှော်လင့်ချက် မဲ့စေပေသည်။
ချောင်းရှိုးက ဝမ်းနည်းစွာဖြင့် မှတ်ချက်ပြုသည်။
“ညီတော် ဇူယွမ်အနေနဲ့ သည်အဆင့်ထိ ရောက်အောင် ကြိုးစားခဲ့ ရတာ တကယ်ကို မလွယ်ကူခဲ့ဘူး။ သည်သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ် အတွက် သူ့ရဲ့ အချိန် အားလုံးကို အသုံးပြုခဲ့ ရတာ။ သူသာ ဒီထက်ပိုပြီး အချိန်ရခဲ့ရင် သည်အကျဉ်းအကျပ် အခြေအနေမှာ ဒုတိယအဆင့်ကို ရောက်နိုင်လိမ့်မယ်”
ထို မြင်ကွင်းကြောင့် အနီးရှိ ယောင်ယောင်၏ မျက်ခုံးများက ထိစပ် လုမတတ် ဖြစ်သွားသည်။
သစ်ပင်ပေါ်တွင် အကြီးအကဲ ကျုံမင်းက ကျူးယွဲ့ကို အမှုမထားဟန်ဖြင့် တစ်ချက်မျှသာ လှမ်းကြည့် လိုက်ပြီးနောက် သူ့မျက်ဝန်း၏ နက်ရှိုင်းသော တစ်နေရာ၌ တစ်စုံတစ်ခုကို သတိပြုမိ ဟန်ဖြင့် လင်းလက်သွားသည်။ သူ၏ လက်ကို မြှောက်လိုက်ပြီး စကားပြောရန် ရည်ရွယ် လိုက်ပေမဲ့ ရုတ်တရက် တိုးညင်းသော အာမေဍိတ်သံ တစ်ခုသာ ထွက်ပေါ်လာသည်။
ယခုလက်ရှိတွင် သူက အနောက် တော်တော်ဝေးဝေးတွင် ကျန်ခဲ့သည့် ဇူယွမ်ကို စိုက်ကြည့်နေပြီး သူမျက်ဝန်းတွင် စိတ်ဝင်စားဟန်များ ပျော်နေသည်။
ထိုအခိုက်တွင် ဇူယွမ်၏ ခန္ဓာကိုယ် အတွင်းရှိ မူလချီများက ကြမ်းတမ်းစွာ လှိုင်းထ နေသည်ကို သူမြင်တွေ့ခဲ့ရသည်။
ကျူးယွဲ့က ရုတ်တရက် ဒုံးပျံ တစ်ခုလိုမျိုး သူ့အား ဦးဆောင် သွားသော်လည်း ဇူယွမ်က အရှုံးပေးမည့် ရည်ရွယ်ချက်ရှိပုံ မရပေ။
တောင်ပေါ်တွင် ဇူယွမ်၏ ပုံရိပ်မှာ လျှပ်စီးတစ်ခု အလားပင်။ သူ၏ မျက်မှာပေါ်တွင် အထိတ်တလန့် ဖြစ်ခြင်း လုံးဝမရှိဘဲ သူ၏ အရှေ့မှာ ဦးဆောင်နေသော ပုံရိပ်ကိုသာ စိုက်ကြည့်နေသည်။ ထိုနောက် သူက လေအေးများကို ရှူထုတ်လိုက်သည်။
ထိုစဉ် သူ၏ မျက်ခုံး နှစ်ခုကြားရှိ စိတ်ဝိညာဉ်က ပိုပိုပြီး ရောင်ကိုင်း နာကျင်လာခဲ့သည်။
ထိုအရာက သူ၏ စိတ်ဝိညာဉ်မှာ ပြည့်စုံသော စိတ်ဝိညာဉ် ပုံဖော်ခြင်း အဆင့်မှ ဒြပ်ထည် အဆင့်သို့ ကူးပြောင်းနေသည် အရိပ်အယောင် ဖြစ်သည်။
သည်ရက်ပိုင်း အတွင်းတွင် သူ၏ စိတ်ဝိညာဉ်မှာ နောက်တစ်ဆင့်သို့ အမှန်ပင် ချိုးဖောက်လု နီးနီး ဖြစ်နေသည်။ ယခု အခြေအနေသည် တည်ငြိမ်ခြင်း မရှိသော် ငြားလည်းပဲ ထိုအရာကို သူကျော်ဖြတ်နိုင်မှ ရပေတော့မည်။ ယခုတော့ ထိုအရာကို လွှတ်ပေးလိုက်ရမည့် အချိန်ဖြစ်သည်။
သူတော်စင်ဝိညာဉ် သလင်းကျောက်ပေါ်တွင် ထိုင်နေသော သူမျက်ခုံး နှစ်ခုကြားရှိ စိတ်ဝိညာဉ်မှာ စတင် လှည့်ပတ်လာသည်။ ထိုသလင်းကျောက် ဆီမှ အလင်းတန်းများက ဖြာထွက် လာခဲ့ပြီး သူ့စိတ် ဝိညာဉ်ပေါ်သို့ ကျဆင်းသည်။
ထိုအချိန်တွင် သူ၏ စိတ်ဝိညာဉ်မှာ ပုံရိပ်ယောင် အဆင့်မှ တဖြည်းဖြည်းနှင့် ပိုမို ခန္ဓာကိုယ် ပေါ်လာခဲ့သည်။ ထိုအရာက တဖြည်းဖြည်း သိပ်သည်းလာပြီး ဇူယွမ်၏ စိတ်ဝိညာဉ် စွမ်းအင်မှာ ထိတ်လန့်ဖွယ်ရာ အမြန်နှုန်းနှင့် တိုးတက် လာခဲ့သည်။
မျက်စိဖြင့် မမြင်နိုင်သော စိတ်ဝိညာဉ် စွမ်းအားများက ဇူယွမ်၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် မုန်တိုင်းတစ်ခု အလား တုန်ခါနေသည်။
ထိုနောက် ချက်ချင်းပင် ဇူယွမ်၏ မြင်နိုင်စွမ်းမှာလည်း ပိုမို ထက်ရှလာခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပိုမို ရှင်းလင်းစွာ မြင်လာရပြီး သူတို့၏ ပင်မ အရင်းအမြစ်များကိုပင် ကောင်းစွာ မြင်နိုင်စွမ်း ရှိလာသည်။
ကျူးယွဲ့ကို လွှမ်းခြုံထားသော မြူခိုးများပင်လျှင် သူ၏ မြင်နိုင်စွမ်းမှ လွတ်မြောက်နိုင်စွမ်း မရှိပေ။
ကျူးယွဲ့၏ ပတ်ပတ်လည်မှ ကြက်သွေးနီရောင် ဖျော့ဖျော့ မြူခိုးများကို သူ သတိထားမိ သွားသည်။ ထိုအရာများက အနည်းငယ် ရုန့်ရင်း လွန်းပေသည်။
“အဲဒါက ဘာတွေ ဖြစ်နေတာလဲ ...”
ဇူယွမ်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းများ ဖြတ်သန်းသွားသည်။ ကျူးယွဲ့၏ အမြန်နှုန်း ရုတ်တရက် တိုးသွား ရခြင်းမှာ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်၏ စွမ်းအားကို အတင်းအကျပ် မြှင့်တင်ပေးသည့် ဆေးတစ်မျိုးကို သုံးစွဲလိုက် သောကြောင့် ဖြစ်ပေလိမ့်မည်။
“ဒါက ဒြပ်ထည် အဆင့်လား ...”
ဇူယွမ်၏ အမြင်များမှာ ရှင်းလင်း ပြတ်သားပြီး တည်ငြိမ်နေသည်။ သို့သော်လည်း ယခုအချိန်က ဒြပ်ထည် အဆင့်၏ အံ့အားသင့် စရာများကို စူးစမ်းနေရမည့် အချိန်မဟုတ်ပေ။ အတွေး တစ်ချက်နှင့် အတူ သူ၏ မျက်ခုံး နှစ်ခုကြားမှ သူတော်စင် စာလုံးက မျက်ဝန်းဆီသို့ စီးဆင်း သွားစေသည်။
“အနက်ဖော် သူတော်စင် စာလုံး”
ဇူယွမ်၏ စိတ်ထဲမှ တိုးညင်းသော ရေရွတ်သံနှင့် အတူ ရှေးဟောင်း သူတော်စင် မှော်စာလုံးမှာ သူ့မျက်ဝန်းအိမ်၏ အနက်ရှိုင်း ဆုံးသော နေရာတွင် စတင် လှည့်ပတ် လာခဲ့သည်။ ရုတ်တရက် တစ်မူ ထူးခြားသော စွမ်းအားများ ပေါက်ကွဲ ထွက်လာပြီး ချက်ချင်းပင် သူခန္ဓာကိုယ် အတွင်းပိုင်းအား ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဒြပ်ထည် အဆင့်သို့ တက်ရောက် ပြီးသည်နှင့် အနက်ဖော် သူတော်စင်စာလုံး အသက်ဝင် လာသည်နှင့် သူ၏ မြင်နိုင်စွမ်းက ပိုမို အသေးစိတ် ကျပြီး သက်ရောက်မှု ရှိလာခဲ့သည်။
အနက်ဖော် သူတော်စင် မှော်စာလုံး၏ ကြည့်ရှုမှု အောက်တွင် ဇူယွမ်က အလင်းစက်လေးများ တစ်ခုပြီး တစ်ခု ပေါ်ထွက် လာသည်ကို အသဲမကွဲ မြင်လိုက်ရသည်။
ထိုအရာက အားလုံးပေါင်း အလင်းစက် (၁၄)ခု ရှိသည်။
လက်ရှိတွင် ဇူယွမ်၏ ခန္ဓာကိုယ်ထဲ၌ သွေးကြော (၅၈)ခုကို ဖွင့်ထားခဲ့ပြီး ဖြစ်သည်။ သည်(၁၄)ခုသာ ထပ်မံ ပေါင်းထည့် လိုက်ပါက (၇၂)ခု ...
(၇၂)ခုသော သွေးကြောများ ဖွင့်ပြီးခြင်းသည် သိမ်နွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်၏ ဒုတိယ အဆင့်သို့ အမှန်တကယ် တက်လှမ်းခြင်း ဖြစ်သည်။
“သည်သွေးကြောတွေကို တစ်ခုပြီးမှ တစ်ခုဖွင့်တာ ပိုလုံခြုံတယ် ဒါပေမဲ့ အခုကြည့်ရတာ ငါမှာ ရွေးချယ်စရာ မရှိဘဲ အကုန်လုံးကို တစ်ပြိုင်နက်တည်း ဖွင့်ရမယ့် ပုံပဲ” ဇူယွမ်က မိမိဘာသာ ရေရွတ်လိုက်သည်။
သူ့ခန္ဓာကိုယ် အတွင်းမှ မူလချီများကို စတင် ကြမ်းတမ်းစွာ လည်ပတ်လိုက်ပြီး နောက်ဆုံးတွင် လျင်မြန်သော အရှိန်ဖြင့် သွေးကြော(၁၄)ခုဆီသို့ ဆက်တိုက် ပို့ဆောင်လိုက်သည်။
ချပ် ... ချပ် ...
သူ၏မူလချီ ဖြတ်သန်းသွားသော သွေးကြောတိုင်းက လွယ်ကူစွာ ပွင့်သွားခဲ့သည်။
အသက်ရှိုက်စာ အနည်းငယ် အကြာမှာ သွေးကြော (၁၄)ခုလုံးက သူ၏ မူလ ချီများကြောင့် အချင်းချင်း သွယ်ဆက် သွားခဲ့သည်။
ယခုတွင် သွေးကြော(၇၂)ခု ဖွင့်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုသွေးကြော (၁၄)ခုလုံးကို မြူခိုး အဆီအနှစ်များဖြင့် ချောမွေ့အောင် မလုပ်ဆောင်ရ သေးသော်လည်းပဲ ဇူယွမ်၏ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်မှာ ဒုတိယအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ထိုအရာက လုံလောက်ပေပြီ။
ဇူယွမ်က ခေါင်းကို မော့ကာ တောင်ထိပ်ဆီသို့ လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်း ထောင့်စွန်းတွင် တွန့်ကွေးရုံမျှ အပြုံးတစ်ပွင့် ဖြစ်ပေါ် လာခဲ့သည်။
“ကျူးယွဲ့ စစ်မှန်တဲ့ ဒုတိယအဆင့်က ဘာလိုလဲဆိုတာ မင်းကို ငါပြမယ်”
သူခြေထောက်အား တစ်ချက် ဆောင့်နင်းချ လိုက်သည်နှင့် သူ့ကိုယ်မှာ အရှေ့သို့ ထိုးတက် သွားခဲ့သည်။
တောင်ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အကြည့်များတွင် ထိတ်လန့် အံ့အားသင့် သွားသည့် ဟန်များ ပေါ်လာခဲ့သည်။ ဇူယွမ်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် ဒြပ်မဲ့ အခြေအနေသို့ ပြောင်းလဲလာပြီး ကြည့်နေရင်း မှပင် သူ့ခန္ဓာကိုယ် တစ်ခုလုံး မြူခိုးထု အဖြစ်သို့ ပြောင်းလဲသွား သလိုပင်။
သာမန်ကာလျှံကာ တစ်ချက် ကြည့်ရုံမျှဖြင့် အရိပ်လား လူလား ခွဲခြားရန် မဖြစ်နိုင်တော့ပေ။
ဆူညံသံများက မုန်တိုင်းတစ်ခု အလား ပေါက်ကွဲ ထွက်လာသည်။
“ဘာလဲ။ ဇူယွမ်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ဒြပ်မဲ့ အခြေအနေသို့ ပြောင်းလဲ သွားတာလား”
“ဒါဘယ်လို ဖြစ်နိုင်မှာလဲ။ သည်အခြေအနေ ဖြစ်ဖို့ ဒုတိယအဆင့် ရောက်နေဖို့ လိုအပ်တယ်လေ”
“အဲဒါက တော်တော် မဖြစ်နိုင်ဘူး ဆိုပေမဲ့ လည်း ငါတို့ရဲ့ မျက်စိရှေ့မှာ မြင်နေရတာလေ”
“ဘုရားသခင် ...”
“...”
တစ်ယောက်နှင့် တစ်ယောက် စကားပြောသံများက လွှမ်းမိုး သွားခဲ့သည်။ လူတိုင်းက ပုံရိပ်တစ်ခုလုံး မြူခိုးထုနှင့် တူနေသော ဇူယွမ်ကို ကြည့်ပြီး အံ့အားသင့် နေကြသည်။
ဟန်ချိုဆွေ့က ပါးစပ်ကို လက်ဖြင့် ယောင်ယမ်း ကာမိလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် တုန်လှုပ်နေဟန် အတိုင်းသား ပေါ်လွင်နေသည်။ သူမ၏ နံဘေးရှိ ဂူဟွမ်ဂျီ၏ မျက်လုံးအစုံမှာ တောက်ပနေပြီး ရင်ထဲတွင် လှုပ်ခါ နေပေသည်။
“အစ်ကိုလေး ယွမ်ကတော့ အံဖွယ်ပဲ” ရှန့်ဝမ်ကျင်က လွန်ကဲစွာ မှင်တက်နေသည်။
ချောင်းရှိုးက အကြိမ်ကြိမ် တံတွေးများ မြိုချနေရသည်။
“ဒီကောင် ...” ယန်ရှိုး၏ အမူအရာမှာ တော်တော်လေး လေးနက် သွားခဲ့သည်။
သူ့ဘေးရှိ လုဖန်းမှာ သည်တစ်ကြိမ်တွင် မည်သည့် စကားမျှ မဆိုသော်လည်း သူ၏ မျက်လုံးအစုံမှာ ချက်ချင်း ကျဉ်းမြောင်းသွားသည်။ သည်အကြိမ်တွင် ဇူယွမ်က အန္တရာယ်ရှိသူ တစ်ယောက်ဟု အနည်းငယ် ခံစားလာရပြီ ဖြစ်သည်။
ထိုဧရိယာ တစ်ခုလုံးရှိ တုန်လှုပ်နေသော အကြည့်များ အောက်တွင် ဇူယွမ်၏ ခန္ဓာကိုယ်မှာ တစ်ခုလုံး ဒြပ်မဲ့ အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူ၏ ခြေထောက်များပင် မြေကြီးနှင့် မထိတော့ပဲ မှုန်ဝါးဝါး အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် အရှေ့သို့ ထိုးတက်နေသည်။